
ထက်လျှံ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၁၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ ယခုလက်ရှိအချိန်အထိ ကိုဗစ် - ၁၉
ရောဂါက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားမှာ ကူးစက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရမယ်ဆိုရင် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်နိုင်တဲ့ အတွက် ပြည်သူတွေအနေနဲ့ ရောဂါကူးစက်မခံရအောင် ကြိုတင်ကာကွယ်ထားဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။
အပတ်စဉ် တင်ဆက်ပေးနေတဲ့ ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်က ပြည်သူတွေ သိရှိလိုတဲ့ အကြောင်းအရာတွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေနဲ့ ပညာရှင်တွေက ဆွေးနွေးတင်ပြ လျက်ရှိပါတယ်။
အခုတစ်ပတ်မှာ ဒေါက်တာသန္တာလွင် [ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ရောဂါနှိမ်နင်းရေး]၊ ဒေါက်တာ တင်မောင်ညွန့် [ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး] နဲ့ ဒေါက်တာထွန်းအောင်ကြည် [ညွှန်ကြား ရေးမှူး၊ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး] တို့က ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဒေါက်တာသန္တာလွင်က ဦးဆောင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
ဒေါက်တာသန္တာလွင် ။ ။ ကိုဗစ် - ၁၉ ဆေးစစ်ပြီး
ဘယ်နှရက်အထိ အာမခံ ရနိုင်မလဲ မေးခွန်းနဲ့စပ်လျဉ်းလို့ ကိုဗစ် - ၁၉ ဆေးစစ်ပြီး ဘယ်နှရက်အာမခံရမလဲဆိုတာက မည်သည့် အကြောင်း အရာကိုအခြေခံပြီး ခရီးသွားတယ်ဆိုတဲ့အပေါ်မှာ မူတည် ပါတယ်။
ပြည်တွင်းလေကြောင်းခရီးစဉ်တွေနဲ့ လိုက်ပါစီးနင်း မယ့်သူတွေအနေနဲ့ လေကြောင်းခရီးစဉ် မလိုက်ပါခင် လွန်ခဲ့တဲ့ ၃၆ နာရီအတွင်းမှာ စစ်ဆေးထားတဲ့ RDT Negative အဖြေကို လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ပြည်ပကနေ လာရောက်မယ့်သူတွေအနေနဲ့ ခရီးစဉ် လိုက်ပါခြင်းမပြုခင်မှာ လွန်ခဲ့တဲ့ ၇၂ နာရီအတွင်း RTPCR Negative အဖြေလိုအပ်ပါတယ်။ ပြည်ပကနေ လေယာဉ် ခရီးစဉ်လိုက်ပါမယ့် သူတွေအတွက် မိမိတို့ သွားရောက်မယ့် နေရာကိုမူတည်ပြီး မိမိနိုင်ငံအတွင်းကို ဝင်လာမယ်၊ ပြန်လည်ထွက်ခွာမယ်ဆိုရင် သက်ဆိုင်ရာ နိုင်ငံရဲ့ သံရုံး တွေ၊ လေကြောင်းလိုင်းတွေကို ဆက်သွယ်ပြီး လိုအပ်ချက် တွေ မေးမြန်းကာ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
နိုင်ငံခြားက ပြန်လာပြီး ကွာရန်တင်းဝင်ပြီးရင် နေရပ် ကိုပြန်တဲ့အခါ ဘာတွေလိုအပ်ပါသလဲ မေးခွန်းနဲ့စပ်လျဉ်း ပြီး လေကြောင်းခရီးစဉ်တွေနဲ့ ပြန်လည်ဝင်ရောက်လာတဲ့ သူတွေက မြန်မာနိုင်ငံကို ပြည်ပကနေ ပြန်လည် ရောက်ရှိပြီး ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ပြန်လာတဲ့သူက ကုန်းကြောင်း၊ လေကြောင်းကနေ ပြန်လည်ဝင်ရောက်လာပြီး Stay at Home မြို့နယ်တွေကို ပြန်လည်သွားရောက်ခဲ့သူဖြစ်ခဲ့ရင် မြန်မာနိုင်ငံကို ရောက်ရှိပြီးတဲ့နောက်မှာ နှစ်ပတ်ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။ ကွာရန်တင်းဝင်ရောက်ပြီး သုံးရက်မြောက် နေ့နဲ့ ၁၁ ရက်မြောက်နေ့တွေမှာ RDT နဲ့ စစ်ဆေးရမှာ ဖြစ်ပါတယ်။
ရောဂါပိုးမတွေ့ရှိဘူးဆိုရင် ကွာရန်တင်းကနေ ထွက်ပြီး မိမိရဲ့နေအိမ်မှာ Home Quarantine အနေနဲ့ တစ်ပတ်ဆက်နေရမှာ ဖြစ်ပါတယ်။ လေကြောင်း၊ ကုန်းကြောင်းကနေ ပြန်လာပြီး သတ်မှတ်ထားတဲ့ Stay at Home မြို့ကို ပြန်လည်ဝင်ရောက်လာတဲ့သူတွေဖြစ်ခဲ့ရင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး နောက်တစ်ပတ်အကြာ ခုနစ်ရက် ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။ ခုနစ်ရက် မြောက်နေ့မှာ RDT နဲ့ စစ်ဆေးရမှာ ဖြစ်ပါတယ်။ ရောဂါပိုး မတွေ့ရှိဘူးဆိုရင် ထပ်မံပြီး မိမိရဲ့နေအိမ်မှာ Home Quarantine အနေနဲ့ တစ်ပတ် ဆက်လက်နေထိုင်ရမှာ ဖြစ်ပါတယ်။
ကွာရန်တင်း ဝင်နေတဲ့အချိန်မှာ တကယ်လို့ ပြည်ပ ကနေ ပြန်လာတဲ့သူက Test လုပ်ရမယ့်ရက် မတိုင်ခင် ကိုဗစ် - ၁၉ သံသယလက္ခဏာတွေ ပေါ်ပေါက်လာမယ် ဆိုရင် RDT နဲ့ ချက်ချင်းစစ်ဆေးဖို့အတွက် အကြောင်းကြား တင်ပြရမှာ ဖြစ်ပါတယ်။ RDT နဲ့စစ်ဆေးပြီးလို့ Negative ဖြစ်နေစေကာမူ သံသယလက္ခဏာတွေရှိခဲ့ရင် RTPCR နဲ့ ထပ်မံစစ်ဆေးဖို့အတွက် လမ်းညွှန်တွေကို ကျွန်မတို့ ပြုစုထားပါတယ်။
ဒါ့အပြင် အထူးမှာကြားလိုတဲ့အချက်က ကွာရန်တင်း ကာလပြီးဆုံးလို့ အိမ်ပြန်သွားတယ်ဆိုရင် လူတစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေခြင်း၊ Social Distancing နဲ့နေခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးခြင်း၊ လူစုလူဝေး ရှိတဲ့နေရာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ခြင်းနဲ့ Mask ကို အမြဲတမ်း တပ်ဆင်ထားခြင်းတွေကို ဆောင်ရွက်ဖို့ အထူးမှာကြားချင်ပါတယ်။
ကမ္ဘာမှာ တတိယလှိုင်း ဖြစ်ပေါ်နေတယ်ဆိုပြီး သိရှိထားရပါတယ်။ ပထမနဲ့ ဒုတိယလှိုင်းတွေထက် တတိယလှိုင်းက ရောဂါကူးစက်နှုန်း ပိုမိုမြန်ဆန်တယ်လို့ ဆိုတဲ့အတွက် တတိယလှိုင်းရောက်လာနိုင်တဲ့ အခြေအနေ မျိုးမှာ ဘယ်လိုပြင်ဆင်မှုတွေ ဆောင်ရွက်ရမလဲ မေးခွန်းနဲ့ စပ်လျဉ်းပြီး ယူကေနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ စသဖြင့် နိုင်ငံအများစုမှာ ကိုဗစ် - ၁၉ တတိယလှိုင်း ဖြစ်ပွားနေကြောင်း၊ ဖြစ်ပွားမှုတွေကလည်း လျင်မြန်စွာ မြင့်တက်လာပြီး သေဆုံးမှုတွေက မြင့်မားကြောင်း တွေ့ရှိထားပါတယ်။
စိုးရိမ်စရာကောင်းတဲ့အချက်က ယူကေနိုင်ငံအပါ အဝင် နိုင်ငံအများအပြားမှာ ကိုဗစ် - ၁၉ အသွင်ပြောင်းပိုး အနေနဲ့ တွေ့ရှိရတာဖြစ်ပြီး ဒီပိုးက ရှေ့မှာဒုတိယလှိုင်းကို ဖြစ်စေတဲ့ပိုးထက် ပိုပြီး မြန်ဆန်တယ်။ ၄၀ ရာခိုင်နှုန်း ကနေ ၇၀ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်စွာ ကူးစက် နိုင်တယ်လို့ တွေ့ရှိရပါတယ်။
ဒါကြောင့် ဒီရောဂါပိုးဝင်ရောက်မှုကို ကာကွယ် တားဆီးနိုင်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအနေနဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် အိုင်ယာလန်နိုင်ငံမြောက်ပိုင်းကနေ လာရောက်တဲ့ ခရီးသည်တွေအနေနဲ့ မြန်မာနိုင်ငံကို ဝင်ရောက်လာမယ် ဆိုရင် ဝင်ရောက်ခွင့်ကို ယာယီကန့်သတ်ခြင်း ဆောင်ရွက် ခဲ့ပါတယ်။ ယခင်မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ ပြည်ပ ခရီးသွားတွေကို Facility Quarantine တစ်ပတ်၊ Home Quarantine တစ်ပတ်ထားရာကနေ အခု Facility Quarantine ကို နှစ်ပတ်အဖြစ် ပြောင်းလဲဆောင်ရွက် ခဲ့ပါတယ်။ ယခင်က ဓာတ်ခွဲစမ်းသပ်မှု တစ်ကြိမ်သာ ဆောင်ရွက်ရာကနေ အခု နှစ်ကြိမ် စမ်းသပ်ဖို့ ပြောင်းလဲ ဆောင်ရွက်သွားဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ကိုဗစ် - ၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေနဲ့ ရောဂါ ဖြစ်ပွားမှုအခြေအနေ သုံးသပ်ချက်များကို ဗဟိုအဆင့် သာမက တိုင်းဒေသကြီး/ ပြည်နယ် အဆင့်နဲ့ မြို့နယ် အဆင့်ထိ စဉ်ဆက်မပြတ် သုံးသပ်ပြီး ရောဂါတုံ့ပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ အားသာချက်၊ အားနည်းချက်တွေ ရှိခဲ့ရင်လည်း ပုံမှန်သုံးသပ်ပြီး အားဖြည့်ဆောင်ရွက်လျက် ရှိပါတယ်။
တတိယလှိုင်းအနေနဲ့ ဖြစ်လာခဲ့မယ်ဆိုရင် ကာကွယ် နိုင်ဖို့အတွက် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းတွေကို ပိုမို မြှင့်တင်ပြီး ဆောင်ရွက်ဖို့ စီစဉ်ထားရှိသလို ရောဂါ ဖြစ်ပွားမှုစောင့်ကြည့်ရေးလုပ်ငန်းကို အရှိန်အဟုန် မြှင့်တင်ပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ထို့အတူ ပြည်သူတွေအနေနဲ့ မိမိကိုယ်ကိုယ်မိမိ ကာကွယ်ရမယ့် နည်းလမ်းတွေကို နားလည်ပြီး လိုက်နာကျင့်သုံးဖို့အတွက် Mask Campaign ကဲ့သို့ Yellow Campaign ကို ရန်ကုန်တိုင်းဒေသကြီးမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိပြီး တစ်နိုင်ငံလုံးအထိ ဖြန့်ကြက်ဆောင်ရွက်နိုင် အောင် စီစဉ်နိုင်ခဲ့သလို ထပ်မံပြီး လမ်းညွှန်ချက်တွေကို နေ့စဉ်ထုတ်ပြန်လျက်ရှိပါတယ်။
အဓိက အရေးကြီးတဲ့အချက်တစ်ခုက မိသားစု အချင်းချင်း တိုက်တွန်းပြောကြားပြီးတော့မှ ကာကွယ် ရမယ့် နည်းလမ်းတွေကိုလိုက်နာပြီး တစ်ယောက်နဲ့ တစ်ယောက် အသိရှိစွာ သတိပေးဖို့ ကိစ္စရပ်တွေ စီမံချက် အသွင် ဆောင်ရွက်သွားဖို့ စီစဉ်ထားကြောင်း တင်ပြလို ပါတယ်။
ဒေါက်တာထွန်းအောင်ကြည် ။ ။ လူတစ်ယောက်က
၁၄ ရက် ကွာရန် တင်း ဝင်ပြီးရင် ရောဂါမရှိတာ စိတ်ချရပါသလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဆေးရုံ ကွာရန်တင်း၊ ရပ်ရွာ အခြေပြု ကွာရန်တင်း၊ ဟိုတယ် ကွာရန်တင်း၊ အိမ် ကွာရန် တင်းဆိုပြီး အမျိုးမျိုးရှိပြီး ကွာရန်တင်းတိုင်းက ၁၄ ရက် ထားတာ ဖြစ်ပါတယ်။ ကွာရန်တင်း ၁၄ ရက်မှာ သုံးရက် မြောက်နေ့မှာ RDT နဲ့ စစ်ဆေးပြီး ၁၁ ရက်မြောက်နေ့မှာ RDT နဲ့စစ်ဆေးပါတယ်။
ဒါတွေစစ်ဆေးပြီးတဲ့အခါ Positive ဖြစ်တဲ့အခါ ကွာရန်တင်းမှာ ဆက်လက်မထားရှိဘဲ ဆေးရုံမှာရှိတဲ့ အထူးကြပ်မတ်ကုသဆောင်ကို ပို့ပေးပါတယ်။ Negative ဆိုရင် ကွာရန်တင်းမှာ ၁၄ ရက် ပြည့်အောင်ထားရှိပြီး အိမ်ပြန်လွှတ်ပါတယ်။ အိမ်ကို ပြန်ရောက်တဲ့အခါ အိမ်မှာ ကွာရန်တင်း ခုနစ်ရက် ဆက်နေပါတယ်။ Negative ဖြစ်လို့ အိမ်ပြန်သွားရပြီဆိုရင် သူကနေတစ်ဆင့် တခြားသူကို ထပ်မံမကူးစက်နိုင်တော့ဘူးလို့ ပြောလို့ရပါတယ်။
ဒီလို ကွာရန်တင်းဝင်ရောက်ခဲ့တဲ့ ၂၁ ရက်ပြည့်မြောက် ချိန်မှာ သူ့အနေနဲ့ ကိုဗစ် - ၁၉ ကာကွယ်ရေးနည်းလမ်း တွေကို မလိုက်နာဘူးဆိုရင် အခြားသူဆီကနေ သူက ပြန်ပြီးကူးစက်နိုင်ပါတယ်။ စိတ်ချရအောင်ဆိုရင် ကွာရန် တင်းပြီးလို့ အပြင်သွားတဲ့အခါ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေတာ စတဲ့ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာသွားရမှာ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ကုသရေးစင်တာက ဆင်းလာပြီးတဲ့ နောက် တစ်ခါပြန်စစ်လို့ Positive အဖြေထွက်လို့ ကုသရေးစင်တာကို ပြန်သွားရသလားဆိုတဲ့ မေးခွန်းနဲ့ စပ်လျဉ်းပြီး ပြန်ပြီးစစ်လိုက်လို့ Positive အဖြေထွက်ရုံနဲ့ မသွားရပါဘူး။ တကယ်လို့ Positive ထွက်ပြီး ရောဂါ လက္ခဏာပြလာလို့ရှိရင်၊ ရောဂါလက္ခဏာပြင်းထန် လာလို့ရှိရင် ဆေးရုံကို ပြန်လည်ပြသဖို့လိုပါတယ်။ Positive အဖြေထွက်ရုံ နဲ့ ဆေးရုံကို သွားစရာမလိုပါဘူး။ ယခင်တုန်းက အထူးကြပ်မတ်ကုသဆောင်တွေ၊ ကုသရေး စင်တာတွေမှာ PCR Negative ဖြစ်မှ ဆင်းပေးတာပါ။ နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရ Positive ဖြစ်ပြီး ၁၀ ရက်မြောက်နေ့မှာ သူများကို ကူးစက်မှု မရှိနိုင်တော့ ဘူးဖြစ်တဲ့အတွက် Positive အဖြေထွက်သော်လည်း ရောဂါလက္ခဏာမပြလို့ရှိရင် ဆေးရုံကနေ ပေးဆင်းပြီး အိမ်မှာ ကွာရန်တင်း ဆက်နေခိုင်းပါတယ်။
ကိုဗစ် - ၁၉ Positive ဖြစ်ထားတဲ့သူက သုံးလအတွင်း ပိုးပြန်စစ်ရင် ပေါ့စတစ်ပဲပြတယ်ဆိုတာ မှန်ပါသလား မေးခွန်းနှင့်စပ်လျဉ်း၍ Positive ပြတယ်ဆိုတာတော့ မမှန်ပါဘူး။ သုံးလအတွင်းပြန်စစ်ရင် Positive လည်း ဖြစ်နိုင်သလို Negative လည်း ဖြစ်နိုင်ပါတယ်။ PCR နဲ့ ပြန်စစ်ရင်တော့ Positive ပြနိုင်ခြေက ပိုများပါတယ်။ ဒါပေမယ့် သူများကို မကူးစက်တော့ပါဘူး။ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ အစိတ်အပိုင်းတွေကို တွေ့ရှိခြင်းဖြစ်ပါတယ်။
ဒေါက်တာတင်မောင်ညွန့် ။ ။ မြန်မာနိုင်ငံကို ကူးစက်
မြန် ယူကေဗိုင်းရပ်စ် ဝင်လာခဲ့ရင် သိနိုင်ပါသလား၊ ဘယ်လိုစောင့်ကြည့်နေ ပါသလဲ မေးခွန်းနဲ့စပ်လျဉ်း၍ မြန်မာနိုင်ငံအနေနဲ့
ဒီဗိုင်းရပ်စ်ပိုး ရောက်လာ/ မလာကို စမ်းသပ်ပြီး လုပ်ဆောင် နေတာ ရှိပါတယ်။ ယူကေနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံအချို့မှာ ကိုဗစ် - ၁၉ စစ်ဆေးတွေ့ရှိတဲ့ ဓာတ်ခွဲနမူနာတွေမှာ ကူးစက်ပျံ့နှံ့မှုပိုမိုများပြားတဲ့၊ မျိုးဗီဇပြောင်းလဲမှုရှိတဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်တစ်မျိုးကို တွေ့ရှိကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်း လတ်တလော ကူးစက်ပျံ့နှံ့ နေတဲ့ ဗိုင်းရပ်စ်တွေက ကူးစက်မြန်ဗီဇပြောင်း ဗိုင်းရပ်စ် မျိုးကွဲအသစ်တွေ ဝင်ရောက်ခြင်း ရှိ/ မရှိနဲ့ ပြည်တွင်းတွင် အခြားသော မျိုးဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်နေခြင်း ရှိ / မရှိတို့ကို သိရှိဖို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာန (မန္တလေး) က ပေးပို့လာတဲ့ ကိုဗစ် - ၁၉ အတည်ပြုလူနာ ၁၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှ ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၁ ဦး စုစုပေါင်း ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦးကို ဗိုင်းရပ်စ်မျိုးဗီဇတစ်ခုလုံး စစ်ဆေးမှုတွေကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ စတုတ္ထပတ် အတွင်းမှာ ဆေးသုတေသနဦးစီးဌာနရှိ အဆင့်မြင့် မော်လီကျူးသုတေသနဌာနက စစ်ဆေးခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦးလုံးမှာ မျိုးဗီဇနွယ် စစ်ဆေးခြင်းနဲ့ မျိုးဗီဇဆင်တူညီမှု စစ်ဆေးခြင်း၊ ဗီဇပြောင်းလဲမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို လုပ်ဆောင်ခဲ့ ပါတယ်။ မျိုးဗီဇစစ်ဆေးလေ့လာချက်အရ SARS CoV-2 ရောဂါပိုးက ၂၀၂၀ ပြည့်နှစ် ဩဂုတ်လနှောင်းပိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စတင်ပျံ့နှံ့ခဲ့တဲ့ ကူးစက်မြန် အမျိုးအစားနဲ့ မျိုးဗီဇနွယ်ဆိုင်ရာ အချက်အလက်တွေ တူညီကြောင်းနဲ့ အခြားသော မျိုးဗီဇပြောင်းလဲမှုအချို့ပါ ယှဉ်တွဲလျက်ရှိတာကို တွေ့ရှိရပါတယ်။
ဒါကြောင့် ယခုတွေ့ရှိရတဲ့ မျိုးဗီဇပြောင်းလဲမှုတွေက ယူကေနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံအချို့မှာ တွေ့ရှိရတဲ့ ကူးစက်မြန် မျိုးဗီဇပြောင်းလဲမှုရှိတဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ် မဟုတ် ကြောင်း တွေ့ရှိရပါတယ်။ အဆိုပါ တွေ့ရှိတဲ့ရလဒ်ကို နိုင်ငံတကာအသိအမှတ်ပြု US NCBI နဲ့ NIH Data Base တွင် တင်သွင်းပြီး အတည်ပြုစစ်ဆေးမှုခံယူပြီး ဖြစ်ပါ တယ်။ ဒါက မြန်မာနိုင်ငံအနေနဲ့ ယူကေနိုင်ငံက အသွင်ပြောင်း ဗိုင်းရပ်စ်ပိုး ရှိ/မရှိကို ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ဝင်လာရင် ဘယ်လိုသိနိုင်မလဲ မေးခွန်းနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)က သာဓကတစ်ခုကို တင်ပြလိုပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) အနေနဲ့ တရုတ်နိုင်ငံနဲ့ ထိစပ်နေပြီး ကုန်းလမ်းကနေ ဝင်နိုင်တဲ့ ဝင်ပေါက် ၁၂ ခု ရှိပါတယ်။ ဝင်ပေါက်အားလုံးကို ကျွန်တော်တို့ စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်းတွေကို ကိုဗစ် - ၁၉ စတင်ဖြစ်ပွားချိန် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်ကနေ စတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် ပြန်လာတဲ့သူ မြန်မာနိုင်ငံသားတွေ၊ အကျဉ်းကျပြီး ပြန်လည်ပို့ဆောင်သူအားလုံးကို သက်ဆိုင်ရာ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေမှာ ကွာရန်တင်းထားပြီး သူတို့တွေကို အမြဲတမ်း စောင့်ကြည့်နေပါတယ်။ အခုနောက်ဆုံး ပြောင်းလဲဆောင်ရွက်မယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက် က ထွက်ရှိလာတဲ့ လမ်းညွှန်ချက်အတိုင်း တရုတ်နိုင်ငံနဲ့ ပြည်ပနိုင်ငံတွေကနေ ကုန်းလမ်းကတစ်ဆင့် ဝင်ရောက် လာသူတွေကို ပြန်လည်ရောက်ရှိတဲ့နေရာတွေမှာ အသွား အလာကန့်သတ်ပြီး ကွာရန်တင်းထားရှိပါတယ်။
အသွားအလာစတင်ကန့်သတ်ထားတဲ့ သုံးရက် မြောက်နေ့မှာ ပထမအကြိမ် Covid-19 Antigen Rapid Test Kit နဲ့ စစ်ဆေးပါမယ်။ Positive ဆိုရင် သတ်မှတ် ထားတဲ့ ဆေးရုံတွေမှာ ကုသမှုပေးပါတယ်။ ပထမအကြိမ် ဓာတ်ခွဲနမူနာမှာ Negative ဖြစ်တယ်ဆိုရင် အသွားအလာ ကန့်သတ်ထားတဲ့ ၁၁ ရက်မြောက်နေ့မှာ ဒုတိယအကြိမ် ဓာတ်ခွဲနမူနာကို RTPCR နဲ့ ဓာတ်ခွဲစစ်ဆေးမှာ ဖြစ်ပါတယ်။ ဒုတိယအကြိမ် ဓာတ်ခွဲနမူနာမှာ မတွေ့ရင် အသွားအလာ ကန့်သတ်ထားတဲ့အချိန်ကစပြီး ၁၄ ရက် အတွင်း သတ်မှတ်ထားတဲ့နေရာမှာ Facility Quarantine ထားရှိပြီး နေအိမ်မှာ ခုနစ်ရက် Home Quarantine ထားဖို့ စီစဉ်ထားပါတယ်။
Positive ဖြစ်သူနဲ့ ထိတွေ့ဆက်စပ်ခဲ့ဖူးရင် ဘယ်က နေ ကူးစက်ပါသလဲ၊ နှာမချေ၊ ချောင်းမဆိုးခဲ့ရင်ရော မကူးနိုင်ဘူးလားဆိုတဲ့ မေးခွန်းနဲ့စပ်လျဉ်းပြီး ကိုဗစ် - ၁၉ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက အဓိကအားဖြင့် ရောဂါပိုးရှိသူရဲ့ ချောင်းဆိုး၊ နှာချေ၊ စကားပြောရာကနေ ထွက်လာတဲ့ အမှုန်အမွှားတွေကနေတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးပါဝင်တဲ့ အစက်အမှုန်တွေက အသက်ရှူထုတ်ခြင်းကနေတစ်ဆင့် အနီးပတ်ဝန်းကျင် ငါးပေခန့်၊ စကားကျယ်လောင်စွာပြောကြားတာ၊ သီချင်း ဆိုတာတွေဆိုရင် ပိုမိုရောက်ရှိနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ချောင်းဆိုးခြင်းက တစ်စက္ကန့်ကို ၃၃ ပေနှုန်း အရှိန်နဲ့ ခြောက်ပေခွဲခန့်အထိ၊ နှာချေခြင်းက တစ်စက္ကန့် ကို ၁၆၄ ပေနှုန်းအရှိန်နဲ့ ၁၉ ပေခွဲခန့်အထိ ပျံ့နှံ့ရောက်ရှိ တယ်ဆိုတာကို စမ်းသပ်တွေ့ရှိပြီးဖြစ်ပါတယ်။
အထူးသဖြင့် အလုံပိတ်အခန်း၊ အဲကွန်းအခန်း၊ လေဝင် လေထွက်မကောင်းတဲ့အခန်းတွေဆိုရင် ရောဂါပိုးက ပိုမိုလွယ်ကူစွာ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ ဒီအမှုန် အမွှားတွေကို အကာအကွယ်မရှိဘူးဆိုရင် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးထဲဝင်ပြီး ကူးစက်တာဖြစ်ပါတယ်။ Positive ဖြစ်သူက ချောင်းမဆိုး၊ နှာမချေခဲ့သော်လည်း သူကထွက်လာတဲ့ အမှုန်အမွှားတွေက အရာဝတ္ထုတွေ အပေါ်မှာ တွယ်ကပ်နေမယ်၊ အဲဒီမျက်နှာပြင်ကို ထိကိုင် မိပြီး လက်မဆေးဘဲ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကို ကိုင်မိရာကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။
ဒါကြောင့် Mask တွေနဲ့ မျက်နှာအကာအကွယ် Face Shield တွေကို တပ်ဆင်ထားဖို့ လိုအပ်သလို လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးကြောခြင်း၊ ခပ်ခွာခွာနေခြင်းတွေက ကူးစက်မှုကနေကင်းဝေးမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုဗစ်ရောဂါ ပိုများလာမှာလား၊ အခုရော ဘာတွေလုပ်နေပါသလဲ၊ တိုင်းရင်းသားဒေသက လူတွေ ကရော ဘာတွေပူးပေါင်းဆောင်ရွက်ရမှာလဲ သိပါရစေ မေးခွန်းနဲ့စပ်လျဉ်းပြီး နိုင်ငံအတွင်းသာမက ကမ္ဘာ့နိုင်ငံ အသီးသီးကို လျင်မြန်စွာ ပျံ့နှံ့ကူးစက်တဲ့အတွက် မြန်မာနိုင်ငံအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာဖြစ်ပြီ ဆိုရင် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကူးစက်နိုင်တဲ့ အလားအလာတွေ ရှိပါတယ်။
ဒါပေမယ့် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့တွေနဲ့ စနစ်တကျ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ပြည်သူလူထုတွေ လိုက်နာရမယ့်အပိုင်းတွေကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ပြည်သူလူထုကလည်း လိုက်နာဆောင်ရွက်တဲ့အတွက် ကူးစက်ရောဂါ ပြန့်ပွားမှုကို ယခုလိုထိန်းနိုင်တာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)အနေနဲ့ ကူးစက်မှုများတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် အစရှိတဲ့နေရာ တွေက ဝင်လာပြီဆိုရင် သက်ဆိုင်ရာ ဝင်ပေါက်အသီးသီးမှာ မြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့တွေက နေ့စဉ် ဘယ်နေရာ၊ ဘယ်ပြည်နယ်ကဆိုပြီး ခွဲခြားစိစစ် ပါတယ်။
ပြီးရင် သက်ဆိုင်ရာ သူတို့နေထိုင်တဲ့ မြို့နယ်တွေမှာ Facility Quarantine သို့မဟုတ် Hotel Quarantine သို့မဟုတ် Home Quarantine နဲ့ သေချာစွာထားရှိပြီး RTPCR သို့မဟုတ် Antigen Test Kit နဲ့ သတ်မှတ်ထားတဲ့ ရက်တွေမှာ စစ်ဆေးပါတယ်။ ဒါ့အပြင် သတ်မှတ်ထားတဲ့ ကွာရန်တင်းရက်ပြည့်မှသာ သူတို့နေထိုင်ရာ နေရာတွေကို ပြန်လည်စေလွှတ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက် ပါတယ်။
အထူးသဖြင့် အခုလေကြောင်းလိုင်းတွေ ပြန်ဖွင့် လာတဲ့အခါ ရှမ်းပြည်နယ် (မြောက်ပိုင်း) အနေနဲ့ လားရှိုး လေဆိပ်ကို ဝင်လာတဲ့ ခရီးသည်မှန်သမျှကို မြို့နယ် ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖွဲ့တွေက သူတို့နေရပ်ကို ပြန်မပို့ဘဲကားတွေနဲ့ သက်ဆိုင်ရာမြို့နယ် အလိုက် သူတို့အတွက် စီစဉ်ပေးထားတဲ့ ကွာရန်တင်း နေရာတွေကိုပို့ပြီး သတ်မှတ်ထားတဲ့ရက်အတွင်းမှာ စစ်ဆေးဆောင်ရွက်နေပါတယ်။ လေကြောင်းနဲ့လာသူ တွေမှာ Antigen Test Kit နဲ့ စစ်ဆေးခဲ့သော်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)ကို ရောက်တဲ့အခါ RTPCR နဲ့စစ်ဆေးတဲ့အခါမှာ လေးဦးခန့်က Positive ထွက်ပြီး ဆေးရုံတင်ကုသရတဲ့ အနေအထားတွေလည်း ရှိပါတယ်။ ဒါကြောင့် ကုန်းလမ်းနဲ့ လေကြောင်း ဝင်ပေါက်တွေကပါ ကျွန်တော်တို့ရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအတွင်းကို မရောက်လာအောင် စနစ်တကျ ကာကွယ်ထိန်းချုပ် နေပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) က မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့အတွက် ကုန်တင်ကား ယာဉ်မောင်း တွေနဲ့ ယာဉ်နောက်လိုက်တွေမှာ ကိုဗစ် - ၁၉ ရောဂါပိုး ပါလာပြီး ပြည်နယ်အတွင်းမှာ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် နောင်ချိုမြို့ ဂိတ်အဝင်အထွက်ကစပြီး ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ကိုဗစ် စစ်ဆေးပြီးမှ ပြည်နယ်အတွင်းကို ဝင်စေတာ၊ မန္တလေး တိုင်းဒေသကြီးဘက်ကို ထွက်ခွင့် ပြုတာတွေကို ဆောင်ရွက်ပါတယ်။ Positive တွေ့ပြီဆိုရင် သတ်မှတ် ထားတဲ့ သက်ဆိုင်ရာဆေးရုံတွေကိုတင်ပြီး ကုသမှု ပေးနေပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ပြည်နယ်ကို အခြား ကူးစက်မှုများတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကူးစက်မှု မပြန့်ပွားနိုင်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
တိုင်းရင်းသားဒေသလူတွေကရော ဘာတွေပူးပေါင်း ဆောင်ရွက်ရမလဲ မေးခွန်းနဲ့စပ်လျဉ်းပြီး နံပါတ်တစ်က တိုင်းရင်းသားဒေသမှာ နေထိုင်သူတွေအနေနဲ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ် ရေးနည်းလမ်းတွေကို အတိအကျ လိုက်နာစေချင်ပါတယ်။ နောက်တစ်ခုက မိမိဒေသက ပြည်နယ်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် မြို့နယ်တွေက ထုတ်ပြန်ထားတဲ့ ညွှန်ကြား ချက်တွေကို စည်းကမ်းတကျ လိုက်နာဆောင်ရွက်တာ ကလည်း ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
မိမိတို့အရပ်ဒေသကို ကူးစက်မှုများတဲ့ဒေသကနေ တစ်ခါတလေ စစ်ဆေးရေး လမ်းကြောင်းတွေကို ရှောင်ကွင်းပြီး ရောက်လာသူတွေကိုလည်း တိုင်းရင်းသား တွေက သက်ဆိုင်ရာကို သတင်းပို့ပြီး ကွာရန်တင်း နေရာတွေမှာ ထားရှိစစ်ဆေးနိုင်အောင် ပူးပေါင်းဆောင်ရွက် စေချင်ပါတယ်။
အဓိက အခုနောက်ပိုင်းမှာ မိသားစုအဖွဲ့လိုက် အချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း ကိုဗစ် - ၁၉ ကာကွယ်ကုသရေးနဲ့ပတ်သက်ပြီး သတင်းစကား ပြောကြားတာ၊ သတိပေးပြောကြားတာတွေကို လိုက်နာ ကြမယ်ဆိုရင် ကိုဗစ် - ၁၉ ကူးစက်မှုဘေးက ကင်းဝေးမယ် ဆိုတာကို ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။
- Log in to post comments