
ဒေါက်တာမြင့်သန်း(ညောင်လေးပင်)
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံစားရသူတို့သည် ပြင်းထန်သောဝေဒနာကို ခံစားကြရသလို ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများစွာကိုလည်း တွေ့ ကြုံခံစားရသည်ကို တွေ့ရပါသည်။ ပြင်းထန်စွာ အားအင်နည်းပါးခြင်း၊ နုံးခွေခြင်း၊ အစားပျက်ခြင်း၊ မေ့တတ်ခြင်း၊ ပုံမှန်သွားလာလှုပ်ရှားမှု မလုပ်နိုင်ခြင်း၊ အာရုံစူးစိုက်မရခြင်း၊ ကြွက်သားများအားပျော့ခြင်း၊ အိပ်မပျော်ခြင်းစသည်တို့ တွေ့ကြုံခံစားရတတ်ပါသည်။
နောက်ဆက်တွဲပြဿနာများ
ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ တွင် coagulation ခေါ် သွေးခဲခြင်း ပါဝင်ပါသည်။ သွေး၏သဘာဝတွင် သွေးခဲခြင်း (coagulation )ရှိသလို သွေးမခဲခြင်း (non-coagulation or fibri-nolysis) ခေါ် သွေးမခဲစေခြင်းများ ရှိနေရပါသည်။ ထိခိုက်မိမှု တစ်ခုခုဖြစ်ပါက သွေးစီးဆင်းမှုထဲက သွေးထွက်သွားပါသည်။ ထိုနေရာကို သွေး၏ သဘာဝတစ်ခုက သွေးခဲစေခြင်းဖြင့် ပြုပြင်ရပါ သည်။ အတိုင်းအတာ တစ်ခုရောက်သည်နှင့် ထိုသွေးခဲမှုကိုလည်း ရပ်တန့်ကာ သွေးမခဲစေခြင်းကို ဆောင်ရွက်ခြင်းဖြင့် ထိန်းထားရပါသည်။ ကိုဗစ် - ၁၉ ကြောင့် သွေးမခဲမှု (fibrinolysis) ဖြစ်စဉ်မှာ ပျက်ယွင်းသွားတတ်ရာ သွေးခဲမှုဖြစ်ပြီး သွေးခဲငယ်လေးများဖြစ်ကာ နှလုံးနှင့် အဆုတ်သွေး လှည့်ပတ်မှုတွင် သွားရောက်ပိတ်ဆို့တတ်ပါသည်။ ယင်းသည် အသက်အန္တရာယ်ဖြစ်စေတတ်ပါသည်။
ကိုဗစ် - ၁၉ ၏ နောက်ဆက်တွဲပြဿနာတို့တွင် အိပ်မပျော်ခြင်းကလည်း အဖြစ်များသည်ကို တွေ့ရ ပါသည်။ ကိုဗစ် - ၁၉ ရောဂါစတင်ချိန် ၂၀၂ဝ ပြည့်နှစ် က အမေရိကန်နိုင်ငံတစ်လွှား အိပ်ဆေးရောင်းချရမှု သည် ၁၄ ဒသမ ၈ ရာခိုင်နှုန်းခန့် မြင့်တက်သွားသည် ဟု သိရပါသည်။ အမေရိကန်ရောဂါ ထိန်းချုပ် ရေးအဖွဲ့ကြီးက ကိုဗစ် - ၁၉ ဖြစ်ပွားပြီးသူတို့တွင် ထိုသို့ အိပ်မပျော်ကြခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်း၊ အိပ်ရေးမဝကြခြင်း၊ အိပ်ပျော်မှန်းမသိဖြစ်ကြရခြင်း စသည်တို့သည် ကပ်ရောဂါနှင့် ဆက်စပ်သော စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်သည်ဟု ဆိုပါသည်။ ယင်းကို Coronasomnia ကိုရိုနာအိပ်မပျော်ခြင်း ဟုပင်ခေါ်ကြောင်း သိရပါသည်။ ညအိပ်ချိန်အိပ် မပျော်ခြင်းကြောင့် နေ့ဘက်လုပ်ငန်းဆောင်တာများ မှာ အခက်အခဲများဖြစ်လာပါသည်။ စိတ်မကြည်လင် ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အာရုံစူးစိုက်မရခြင်း စသည်တို့လည်း ဖြစ်လာတတ်ပါသည်။ ကိုဗစ် - ၁၉ ကို ကုသရာတွင် စတီးရွိုက်ဆေးများ-ဒက်ဆာမီသာ ဇုန်း (Dexamethasone)၊ ပရက်ဒနီဆိုလုံး (predni-solone) ဆေးစသည်တို့ကိုအသုံးများလေ့ ရှိကြပါ သည်။ ယင်းတို့သည် အိပ်မပျော်စေခြင်း၊ ကြောက် လန့်စိတ်ဖြစ်စေခြင်း၊ အိပ်မက်ဆိုးများ မက်စေ ခြင်းတို့ ဖြစ်စေနိုင်ပါသည်။ Dexa-methazone ၁ မီလီဂရမ်မျှသုံးလျှင်ပင် မယ်လာတိုနင်ဟော်မုန်းကို သိသာစွာ ကျဆင်းစေနိုင်ကြောင်း သိရပါသည်။ ထိုဆေးတို့ကြောင့်လည်း ဖြစ်နိုင်သည်ဟု ပညာရှင် အချို့က ယူဆကြပါသည်။
ဇီဝကမ္မ ဖြစ်စဉ်ပိုင်းဆိုင်ရာထိခိုက်မှုများ
အိပ်ရေးမဝမှုကြောင့် လူ့ကိုယ်ခန္ဓာပေါ် ထိခိုက်နိုင်မှုများကို အောက်ပါအတိုင်းတွေ့နိုင်ပါ သည် -
၁။ ကြွက်သားများကိုက်ခဲနာကျင်ခြင်း။
၂။ စိတ်မကြည်လင်ခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ မေ့လွယ်ခြင်း။
၃။ စိတ်ကျမှုဖြစ်လွယ်ခြင်း၊ မှားယွင်းသော မှတ်ဉာဏ်ဖြစ်တတ်ခြင်း။
၄။ လှုံ့ဆော်မဲ့ အာရုံခံစားရတတ်ခြင်း ဥပမာ- တကယ်မရှိသော အသံကြားတတ်ခြင်း၊ မြင်တတ်ခြင်း။
၅။ လက်တုန်တတ်ခြင်း။
၆။ ခေါင်းကိုက်ခြင်း၊ မောပန်းလွယ်ခြင်း၊ မျက်စိ စွံတတ်ခြင်း။
၇။ မျက်လုံးတစ်ဝိုက်တွင် ရောင်ရမ်းတတ်ခြင်း၊ မျက်ရည်အိတ်ဖြစ်ခြင်း။
၈။ သွေးပေါင်ချိန်တက်တတ်ခြင်း၊ ဖိအားဖြစ်စဉ် အားပေးသည့်ဟော်မုန်းများ တက်တတ်ခြင်း၊ နှလုံးခုန်နှုန်းများခြင်း၊ နှလုံးရောဂါဖြစ်လွယ် ခြင်း။
၉။ ဆီးချိုရောဂါဖြစ်လွယ်ခြင်း။
၁၀။ ထိခိုက်ရောင်ရမ်းမှုမရှိဘဲ ကြွက်သားအတွင်း ရှိ အမျှင်တစ်သျှူးများ နာကျင်ခြင်းရောဂါ ဖြစ်တတ်ခြင်း။
၁၁။ ကိုယ်အလေးချိန်တိုးခြင်း၊ အဝလွန်ခြင်းများ ဖြစ်လွယ်ခြင်း။
၁၂။ တက်တတ်ခြင်း၊ စိတ်ကြွစိတ်ဆတ်ခြင်းများ ဖြစ်လွယ်ခြင်း။
၁၃။ စိတ်အလိုမကျမှုနှင့် ပြင်းထန်စွာ တုံ့ပြန် တတ်သည်ကို ကလေးငယ်များတွင် တွေ့ ရတတ်ပါသည်။
၁၄။ အိပ်ရေးမဝသော ကလေးငယ်တို့တွင် ကြီးထွားဖွံ့ဖြိုးမှု ထိခိုက်ခြင်း။
၁၅။ ကိုယ်ခံအားကျဆင်းခြင်း၊ ပြင်းထန်စွာ သန်း ဝေတတ်ခြင်း။
၁၆။ အာရုံစူးစိုက်မှုချို့တဲ့ပြီး ကြမ်းတမ်းသော ကိုယ်ရည်ကိုယ်သွေး စိတ်ဝေဒနာနှင့် ပြင်းထန်သော စိတ်ရောဂါအခြေအနေမျိုးနှင့် တူသော စိတ်အခြေအနေဖြစ်တတ်ခြင်း စသည်တို့ ကလေးတို့တွင် ဖြစ်တတ်သည်ဟု သိရပါသည်။
အိပ်မပျော်ပါက အိပ်ဆေး၊ စိတ်ငြိမ်ဆေးစသည် တို့ကို အလျင်အမြန်မသုံးဘဲ အောက်ပါနည်းလမ်း များကို ဆောင်ရွက်စေလိုပါသည် -
အိပ်ပျော်စေနိုင်မည့် နည်းလမ်းများ။
၁။ နံနက်စောစော လမ်းလျှောက်ပါ။ နေရောင် ခြည်နှင့် ထိတွေ့ပေးပါ။ ယင်းသည် ပုံမှန်
အိပ်ချိန်ကိုဖြစ်စေပါသည်။ အိပ်ရာဝင်သည်နှင့် အိပ်ပျော်စေနိုင်ပါသည်။ Short sleep cycle ဟု ခေါ်ပါသည်။ နံနက်ခင်းနေရောင်ခြည်သည် pineal gland မှ မယ်လာတိုနင်ဟော်မုန်းကို ညအချိန်တွင် ပုံမှန်ထွက်လာစေရန် စီစဉ်ပေးထားမည်ဖြစ်ပါသည်။ ညဦးပိုင်းတွင် အလွန်အိပ်ငိုက်တတ်ပါက နေ့လယ်၊ ညနေပိုင်းနေရောင်ကို ထိတွေ့ထားလျှင် မယ်လာတို နင်ဟော်မုန်းသည် ညနှောင်းပိုင်းမှ ထွက်လာပြီး ကောင်းစွာအိပ်ပျော်စေမည်လည်းဖြစ်သည်။
၂။ နံနက်ပိုင်းတွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်း မှန်မှန်လုပ်ပေးပါ။ ညအိပ်စေသည့်
ဟော်မုန်းကသူ့အချိန်တွင် တိတိကျကျ ထွက်လာနိုင် ပါသည်။ ညနေပိုင်း၊ ညဦးပိုင်းတို့တွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါကမူ ညဉ့်နက်ပိုင်း လောက်မှ ဟော်မုန်းထွက်လာနိုင်ပါသည်။
၃။ ညနေနှောင်းပိုင်း၊ ညဦးပိုင်းတို့တွင် ကိုယ် အပူချိန်မြင့်နေပါက အိပ်ရာဝင်ချိန်တွင်
အပူချိန်ကျသွားပြီး ယင်းကအိပ်ပျော်စေခြင်းကို အားပေးပါသည်။ ထို့ကြောင့် အိပ်ရာမဝင်မီ ၁၅ မိနစ်ခန့် တွင် ရေနွေးနွေးလေးဖြင့် ရေချိုးလိုက်ပါက ကောင်းစွာ အိပ်ပျော်စေနိုင်ပါသည်။
၄။ နေ့လယ်အိပ်ချိန်ကို ကြာရှည်စွာ မအိပ်သင့် ပါ။ တစ်နာရီကျော်အောင် နေ့လယ်အိပ်ခြင်း၊
ညနေ ၄ နာရီကျော်မှ အိပ်ခြင်းတို့သည် ညအခါ ကောင်းစွာအိပ်နိုင်ခြင်းကို ဟန့်တားနိုင်ပါသည်။
၅။ ကဖီးန်ဓာတ် ပါဝင်သော ဆိုဒါ၊ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည် စသည်တို့ကို
ညဘက်သုံးဆောင်ခြင်းမပြုသင့်ပါ။ ကဖီးန်ဓာတ်က ဦးနှောက်ရှိ နိုးကြားရာနေရာကို နှိုးဆွသဖြင့် အိပ်မ ပျော်စေနိုင်တော့ပါ။
၆။ ညနေပိုင်း အရက်သောက်ခြင်းသည် ညဦး ပိုင်း ခဏအိပ်ပျော်စေပြီး နောက်ပိုင်းတွင်
နိုးလိုက်၊ အိပ်ပျော်လိုက်ဖြစ်စေပါသည်။ အိပ်ပျော် ခြင်းကို ထိခိုက်စေပါသည်။
၇။ ညပိုင်း၊ ညနှောင်းပိုင်း အရည်သောက်ခြင်း
ကိုလျှော့ချပါ။ အိပ်ချိန်တွင် မကြာခဏ ဆီးသွား
စေတတ်ပါသည်။
၈။ ညအိပ်ရာမဝင်မီ ၁ နာရီ၊ ၂ နာရီခန့် အကွာ တွင် ဆန်ပြုတ်၊ ခေါက်ဆွဲပျော့ပျော့ စသည့်
ကစီဓာတ် ပါဝင်သော အစာအသင့်အတင့်စားနိုင်ပါ သည်။ ယင်းသည် အင်ဆူလင် ဟော်မုန်းကိုထွက်စေ ကာ သွေးအတွင်းရှိ အမိုင်နိုအက်စစ်ကို ဦးနှောက် တွင်းသို့ ဝင်ရောက်စေပါသည်။ Tryptophan သည် serotonin ဆီရိုတိုနင်အဖြစ် ပြောင်းသွားကာ ထိုမှ တစ်ဆင့် မယ်လာတိုနင်အဖြစ် ပြောင်းသွားပါသည်။ ထိုမှသာညပိုင်းကောင်းစွာ အိပ်စက်စေနိုင်ပါသည်။ သို့သော် အိပ်ရာမဝင်မီ တနင့်တပိုးစားလိုက်ပါကမူ အိပ်စက်ခြင်းကို သေချာပေါက် ထိခိုက်စေမည်သာ ဖြစ်သည်။ နံနက်စာကို ဒိန်ချဉ်၊ အဆီနည်း စားစရာများ စားထားပါက တစ်နေ့တာ နိုးကြားနေ စေပြီး နေ့လယ်စာကို ငါး၊ အသား အသင့်အတင့်၊ တို့ဟူးတို့ကို စားသင့်ပါသည်။ နေ့လယ်ဘက်တွင် ကစီဓာတ် များများစားထားပါက ငိုက်မြည်းနေတတ် ပါသည်။
ဆေးလိပ် မသောက်သင့်
ဆေးလိပ်ဆေးရွက်ကြီးတို့သည် မယ်လာတိုနင် ဟော်မုန်းကို ကျဆင်းစေနိုင်ပါသည်။ ဆေးလိပ်စွဲနေ သော အမျိုးသမီးတို့သည် နေ့အချိန်တွင် ငိုက်မြည်း နေလေ့ရှိတတ်ပြီး အမျိုးသားတို့ကမူ ညအချိန် အိပ်မက်ဆိုးများ မက်ခြင်း၊ အိပ်ပျော်မှုကို နှောင့်ယှက်သည့် အိပ်မက်များမက်ခြင်းတို့ဖြစ်တတ် ကြောင်း သိရပါသည်။ ထို့ကြောင့် ဆေးလိပ်လည်း မသောက်သင့်ပါ။
၉။ အိပ်ရာမဝင်မီ တစ်နာရီခန့်တွင် ဦးနှောက် အကြီးအကျယ် သုံးရမှုမျိုး မလုပ်သင့်ပါ။
ပေါ့ပါးစွာ စာဖတ်ခြင်း၊ ရယ်ရွှင်ဖွယ်ဇာတ်လမ်းများ ကြည့်ရှုခြင်း၊ မိမိ၏ တစ်ကိုယ်ရေနှင့် ခံတွင်း သန့်ရှင်းရေးတို့ကို ကောင်းစွာဆောင်ရွက်ခြင်းတို့ ပြုသင့်ပါသည်။
၁၀။ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်ဘီများ ပါဝင်သော ဆေးအချို့ကို အိပ်ရာမဝင်မီ
သောက်ပါက ကောင်းစွာအိပ်ပျော်ကြောင်း အချို့သူ များက ထောက်ခံကြသည်ကို တွေ့ရပါသည်။
၁၁။ အိပ်ရာထဲဝင်ပြီး နာရီဝက်ခန့်အထိ အိပ် မပျော်ပါက ရေဒီယိုနားထောင်ခြင်း၊ တရားသံ
များ နားထောင်ခြင်း၊ စာအုပ်တစ်အုပ် ဖတ်လိုက် ခြင်းတို့ လုပ်ပါ။ အိပ်မပျော်ဘဲ အိပ်ရာထဲလူးလှိမ့် နေခြင်းက ပိုပြီးအိပ်မပျော်ဖြစ်စေပါသည်။
၁၂။ အိပ်ရာပေါ်တွင် ပေါ့ပါးသော လေ့ကျင့်ခန်း မျိုး- ပက်လက်အနေအထားတွင် ခြေထောက်
များကို ကွေးဆန့်၊ အသက်ကို ဖြည်းဖြည်းရှူသွင်း၊ ရှူထုတ်ခြင်း၊ မျက်စိအနီး ကြွက်သားများကို ပျော့ ပျောင်းစေရန် လေ့ကျင့်ခြင်းတို့ လုပ်နိုင်ပါသည်။
၁၃။ နံနက်အိပ်ရာထချိန်သည် ပုံမှန်ဖြစ်နေစေ အောင်လေ့ကျင့်ပါ။ ပုံမှန်နိုးနေကျ အချိန်
တွင် နိုး၊ အချိန်မှန်အိပ်ခြင်းတို့ဖြင့် မိမိအတွက် မှန်ကန်သော အိပ်ရာနိုးထချိန်ကို ရရှိစေနိုင်ပါသည်။
၁၄။ တရားထိုင်၊ တရားမှတ်ခြင်းကို အလေ့အကျင့် တစ်ခုလို ပျိုးထောင်ဆောင်ရွက်ပါ။
၁၅။ ရက်သတ္တပတ်နှင့်ချီ၍ ညအိပ်မပျော်ပါက ဆရာဝန်နှင့် ပြသပါ။
ထို့ကြောင့် ကိုဗစ် - ၁၉ ကြောင့် ဖြစ်စေ၊ အခြား အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ အိပ်မပျော်ပါက ကျန်းမာအိပ်ပျော်နိုင်ကြပါစေကြောင်း စုဆောင်း တင်ပြလိုက်ပါသည်။ ။
ကိုးကား-
Can COVID cause Insomnia?(Adrian Pristas,MD-Sleep Medicine, Hacke-nsack Meridian medicine)
- Log in to post comments