ကိုဗစ်-၁၉ ကာလအတွင်း ဦးနှောက်နှင့်အာရုံကြောရောဂါရှိသူများအတွက် အကြံပြုချက်များ အပိုင်း(၃) (မှတ်ဉာဏ်လျော့ပါးသောရောဂါနှင့် ကိုယ်ခံအားကျစေသည့်ဆေးများ သောက်နေရသည့် ရောဂါရှိသူများအတွက်)

Type
၁

ဆောင်းပါးပြည်တွင်းရေးရာ

================

 

ဒေါက်တာစိမ်းမြမြအေး

(ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်)

 

 

ကိုဗစ်-၁၉ ကာလအတွင်း ဦးနှောက်နှင့်အာရုံကြောရောဂါရှိသူများအတွက် အကြံပြုချက်များ အပိုင်း(၃)

(မှတ်ဉာဏ်လျော့ပါးသောရောဂါနှင့် ကိုယ်ခံအားကျစေသည့်ဆေးများ သောက်နေရသည့် ရောဂါရှိသူများအတွက်)

 

====================================================================

မှတ်ဉာဏ်လျော့ပါးလာသောရောဂါ (Dementia) ရှိသူများအတွက် အကြံပေးချက်များ

Dementia ရောဂါရှိသူတွေဟာ မိမိကိုယ်ကို မစောင့်ရှောက်နိုင်တဲ့ အတွက် ၎င်းတို့ကို မိသားစုဝင်ဖြစ်စေ၊ ကူညီပြုစုပေးသူ (Carer) တွေက ဖြစ်စေ တာဝန်ယူစောင့်ရှောက်ပေးရပါတယ်။

Dementia ရောဂါနှင့် ကိုဗစ်-၁၉

Dementia ရောဂါရှိရုံနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ် ပိုရှိတာ မဟုတ်ပါ။ ဒါပေမဲ့ Dementia ရောဂါရှိသူတွေမှာ သွေးတိုး၊ ဆီးချို နဲ့ နှလုံး စတဲ့ ရောဂါအခံရှိရင် ကိုဗစ်-၁၉ ကူးစက်နိုင်ခြေ ပိုများ ပါတယ်။

Dementia ရောဂါရှိသူတွေဟာ မေ့တတ်တာကြောင့် လက်ခဏခဏ ဆေးဖို့၊ မျက်နှာဖုံးတပ်ဖို့ သတိမရဘဲ ကူးစက်နိုင်ခြေ ပိုများတတ်တာရှိပါတယ်။

အကြံပေးချက်များ

(၁) လက်ဆေးဖို့ သတိပေးစာတန်းတွေ၊ ပုံတွေကို ရေချိုးခန်း၊ လက်ဆေးကန် တို့မှာ ကပ်ထားပေးပါ။

(၂) လက်ဆေးနည်း ပြသပေးပါ။

(၃) အထိုင်အထ ခက်ခဲသူလူနာတွေအတွက် လက်ခဏခဏဆေးဖို့၊ မဖြစ်နိုင်ပါက လက်ဆေးတဲ့ အရက်ပြန်၊ ပိုးသေစေနိုင်တဲ့ လက်ဆေးရည်တွေ အသုံးပြုပါ။

(၄) သောက်နေကျဆေးတွေ ကြိုတင်ဝယ်ယူပါ။ ဆေးမှန်မှန်တိုက်ပါ။

(၅) အာဟာရပြည့်အောင်၊ ကိုယ်လက်လှုပ်ရှားမှုရှိအောင်၊ အိပ်ရေးဝဝ အိပ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါ။

(၆) အရေးပေါ်ဖြစ်ပါက ပြသနေကျ ဆရာဝန်ထံ ဆက်သွယ်ပြီး တိုင်ပင်ပါ သို့မဟုတ် နီးစပ်ရာ ဆေးရုံသို့ ခေါ်သွားပါ။

(၇) ပုံမှန်ပြသတဲ့ရက်တွေရောက်ရင် အထွေအထူး ပြဿနာမရှိပါက သောက်လက်စဆေးကို ဆက်သောက်ထားပါ (သို့မဟုတ်) အွန်လိုင်း တိုင်ပင်ဆွေးနွေးမှုလုပ်နိုင်က လုပ်ပါ။

ကိုယ်ခံအားလျော့စေသော ဆေးများသောက်နေရသည့် ဦးနှောက်နှင့် အာရုံကြောရောဂါရှိသူများအတွက် အကြံပေးချက်များ

ကိုယ်ခံအားကျစေသည့်ဆေးများ သောက်ထားရသူလူနာနှင့်

ကိုဗစ်-၁၉ အန္တရာယ်

ဦးနှောက်နှင့် အာရုံကြော ရောဂါများထဲမှ ကိုယ်ခံအား လျော့စေတဲ့ ဆေးတွေ သောက်နေရတဲ့ လူနာတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်ခြေ ပိုများတတ်ပါတယ်။ ၎င်းရောဂါ အမျိုးအစား များမှာ-

(၁) ကြွက်သားအားပျော့သည့်ရောဂါ (Myasthenia Gravis)၊

(၂) ကြွက်သားရောင်ရမ်းသောရောဂါ (Myositis)၊

(၃) ဦးနှောက်နှင့် အာရုံကြောမကြီး ရောင်ရမ်းသောရောဂါ (Multiple Sclerosis and Neuromyelitis optica)၊

(၄) သွေးလေးဖက်နာအမျိုးမျိုးကြောင့် ဦးနှောက်နှင့် အာရုံကြောမကြီး ရောင်ရမ်းသောရောဂါ (Systemic Lupus Erythromatosis-SLE

and other autoimmune diseases)၊

(၅) ဦးနှောက်အကျိတ်ရောဂါရှိသူ၊

(၆) သွေးကြောရောင်ရမ်းသောရောဂါ (Vasculitis)၊

(၇) အာရုံကြောများ ရောင်ရမ်းအားနည်းသောရောဂါ၊

(ဥပမာ- Chronic Inflammatory Demyelinating Neuropathy)။

ဖော်ပြပါ ရောဂါရှိသူအများစုမှာ ကိုယ်ခံအားလျော့စေတဲ့ စတီးရွိုက်ဟော်မုန်း (Steroid hormone) နဲ့ ကိုယ်ခံအားချတဲ့ဆေးတွေ (Immunosuppress ants) သောက်နေ ကြရပါတယ်။ သောက်ရတဲ့ ဆေး ပမာဏများလေလေ ကိုဗစ်-၁၉ ကူးစက်နိုင်ခြေများလေလေ ဖြစ်ပါတယ်။ အစာမျိုတဲ့ ကြွက်သားနဲ့ အသက်ရှူကြွက်သား အားနည်းတဲ့ရောဂါရှိသူတွေမှာ ကိုဗစ်ရောဂါ ကူးခဲ့ရင်လည်း ကိုဗစ်လက္ခဏာတွေ ပိုဆိုးနိုင်တယ်လို့ ဆိုပါ

တယ်။

အကြံပေးချက်များ

(၁) မိမိသောက်နေသော ဆေးများကို ပြသနေတဲ့ ဦးနှောက်နဲ့ အာရုံ ကြော (သို့မဟုတ်) သမားတော်ရဲ့ ညွှန်ကြားချက်မရှိဘဲ မရပ်ပါနဲ့။

ဥပမာ - prednisolone ၊ methylprednisolone ဆေးများ

(၂) Azathioprine ၊ Mycophenolate Mofetyl ၊ Methotrexate စတဲ့

ကိုယ်ခံအားချတဲ့ဆေးတွေသောက်နေပါက ညွှန်ကြားချက်အတိုင်း ဆက်သောက်ပါ။ ကိုယ်ခံအားကျပြီး ကိုဗစ်ရောဂါကူးစက်မှာစိုးသဖြင့် ထိုဆေးတွေကို မိမိသဘောနဲ့ ရပ်ပစ်ပါက “ရောဂါအခံ ပြန်ကြွသည့် အန္တရာယ်ရှိတဲ့ ဆေးသောက်ထားသဖြင့် ကိုဗစ် ကူးစက်နိုင်ခြေများသည့် အန္တရာယ်ထက် ပိုဆိုးတတ်သည်”ဟု ဆိုပါတယ်။

(၃) ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရပါကလည်း သက်ဆိုင်ရာဆရာဝန်က ရပ်သင့်တဲ့ဆေး၊ ဆက်သောက်ရမယ့် ဆေးတွေကို ညွှန်ကြားမှာ ဖြစ်ပါ တယ်။

(၄) မိမိအိမ်မှ အိမ်သားတွေနဲ့ ခပ်ခွာခွာနေပြီး ဖြစ်နိုင်ရင် သီးခြားနေထိုင်တာ ပိုကောင်းပါတယ်။

မိမိကိုယ်ကိုမစောင့်ရှောက်နိုင်တဲ့ လူနာတွေကို ကြည့်ရှုစောင့်ရှောက်မှုပေးရတဲ့ မိသားစုဝင် (သို့မဟုတ်) Carer များအတွက် အကြံပေးချက်များ

(၁) မိမိကိုယ်တိုင်ကျန်းမာမှ လူနာကို ကောင်းမွန်စွာ  စောင့်ရှောက် နိုင်မှာဖြစ်လို့ အာဟာရ ပြည့်အောင် စားသောက်ပါ။ တတ်နိုင်သလောက် အိပ်ရေးဝအောင် အိပ်ပါ။

(၂) ဖြစ်နိုင်ရင် အပြင်မထွက်ပါနဲ့၊ မတတ်သာလို့ ထွက်ရမယ်  ဆိုရင်လည်း လူနာကို ပြုစုတဲ့အခါ နှာခေါင်းစည်း တပ်ထားပါ။

(၃) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပါ။

(၄) အိမ်တွင် ဖြစ်နိုင်ပါက လူနာနဲ့ ပြုစုစောင့်ရှောက်သူ နှစ်ယောက်ဟာ ပြတင်းပေါက်ရှိတဲ့ အခန်းမှာနေပါ သို့မဟုတ် အခြားမိသားစုဝင်တွေနဲ့ ခပ်ဝေးဝေးနေပါ။

(၅) မိမိကိုယ်တိုင် နေထိုင်မကောင်းဖြစ်ပါက လူနာနဲ့ သီးခြားခွဲနေပါ။ မိသားစုဝင် နောက်တစ်ယောက်က လူနာကို ပြုစုစောင့်ရှောက်စေပါ။

အချုပ်အားဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဦးနှောက်နှင့် အာရုံကြော ရောဂါရှိသူတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာတဲ့အပြင် မိမိမှာရှိတဲ့ ဦးနှောက်နှင့် အာရုံကြောရောဂါ အမျိုးအစားအလိုက် အကြံပေးချက်တွေကို တိကျစွာ ထပ်ဆင့်လိုက်နာ လုပ်ဆောင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းမှ ကင်းဝေးပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ။