
ဆောင်းပါး
=======
ကိုဗစ်-၁၉ ကာလအတွင်း ဦးနှောက်နှင့် အာရုံကြောရောဂါရှိသူများအတွက် အကြံပြုချက်များ အပိုင်း(၂)(အတက်ရောဂါရှိသူများအတွက်)
================================================================================
ဒေါက်တာစိမ်းမြမြအေး
(ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်)
အတက်ရောဂါ (Epilepsy) နှင့် ကိုဗစ်-၁၉ သုတေသနတွေ့ရှိချက်များအရ အတက်ရောဂါရှိသူတွေမှာ ကိုဗစ်-၁၉ ဖြစ်နိုင်ခြေ ပိုများခြင်းမရှိပါ။ သို့သော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ကိုဗစ်လက္ခဏာကြောင့်ဖြစ်သော ဖျားခြင်း၊ သွေးတွင်းအောက်ဆီဂျင် ကျခြင်း တို့ကြောင့် တက်ခြင်းကိုတော့ ပိုပြီးဖြစ်စေပါတယ်။ ဒါကြောင့် ရောဂါရှိသူနဲ့ မိသားစုတွေအနေနဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ အကြံပြုလိုပါတယ်။
အတက်ရောဂါ (Epilepsy) ရှိသူများအတွက် အကြံပေးချက်များ
(၁) အတက်ကျဆေး မှန်မှန်သောက်ပါ။ ဆေးများလုံလောက်အောင် ကြိုတင်
ဝယ်ယူပါ။
အတက်ကျဆေး မှန်မှန်မသောက်ပါက ပြန်တက်တတ်သဖြင့် ဆေးမှန် မှန်သောက်ရန် အထူးသတိထားပါ။ ဖြစ်နိုင်ပါက ဆေးနှစ်လစာ၊ သုံးလစာ အနည်းဆုံးရှိအောင် ကြိုတင်ဝယ်ယူထားပါ။
(၂) သောက်နေကျ ဆေးအမျိုးအစားကိုသာ ဆက်သောက်ပါ။
အတက်ကျဆေးတွေ သောက်ရာမှာ ကိုဗစ်-၁၉ ကာလအတွင်း ဖြစ်နိုင်ရင် မိမိသောက်နေကျဆေးနာမည်နဲ့ တူတဲ့ဆေးကိုသာ ဆက် သောက်ထားပါ။ ပါဝင်တဲ့ဓာတုပစ္စည်းတူသော်လည်း ထုတ်လုပ်တဲ့ဆေး ကုမ္ပဏီ မတူပါက ဆေးနာမည်အမျိုးမျိုး ကွဲပြားတဲ့အပြင် ပါဝင်တဲ့ ဓာတုပစ္စည်း ရဲ့ ဆေးအာနိသင်လည်း မတူညီနိုင်တာကြောင့် မိမိသောက်နေကျ ဆေးနာမည် တစ်မျိုးကိုသာ သောက်ခိုင်းရတာ ဖြစ်ပါတယ်။ ဒီအချက်ဟာ အတက်ရောဂါ ကုသရာမှာ အခြားရောဂါတွေနဲ့ ကွာခြားတဲ့အချက် ဖြစ်ပါတယ်။
အရေးကြီးတဲ့အချက်တစ်ချက်မှာ ကိုဗစ်-၁၉ ကာလအတွင်း ကုမ္ပဏီက တင်သွင်းတဲ့ဆေးတွေ ပြတ်သွားပါက နောက်ကုမ္ပဏီတစ်ခုက အလားတူဆေးကို ဝယ်သောက်နေရတာမျိုးဖြစ်နိုင်ပါတယ်။ အတက်ရောဂါဆေးတွေထဲက တချို့ ဆေးတွေဟာ ကုမ္ပဏီတစ်ခုတည်းက ထုတ်တဲ့ဆေးကိုသာ သောက်ကိုသောက်ဖို့ သတ်မှတ်ထားတဲ့ဆေးတွေရှိပြီး တချို့ဆေးအမျိုးအစားတွေကတော့ ကုမ္ပဏီ မတူပေမယ့် ဓာတုပစ္စည်းအလားတူဖြစ်ရင် ပြောင်းသောက်လို့ရတဲ့ဆေးတွေ ရှိပါတယ်။ ဆေးအမျိုးအစားနဲ့ ပြောင်းသောက်လို့ ရ၊ မရ သတ်မှတ်ချက်တွေကို အထက်ပါဇယားမှာ ကြည့်ရှုနိုင်ပါတယ်-
အကယ်၍ သောက်နေကျဆေး ဈေးကွက်တွင်ပြတ်လပ်သွား၍ မဖြစ်မနေ ပြောင်းသောက်ရမယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ကို တိုင်ပင်ဖို့ လိုအပ်ပါတယ်။
(၃) မိမိကိုယ်ကို ဂရုစိုက်ပြီး ကျန်းမာအောင်နေထိုင်ပါ။
အာဟာရပြည့်ဝအောင် စားသောက်ပါ။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။
(၄) အိပ်ရေးဝအောင်အိပ်ပါ။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျော့အောင်ကြိုးစားပါ။
အတက်ရောဂါရှိသူတွေမှာ အိပ်ရေးမဝတာ၊ အိပ်မပျော်တာနဲ့ စိုးရိမ်ပူပန်မှု တွေကြောင့် ပြန်ပြီးတက်နိုင်တာကြောင့် အိပ်ချိန်မှန်ပြီး အိပ်ရေးဝအောင် အိပ်ဖို့ အရေးကြီးပါတယ်။ အိပ်မပျော်ပါက အိပ်ဆေးသောက်ပြီး အိပ်ပျော်နိုင်ဖို့ ကြိုးစားရပါမယ်။
စိတ်ဖိစီးမှုမများစေရန် ဆိုရှယ်မီဒီယာနဲ့ အင်တာနက်မှာ ကိုဗစ်-၁၉နဲ့ ပတ်သက်တဲ့ သတင်းတွေချည်း မဖတ်ဘဲ အခြားအကြောင်းအရာတွေ ဖတ် တာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာ၊ တရားထိုင်တာ၊ လက်ရှိအခြေ အနေကိုသိရုံ သတင်းကို အချိန်ပိုင်းနားထောင်တာ စတာတွေကို မိမိဝါသနာ အလိုက် ရွေးလုပ်ခြင်းနဲ့ အချိန်ကုန်ပါစေ။
မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင် ဖုန်းဆက်ပါ။ SMS ပို့ပါ။
(၅) ဆေးရုံ၊ ဆေးခန်း ရက်ချိန်းပြသခြင်းအတွက် အကြံပေးချက်။
ကိုဗစ်-၁၉ ကာလအတွင်း ရက်ချိန်းပုံမှန်ပြသဖို့ အခက်အခဲရှိရင် လူနာနေကောင်းနေပါက ဆေးရုံပြမယ့်ရက်ကို နောက်ရွှေ့ပြီး ဆေးကိုမှန်မှန် ဆက်သောက်ထားပါ။ ဖြစ်နိုင်ပါက အွန်လိုင်းဆွေးနွေးခြင်းသာပြုလုပ်ပါ။
(၆) အရေးပေါ်ဖြစ်လျှင် စနစ်တကျ ကုသမှုခံယူပါ။
အတက်ရောဂါရှိသူရဲ့ မိသားစုဝင်တွေဟာ တက်လို့ရှိရင် လူနာကို ပြုစုပေးရတဲ့ အရေးပေါ်ပြုစုနည်းတွေကို သိအောင်ပြုလုပ်ပါ။ အရေးပေါ် ဖြစ်ပါက ထိရောက်တဲ့ကုသမှု အချိန်မီရနိုင်ဖို့ ကိုယ်နေထိုင်တဲ့ အနီးတစ်ဝိုက်က ၂၄ နာရီဖွင့်တဲ့ ဆေးရုံ၊ ဆေးခန်းလိပ်စာနဲ့ အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်(hot line)တွေကို စုံစမ်းမှတ်သားထားပါ။ ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ကာလမှာ ဆေးရုံကို အချိန်မီပို့နိုင်ဖို့ ရပ်ကွက်၊ ကျေးရွာနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ရမယ့် ဖုန်းနဲ့ နည်းလမ်းကိုသိအောင် ကြိုတင်လုပ်ဆောင်ထားပါ။
အထက်ပါအချက်တွေမှအပ အတက်ရောဂါရှိသူတွေအနေနဲ့ သာမန် ကျန်းမာသူတစ်ဦးလို ပြုမူနေထိုင်နိုင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်နည်းတွေအတိုင်း လိုက်နာ ခြင်းဖြင့် ကိုဗစ်ကူးစက်မှုမှ ကာကွယ် နိုင်မည်ဖြစ်ပါကြောင်း တင်ပြလို ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေကြောင်း အားလုံး အတွက် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ။
- Log in to post comments