
ဒေါက်တာထွန်းမြင့်
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့်အပြင် တစ်ဖက်တွင်လည်း HIV ဝေဒနာရှင်များ ART ဆေးပြတ်လပ်မှုမရှိစေရေးနှင့် တီဘီဝေဒနာရှင်များအား တီဘီဆေး ပြတ်လပ်မှု မရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။
မေး ။ ။ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ
ရန်ကုန်တိုင်းအတွင်း ART ဆေးသောက်နေရတဲ့
HIV ဝေဒနာရှင်တွေအနေနဲ့ ဆေးဝါးပြတ်လပ်သွားမှာ စိုးရိမ် မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုအခြေအနေကို သိချင်ပါတယ်။
ဖြေ ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ART ဆေး
သောက်သုံးနေရတဲ့သူတွေအတွက် ဆောင်ရွက် ထားရှိတဲ့ အခြေအနေလေးတင်ပြလိုပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာလည်း ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနဆိုပြီးရှိပါတယ်။ ဒီ အဖွဲ့ဟာဆိုရင် HIV ကာကွယ်ရေးလုပ်ငန်းတွေ၊ ကုသရေး လုပ်ငန်းတွေ ဒါတွေကိုလည်းပဲ ကျွန်တော်တို့က အစိုးရ မဟုတ်တဲ့အဖွဲ့အစည်း NGO အဖွဲ့တွေ၊ လူမှုအခြေပြု ကွန်ရက်တွေနဲ့ ပူးပေါင်းပြီးတော့ နဂိုကတည်းက ဆောင် ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့အခါမှာ HIV တို့၊ တီဘီတို့၊ ငှက်ဖျားတို့ စတဲ့စီမံချက်လုပ်ငန်းတွေကို အရှိန်မလျော့သွား အောင် ဆက်လက်ဆောင်ရွက်သွားဖို့ ညွှန်ကြားထားတာ တွေ ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ စီမံချက် လုပ်ငန်းတွေအရ ART ဆေးဝါးတွေ ရရှိရေး၊ စဉ်ဆက်မပြတ် ART ဆေးသောက်နိုင်ရေး၊ HIV ကာကွယ်ရေး လုပ်ငန်းတွေ ကို အရင်ထက်ကို အရှိန်မြှင့်ပြီးတော့ ဆောင်ရွက်နေပါတယ်။
မေး ။ ။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ HIV
ဝေဒနာရှင်အရေအတွက် ဘယ်လောက် ရှိပါ သလဲ။ ဆေးဝါးနဲ့ လူနာအရေအတွက်က လုံလောက်မှုရှိပါ သလား သိချင်ပါတယ်။
ဖြေ ။ ။ လက်ရှိ မြန်မာတစ်နိုင်ငံလုံးမှာ HIV ပိုးနဲ့
ရှင်သန်နေထိုင်သူဦးရေ ခန့်မှန်းခြေ နှစ်သိန်း လေးသောင်းကျော် ရှိပါတယ်။ တစ်နိုင်ငံလုံးမှာဆိုရင် ART ဆေးနဲ့ဆေးကုသတဲ့ဌာနတွေ ရှိပါတယ်။ ဆေးသောက်နေ တဲ့ ဦးရေကလည်း တစ်သိန်းရှစ်သောင်းကျော် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ART ဆေးကုဌာန ၅၇ ခု ရှိပါတယ်။ အဲဒီ ၅၇ ခုမှာ ART ဆေးသောက်သုံးနေတာက ငါးသောင်းကိုးထောင်ခြောက်ဆယ့်လေးယောက် စာရင်း အရ ရှိပါတယ်။ ဒါပေမယ့် ရန်ကုန်မှာရှိတဲ့ နေထိုင်သူက ငါးသောင်းခုနစ်ထောင်ဆိုတော့ ဒီပိုတဲ့ လူတွေကတော့ တခြား ပြည်နယ်/တိုင်းတွေက ကျွန်တော်တို့ဆီမှာ ရောက် လာတဲ့အခါမှာ သူတို့တွေ ဆေးဝါးမပြတ်လပ်နိုင်ရေး အတွက် ကျွန်တော်တို့က ထုတ်ပေးနေတာပဲဖြစ်ပါတယ်။ ART ဆေးဝါးက လုံလောက်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ဦးရေ က ငါးသောင်းခုနစ်ထောင် ရှိပါတယ်။ ဆေးထုတ်ပေးနေ တာက ငါးသောင်းကိုးထောင်ဆိုတော့ လုံလောက်မှု ရှိပါ တယ်။
မေး ။ ။ HIV ပိုးရှိတဲ့သူတွေမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား
ခဲ့မယ်ဆိုရင် တခြားသူတွေထက် ပိုပြီး ခံစား
ရနိုင်သလား။ တကယ်လို့ ART ဆေးသောက်တဲ့သူဆိုရင် ကိုဗစ်-၁၉ ကူးစက်ရင် ခံစားရနိုင်မယ့်အခြေအနေတွေလည်း ရှင်းပြပေးပါ။
ဖြေ ။ ။ HIV ပိုး ရှိတဲ့သူတွေက ကိုဗစ်-၁၉ ကူးစက်ခံရပြီ
ဆိုရင် တခြားသူတွေထက် ပိုပြီးရောဂါလက္ခဏာ ပိုမိုခံစားရကြောင်း သုတေသနတွေ့ရှိချက်တွေအရ တွေ့ရှိ ရပါတယ်။ အထူးသဖြင့် HIV ပိုး ရှိမှန်းသိတယ်၊ သိပြီး ဆေးလည်းပုံမှန်သောက်တယ်ဆိုတဲ့ အဲဒီလိုလူတွေ ကိုဗစ်- ၁၉ ရောဂါ ပိုးကူးစက်ခံရပြီဆိုရင် ပိုပြီးဆိုးတယ်ဆိုတာကို တော့ မတွေ့ရပါဘူး။ ဒါပေမယ့် HIV ပိုးကလည်း ရှိနေ တယ်၊ ပိုးရှိ မရှိလည်း မစစ်ဆေးထားဘူး၊ ရှိမရှိမသိဘူး ပေါ့နော်။ နောက်တစ်ခုက HIV ပိုးက စစ်ထားတယ်။ ပိုးရှိ တာလည်းပဲသိတယ်။ ဒါပေမယ့်လည်း ART ဆေးမသောက် တဲ့သူတွေ၊ နောက်တစ်ခုက HIV ပိုးက စစ်ထားတယ်။ ဆေးသောက်နေတယ်။ ဒါပေမယ့်လည်း ဆေးကပြတ်နေ တယ်။ ဆက်မသောက်ဘူး။ ဒါတွေမှာတော့ ကိုယ်ခံအား ကျဆင်းနေတဲ့သူတွေဖြစ်တဲ့အတွက် ကိုဗစ်ကူးတဲ့အခါမှာ ရောဂါလက္ခဏာ ပိုမိုခံစားရပါတယ်။ အသက်အန္တရာယ် လည်း စိုးရိမ်ရပါတယ်။ HIV ပိုးရှိနေပေမယ့်လည်း ART ဆေး မှန်မှန်သောက်သုံး နေတယ်ဆိုရင် ကိုဗစ်-၁၉ ကူးစက် တဲ့အခါမှာ ပိုပြီးကူးစက်ခံရတာတို့၊ ပိုပြီးပြင်းထန်တာတို့ စိုးရိမ်စရာအခြေအနေ မရှိပါဘူး။
မေး ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခုခံကျကာလ
သားတိုက်ဖျက်ရေးအဖွဲ့အနေနဲ့ ကိုဗစ်ကာလအတွင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေလည်း သိချင်ပါ တယ်။
ဖြေ ။ ။ ကျွန်တော်တို့အနေနဲ့က ARTဆေးဝါး စဉ်ဆက်
မပြတ်ရရှိရေး ပုံမှန် ဆောင်ရွက်ပါတယ်။ နှစ်သိမ့်ပညာပေးဆွေးနွေးမှုတွေလည်း ဆောင်ရွက်ပါတယ်။ နောက်တစ်ခုကတော့ HIV ပိုး ရှိ မရှိကို စစ်ဆေးတဲ့လုပ်ငန်း တွေ၊ HIV နဲ့ ကာလသားရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ၊ ကုသရေးလုပ်ငန်းတွေ ဒီလုပ်ငန်းတွေမှာ ကိုဗစ်-၁၉ ကပ် ရောဂါကာလအတွင်းမှာ အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး Hot Line ဖုန်းနံပါတ်ပေးပြီး Hot Line ဝန်ဆောင်မှုတွေ ယခုနှစ် အောက်တိုဘာလ ၁ ရက် နေ့ကစပြီး ဆောင်ရွက်နေတာရှိပါတယ်။ Hot Line ဖုန်းက ၀၉ -၇၅၂၈၁၅၂၃၄ နဲ့ ပိတ်ရက်မရှိ နေ့စဉ်ဆက်သွယ်နိုင် မှာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကနေပြီးတော့ ချိတ်ဆက်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ Hot Line နံပါတ်ကို ဆက်သွယ်ဆောင်ရွက်လာတဲ့အခြေအနေက ပြီးခဲ့တဲ့ နိုဝင်ဘာလအထိဆိုရင် အမျိုးသား ၁၄၃ ဦး၊ အမျိုးသမီး ၄၈ ဦးရှိပါတယ်။ ဆက်သွယ်လာတဲ့သူ ၇၂ ဒသမ ၂၅ ရာခိုင်နှုန်းက ART ဆေးဝါးရရှိရေးအတွက်ပါ။ ၁၈ ဒသမ ၃၂ ရာခိုင်နှုန်းက HIV စစ်ဆေးနိုင်ရေးအတွက် မေးမြန်းစုံစမ်းကြတာ ဖြစ်ပါတယ်။ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါများ အကြောင်းဖြေကြားပေးခြင်းက ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိပြီး HIV အရေးပေါ် ကာကွယ်ကုထုံးလိုအပ်ကြောင်း ခေါ်ဆိုသူ ၂ ရာခိုင်နှုန်းရှိပါတယ်။
မေး ။ ။ ကုသရေးစင်တာတွေ Lock Down နေရာတွေ
မှာ ရောက်နေကြတဲ့ HIV ဝေဒနာရှင်တွေ
အတွက် ART ဆေးရရှိရေး ဘယ်လိုများ ဆောင်ရွက်ပေးထား ပါသလဲ။
ဖြေ ။ ။ သူတို့အတွက်ကတော့ NGO တွေ၊ လူထုအခြေပြု
ကွန်ရက်တွေ ဒါတွေနဲ့ ပူးပေါင်းပြီးတော့
ဆောင်ရွက်နေတာရှိပါတယ်။ ခုနနေရာတွေမှာ ရောက်နေ တဲ့သူတွေဆို ART ဆေးထုတ်ယူရရှိရေးဟာ အခက်အခဲ ရှိမှာပါပဲ။ ဒီအခက်အခဲရှိတဲ့သူတွေအတွက်ကို ဒီကုသရေး စင်တာတွေ၊ Quarantine စင်တာတွေအရောက် ART ဆေးဝါးတွေပို့ဆောင်ပေးတာ ဖြစ်ပါတယ်။ ဆေးမပြတ်လပ် စေရေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါကို အဓိက ချိတ်ဆက်ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းက MPG (My-anmar Positive Group) ဖြစ်ပါတယ်။ သူတို့နဲ့ ချိတ်ဆက်ပြီး ခုခံကျ ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ကနေပြီးတော့ ART ဆေးဝါးတွေကို ဝေဒနာရှင်တွေထံ အရောက်ပို့ပေးတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၅၇ နေရာကိုလည်း ပုံမှန်ထုတ်ပေးနေပါတယ်။ ကိုဗစ် ကူးစက်သူနဲ့ ထိတွေ့မှု ဖြစ်လို့ Quarantine စင်တာရောက်တယ်ဆိုရင် Quaran-tine ဝင်နေသူတွေအတွက် ၁၂ နေရာရှိတယ်။ အဲဒီနေရာတွေ သွားပြီး MPG ကနေပြီးတော့ တိုက်ရိုက်ဆေးဝါးတွေ ရရှိ ရေးဆက်သွယ်ဆောင်ရွက်ပေးနိုင်တယ်။ ကိုဗစ်ဖြစ်သွား ပြီဆိုရင် ထားတဲ့နေရာချိတ်ဆက်ဆောင်ရွက်ဖို့ လေးနေရာ ရှိပါတယ်။ အောင်ဆန်းဆေးရုံ၊ ဒဂုံဆိပ်ကမ်းရိုးမရိပ်သာ၊ ဒဂုံအောင်မြင့်မိုရ်၊ တောင်ဥက္ကလာပဆေးရုံ အဲဒီနေရာတွေ မှာ ကိုဗစ်ဖြစ်ပြီး ART ဆေးဝါး သောက်နေရသူတွေအတွက် ခုနပြောတဲ့ ၅၇ နေရာအပြင် ဆေးဝါးရောက်ရှိအောင် ပို့ပြီး ဆောင်ရွက်နေတာ ရှိပါတယ်။
မေး ။ ။ ART ဆေးဝါးတွေ ထုတ်ပေးတဲ့အခါမှာ ဆေး
ထုတ်ယူသူတွေ အဆင်ပြေစေဖို့ ယခင်နဲ့ ယခု ထူးထူးခြားခြား ဆောင်ရွက်ပေးနေတာမျိုးတွေ ရှိရင်လည်း သိချင်ပါတယ်။
ဖြေ ။ ။ ပြီးခဲ့တဲ့ ဇန်နဝါရီကစပြီး ကျွန်တော်တို့ရဲ့ စီမံ
ချက်က ART ဆေးဝါးတွေကို အရင်ကဆို
သုံးလစာပေးတယ်။ အခုဆိုရင် ခြောက်လစာပြောင်းပေးဖို့ ဆိုပြီး ညွှန်ကြားထားတာ ရှိပါတယ်။ အခုဆို ခြောက်လစာ ထုတ်ပေးနေပါတယ်။ ART ဆေး သောက်သုံးနေတဲ့ ၇၀ ရာခိုင်နှုန်းက ခြောက်လစာ ထုတ်ပေးထားပြီးခဲ့ပြီ ဖြစ်ပါ တယ်။ ဒီအပေါ်မှာတော့ ကျွန်တော်တို့က ခုခံကျကာလသား တိုက်ဖျက်ရေးကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း ဆေးဝါး ပြတ်လပ်မှုမရှိအောင် ထောက်ပံ့နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ Quarantine စင်တာတွေကို ရောက်နေရင်လည်းပဲ သူတို့ မိသားစု တွေကနေပြီး တော့ လိုအပ်တဲ့အသုံးအဆောင်ကအစ ပို့ဆောင်ရေးအဖွဲ့တွေကလည်းပဲ စေတနာ့ဝန်ထမ်းတွေ က ပို့ဆောင်ပေးနေတာ ဖြစ်တယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ART ဆေးဝါးတွေ၊ ကိုဗစ်-၁၉ ကြောင့် သူတို့ ရောက်နေတဲ့ နေရာတွေမှာ ဆေးမပြတ်လပ်ရေးအတွက် ဆောင်ရွက်နေတဲ့အတွက် စိုးရိမ်စရာမရှိအောင် စီစဉ် ဆောင်ရွက်နေပါတယ်။
မေး ။ ။ HIV ဝေဒနာရှင်တွေနည်းတူ ကိုဗစ်ကာလ
အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ တီဘီလူနာတွေအတွက် ဆေးပြတ်လပ်မှုမရှိအောင် ဆောင်ရွက်နေမှုအခြေအနေကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ တီဘီလူနာတွေအတွက် တီဘီဆေး မပြတ်လပ်
ရေးက အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဌာနအနေနဲ့ အလေးထား ဆောင်ရွက်နေပါတယ်။ တီဘီဆေး မပြတ်လပ်ဖို့အတွက် လည်း တီဘီတာဝန်ခံတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒီနှစ် မတ်လပိုင်းမှာ Contingency plan ရေးဆွဲထားတာ ရှိပါတယ်။ ရေးဆွဲပြီး ပြင်ဆင်ထားပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဒုတိယလှိုင်းကာလမှာ Stay at Home သတ်မှတ်ထားတဲ့အခါမှာ အခက်အခဲတွေ ပေါ်လာမှာဖြစ် တဲ့အတွက် ဒီအခက်အခဲတွေ ဖြေရှင်းဖို့အတွက် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးတွေ၊ တီဘီတာဝန်ခံတွေ၊ မိတ်ဖက် အဖွဲ့ အစည်းတွေနဲ့ Virtual meeting ပြုလုပ်ပြီး လုပ်ငန်း ဆောင်ရွက်မှုအဆင်ပြေချောမွေ့အောင် ညှိနှိုင်းဆောင်ရွက် ခဲ့ပါတယ်။
ကျွန်တော်တို့မှာ တီဘီဆေးသိုလှောင်ရုံ ရှိပါတယ်။ တီဘီဆေးသိုလှောင်ရုံမှာဆိုရင် တီဘီဆေးနဲ့ ဆေးပစ္စည်း တွေ လုံလုံလောက်လောက် ဖြည့်တင်းထားတာ ရှိပါတယ်။ တီဘီဆေးရဲ့ Buffer ကို ၄၀ ရာခိုင်နှုန်း အပိုဆောင်းထား ပါတယ်။ ဆေးတိုး တီဘီ၊ ရိုးရိုးတီဘီလူနာတွေအတွက် ကနဦးကြပ်မတ်ဆေးကုတဲ့ ကာလရှိတယ်။ အဲဒီ လူနာတွေ အတွက် ဆေးနှစ်လစာ ထုတ်ပေးထားပါတယ်။ ဆက်ပြီး ကုရမယ့် ကာလရှိတယ်။ အဲဒီအတွက်လည်း သုံးလစာ ထုတ်ပေးထားပါတယ်။ ငါးလ ကြာတဲ့အခါ သလိပ်စစ်ပြီး တော့ ဆေးဆက်လက်ပေးတဲ့လုပ်ငန်းတွေ ဆောင်ရွက်ပါ တယ်။ ဒီမှာ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ရှိပါတယ်။ PSI (Population Services Internationl) , MMA (Myanmar Medical Association), General Prac- titioners Clinic တွေ ပိတ်တဲ့အခါ မြို့နယ်တီဘီဌာနတွေ ကိုလာပြီး ဆေးတောင်းခံတဲ့အခါ ဆေးမပြတ်လပ်စေရေး အတွက် စီစဉ်ထားတာရှိပါတယ်။ အဲဒီအပြင် ရပ်ဝေး၊ နိုင်ငံခြား ကနေ ဆေးတောင်းခံလာရင်လည်း Temporary Drug Supply ပေးနိုင်အောင်လည်း စီစဉ်ထားပါတယ်။ ရန်ကုန်မှာ ဆိုရင် အောင်ဆန်းတီဘီဌာန(UTI)၊ လသာတီဘီဌာနတွေမှာ (4FDC) ဆေးပြတ်လပ်မှုမရှိစေရေးအတွက်ကို ဆေး Stock များပေးထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဆေးယဉ်ပါး တီဘီလူနာတွေအတွက်ဆေးတစ်လစာပေးထားပြီး အခြေခံ ကျန်းမာရေးဝန်ထမ်းပညာရှင်တွေ လက်ထဲမှာလည်း ဆေး တစ်လစာ ထုတ်ပေး ထားပါတယ်။ ဆေးယဉ်ပါးလူနာတွေ Quarantine စင်တာတွေ Lockdown ဧရိယာထဲရောက်နေ တယ်ဆိုရင် ဆေးထိုးမှုအခက်အခဲမဖြစ်အောင် ထိုးဆေး အစား သောက်ဆေးပြောင်းပြီး ကုသနိုင်ဖို့ စီစဉ်ထားပါ တယ်။
ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ဆောင်ရွက် ပေးနိုင်တဲ့အခြေအနေက စုစုပေါင်း ရန်ကုန်တစ်တိုင်းလုံး အနေနဲ့ဆိုရင် ဆေးတိုးတီဘီ/ရိုးရိုးတီဘီလူနာ ၁၄၈၆၇ဦးနဲ့ ဆေးယဉ်ပါး တီဘီလူနာ ၉၄၉ ဦးကို အခမဲ့ကုသပေးနိုင် ခဲ့ပါတယ်။ ဒီအပေါ်မှာတော့ တီဘီရောဂါနဲ့ ပတ်သက်ပြီး တော့ ဆေးယဉ်ပါးတဲ့ တီဘီလူနာတွေရော၊ ရိုးရိုးတီဘီလူနာ တွေရော၊ ဆေးတိုးတဲ့တီဘီလူနာတွေရော အားလုံးကို ကိုဗစ် ကာလထဲမှာ အခက်အခဲအကျပ်အတည်းတွေကြားထဲကနေ တီဘီဆေးပုံမှန်သောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ တီဘီရောဂါ ကာကွယ်၊ ကုသ၊ စောင့်ရှောက်ရေးလုပ်ငန်းတွေအရှိန်အဟုန်မပြတ် ဆောင် ရွက်နေတာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါထဲမှာ ပိုမိုပြီး တီဘီလူနာတွေ အရှိန်အဟုန်မြှင့် ရှာဖွေရေးကလည်း အရေး ကြီးပါတယ်။ Mobile Team တွေနဲ့ လှည့်လည်ဆေးကုပြီး ရှာဖွေရေးအပိုင်းမှာရော၊ ကုသရေးအပိုင်းမှာရော ပိုပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ တီဘီ ဆေးမပြတ်လပ်ရေးကို ဦးစားပေးဆောင်ရွက်နေပါတယ်။
မေး ။ ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိအောင် တီဘီကုသ
တဲ့နေရာတွေ ဆေးထုတ်ယူရတဲ့ နေရာတွေမှာ ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်
ပြီး မြို့နယ်တီဘီဌာနတွေ၊ တီဘီအထူးကု
ဆေးရုံကြီးတွေမှာ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းတွေ လုံလုံလောက်လောက် ဖြန့်ဝေထားတာ ရှိပါတယ်။ တီဘီ ဝန်ထမ်းနဲ့ ဆရာဝန်တွေအတွက်ကျတော့ N95 နှာခေါင်း စည်း၊ လက်အိတ်၊ လက်သန့်ဆေးရည်၊ ဆံပင်အကာ၊ မျက်နှာအကာ၊ Surgical gown တွေ ပေးဝေထားပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်မခံရအောင် ကျွန်တော်တို့ရဲ့ နံပါတ်တစ် ဦးစားပေးအချက် ဖြစ်ပါတယ်။ ပြင်ပလူနာဌာနတွေ၊ ဆေးယဉ်ပါးတီဘီဆေးကုဌာနတွေမှာ အလှည့်ကျ တာဝန်ထမ်းဆောင်စေပါတယ်။ တာဝန်ထမ်း ဆောင်မယ့် ဝန်ထမ်းတွေအတွက်လည်း YRTA အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ယာဉ်အကြိုအပို့ စီစဉ်ပေးထားပါတယ်။
တီဘီလူနာတွေအတွက် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း Mask တွေ ဖြန့်ဝေပေးထားပါတယ်။ ကျန်းမာရေးဌာန ကို လာရောက်ပြသတဲ့လူနာတွေ တစ်ဦးနဲ့တစ်ဦး နီးနီး ကပ်ကပ်မရှိစေရေးက အလွန်အရေးကြီးပါတယ်။ အထူး သဖြင့် တီဘီလူနာတွေအတွက် ပိုပြီးတော့ကို လူနာတွေ တစ်ဦးနဲ့ တစ်ဦး နီးနီးကပ်ကပ် အလွန်အရေးကြီးတဲ့အတွက် ဆေးခန်းတွေကအစ ပြင်ဆင်ရပါတယ်။ လူနာစောင့်ဆိုင်း တဲ့နေရာတွေမှာ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခြားစီ ထိုင်ဖို့၊ လက်ဆေးဖို့အတွက် ခြေနင်းလက်ဆေးဘေစင်တွေ တပ်ထားပေးပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကနေပြီး တော့ လူနာကြည့်မယ်ဆိုရင် Level (2) PPE ဝတ်ဆင်ပြီး မှ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်စေပါတယ်။ ကျန်းမာရေးဌာန အဆောက်အဦအတွင်းမှာရှိတဲ့ နံရံတွေ၊ ကြမ်းပြင်တွေကို နေ့စဉ်ပိုးသတ်ပြီး သန့်ရှင်းရေးလုပ်ရ ပါတယ်။ဒါတွေကိုလည်း နေ့စဉ်ဆောင်ရွက်နေရပါတယ်။
မေး ။ ။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ တီဘီလူနာတွေ
ရှာဖွေကုသရေး ဘယ်လိုဆောင်ရွက်နေပါသလဲ။
ဖြေ ။ ။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ တီဘီရောဂါ
လူနာတွေအရှိန်မြှင့် ရှာဖွေဖို့ အလွန်အရေးကြီး ပါတယ်။ အလွန်အရေးကြီးတဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်မှုနဲ့ရေးဆွဲထားတဲ့ တီဘီ ရောဂါကွင်းဆင်းရှာဖွေရေး ကုသရေးလမ်းညွှန်ချက်တွေ အပေါ်အခြေခံပြီး ယခုနှစ် နိုဝင်ဘာလကနေစပြီး Mobile Team နယ်လှည့်ဆေးကုသရေးအဖွဲ့တွေနဲ့ လှည့်လည်ပြီး တီဘီလူနာတွေကို ရှာဖွေတဲ့လုပ်ငန်းလည်း ဆောင်ရွက်နေ ပါတယ်။ နောက်ပြီး ရန်ကုန်တိုင်းထဲမှာရှိတဲ့ ဖျားနာကု ဆေးခန်းတွေ မှာလည်း Mobile Team တွေက လှည့်လည် ပြီး ရောဂါရှာဖွေရေး ဓာတ်မှန်ရိုက်ကူးတာကအစ ဆောင်ရွက် နေပါတယ်။
မေး ။ ။ ဖြည့်စွက် ပြောကြားစရာရှိရင် ပြောကြားပေးပါ။
ဖြေ ။ ။ HIV ပိုးရှိတယ်။ ပုံမှန်ဆေးသောက်နေရတယ်
ဆိုရင် ပိုပြီးတော့ ရောဂါခံစားရတာလည်း မရှိပါဘူး။ ဒါကြောင့် ပုံမှန်ဆေးသောက်ရေးကလည်း သူတို့ အတွက် အလွန်အရေးကြီးပါတယ်။ HIV ဝေဒနာရှင်ပဲဖြစ်ဖြစ်၊ တီဘီလူနာပဲဖြစ်ဖြစ် ဒီလူတွေအားလုံး ကိုဗစ်ကာလမှာ ဆေးဝါးတွေမပြတ်လပ်ရေး အလွန်အရေးကြီးလို့ ကျွန်တော် တို့ဘက်က ကြိုးစားပြီးဆောင်ရွက်နေပါတယ်။ ဝေဒနာရှင် တွေဘက်ကလည်း ကိုဗစ်-၁၉ ကူးစက်ခံရမှု မရှိစေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန် ထားတဲ့ ကာကွယ်ရေးနည်းလမ်းတွေ၊ ညွှန်ကြားချက်တွေကို လိုက်နာဖို့ လိုပါတယ်။ မလိုအပ်ဘဲ အပြင်ကို မထွက်ကြ ပါနဲ့။ ကိစ္စရှိလို့ အပြင်ထွက်ကြမယ်ဆိုရင်လည်း Mask တွေ၊ Face Shield တွေ သေသေချာချာတပ်ဆင်ပြီးမှ ထွက်ကြ ပါ။ လူစုလူဝေးရှိတဲ့နေရာတွေကိုလည်း မသွားကြပါနဲ့။ လက်ကို မကြာခဏဆေးပါ။ ကိုယ့်ရဲ့ ဆေးမပြတ်လပ်ရေး ဆောင်ရွက်နေတဲ့နည်းတူ ကိုဗစ် - ၁၉ ကာကွယ်ရေး နည်းလမ်းတွေကိုလည်း လူနာတွေအားလုံး လိုက်နာပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း- သီသီမင်း၊ မင်းသစ်(MNA)
ဓာတ်ပုံ - ဥက္ကာဖြိုး
- Log in to post comments