
ထက်လျှံ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၈ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ ကမ္ဘာ့နိုင်ငံတွေနဲ့ မြန်မာနိုင်ငံမှာ
ဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ ရောဂါ ဟာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တဲ့ ရောဂါဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေး တွေ ရှောင်တာတွေနဲ့ အပြင်ထွက်တဲ့အခါ Mask ကို စနစ်တကျ မဖြစ်မနေတပ်ဆင်သွားဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတဲ့ အခါတိုင်းမှာ လက်ကိုဆပ်ပြာနဲ့ ရေအသုံးပြုပြီး အနည်း ဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးကြောပေးဖို့ လိုအပ်ပါ တယ်။ ဆပ်ပြာနဲ့ ရေအလွယ်တကူ မရရှိနိုင်တဲ့နေရာမှာ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့်စင် ဆေးရည်ကို အသုံးပြုဖို့ လိုအပ်ပါတယ်။
အပတ်စဉ် တင်ဆက်ပေးနေတဲ့ ကိုဗစ်- ၁၉ အကြောင်းသိကောင်းစရာ အမေး / အဖြေ အစီအစဉ်မှာ ပြည်သူတွေ သိရှိလိုတဲ့ ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပါမောက္ခကြီးတွေ၊ သမားတော် ကြီးတွေနဲ့ ပညာရှင်တွေက ဆွေးနွေးတင်ပြပေးနေတာ ဖြစ်ပါတယ်။ အခုတစ်ပတ်မှာ ဒေါက်တာသန်းဝင်း [ခေတ္တညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ နည်းပညာပိုင်း ဆိုင်ရာ ကူညီပံ့ပိုးအားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်] ၊ ပါမောက္ခ ဒေါက်တာ လှိုင်မြဝင်း [အထူးကုသမားတော် ကြီး (ဆေးပညာ)၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ဒေါက်တာကြည်စိုး [ဆေးရုံ အုပ်ကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] က ဆွေးနွေးတင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒေါက်တာကြည်စိုးက ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
ဒေါက်တာကြည်စိုး ။ ။ ယနေ့ အမေး / အဖြေကဏ္ဍ
မှာ ဒေါက်တာသန်းဝင်းကို မူဝါဒနဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ ဆွေးနွေးပေးဖို့ ဖိတ်ခေါ် ပါတယ်။
ဒေါက်တာသန်းဝင်း ။ ။ ကျွန်တော့်အနေနဲ့ လက်ခံရရှိ
ထားတဲ့ မေးခွန်းတွေကို စုစည်းခြုံငုံပြီး ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကူးစက်ရောဂါအနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာတာ ကိုးလရှိပြီဖြစ်ပါတယ်။ အပြင်းအထန်ကူးစက်ပျံ့နှံ့နေတဲ့ ဒုတိယလှိုင်းရဲ့ ဒဏ်ကိုခံစားနေရတာကလည်း ယနေ့ ဆိုရင် သုံးလထဲကို ရောက်လာပြီ ဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၉၉၀၀၀ ဖြစ်ပြီး တစ်သိန်းနီးနီးကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။ သေဆုံးသူအနေနဲ့ ၂၁၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကူးစက်ရောဂါဟာ အချိန်တို အတွင်းမှာ နိုင်ငံရဲ့အဓိကပြည်သူ့ကျန်းမာရေးပြဿနာ တစ်ခု ဖြစ်လာပါတယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလည်း ကိုဗစ် - ၁၉ ရောဂါ စတင်ဖြစ်ပွား တဲ့ အချိန်ကတည်းက သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း တွေအားလုံးနဲ့ပူးပေါင်းပြီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်း တွေကို ဆောင်ရွက်လာပါတယ်။
ဒုတိယလှိုင်းရဲ့ ဖြစ်ပွားသေဆုံးမှု အခြေအနေတွေ၊ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အပေါ်မှာ နည်းပညာ ရှုထောင့်က သုံးသပ်ကြည့်မယ်ဆိုရင် အချို့နေရာတွေမှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ၊ ဖြည့်ဆည်းဖို့ လုပ်စရာတွေ ရှိနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နံပါတ် ၁ အနေနဲ့ ရောဂါရဲ့သဘောသဘာဝအရ ဒီရောဂါ ကို ကူးစက်ခံရပြီဆိုရင် ကူးစက်ခံရတဲ့လူရဲ့ ၆၀ ရာခိုင် နှုန်းဟာ ဘာရောဂါလက္ခဏာမှ မပြပါဘူး။ ရောဂါ လက္ခဏာပြရင် နှာစေးမယ်၊ ချောင်းဆိုးမယ် ဒီလောက်နဲ့ ပျောက်သွားပြီး သူတို့က လူတွေကြားထဲမှာ လူကောင်း သဖွယ် သွားလာနေထိုင်ကြမယ်၊ အဲဒီလိုသွားလာတဲ့ အခါ အကာအကွယ်ပစ္စည်းတွေ၊ ကာကွယ်ရေးနည်းလမ်း တွေကို မသုံးဘူးဆိုရင် အနီးအနားမှာရှိတဲ့ သူတွေကို ကူးစက်သွား နိုင်ပါတယ်။
ဒီရောဂါလက္ခဏာ မပြတဲ့အုပ်စုဟာ ကျန်းမာရေး ဌာနကို လာစရာမရှိပါဘူး။ ရောဂါလက္ခဏာ မရှိတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ မတွေ့တဲ့အတွက်ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦးဆောင် ဆောင်ရွက်နေတဲ့ ထိန်းချုပ်ရေးလုပ်ငန်းတွေနဲ့လည်း အလှမ်းဝေးပြီး လွတ်နေတာလည်း ဖြစ်ပါတယ်။ ဒါက တစ်အချက်ပါ။
နံပါတ် ၂ အချက်က ဒီရောဂါကူးစက်ခံရသူတွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။ ပေါ်လာပြီးတဲ့အခါ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေကို ရောက်လာတဲ့ အချိန်ကျမှသာလျှင် တာဝန်ရှိသူတွေက သံသယလူနာအဖြစ် သတ်မှတ်ကာ သီးခြားခွဲထားပြီး လိုအပ်တဲ့ ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ အတွက်ကြောင့် ဒီလူနာတွေဟာ ကျန်းမာရေးဌာနကို စရောက်တဲ့အချိန်မှ ထိန်းချုပ်တဲ့ လုပ်ငန်းတွေနဲ့ စတင် ထိတွေ့ရတာ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ ကူးစက်ပုံအနေအထား အရ ရောဂါလက္ခဏာမပေါ်ခင် ၂ ရက်/ ၃ ရက်၊ ရောဂါ လက္ခဏာပေါ်ပြီး ဆေးရုံ၊ ဆေးခန်းတွေ မလာခင်မှာ ကာကွယ်ရေးပစ္စည်းတွေနဲ့ ကာကွယ်ရေးနည်းလမ်းတွေကို သူ မသုံးဘူးဆိုရင် တခြားသူကို ကူးစက်နိုင်မှာ ဖြစ်ပါတယ်။ ဒီနှစ်နေရာမှာ ကာကွယ်ရေးလုပ်ငန်းတွေက အားဖြည့် ဆောင်ရွက်ဖို့လိုနေတယ်ဆိုတာ နည်းပညာရှုထောင့်ကနေ မြင်ရပါတယ်။
အဓိက ရောဂါပိုးမပြဘဲကူးစက်နေတဲ့ လူတွေကနေ တစ်ဆင့် ပြည်သူလူထုထဲမှာ ကူးစက်နေတဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့အားလုံးက နေ့စဉ်မြင်တွေ့ခံစားနေရတာ ဖြစ်ပါတယ်။ ဒါက ဘာကိုပြလဲဆိုရင် နေ့စဉ်ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၀၀၀ ကနေ ၁၅၀၀ အတွင်း တွေ့ရှိ နေတာပဲ ဖြစ်ပါတယ်။ ဒီလို ၁၀၀၀ ကနေ ၁၅၀၀ အတွင်း တွေ့ရှိနေတာကလည်း ရက်အတော်ကြာနေပြီဖြစ်ပါတယ်။ ဒီလိုနေ့စဉ် ကိုဗစ် - ၁၉ လူနာသစ် ၁၀၀၀ လောက်သာ ရောက်လာတယ်ဆိုရင် ဒီလူနာတွေကို ကုသပေးနေတဲ့ ကိုဗစ် - ၁၉ အထူးကုဌာနတွေနဲ့ ဆေးရုံတွေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာပြီး မနိုင်ဝန်ကို ထမ်းနေသလိုဖြစ်နေတဲ့အခါ လူနာတွေကို အရည်အသွေးပြည့်ဝတဲ့ ပြုစုစောင့်ရှောက်မှုပေးဖို့တွေ၊ ကိုဗစ် - ၁၉ ကြောင့် သေဆုံးမှုနှုန်းကိုလျှော့ချဖို့ လုပ်ငန်း တွေ ဆောင်ရွက်တဲ့အခါမှာ အခက်အခဲတွေ ကြီးကြီးမားမား တွေ့နေရတယ်ဆိုတာကို ပညာရှင်တွေက ထောက်ပြထား ပါတယ်။
ကျန်းမာရေးဌာန၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ မထိ တွေ့ဘဲ ဖြစ်နေတဲ့နေရာတွေမှာ ကူးစက်မှုတွေကို ကာကွယ် ဖို့ အဓိကဆောင်ရွက်ဖို့ အလွန်လိုအပ်ပါတယ်။ ကျန်းမာရေး ဌာနတွေနဲ့ အလှမ်းဝေးနေတဲ့အခါ၊ ကာကွယ်ဆေးကလည်း မပေါ်သေးဘူးဆိုတဲ့အခါ အားကိုးစရာအနေနဲ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ တစ်ကိုယ် ရေကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါ တယ်။ ကိုဗစ် - ၁၉ စဖြစ်ကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျန်းမာရေးဆိုင်ရာ ကာကွယ် ရေးနည်းလမ်းတွေကို သတ်မှတ်ထုတ်ပြန်ပြီး ကျန်းမာရေး ပညာပေးလုပ်ငန်းတွေကို အခုအထိ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေနဲ့ ဒီကာကွယ်ရေးနည်းလမ်းတွေထဲက အဓိကကာကွယ်ရေး နည်းလမ်းတစ်ခုအဖြစ် Mask တပ်ဆင်ရေး လှုပ်ရှားမှုကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဓိက ကာကွယ်ရေးနည်းလမ်းကို အားထည့်ပြီး ဆောင်ရွက်နေချိန်မှာ ကျန်တဲ့နည်းလမ်းတွေကို တစ်ပြိုင် တည်းကျင့်သုံးဖို့ တိုက်တွန်းဆော်ဩနေတာ ဖြစ်ပါတယ်။ ဘယ်ကူးစက် ရောဂါမဆို ကာကွယ်ရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ အခုလိုပဲ အဓိကကာကွယ်ရေးနည်းလမ်း ကို ရွေးလေ့ရွေးထရှိပါတယ်။ ဒီကာကွယ်ရေးလုပ်ငန်း တွေက ရိုးရှင်းလွယ်ကူရမယ်။ နည်းပညာအထောက်အပံ့ မပါဘူး၊ ဘာပစ္စည်းမှ မလိုဘူး။ လူတိုင်းလိုက်လုပ် နိုင် ရမယ်၊ နားလည်နိုင်ရမယ်။ တတ်နိုင်တဲ့စရိတ် ဖြစ်ရမယ်၊ ထိရောက်မှုလည်း ရှိရမယ်။ အဲဒါတွေအပေါ်မှာမူတည်ပြီး အဓိက နည်းဗျူဟာအနေနဲ့ ရွေးချယ်ပြီး ကူးစက်ရောဂါ နှိမ်နင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လွန်ခဲ့တဲ့ အပတ်တွေကစပြီး ကူးစက်မှု အလွန်များတဲ့ ဈေးတွေမှာ Face Shieldနဲ့ Mask တပ်ဆင်ရေးလှုပ်ရှားမှုကို တစ်နိုင်ငံ လုံးမှာအကြီးအကျယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလိုတပ်ဆင်ခြင်းက ဘယ်လောက်အထိ ကာကွယ်နိုင် သလဲဆိုရင် ၁၀၀ ရာခိုင်နှုန်း မကာကွယ်နိုင်သော်လည်း အထောက်အထားတွေအရ ၁၀၀ ရာခိုင်နှုန်းနီးပါး ကာကွယ်နိုင်တဲ့ နည်းလမ်းဖြစ်တာကို ဖော်ပြထားပါ တယ်။
ရပ်ရွာတစ်ခု၊ မြို့နယ်တစ်ခုမှာ လူတွေအားလုံးက မျက်နှာအကာအကွယ်မတပ်ဘူးဆိုရင် ကူးစက်နိုင်ခြေက ၉၀ ရာခိုင်နှုန်းအထက်မှာ ရှိပါတယ်။ သဘောက တွေ့တာ နဲ့ ကူးမှာဖြစ်ပါတယ်။ တကယ်လို့ Mask မတပ်တဲ့ လူတွေထဲ က ၅၀ ရာခိုင်နှုန်း တစ်ဝက်တပ်ဆင်လိုက်တာနဲ့ ကူးစက်မှု ဖြစ်နိုင်ခြေကို ၇၀ ရာခိုင်နှုန်း၊ သုံးပုံ နှစ်ပုံ လျှော့ချနိုင်ပါတယ်။ ရောဂါကူးစက်မှုအနေနဲ့ လူတစ်ဝက် Mask တပ်လိုက်တာနဲ့ ၃၀ ရာခိုင်နှုန်း ကျန်မှာဖြစ်ပါတယ်။ လူတွေအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းက Mask တပ်လာပြီ ဆိုရင် ရောဂါကူးစက်မှု ရာခိုင်နှုန်းက အလွန်နိမ့်သွား ပါတယ်။ ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းအထိ ကျဆင်း သွားပါတယ်။ ဒါ့အပြင် အဲဒီနေရာမှာ တခြားနည်းလမ်း တစ်ခုဖြစ်တဲ့ လူအများနဲ့ ခြောက်ပေခွာပြီး တွေ့ဆုံတဲ့ နည်းလမ်းကိုပါပူးတွဲပြီး ကျင့်သုံးမယ်ဆိုရင် ၁၀၀ ရာခိုင် နှုန်း အပြည့်လုံးဝ၊ လုံးဝကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Mask တပ်ဆင်ခြင်းနည်းလမ်းက အများကြီး ထိရောက်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ပြောကြား လိုပါတယ်။
ပြီးခဲ့တဲ့လက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ နိုင်ငံ တွေမှာရှိတဲ့ ပြည်သူတွေအားလုံးက Mask ကို ၉၀ ရာခိုင်နှုန်းကျော်တပ်မယ်ဆိုရင် ယနေ့တစ်နိုင်ငံကနေ တစ်နိုင်ငံကို သွားလာခွင့်ပိတ်ထားတာ အကုန်လုံးကို လုပ်စရာမလိုဘဲ ဒါတစ်ခုတည်းနဲ့တင် ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်တယ်ဆိုပြီး Maskရဲ့ အသုံးဝင်ပုံကိုထုတ်ဖော် ကြေညာထားတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အားလုံးအနေနဲ့ ဒုတိယလှိုင်းရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် ရက်တွေလည်း ကြာလာပြီဆို တော့ စိတ်တွေလည်း ပင်ပန်းလာပြီ၊ လူမှုရေး၊ ကျန်းမာ ရေး၊ စီးပွားရေးအခက်အခဲတွေလည်း ရင်ဆိုင်နေရတဲ့ အတွက် လက်ငင်းလိုအပ်တာက ဒီဒုတိယလှိုင်းရဲ့ ပြင်းထန်တဲ့ကူးစက်မှုကို ရပ်တန့်သွားအောင် ထိန်းချုပ် နိုင်ဖို့ လုပ်ရမှာဖြစ်ပါတယ်။ အဲဒါကတော့ စောစောက ကျွန်တော်ပြောခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ အားလုံးကို တိုက်တွန်းချင်တာက မည်သူမဆို ဘယ်အချိန်မှာဖြစ်ဖြစ်၊ ဘယ်ကိုသွားသွား အပြင်ထွက်တိုင်း Mask တပ်ပါ၊ ကိုယ်တိုင်လည်း Mask တပ်ပါ၊ ကိုယ့် မိသားစုကိုလည်း အပြင်ထွက်တိုင်း Mask တပ်ဖို့ တိုက်တွန်းစည်းရုံးပေးပါ၊ ကိုယ့်ရဲ့ မိတ်ဆွေ အသိုက်အဝန်းမှာလည်း အပြင်ထွက်တိုင်း Mask တပ်ဖို့ ကို တိုက်တွန်းစည်းရုံးပေးဖို့ ကျွန်တော့်အနေနဲ့ မေတ္တာ ရပ်ခံရင်း ဖြေကြားမှုကို နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင် ပါတယ်။
ဒေါက်တာကြည်စိုး ။ ။ ပါမောက္ခ ဒေါက်တာလှိုင်မြဝင်း
အနေနဲ့ Clinical ပိုင်းဆိုင်ရာ တွေကို ဖြေကြားပေးဖို့ မေတ္တာရပ်ခံပါတယ်။
ပါမောက္ခဒေါက်တာ လှိုင်မြဝင်း ။ ။ ယနေ့ လက်ခံ
ရရှိတဲ့ မေးခွန်းတွေ အားလုံးကို ခြုံငုံသုံးသပ်ပြီး ဖြေကြားလိုပါတယ်။ မေးခွန်း တွေရဲ့သဘော သဘာဝ၊ တူညီတဲ့ဦးတည်ချက်က ကိုဗစ် ရောဂါ ဖြစ်ပွားပြီးတဲ့အခါ ဆက်လက်ရင်ဆိုင်နေရတဲ့ နောက်ဆက်တွဲ အခြေအနေတွေကို အားလုံးက စိတ်ပူတဲ့ အတွက် မေးကြတာ ဖြစ်ပါတယ်။
ဆေးပညာရှင်တွေဟာ ကိုဗစ်ရောဂါနဲ့ တစ်နှစ်နီးပါး လောက် တစ်ကမ္ဘာလုံးမှာ တိုက်ပွဲဝင်နေကြရပါတယ်။ အဲဒီတော့ ဒီလူနာတွေကို ကုသရင်း၊ အသက်ကယ်ရင်းနဲ့ တစ်ဖက်ကလည်း ဒီ ရောဂါကအသစ်ဆိုတော့ ဆေးပညာ ရှင်တွေဟာ လက်လှမ်းမီသလောက် လေ့လာစူးစမ်းမှုတွေ၊ သုတေသနတွေ ဆက်လုပ်နေကြပါတယ်။ အခုလည်း ဆေးရုံကနေ ပျောက်ကင်းပြီး အိမ်ကိုပြန်ရောက်သွားတဲ့ သူတွေကို ဆက်လက်ပြီး Follow up လုပ်ပါတယ်။
အဲဒီအချိန်ကာလတွေမှာ ဆက်လက်စောင့်ရှောက်ပြီး သူတို့ရဲ့ အခြေအနေတွေ၊ ခံစားမှုတွေကို အမြဲတမ်း မေးမြန်းရင်းနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအသီးသီးက စစ်ဆေးမှုတွေ၊ တွေ့ရှိချက်တွေအရ ကိုဗစ်ရောဂါဟာ ပထမလတ်တလောတော့ အဖြစ်နည်းနေတယ်ဆိုသော် လည်း ပျောက်ကင်းသွားတဲ့သူတွေမှာ ဆက်လက်ပြီး ရောဂါလက္ခဏာတွေ တွေ့နေရပါတယ်။ ဒါကို ဆေးပညာ ဝေါဟာရအရ Long Covid Syndromes လို့ခေါ်ပါတယ်။
ဒီနေ့မေးထားတဲ့ မေးခွန်းရှင်အများစုရဲ့ ဆန္ဒ၊ သိချင် တာတွေဟာ ဒီအထဲမှာသွားပြီး အကျုံးဝင်နေပါတယ်။ Long Covid Syndromes ကို ခွဲခြားပြီးကြည့်တဲ့အခါ အုပ်စုကြီးလေးခုကို တွေ့ရပါတယ်။ ပထမဦးဆုံးအုပ်စုက ဒီရောဂါဖြစ်ပြီး ပျောက်သွားလို့ အိမ်ပြန်ရောက်တဲ့အခါ အဆုတ်နဲ့နှလုံးမှာ လက္ခဏာတွေကို ခံစားနေရတယ်။ ဒီနေ့မေးခွန်းရှင်တွေ မေးထားတဲ့ အထဲမှာလည်း ပါပါ တယ်။ ပြန်သွားပြီးတဲ့အခါ ရင်တုန်တာ၊ အသက်ရှူမဝတာ၊ မောတာ၊ ချောင်းဆိုးတာတွေ စသဖြင့် အဲဒါတွေ ခံစားနေ ရပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာဆိုရင် ပြန်လည်ပျောက်ကင်း သွားတဲ့သူတွေကို Follow up ပြန်လည်ကြည့်ရှုတဲ့အခါ ဒီပြဿနာတွေကို တော်တော်များများ ပြောကြပါတယ်။ အဲဒါကတော့ ပထမဦးဆုံးအုပ်စု ဖြစ်ပါတယ်။ သူတို့ဟာ စဖြစ်တုန်းက ဗိုင်းရပ်စ်တွေဟာ အဆုတ်ရဲ့လေအိတ် တွေ၊ နှလုံးကြွက်သားတွေကို ထိခိုက်ခဲ့တဲ့အတွက် အခုနောက်ပိုင်းမှာသူဟာ သက်သာသွားသော်လည်း ဒီလက္ခဏာတွေ ဆက်လက်ခံစားနေရတာ ဖြစ်ပါတယ်။
ဒုတိယအုပ်စုက အချို့သောရောဂါတွေဟာ Inten- sive Care Unit လို့ခေါ်တဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ဝင်ပြီးကုသမှုခံယူနေရတဲ့ ရောဂါရှင်တွေပါ။ သူတို့က ပြန်လည်ကျန်းမာလာတဲ့အခါ သူတို့တွေ့ကြုံခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့ စက်ကိရိယာတွေ၊ အသည်းအသန် လူနာ တွေကို မြင်တွေ့ခဲ့ရတယ်ဆိုတော့ အိမ်ပြန်ရောက်ပြီး တဲ့အခါ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ တွေ့ရ ပါတယ်။
တတိယအုပ်စုက ဘယ်ဗိုင်းရပ်စ်မဆို ဝင်ပြီးရင် ဖြစ်ပြီးကျန်လေ့ရှိတဲ့ မောပန်းနွမ်းနယ်ချည့်နဲ့တာတွေ ရှိတတ်ပါတယ်။ အဲဒီလက္ခဏာတွေလည်း ခံစားရပါ တယ်။ နောက်ဆုံးအုပ်စုက ကိုဗစ်ရဲ့ထူးခြားတဲ့ ဝိသေသ လို့ပဲ ပြောရမလားမသိဘူး။ ဖြစ်သွားပြီးတဲ့သူက အစ ကနဦးတုန်းကဖြစ်တဲ့ လက္ခဏာတွေက နောက်ပိုင်း မှာလည်း ဆက်လက်ပြီး ခံစားနေရတယ်။ ဥပမာ - အဖျားငွေ့ငွေ့ရှိခြင်း၊ ကောင်းကောင်းအနံ့မရတာ၊ လျှာပေါ်မှာ အရသာမတွေ့တာ ဒီလိုမျိုး အုပ်စုကြီး လေးခုတွေ့ရှိရပါတယ်။
ဒီတော့ မည်သူမည်ဝါတွေဟာ ဘယ်လိုမျိုးဖြစ်ပြီး တော့ ကျန်ခဲ့မယ်ဆိုတာ အတိအကျခန့်မှန်းဖို့ ခက်ခဲပါ တယ်။ သို့သော်လည်း မေးခွန်းရှင်တွေအနေနဲ့ စိတ်ပူ ပန်စရာတော့ သိပ်ပြီးမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး နောက်ဆက်တွဲအခြေအနေတွေဟာ အချိန် ကာလတစ်ခုဖြစ်တဲ့ နှစ်လ၊ သုံးလပြီးရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ။ စိုးရိမ်စရာ မရှိပါဘူး။
သို့သော် အဲဒီကာလအတွင်း ခံစားနေရတာကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းကို ဆက်လက်ဖြေကြား ရရင်ခံစားနေရတဲ့ချောင်းဆိုးခြင်း၊ စားသောက်လို့မကောင်း ခြင်းအစရှိတဲ့ လက္ခဏာတွေရှိမယ်ဆိုရင် သက်ဆိုင်ရာ၊ နီးစပ်ရာ မိသားစုဆရာဝန်တွေနဲ့ ကုသမှုခံယူလို့ ရပါ တယ်။ ဆေးရုံကပေးလိုက်တဲ့ ဆေးရုံဆင်းလက်မှတ်ကို လည်း ပြသဖို့လိုအပ်ပါတယ်။
ထို့ပြင် မေးခွန်းရှင်တွေက အရင်က ကိုဗစ်ရောဂါ မခံစားခင်က မိမိမှာရှိပြီးသား သွေးတိုး၊ ရင်ကျပ်ပန်းနာ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေကိုလည်း ဆက်လက်ပြီး သေသေချာချာကုသမှု ခံယူဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အခြားလိုက်နာရမယ့်အချက်တွေက အိပ်ရေးဝအောင် အိပ်တာ၊ အစာအာဟာရကို မိမိရဲ့အသက်အရွယ်၊ အလေး ချိန်၊ ရောဂါအခြေအနေနဲ့ လိုက်လျောညီထွေရှိတဲ့ အစာ အာဟာရကို ပြည့်ဝစွာစားသုံးဖို့၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို မိမိနဲ့ လိုက်လျောညီထွေစွာ တဖြည်းဖြည်း ချင်း အမောခံနိုင်အောင်လုပ်တာတွေ၊ နောက်ပြီး စိတ်ပိုင်း ဆိုင်ရာအနေနဲ့ သီချင်းဆိုတာ၊ စာဖတ်တာတွေ အဲဒီလို လုပ်သွားမယ်ဆိုရင် ကာလတစ်ခုမှာ ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနေထိုင်လို့ ရပါလိမ့်မယ်။
အခြားမေးခွန်းတစ်ခုက အားလုံးလည်းသိချင်နေ ကြတယ်။ ပြန်ပြီးတော့ ပိုးကို မစစ်ပေးတာ ဖြစ်ပါတယ်။ ဒါကလည်း ဆရာကြီးတွေ အရင်က ဖြေထားပါတယ်။ အများလက်ခံထားတဲ့ စစ်တဲ့ PCR ဒါကလည်း သုံးလ လောက်အထိကို စစ်ရင်လည်း တွေ့နိုင်ပါတယ်။ ဒါတွေ့ တာသည် ဒီဗိုင်းရပ်စ်ပိုးက ခန္ခာကိုယ်ထဲမှာ ဒုက္ခပေး နေတယ်လို့ဆိုလိုတာ မဟုတ်ဘူး။ သူများကိုလည်း မကူး စက်နိုင်တော့ဘူး။ ဒါပေမယ့် ခန္ဓာကိုယ်ထဲကို ဒီဗိုင်းရပ်စ် ဝင်ပြီးတဲ့နောက်ပိုင်းမှာ ဒုက္ခမပေးတဲ့အပိုင်းကို Test က သွားပြီးတွေ့တာပါ။ ဒါကြောင့် ကျွန်မတို့ဟာ လူနာကို ပြန်ပြီးစစ်ဖို့တော့ မရှိပါဘူး။ စစ်လေ့လည်း မရှိပါဘူး။ အဲဒီတော့ လူနာရှင်တွေ စိတ်ပူတာက သူတို့က ရှိလျက်နဲ့ ပြန်သွားတဲ့အခါ သူတို့ရဲ့မိသားစုဝင်၊ လုပ်ငန်းခွင်က အပေါင်းအသင်းတွေ ကူးနိုင်ခြေကို စိတ်ပူကြတာ ဖြစ်ပါ တယ်။ အဲဒါလည်း စိတ်ပူဖို့မလိုပါဘူး။ အခုဆိုရင် သူများကို ကူးနိုင်ခြေကာလနဲ့ ပတ်သက်ပြီး နောက်ဆုံး တွေ့ရှိထား တာက ပထမဦးဆုံး လေးပတ်၊ သုံးပတ်၊ နောက်နှစ်ပတ်။ အခုဆိုရင် CDC က ၁၀ ရက်လို့ ပြောနေကြတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ ကူးနိုင်ခြေကာလကိုလည်း သိပ်ပြီးတော့ စိုးရိမ်စရာမလိုဘူးလို့ ဖြေကြား ချင်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ ဒီရောဂါဖြစ်ပြီး နောက် တစ်ကြိမ်ပြန်ဖြစ်နိုင်သလားဆိုတာ မေးနေကြတာရှိပါ တယ်။ ပြန်ဖြစ်နိုင်သလားမေးရင် ပြန်ဖြစ်နိုင်တယ်လို့ပဲ ဖြေကြားရမှာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးလလောက် ကလည်း ကမ္ဘာပေါ်မှာ နိုင်ငံတစ်ခုက ဒီလိုပြန်တွေ့တယ် ဆိုတဲ့ သာဓကတွေလည်းရှိတယ်။ သို့သော် ကျွန်မအနေနဲ့ ပြောကြားချင်တာက အဲဒီလို ပြန်တွေ့တယ်ဆိုတာ အလွန့်အလွန် အနည်းငယ်သော အုပ်စုတွေမှာပဲ တွေ့ရ ပါတယ်။
အဲဒီတော့ မဖြစ်အောင် ဘယ်လိုနေရမလဲဆိုတော့ ဘယ်ဗိုင်းရပ်စ်ကိုမဆို ကာကွယ်တဲ့နည်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ လက်ကိုစနစ်တကျ သေချာဆေးကြော တာ၊ ပါးစပ်၊ နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်တာ၊ မလိုအပ်ဘဲနဲ့ အပြင်မထွက်တာ ဒါတွေကိုပဲ လိုက်နာရ မယ်။ ဒါတွေကို လိုက်နာခြင်းအားဖြင့် ဘယ်ဗိုင်းရပ်စ်ကို မဆို ကာကွယ်ပြီးသားဖြစ်သွားမယ်။ ကျွန်မအနေနဲ့ တစ်ခု ပြောချင်တာကတော့ ကျွန်မတို့နိုင်ငံမှာ ကာကွယ်ဆေး ရရှိပြီးသွားတဲ့ နောက်ပိုင်းမှာလည်း နိစ္စဓူဝကျန်းမာစွာ နေထိုင်မှုပုံစံက ခုနပြောတဲ့ လက်ဆေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းတွေကို လိုက်နာဖို့ကတော့ လုံးဝလျော့သွားလို့မဖြစ်ပါဘူးလို့ ပြောကြားရင်းနဲ့ ဖြေကြားခြင်းကို ဒီနေရာ မှာ နိဂုံးချုပ်ပါရစေ။ ကျေးဇူးတင်ပါတယ်ရှင်။
ဒေါက်တာကြည်စိုး ။ ။ ကျွန်တော်က အထွေထွေ ရောဂါကု
နဲ့ မြောက်ဥက္ကလာပဆေးရုံကြီး ရဲ့ ဆေးရုံအုပ်ကြီးဖြစ်တဲ့အတွက် ဆေးရုံမှာ ကိုဗစ်နဲ့ ပတ်သက်ပြီး တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ၊ ပြင်ဆင်ခဲ့ရတာ တွေကို တင်ပြပါမယ်။
ကျွန်တော်တို့ဆေးရုံမှာ ပထမလှိုင်းကို တွေ့ကြုံရတဲ့ အခါ Isolation ဆိုတဲ့ ကူးစက်ဆောင် နှစ်ဆောင်နဲ့ လူနာ တွေကို ကုသခဲ့ပါတယ်။ ဒုတိယလှိုင်းမှာ နောက်ထပ်ကူးစက် ဆောင် ၁၀ ဆောင်ကို ထပ်မံတည်ဆောက်ခဲ့ရပါတယ်။ တည်ဆောက်တယ်ဆိုတာ ဆောက်လုပ်ပြီးခါစ အဆောက် အအုံတွေကို ပြင်ဆင်မွမ်းမံခဲ့ရတာ ဖြစ်ပါတယ်။ ခုတင်ပေါင်း ၄၀၀ ကျော် ထပ်မံတိုးချဲ့ရပါတယ်။ ခု တင် ၄၀၀ ကို ပေးနိုင် ဖို့ Oxygen Source ရှာရပါတယ်။ Liquid Oxygen Tank ၁၀ တန်ကို တည်ဆောက်ခဲ့ရပါတယ်။ ခုတင် ၄၄၁ ခုတင် မှာလည်း Health Care Worker တွေကို မကူးစက်အောင်၊ လူနာတွေနဲ့ တစ်ပိုင်း၊ ကျန်းမာရေးဝန်ထမ်းတွေက တစ်ပိုင်း ဖြစ်အောင် ဂရုစိုက်ရပါတယ်။ ကုသရေးနဲ့ Health Care Worker တွေကို ထိခိုက်မှု နည်းအောင်လုပ်ဆောင်ရပါတယ်။
နောက်ပြီး Emergency မှာ ကျပ်တည်းတဲ့အတွက် Emergency ရဲ့ အရှေ့မှာ အရေးပေါ် Tent တစ်ခုကို တည်ဆောက်ခဲ့ရပါတယ်။ ဒီလိုတည်ဆောက်ပြီးတဲ့အတွက် နောက်ထပ်လည်း ပစ္စည်းတွေအများကြီးကို တပ်ဆင်သုံးစွဲ ရပါတယ်။ အများစုသုံးစွဲခဲ့ရတာကတော့ Oxygen နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ၊ လူနာကိုကြည့်ရှုတဲ့ Patient Monitor နောက်ပြီးလူနာတွေကို ကြည့်ရှုဖို့အတွက် အင်တာနက်လိုင်းနဲ့အတူ CCTV တွေကို တပ်ဆင်ရပါ တယ်။ CCTV တွေကို တပ်ဆင်ရတာလည်း လူနာတွေကို ကူးစက်နိုင်ခြေရှိတဲ့အတွက် အမြဲတမ်းလူနာတွေအနား မှာသွားပြီး မကြည့်ရှုနိုင်ဘူး။ PPE တွေ ဝတ်ထားတဲ့ အတွက်နားကြပ်တွေနဲ့ နားထောင်လို့မရဘူး။ ဒါကြောင့် ဒီလိုခေတ်မီ ကိရိယာတွေ၊ တယ်လီဖုန်းတွေနဲ့လည်း ပြောရတယ်။ PA System နဲ့ အတွင်းနဲ့အပြင် ပြောရ တယ်။
ဒီလိုနည်းလမ်းတွေကို သုံးဖို့အတွက် တပ်ဆင်ရပါ တယ်။ ဒီလိုခုတင်ပေါင်း ၄၄၁ ခုတင်အပြင် ထပ်မံ တည်ဆောက်ရတာကတော့ ICU ဖြစ်ပါတယ်။ ကိုဗစ် ICU ကို ၂၄ ခုတင် အသစ်ထပ်မံပြီး အမြန်ဆုံးတည်ဆောက် ရပါတယ်။ ဒီ ICU ကိုအရင်က မှန်းထားတာကတော့ ပုံမှန် ICU ပါ။ ဒါပေမယ့် ကိုဗစ်ဖြစ်လာတဲ့အတွက် ကိုဗစ် ICU အဖြစ် ပြောင်းလဲတပ်ဆင်ခဲ့ရခြင်း ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ အောက်ဆီဂျင်သုံးနှုန်းက ၁၀ တန် Tank တစ်ခုလုံးကိုတစ်ရက်နီးနီးသုံးတဲ့ အခြေအနေ ရောက်လာပါပြီ။ ၁၀ တန် Tank က မလုံလောက်တဲ့ အခြေအနေထိအောင် ဖြစ်လာပါပြီ။ တစ်ရက်ကို ရှစ်တန်လောက်ကို သုံးစွဲ ကုသပေးနေရပါတယ်။ အောက်ဆီဂျင်က အတော့်ကို အရေးကြီးနေပါတယ်။ မျိုးစုံသောစက်တွေ ပထမဆုံးတော့ ဖြည်းဖြည်းပဲရှူနိုင်တဲ့ နှာခေါင်းမှာတပ်ရုံနဲ့ ရှူတဲ့ နှာခေါင်းတပ်ကိရိယာတွေ၊ နောက်ထပ်ပိုပြီး ရှူနိုင်အောင် လုပ်ပေးတာ၊ မြန်နှုန်း မြင့်မြင့်နဲ့လေကို ရှူနိုင်သွင်းနိုင်အောင်လုပ်ပေးတဲ့ စက် တွေ၊ Ventilator တွေနဲ့ အသက်ရှူစက်တွေနဲ့ ရှူနိုင် အောင်လုပ်ပေးတာတွေ၊ ဒီလိုစက်တွေ အမြောက်အမြား ကို ထည့်သွင်းတပ်ဆင်ခဲ့ရပါတယ်။
ICU တွေမှာ ၂၄ ခုတင်က ၂၄ ခုတင်နီးပါး အမြဲတမ်း ပြည့်နေတဲ့ အခြေအနေဖြစ်လာပါတယ်။ ဒါကြောင့် မလုံလောက်တဲ့အတွက် အထောက်အပံ့ဖြစ်အောင် HDU ကိုလည်းတည်ဆောက်ဖို့ ဆက်လက်လုပ်ဆောင် နေရပါတယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေအလိုက် တဖြည်းဖြည်းနဲ့ ပြောင်းလဲပြီး လူနာတွေကို ကုသပေးနိုင် အောင် စီစဉ်ရပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ Pump တွေလုပ်ပြီး ပြင်ဆင်ရတဲ့အခြေအနေတော့ ရှိပါတယ်။
ဒီအခြေအနေကိုလည်း အမြန်ဆုံးအချိန်မီအောင် ပြင်ဆင်ရပါတယ်။ အခုဆိုရင် လူနာအမြင့်ဆုံး Positive လူနာ ၄၁၀ကျော်အထိ လက်ခံကုသပေးနေပါပြီ။ ဒါဟာ တော်တော်ကို အမြင့်ဆုံးအခြေအနေဖြစ်ပါတယ်။ ဒါကြောင့် လူနာတွေ၊ ပြည်သူတွေဘက်က ကာကွယ် ရမယ့်ကိစ္စတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ လူစု လူဝေးတွေ လုပ်ချင်ကြတာကိုလည်း ကျွန်တော်တို့ နားလည်သဘောပေါက်ပါတယ်။
ဒါပေမယ့်လည်း လူစုလူဝေးလုပ်တဲ့သူတွေက သက်လတ်ပိုင်းတွေ၊ သက်ငယ်ပိုင်းတွေဖြစ်ပြီး ခံနိုင်ရည် ရှိကြပါတယ်။ သူတို့အိမ်ပြန်သွားတဲ့အချိန်မှာ သူတို့ရဲ့ မိဘ တွေ၊ ဦးလေး၊ အဒေါ်တွေ၊ အဘိုး၊ အဘွားတွေက နောက် ၃/ ၄/ ၅ ရက်ကြာရင် ကျွန်တော်တို့ ဆေးရုံကို ရောက်လာပါတယ်။ ဒါဟာ အမှန်ပါပဲ။ ဒီလိုအခြေအနေ တွေကို သူတို့နားလည်သဘောပေါက်ဖို့လိုပါတယ်။ သူတို့ ကတော့ ဘာမှမဖြစ်နိုင်ဘူးလို့ တွေးပေမယ့် သူတို့ရဲ့ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်၊ အဘိုး၊ အဘွားဒါတွေကို ငဲ့ညှာဖို့လိုပါတယ်။
နောက်ပြီး ဒီကနေတစ်ဆင့် အများကြီး ကူးစက်သွား တဲ့အတွက် နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်။ တိုင်းပြည်အတွက်လည်း စီးပွားရေးကအစ အဘက်ဘက်ကနေ နှောင့်နှေးကြန့်ကြာတဲ့ အခြေအနေ တွေ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူပြည်သားတွေအနေနဲ့ ကျန်းမာရေးဘက်ကနေ ကုသနေတဲ့ပစ္စည်းတွေ၊ အဆောက်အအုံဆောက်လုပ်တာတွေ၊ စရိတ်စကတွေ များပါတယ်။ လူနာတွေလည်း တကယ်ဖြစ်လာရင် ခံရပါ တယ်။ ဒီအတွက်ကြောင့် ကာကွယ်ရမယ့်နည်းလမ်းတွေ ကိုလေးစားလိုက်နာကြပါလို့ ပြောကြားရင်း ကျွန်တော့် အနေနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်။ ။
- Log in to post comments