
မောင်နန္ဒာ
==
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာကြီး မကျန်းမာ နေတာ နှစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်။ လူသားတွေ မှာ ဒီကပ်ရောဂါဆိုးကူးစက်မှုကြောင့် အရွယ်မတိုင် ခင် အသက်တွေ ဆုံးရှုံးရ၊ ချစ်ခင်ရတဲ့သူတွေနဲ့ ခွဲခွာရ၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းနေ ရတဲ့ ကာလလည်းဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အနေနဲ့ဆိုရင်လည်း ကျန်းမာရေးကဏ္ဍအတွက် ငွေကြေးများစွာသုံးစွဲနေရပြီး ခရီးသွားလုပ်ငန်းအပါ အဝင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍတွေမှာ ထိခိုက်မှုတွေ၊ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်နေကြရ ပါတယ်။
ဒါကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ် တားဆီးနိုင်ဖို့ နိုင်ငံတိုင်းက အပြိုင်အဆိုင်ကြိုးစားခဲ့ ကြပြီး ကာကွယ်ဆေးတွေကို ထုတ်လုပ်ခဲ့ကြတဲ့ အတွက် ရောဂါဖြစ်ပွားမှုကို အတိုင်းအတာတစ်ခု အထိ လျှော့ချနိုင်ခဲ့ပါတယ်။ တစ်ဖက်ကလည်း ကူးစက်မှုတွေနဲ့အတူ မျိုးဗီဇပြောင်းလဲမှု အသစ်တွေ ဖြစ်ပေါ်နေတဲ့အတွက် ကူးစက်မှုတွေက အရှိန်မြင့် လာလိုက်၊ ကာကွယ်ဆေးတွေနဲ့ထိန်းချုပ်တဲ့အခါ ပြန်လည်လျော့ကျသွားလိုက် ၊ မျိုးဗီဇအသစ် အသစ် တွေကြောင့် ပြန်လည်မြင့်တက်လာလိုက်နဲ့ သံသရာ လည်လျက်ရှိနေပါတယ်။
စတုတ္ထလှိုင်းစတင်နေ
ကပ်ရောဂါဗေဒအရ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း စသဖြင့် သတ်မှတ်ခဲ့ကြပြီး အခုအခါ ကမ္ဘာ့နိုင်ငံအချို့မှာ စတုတ္ထလှိုင်းစတင်နေပြီလို့ လည်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ကိုဗစ် -၁၉ ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်တွေ နဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဓိက အုပ်စုနှစ်ခု ခွဲခြားသတ်မှတ်ထားပါတယ်။ နံပါတ်တစ် အုပ်စုက စိုးရိမ်ဖွယ်ကောင်းပြီး ကူးစက်မှုနှုန်း အလွန်မြန်တဲ့အတွက် စောင့်ကြပ်ကြည့်ရှုရမယ့် မျိုးဗီဇပြောင်းလဲမှုကို Variants of Concern လို့ သတ်မှတ်ပါတယ်။
နံပါတ်နှစ်အုပ်စုက စိတ်ဝင်တစားနဲ့ စောင့်ကြပ် ကြည့်ရှုရပြီး မကြာခင်မှာ Variants of Concern ထဲမှာ ပါဝင်နိုင်တဲ့ အလားအလာရှိတဲ့ ဗိုင်းရပ်စ်တွေ ကို Variants of Interest လို့ သတ်မှတ်စောင့်ကြည့် ပါတယ်။
စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ Variants of Interest အဖြစ် စာရင်းဝင်ဖို့အတွက် (၁) မူလ ကိုရိုနာဗိုင်းရပ်စ်ကနေ မျိုးပြောင်းလာပြီး ရောဂါ ကူးစက်မှုနဲ့ ပြင်းထန်မှုအပေါ် ပြောင်းလဲလာနိုင် တယ်။ (၂) ကာကွယ်ဆေးတွေ ထိုးနှံထားခြင်းနဲ့ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရခြင်းတို့ကြောင့် ရရှိထားတဲ့ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ပြန်လည်ပြီး ရှောင်လွှဲနိုင်တဲ့ အစွမ်းရှိလာနိုင်မယ်။ (၃) ရောဂါ ကုသရေးနဲ့ ရောဂါရှာဖွေရေးမှာ ထိခိုက်နိုင်တဲ့ အလားအလာရှိလာတယ်။ (၄) ကူးစက်မှုတွေက လည်း အချိန်နဲ့အမျှ နေရာဒေသအလိုက် များလာ တယ်လို့ သတ်မှတ်ရင် Variants of Interest ထဲကို စာရင်းသွင်းဖို့ စတင်စောင့်ကြည့်ပါတယ်။ ကူးစက်မှု တွေကလည်း နိုင်ငံတော်တော်များများကို ကူးစက် ပြန့်ပွားလာတယ်၊ ရောဂါအနေနဲ့လည်း ပြင်းပြင်း ထန်ထန်ဖြစ်ပွားတာ တွေ့ရှိရတယ်ဆိုရင် Variants of Concern လို့ စိုးရိမ်စွာ စောင့်ကြည့်ရမယ့် ဗိုင်းရပ်စ် မျိုးကွဲစာရင်းထဲကို တစ်ဆင့်မြှင့်ပြီး ထည့်သွင်း သတ်မှတ်လေ့ရှိပါတယ်။
ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နိုဝင်ဘာ လ ၂၆ ရက်နေ့ကပြုလုပ်တဲ့ နည်းပညာကွန်ဖရင့်မှာ ဒီမျိုးကွဲအသစ်နဲ့ပတ်သက်ပြီး စိုးရိမ်ဖွယ်ကူးစက် ဖြစ်ပွားမှုတွေ ဖြစ်ပေါ်နိုင်တဲ့ မျိုးဗီဇပြောင်းပိုးများ အုပ်စု (Variants of Concern) မှာ အယ်(လ်)ဖာ၊ ဘီတာ၊ ဂါမာနဲ့ ဒယ်လ်တာတို့နဲ့အတူ အိုမီခရွန် (omicron)ကို မျိုးဗီဇပြောင်းပိုး ငါးခုမြောက်အဖြစ် ထည့်သွင်းလိုက်ပါတယ်။
အိုမီခရွန်ကြောင့်
အိုမီခရွန်(omicron) (B.1.1.529) စတင်ရာ အာဖရိကတိုက်ရှိ တောင်အာဖရိကနိုင်ငံနဲ့ ဘော့ဆွာနာနိုင်ငံတို့ကလို့ ကနဦးသိရပါတယ်။ အတည်ပြုတွေ့ရှိခြင်းအနေနဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ လ ၁၄ ရက်မှ ၁၆ ရက်အတွင်းမှာ တောင်အာဖရိက နိုင်ငံမှာ တွေ့ခဲ့တာဖြစ်ပြီး လက်တလော လူနာ ၁၀၀ ခန့်မှာ အိုမီခရွန် (omicron) မျိုးဗီဇပြောင်းပိုး တွေ့ရှိထားတယ်လို့ သိရှိရပါတယ်။ တောင်အာဖရိက မှာ ပထမဆုံးတွေရတဲ့ မျိုးကွဲထက် ပိုမိုကူးစက်နိုင် တယ်လို့ ခန့်မှန်းတွက်ချက်ထားပြီး ယခုရက်ပိုင်း ကူးစက်မှုတွေ မြင့်တက်နေရခြင်းက အိုမီခရွန်ကြောင့် ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (B.1.1.529) ရဲ့ဆူးချွန်မှာ မျိုးဗီဇပြောင်းလဲမှု ၃၀ ခန့်ရှိလို့ ဗီဇပြောင်းတာ အလွန်များပြားတယ်လို့ သိရပါတယ်။ (B.1.1.529)အဖြစ် စတင်တွေ့ရှိ အတည်ပြုပြီး တစ်ပတ်ခန့်အတွင်းမှာပဲ ဘော့ဆွာနာ၊ တောင်အာဖရိက၊ ဟောင်ကောင် (တရုတ်) ၊ အစ္စရေး (မာလာဝီနိုင်ငံမှပြန်လာသူ)၊ ဘယ်လ်ဂျီယမ်နိုင်ငံ တွေကို စတင်ပျံ့နှံ့ရောက်ရှိပြီးဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
ဒီလိုဗီဇပြောင်းတာတွေများတဲ့အတွက် မူလ ကိုဗစ်-၁၉ ပိုးရဲ့ ရောဂါကူးစက်ပြန့်ပွားမှု၊ ဖြစ်ပွား စေတဲ့ပြုမူပုံတွေနဲ့ လုံးဝမတူတော့တာတွေဖြစ်နိုင် တာမို့ လက်တလောမှာ သူရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဆက်လက်စောင့်ကြည့်လျက်ရှိပါ တယ်။
ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အနေနဲ့ ဆူးချွန်မှာပါရှိတဲ့ ခုခံအားစနစ်အရ အရေး ပါတဲ့(RBD – Receptor Binding Domain) နဲ့ (NTD - N-terminal domain)နေရာတွေမှာ ပြောင်းလဲမှုတွေဖြစ်ခြင်းကြောင့် ကာကွယ်ဆေးတွေ ရဲ့ထိရောက်မှု (neutralization antibodies effects) ကို လျော့ကျနိုင်စေသလို လူလုပ်ပဋိပစ္စည်း (therapeutic monoclonal antibodies)တွေရဲ့ ထိရောက်မှုကိုလည်း လျော့ကျစေနိုင်ပါတယ်။
ဆူးချွန်မှာပါရှိတဲ့ လူ့ခန္ဓာကိုယ်ဆဲလ်ထဲကို ဝင်နိုင်အောင် ဆောင်ရွက်တဲ့အပိုင်းမှာ ပြောင်းလဲမှု တွေဖြစ်ခြင်း (H655Y + N679K + P681H) ကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုမြန်ဆန်စေနိုင်ပါတယ်။
အယ်(လ်)ဖာ၊ ဘီတာ၊ ဂမ်မာနဲ့ လမ်ဘဒါ မျိုးကွဲ တွေမှာလို (nsp6 deletion) ပြောင်းလဲမှုတွေကြောင့် မွေးရာပါကိုယ်ခံအားစနစ် (innate immunity) ကို ရှောင်လွှဲနိုင်စွမ်းတွေရှိလာနိုင်လို့ ရောဂါကူးစက် ပျံ့နှံ့မှုကို ပိုမိုမြန်ဆန်စေနိုင်ပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးရဲ့အတွင်းမှာရှိတဲ့ မျိုးဗီဇ (nucleocapsid) မှာလည်း အယ်(လ်)ဖာ၊ ဂမ်မာ နဲ့ လမ်ဘဒါ မျိုးကွဲတွေမှာလို ပြောင်းလဲမှု (R203K + G204R mutations) တွေဖြစ်လို့ ရောဂါဝင်ရောက် ကူးစက်ဖြစ်ပွားနိုင်ခြင်း (infectivity) ကို မြင့်တက် လာနိုင်ဖွယ်ရှိတာတွေ့ရတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြား ထားပါတယ်။
သတိကြီးစွားထား စောင့်ကြည့်
လက်ရှိတောင်အာဖရိကနိုင်ငံရဲ့အခြေအနေကိုကြည့်ရရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေဟာ မျိုးဗီဇပြောင်းလဲတဲ့ပိုးတွေ ဝင်ရောက်ကူးစက် ဖြစ်ပွားမှုနဲ့အတူ ရောဂါဖြစ်ပွားမှုတွေကို လှိုင်းအသွင် တွေ့မြင်ရတာဖြစ်ပြီး အိုမီခရွန် (omicron) ဝင်ရောက် လာမှုနဲ့အတူ လှိုင်းတစ်လှိုင်းအသစ် ဖြစ်ပွားလာနိုင် မှုရဲ့အစ အသွင်ဖြစ်နေတာမို့ သတိကြီးစွာထားပြီး စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိအချိန်မှာ သိရှိရချက်များအရ ဥရောပသမဂ္ဂနဲ့ ယူကေနိုင်ငံတို့က အာဖရိက တောင်ပိုင်းနိုင်ငံတွေနဲ့ခရီးသွားလာမှု ကန့်သတ် ချက်တွေ တိုးမြှင့်ဆောင်ရွက်မယ်လို့ သိရပါတယ်။ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ဩစတြီးယား၊ ဘယ်လ်ဂျီယမ်၊ မော်လတာ၊ ချက် နိုင်ငံတွေကတော့ တောင်အာဖရိကတိုက်က ခြောက်နိုင်ငံဖြစ်တဲ့ တောင်အာဖရိက၊ နမီးဘီးယား၊ လီဆိုသို၊ ဘော့ဆွာနာ၊ အက်(စ်)ဆွာတီနီ (ဆွာဇီလန်)၊ ဇင်ဘာဘွေနိုင်ငံတွေက လေယာဉ်တွေဝင်ရောက်မှု ကို ကန့်သတ်လိုက်ပြီဖြစ်ပါတယ်။ အစ္စရေးနဲ့ စင်ကာပူနိုင်ငံတွေကလည်း သူ့နိုင်ငံသားတွေကို တောင်အာဖရိကနိုင်ငံကို သွားရောက်ခွင့်မပြုတော့ သလို အဲဒီဒေသက ခရီးသွားတွေကိုလည်းဝင်ရောက် ခွင့် မပြုတော့ဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ သလို ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် လည်း ရောဂါကွင်းဆက်ကို ဖြတ်တောက်နိုင်ခဲ့ပြီး တတိယလှိုင်းကို ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းက နိုဝင်ဘာ ၂၉ ရက်မှာ ၁ ဒသမ ၈၅ ရာခိုင်နှုန်းသာ ရှိပါတယ်။
နောက်ထပ်ဖြစ်ပေါ်လာတဲ့ မျိုးဗီဇအသစ်တွေ ကြောင့် ရောဂါကူးစက်ပြန့်ပွားမှုတွေ ပြန်လည် မြင့်တက်လာနိုင်တဲ့အတွက် ပြည်သူလူထုအားလုံး က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းတွေ ကို ကျန်းမာရေးအသိရှိရှိနဲ့ ဆက်လက်သတိပြု လိုက်နာရမှာဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့်ခံယူ
နောက်ထပ်အရေးကြီးတာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက် ခံယူရမှာပါ၊ ကိုဗစ်-၁၉ ရောဂါပိုးမျိုးတွေ ဘယ်လိုပဲ ပြောင်းနေပါစေ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ် ပြည့်ခံယူထားရင် ရောဂါဝင်ရောက်ကူးစက်ခံရရင် တောင် ရောဂါပြင်းထန်စွာဖြစ်ပွားမှုနဲ့ ရောဂါကြောင့် သေဆုံးမှုတွေကို သိသာစွာ လျှော့ချပေးနိုင်မှာဖြစ်ပါ တယ်။
ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးတွေဆိုတာ လူရဲ့ခန္ဓာကိုယ်ထဲကိုရောက်မှ သူတို့ရဲ့ အဓိက အစွမ်းသတ္တိကိုပြတာဖြစ်ပြီး လူ့ခန္ဓာကိုယ်ထဲကို ရောဂါပိုး ဝင်ရောက်ကူးစက်မှုမရှိစေရေးအတွက် အတတ်နိုင်ဆုံး မိမိတို့နေအိမ်တွင်သာ နေထိုင်ပြီး လူစုလူဝေး တတ်နိုင်သမျှ ရှောင်ကြဉ်ရမှာဖြစ်ပါ တယ်။ နေအိမ်ပြင်ပနဲ့ လူအများစုဝေးရာ နေရာတွေ ကို သွားရောက်ရတဲ့အခါ ပါးစပ်နှာခေါင်းစည်း(Mask) ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ရမှာ ဖြစ်ပါတယ်။ အဓိကက လက်ကိုမကြာခဏဆေးကြောဖို့၊ တစ်ဦး နဲ့တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ဖို့လိုပါ တယ်။ လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာနေဖို့လိုပါတယ်။
ရောဂါလက္ခဏာခံစားရရင်၊ ရောဂါရှိသူနဲ့ ထိတွေ့မိရင် သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့ ဆက်သွယ်ပြီး ဓာတ်ခွဲစစ်ဆေးတာတွေ လုပ်ဆောင် ဖို့လိုသလို အခြားသူတွေနဲ့ ဆက်လက်ထိတွေ့မှုမရှိ အောင် သီးသန့်ခွဲခြားနေထိုင်တာ၊ အသွားအလာ ကန့်သတ်တာတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေ အချိန်တိုအတွင်း ထိရောက်အောင်မြင် ပြီး လူမှုစီးပွားလုပ်ငန်းတွေ ကောင်းစွာလည်ပတ်နိုင် ဖို့အတွက် ရောဂါဖြစ်ပွားမှု ဆက်လက်ကျဆင်းဖို့နဲ့ နောက်ထပ်လှိုင်းတွေ ဖြစ်မလာဖို့က ပြည်သူတွေ အားလုံး ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ လိုပါတယ်။ ဒီလိုနည်းတွေနဲ့ နာဖျားနေတဲ့ ကမ္ဘာ ကြီးကို ဝိုင်းဝန်းကယ်တင်လိုက်ကြရအောင်လို့ ပြောကြားလိုပါတယ်။ ။
- Log in to post comments