
ပေါက်ပေါက်
ဗိုင်းရပ်စ်၏ သဘောသဘာဝသည် လူတို့၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်သို့ဝင်ရောက်ပြီး ထိုမှတစ်ဆင့် ဆဲလ်ထဲသို့ ဝင်သည်။ ဆဲလ်မှတစ်ဆင့် သွေးထဲသို့ရောက် မည်။ လူ့ခန္ဓာကိုယ်ဆဲလ်အတွင်း ဗိုင်းရပ်စ်ပိုးများက သူပွားများနိုင်သလောက် ပွားများကြမည်။ ထိုအခါ ခန္ဓာကိုယ်က ပြန်လည်တုံ့ပြန်ရာ ၎င်းကို ရောဂါဖြစ်သည် ဟု ခေါ်ဆိုသည်။ အကယ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးကြိုတင်ထိုးနှံထားပါက သွေးထဲတွင် ပဋိပစ္စည်းအများစု ရှိနေသည့်အတွက် ဗိုင်းရပ်စ်ကို ဖမ်းလိုက်သည်။ ထိုအခါ ခန္ဓာကိုယ်ထဲတွင် ဗိုင်းရပ်စ်အကောင်ရေ လျော့သွားမည်။ ၎င်းမှတစ်ဆင့် ထပ်မံပွားလာမည့် ပိုးအကောင်အရေအတွက်လည်း လျော့နည်းသွားမည်။ တစ်ပြိုင်နက်တည်းမှာပင် လူ့ခန္ဓာကိုယ်မှ ထွက်မည့်ပိုးအရေအတွက်လည်း နည်းပါးသွားပြီဖြစ်ရာ တခြားသူများအပေါ် ကူးစက်မှုနည်းစေပါမည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားသင့်ပါသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုအနေဖြင့် ပထမ ဦးဆုံးစတင်ဖြစ်ပွားချိန်က ဗိုင်းရပ်စ်သည် တစ်ဦးမှ တစ်ဦးကို ကူးစက်နိုင်မှုမှာ ၂ ဒသမ ၅ (နှစ်ဦးခွဲခန့်) ကူးစက်နိုင်သော်လည်း ဒယ်လ်တာမျိုးဗီဇက ငါးဦးမှ ရှစ်ဦးအထိ ကူးစက်နိုင်ပါသည်။ အယ်လ်ဖာ နှင့် နှိုင်းယှဉ်လျှင် ၆၀ ရာခိုင်နှုန်း ပိုမြန်ဆန်သည်။ (၆၀ ရာခိုင်နှုန်းသည် အဆ ၆၀ မဟုတ်၊ ၁ ဒသမ ၆ ဆ ဖြစ်၏) ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်သည် ယခု ၂၀၂၁ ခုနှစ် စက်တင်ဘာလ မတိုင်မီ နိုင်ငံအားလုံးတွင် လူဦးရေအနည်းဆုံး ၁၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ရောဂါဗေဒ ကာကွယ်ဆေး ထိုးနှံကြရန်၊ ၂၀၂၂ ခုနှစ်မတိုင်ခင် ကာကွယ်ဆေး ထိုးနှံသည့်နှုန်းသည် အနည်းဆုံး ၄၀ ရာခိုင်နှုန်း ထိုးနှံထားကြရန်နှင့် လာမည့်နှစ် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမတိုင်မီ နိုင်ငံလူဦးရေ၏ အနည်းဆုံး ၇၀ ရာခိုင်နှုန်းထိုးနှံကြရန် ရည်မှန်း ထားသည်။
မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ (၁) ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ (၂) ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ (၃) ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချရန် စသည့်ရည်ရွယ်ချက် သုံးရပ်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ သို့ဖြစ်ရာ ကာကွယ်ဆေးထိုးခြင်း ပထမအစီအစဉ် ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ကတည်းက စတင်ထိုးနှံလာခဲ့ပါသည်။ ထိုကာလ၌ Covishield ဆေးကို ထိုးနှံခဲ့ပြီး ၎င်းဆေးသည် ဗြိတိန်နည်းပညာ ဖြင့် အိန္ဒိယမှာ ထုတ်ခွင့်ပေးထားသောဆေးဖြစ်၍ အိန္ဒိယနိုင်ငံထုတ်ကာကွယ်ဆေးဟု ခေါ်ပါသည်။ (ဗြိတိန်ထုတ်ကို Astrazeneca ဟု နာမည်ပေးထား ၏) မြန်မာနိုင်ငံ၌ Covishield ထိုးဆေးကို တစ်ဦး လျှင် နှစ်ကြိမ်နှုန်းနှင့် လူဦးရေ ၁ ဒသမ ၇ သန်း အား သက်တမ်းကုန်ဆုံးရက်မတိုင်ခင် ဇူလိုင်လ ၂၁ ရက်နေ့အထိ ထိုးပေးနိုင်ခဲ့ပြီးဖြစ်သည်။ ဆေး ကို ပထမတစ်ကြိမ်ထိုးထားလျှင် ရောဂါမဖြစ် အောင် ၇၀ ဒသမ ၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဒုတိယအကြိမ် ထိုးပြီးချိန်မှာ ၈၂ ဒသမ ၄ ရာခိုင် နှုန်းအထိ ကာကွယ်နိုင်ပါသည်။ ရောဂါကြောင့် သေဆုံးနှုန်းကို အသက် ၆၅ နှစ်ကျော်အရွယ်များ တွင် ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ကြောင်း သိရသည်။ ဆေးထိုးထားသူများက မိမိမှတစ်ဆင့် တခြားသူကို ရောဂါပြန်ဖြန့်နိုင်နှုန်းမှာလည်း ၆၇ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါသည်။
တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတစ်မျိုး ဖြစ်သော Sinopharm ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ယခုနှစ် မေလအတွင်း အရေးပေါ် အသုံးပြုခွင့်ပေးထားခဲ့ပြီး ၎င်းဆေးများကို လက်ရှိ မှာ နိုင်ငံပေါင်း ၈၀ ကျော် အသုံးပြုနေကြပြီးဖြစ် သည်။ အဆိုပါကာကွယ်ဆေးကြောင့် ရရှိနိုင်သည့် ဘေးထွက်ဆိုးကျိုးများက တခြားကာကွယ်ဆေး များလောက် အဖြစ်မများနိုင်ကြောင်း လေ့လာသိရှိ ရပါသည်။ မြန်မာနိုင်ငံသို့ ဇူလိုင်လတွင် Sino-pharm ထိုးဆေး သုံးသန်းရောက်ရှိလာပြီဖြစ်၍ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို ဇူလိုင်လ တတိယပတ်က စတင်နေပြီဖြစ်သည်။ ၎င်းဆေးသည် တရုတ်နိုင်ငံက မြန်မာပြည်အတွက် လှူဒါန်းလာသော ဆေးများဖြစ်ပါသည်။ ဆေးက SARS-CoV-2 ကို Beta-propiolactone (ခေါ် ) ဓာတုပစ္စည်းနှင့် ကုသမှုပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းဓာတုပစ္စည်းက ကိုဗစ်ဗိုင်းရပ်စ်နှင့် ပေါင်းပြီး ကိုဗစ်-၁၉ ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပွားများမှုကို ရပ်တန့်ပေးလိုက်သည့် သဘောဖြစ်ပါသည်။ သူ့တွင် အဓိကပါဝင်သော အလူမီနီယမ်ဟိုက်ဒရောဆိုက် ကြောင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်က ပိုမိုမြင့်တက် လာစေနိုင်ပါသည်။ အသက် ၁၈ နှစ်အထက်ရှိသူများ ကို ထိုးရန်သတ်မှတ်ပေးထားပြီး တစ်ကြိမ်နှင့်တစ်ကြိမ် ကြား ရက်သတ္တသုံးပတ်မှ လေးပတ်ခြား၍ နှစ်ကြိမ်စီ ထိုးနှံပေးရမည်ဖြစ်ကာ ရောဂါကာကွယ်နိုင်စွမ်းမှာ ၇၉ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် လူတချို့တွင် ကာကွယ်ဆေးထိုးသည့် လက်မောင်းနေရာတွင် နာကျင်ခြင်း၊ အဖျားငွေ့ငွေ့ရှိခြင်းတို့အပြင် ခေါင်းကိုက် ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်တတ်ပါသည်။
ဒုတိယအကြိမ် မြန်မာနိုင်ငံတစ်ဝန်း ကာကွယ် ဆေးထိုးနှံခြင်းကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံ ပေးရာ၌ အသက် ၆၅ နှစ်နှင့်အထက် မိဘပြည်သူများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများရှိ ဘိုးဘွား မိဘပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော် ကြီးနှင့် သီလရှင်များ၊ ကာကွယ်ဆေးမထိုးရသေးသော နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းမှ ဝန်ထမ်းများ၊ အကျဉ်းထောင်ရှိ အကျဉ်းသားနှင့် အချုပ်သားများ၊ ပုဂ္ဂလိက (ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း) သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ပုဂ္ဂိုလ်များ၊ စူပါ မားကတ်များ၊ ဈေးများမှ ဝန်ထမ်းများနှင့် ကျန်ဦးတည်အုပ်စုများကိုလည်း ကာကွယ်ဆေးရရှိ မှုအပေါ်မူတည်၍ အမြန်ဆုံးထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး
ကောင်းကျိုးသုံးမျိုး
ဆေးထိုးနှံခြင်းက ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်မည့်သော့ချက် ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ကာကွယ်ဆေး အားလုံးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသုံးပြုခွင့်ပေးထားသည့် ကာကွယ်ဆေးအမျိုး အစားများဖြစ်သဖြင့် ထိရောက်လုံခြုံမှုရှိသော ကာကွယ်ဆေးများ ဖြစ်ပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် အောက်ဖော်ပြပါ ကောင်းကျိုးသုံးမျိုး မလွဲမသွေရရှိနိုင်ပါသည်။
i ကာကွယ်ဆေး ထိုးနှံထားပြီးနောက် ရောဂါပိုးကို ပြန်လည်တုံ့ပြန်ထိန်းချုပ် ချေဖျက်နိုင်မှုသည် ကာကွယ်ဆေးပေါ် မူတည်ပြီး ရောဂါကူးစက်မှုကို ၈၀ ရာခိုင်နှုန်းအထက် ကာကွယ်ပေးနိုင် သည်။ ထို့ပြင် ရောဂါပြင်းပြင်းထန်ထန် ခံစားရမှုကိုလည်း ၉၅ ရာခိုင်နှုန်း အထက်အထိ ကာကွယ်ပေးနိုင်သည်။
i အကယ်၍ ပိုးဝင်လာပါက ကာကွယ် ဆေးထိုးထားပြီးသူဖြစ်၍ ခန္ဓာကိုယ် ထဲမှာ အသင့်ရှိနေသော ပဋိပစ္စည်းများ က ဝင်လာသောဗိုင်းရပ်စ်ကို ဖမ်းပြီး တားဆီးလိုက်နိုင်သည်။ (ထိုအခါ ရောဂါ ၏ နောက်ဆက်တွဲဖြစ်သော ခန္ဓာကိုယ် ၏ခုခံအားစနစ်များ ပရမ်းပတာဖြစ်ပြီး ရောဂါကြောင့် သေဆုံးမှုနှုန်း ကျဆင်း သွားသည်။)
i အကယ်၍ နှာခေါင်းနှင့် ပါးစပ်မှ ဗိုင်းရပ်စ်များ မတော်တဆဝင်လာသည့် အခါ ဆေးထိုးပြီးဖြစ်၍ ဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ထဲတွင် အကောင်များ အများကြီး မပွားနိုင်တော့ပေ။ ထို့ပြင် နှာခေါင်းနှင့် ပါးစပ်မှ အကောင် ရေထွက်ရှိမှုလည်း လျော့နည်းသွား သဖြင့် မိသားစုနှင့် ပတ်ဝန်းကျင်ရှိသူ များကို ကူးစက်နိုင်ရန် အခွင့်အလမ်း အလွန်နည်းသွားသည်။ ရောဂါပြင်းပြင်း ထန်ထန်ဖြစ်ပွားမှုကိုလည်း အလွန် လျော့ကျသွားစေသည်။
နို့တိုက်မိခင်များလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်
နို့တိုက်မိခင်များလည်း ကာကွယ်ဆေး ထိုးနှံနိုင်ပြီး လက်ရှိခွင့်ပြုချက်ရရှိထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးအားလုံးသည် ကိုရိုနာ ဗိုင်းရပ်စ်ပိုးအရှင်ကို အသုံးပြုထားခြင်းမဟုတ်၍ ကာကွယ်ဆေးထိုးခြင်းကြောင့် မိခင်နို့ရည်မှ တစ်ဆင့် ရင်သွေးငယ်အား ရောဂါပိုးမကူးစက်နိုင် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားချက်များမှ သိရသည်။ အချို့သုတေသန တွေ့ရှိချက်များအရ ကာကွယ်ဆေးထိုးပြီးသော မိခင်များ၏ နို့ရည်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်သော ပဋိပစ္စည်းများ တွေ့ရှိရသဖြင့် နို့တိုက်မိခင်အား ကာကွယ်ဆေးထိုးခြင်းဖြင့် နို့စို့ ကလေးအတွက်ပါ ရောဂါကာကွယ်ပေးနိုင်ကြောင်း သိရသည်။
အကယ်၍ မိခင်သည် ကိုဗစ်-၁၉ ရောဂါ ခံစားနေရပြီး နောက်ဆက်တွဲဆိုးကျိုးများ ခံစား နေရပါက မိခင်နို့ကို သန့်ရှင်းသည့်ခွက်ထဲသို့ ညှစ်ထည့်၍ ရင်သွေးငယ်အား တိုက်ကျွေးနိုင်စေ ရန် မိသားစုဝင်များက ကူညီပေးရန် လိုပါသည်။ မိခင်သည် ရင်သွေးအား နို့ပြန်တိုက်နိုင်သောအခြေ အနေအထိ နေပြန်ကောင်းလာသည်နှင့် တစ်ပြိုင်နက် နို့ပြန်တိုက်သင့်ပါသည်။ မိခင် နို့ချို တိုက်ကျွေးခြင်းဖြင့် မိခင်မှ ရင်သွေးသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ခြေထက် ကလေးငယ်အတွက် ရရှိမည့်အကျိုးကျေးဇူးက ပိုများပြီး အစားထိုး နို့မှုန့်များသည် ရင်သွေးငယ်အား ကျန်းမာရေး ပြဿနာများ ပေးနိုင်သည်။
ယနေ့အချိန်အထိ သုတေသနတွေ့ရှိချက်များ အရ မိခင်နို့ရည်မှတစ်ဆင့် ရင်သွေးငယ်အား ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်နိုင်သည်ဟု အထောက်အထား များ မတွေ့ရှိရသေးပေ။ ထို့ကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ၊ နို့တိုက်မိခင်များ၊ ကိုယ်ဝန် ဆောင်ရန် ပြင်ဆင်နေသူများနှင့် ယုတ်စွအဆုံး ဓမ္မတာရာသီလာနေစဉ်မှာပင် ကိုဗစ်-၁၉ ကာကွယ် ဆေးကို စိတ်ချလက်ချထိုးနှံ၍ရကြောင်း WHO က အတည်ပြုပြောထားပါသည်။ နို့တိုက်မိခင်များ ကာကွယ်ဆေးထိုးနှံပြီးနောက် နို့တိုက်ခြင်းကို ရပ်ထားစရာမလို၊ ပုံမှန်အတိုင်း မိခင်နို့တိုက်ကျွေး နိုင်ပါသည်။
ဆေးမထိုးသင့်သူများ
(က) အသက် ၁၈ နှစ်အောက် ကလေးသူငယ် များ ဆေးမထိုးသင့်ပေ။ (ခ) ကာကွယ်ဆေးတွင် ပါရှိသော ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်မှုဖြစ်ဖူး သူ၊ အပူချိန် ၃၈ ဒသမ ၅ ဒီဂရီထက် မြင့်မားသူများ ဆေးမထိုးသင့်ပေ။ (ဂ) ပြင်းထန်ရောဂါများဖြစ်သည့် အသည်း၊ ကျောက်ကပ်၊ နှလုံးမကောင်းသူများက ဆရာဝန်နှင့်တိုင်ပင်ပါ။ ရောဂါအခြေအနေကို စမ်းသပ်ပြီးမှ ထိုးသင့်၊ မထိုးသင့် ချင့်ချိန်၍ ကာကွယ်ဆေး ထိုးနှံပေးပါလိမ့်မည်။ (ဃ) ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာရှိသူနှင့် အဖျားရောဂါ ရှိသူများက လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ အရိုင်းပိုး နှင့် ရင်ဆိုင်နေရသော အချိန်ကာလဖြစ်သည့်အတွက် ကာကွယ်ဆေးထိုးနှံပါက ထိုးနှံခံရသူအတွက် အကျိုး မရှိပေ။ ထို့ကြောင့် မထိုးနှံသင့်ပေ။ (င) ပြီးခဲ့သော ခြောက်လအတွင်း ဓာတ်ခွဲအတည်ပြုလူနာဖြစ်ခဲ့လျှင် ကာယကံရှင်အနေဖြင့် ရောဂါပိုးကို နိုင်အောင် တိုက်ခိုက်ခဲ့ပြီးပုဂ္ဂိုလ်ဖြစ်သည့်အတွက် ယင်းပုဂ္ဂိုလ် ၏ခန္ဓာကိုယ်ထဲတွင် ရောဂါကိုပြန်လည်ခုခံပေးမည့် ပဋိပစ္စည်းများ ထွက်ရှိနေပြီးဖြစ်၍ နောက်ထပ် ခြောက်လခန့်အထိ ရောဂါပိုးထပ်ဝင်နိုင်မည့် အခွင့်အလမ်းနည်းသွားသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများ ကာကွယ်ဆေး မထိုးနှံသင့်ပေ။
စိတ်ခွန်အားနှင့် ကိုယ်ခံအားမြှင့်တင်သင့်
စိတ်အားငယ် စိတ်ကျခြင်းနှင့် ကိုယ်ခံအား လျော့နည်းခြင်းကြောင့်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုဆိုးရွားစေပါသည်။ Stay at Home ကာလရှည်များတွင် အိမ်ထဲမှာသာ အနေ များကြသဖြင့် လူရောစိတ်ပါ လေးလံနေကြသည်။ ထိုအခါ လေဝင်လေထွက်ကောင်းမွန်သော နေရာများ တွင် နေထိုင်ကြရန်လိုအပ်ပြီး အဆီ၊ အငန်၊ အချိုများ ကို လျှော့စားကာ မပျော့မပြင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို နေ့စဉ်ပုံမှန်လုပ်ကြရန် လိုအပ် သည်။ အိပ်ရေးဝဝအိပ်စက်၍ သောကကင်းအောင် မိမိစိတ်သန္တာန်ကို ဖြေလျှော့ရပါမည်။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေစေရန်နှင့် ကိုယ်ခံအားကောင်းအောင် ပြုပြင်ဆင်ခြင်ကြရမည်ဖြစ်ပေရာ စိုးရိမ်မှုနှင့် ခြိုးခြံ ချွေတာမှုများကို ပိုမိုလွန်ကဲခြင်းမဖြစ်အောင် သတိ ဆောင်ကြစေလိုပါသည်။ ထို့ကြောင့် ကိုယ်ခံအား ကောင်းခြင်း၊ အကာအကွယ်ပြုလုပ်ခြင်း၊ ကာကွယ် ဆေးထိုးခြင်းတို့သည် ကိုဗစ်-၁၉ ကို ကျော်လွှားနိုင် သောအချက်များ ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် အာဆီယံအဖွဲ့ဝင်နိုင်ငံ များအနက် မြန်မာနိုင်ငံသည် ကူးစက်မှုနှုန်း ပဉ္စမ အများဆုံးဖြစ်ပြီး သေဆုံးမှုနှုန်းအနေဖြင့် တတိယ အများဆုံးဖြစ်သည်။ ထို့ပြင် သတိပြုသင့်သည်မှာ မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၇ ဒသမ ၇၈ နှစ်သာရှိသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် သာမက ကမ္ဘာပေါ်တွင် လူ့မျှော်မှန်းသက်တမ်း အနိမ့် ဆုံးတွင် ပါဝင်နေသည်။ ယခုကာလ လူသေဆုံးစာရင်း များကို လေ့လာကြည့်ရာ ရောဂါအခံရှိသူများနှင့် အသက် ၆၀ ကျော်သက်ကြီးများတွင် ကိုဗစ်-၁၉ ရောဂါကြောင့်မဟုတ်ဘဲ တိမ်းပါးနေကြသည်။ ထို့ကြောင့် အသက် ၆၅ နှစ်အထက် ဆေးထိုးနိုင် သော အခြေအနေရှိသူအားလုံး ထိုးနှံသင့်ပါကြောင်း နှင့် ပထမဦးစားပေးအဆင့်ကာလပြီးနောက်မှာ လည်း နိုင်ငံတော်က ဆက်လက်၍ အသက် ၁၈ နှစ်အထက်များကို ထိုးနှံပေးမည်ဖြစ်ရာ ဆေးမထိုး ရသေးသူများအနေဖြင့် ကျန်းမာရေးသတိ၊ အသိ စိတ်ဓာတ်ဖြင့် မြို့နယ်အလိုက် သတ်မှတ်နေရာများ တွင် သွားရောက်ထိုးနှံကြစေလိုပါသည်။ ဆေးထိုး ပြီးလျှင်လည်း မပေါ့ဆကြပါနှင့်။ ကိုယ်ခံအား အပြည့်အဝရစေရန်အတွက် ကာကွယ်ဆေးကို သတ်မှတ်ချိန်အတိုင်း နှစ်ကြိမ်ပြည့်အောင် ထိုးနှံ ရပါမည်။ သတိထားသင့်သည့်အချက်မှာ နှစ်ကြိမ် ပြည့်ထိုးပြီးနောက် လူတချို့မှာ ကိုယ်ခံအား ချက်ချင်းမတက်လာနိုင်သေးပေ။ ထို့ကြောင့် လူဦးရေ ၁၀၀ ဆေးထိုးပြီးနောက် ၎င်းလူ ၁၀၀ လုံး၏ ကိုယ်ခံအားမှာ ရောဂါကာကွယ်နိုင်သည့် ခုခံအားရှိမည်ဟု တစ်ထစ်ချ စိတ်မအေးနိုင်ပါ။ သို့ပါ၍ ဆေးထိုးပြီးသော်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆက်လက်လိုက်နာနေထိုင်သွားရမည် ဖြစ်ပါ ကြောင်း တိုက်တွန်းလိုက်ရပါသည်။ ။
- Log in to post comments