ကိုဗစ်တတိယလှိုင်းနှင့် လေကြောင်းစီးပွားရေး

Type

သက်မောင်(စက်မှု)

===============

 

၂၀၁၉ ခုနှစ်နှောင်းပိုင်းက စတင်လာခဲ့သော  ကိုဗစ်-၁၉ ကပ်ရောဂါ သည် မြန်မာနိုင်ငံသို့  ၂၀၂၀ ပြည့်နှစ်  မတ်လတွင် စတင်ပျံ့နှံ့ရောက်ရှိ လာရာ  ယခုဆိုလျှင်  တစ်နှစ်ခွဲတိုင်ကြာရှည်လာခဲ့ပြီဖြစ်သည်။ ကိုဗစ်က ဗီဇမျိုးကွဲများဖြင့်   တစ်လှိုင်းပြီးတစ်လှိုင်း  ဝင်လာလိုက်၊ ထိန်းချုပ်သွားနိုင်လိုက်နှင့်   မြန်မာပြည်သို့   တတိယလှိုင်းရိုက်ခတ် ခဲ့သည်မှာပင် သုံးလခန့်ရှိပြီဖြစ်သည်။


လေကြောင်းစီးပွားရေးက အထိခိုက်ဆုံးဖြစ်


ကိုဗစ်လှိုင်းက   ရပ်တန့်မသွားနိုင်သေးဟု    ခန့်မှန်းကြပြီး ပုံမှန်အခြေအနေသို့ အစောဆုံး ၂၀၂၃ ခုနှစ်လောက်ကျမှ ရောက်ရှိလာ နိုင်မည်ဟု ခန့်မှန်းကြသည်။  တစ်ကမ္ဘာလုံးတွင်   ကိုဗစ်ကပ်ရောဂါ ကြောင့် စီးပွားရေးရိုက်ခတ်မှုဒဏ်ကို လုပ်ငန်းအများစုက  ခံစားကြရ သည်။  သို့ရာတွင်  စီးပွားရေးရိုက်ခတ်မှုဒဏ်ခံရသည့်လုပ်ငန်းများ အနက် လေကြောင်းစီးပွားရေးက အထိခိုက်ဆုံးဖြစ်ပါမည်။ ထိုအချက် က ကမ္ဘာ့နာမည်ကြီး၊ အင်အားကြီး လေကြောင်းလိုင်းကြီးများမျက်စိ ရှေ့တွင်  ရုတ်ခြည်းပြိုပျက်သွားကြ၊  ဒေဝါလီခံသွားကြရသည့်ဖြစ်ရပ် များက သက်သေဖြစ်သည်။


လေကြောင်းစီးပွားရေးသည် အရင်းအနှီးများပြားပြီး   စွန့်စားရ သည့်  စီးပွားရေးလုပ်ငန်းဖြစ်သဖြင့်   နည်းနည်းမှအတိမ်းအစောင်း မခံနိုင်သည့်သဘောဖြစ်ရာ      စီမံခန့်ခွဲမှု   ကောင်းမွန်နေစေသည့်တိုင်   ကိုဗစ်ကပ်ရောဂါမျိုးကဲ့သို့   မမျှော်မှန်းနိုင်သောဖြစ်ရပ်များကြောင့် လည်း  ထိခိုက်ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်ကြရသည်။    စင်းရေ  ရာဂဏန်းချီ ပြီး     ရင်းနှီးမြှုပ်နှံမှုကြီးမားလေလေ     ဆုံးရှုံးမှုကြီးလေလေ ဖြစ်သည်။ 


မြန်မာနိုင်ငံရှိ  လေကြောင်းလိုင်းများမှာ ပမာဏသေးငယ်သော လေကြောင်းလိုင်းများဖြစ်ကြသည်။  လွန်ခဲ့သော နှစ်ကာလများက မြန်မာနိုင်ငံတွင် လေကြောင်းလိုင်း ၁၀ လိုင်းခန့်ရှိခဲ့ပြီး ကိုဗစ်မတိုင်မီ ကာလမှာပင် လေကြောင်းလိုင်းခြောက်ခုခန့်သာ ကျန်ရှိတော့သည် ကို တွေ့ရသည်။ ထိုအထဲတွင် ပြည်ပပျံသန်းသောလေကြောင်းများမှာ မြန်မာအမျိုးသားလေကြောင်းနှင့်      အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်းလိုင်း    နှစ်လိုင်းသာရှိသည်။         ကျန်လေကြောင်းလိုင်းများမှာ ပြည်တွင်းတွင်သာ   ပျံသန်းပြေးဆွဲကြသည်။   ကိုဗစ်မတိုင်မီကာလ မြန်မာ့လေပိုင်နက် ကောင်းကင်ယံထက်တွင် မြန်မာနိုင်ငံရှိလေကြောင်း လိုင်းများမှ    လေယာဉ်များ၊     နိုင်ငံတကာလေကြောင်းလိုင်းများမှ လေယာဉ်များဖြင့် လှပပြည့်စုံနေခဲ့သော်လည်း  ယခုအခါတွင်မူ  မမြင် တွေ့ရသလောက်  နည်းပါးသွားပြီဖြစ်သည်။   ယခင်ကာလများဆီက ပြည်တွင်းပျံသန်းသည့်လေယာဉ်အများစုမှာ      ပြင်သစ်နိုင်ငံလုပ်  အေတီအာရ်လေယာဉ်များဖြစ်ပြီး  စင်းရေ  သုံးဆယ်ကျော်ရှိသည်ဟု မှတ်သားမိသည်။ 


တစ်ကမ္ဘာလုံးတွင် လေကြောင်းစီးပွားရေးလုပ်ငန်းများ  ထိခိုက် ဆုံးရှုံးသည့်သတင်းများကြားသိရသည့်အခါ မြန်မာနိုင်ငံလေကြောင်း လိုင်းများ ဆက်လက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် စိတ်ပူစရာဖြစ်သည်။ မြန်မာနိုင်ငံလေကြောင်းလိုင်းများထဲတွင်မှ         မြန်မာအမျိုးသား လေကြောင်းလိုင်းသည် တစ်ခုတည်းသော နိုင်ငံတော်ပိုင်လေကြောင်း၊ အာရှပစိဖိတ်ဒေသတွင် တတိယမြောက်တည်ထောင်သည့်လေကြောင်း လိုင်း၊ သက်တမ်း (၇၃) နှစ်ရှိပြီဖြစ်သည့်လေကြောင်းလိုင်း၊ ၂၀၁၃ ခုနှစ် မှစ၍ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှထွက်ပြီး  မိမိခြေထောက်ပေါ်မိမိ ရပ်တည်နေသည့် လေကြောင်းလိုင်းဖြစ်သဖြင့် ကိုဗစ်အခက်အခဲကြား တွင် ရပ်တည်ရှင်သန်နေနိုင်မှုအပေါ်  စိတ်ဝင်စားစရာ၊ မေးခွန်းများ ထုတ်စရာဖြစ်လာခဲ့သည်။ 


ပို၍စိုးရိမ်ဖွယ်ရာဖြစ်


ကိုဗစ်ရိုက်ခတ်မှုဒဏ်ကြောင့်   မြန်မာအမျိုးသားလေကြောင်း လိုင်းအပါအဝင် မြန်မာနိုင်ငံရှိလေကြောင်းလိုင်းများအားလုံး အရှုံး ပေါ်ကြသည်။    လက်ရှိအချိန်တွင်     နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ   မကြုံစဖူးမြင့်တက်လာရာ ထိုငွေလဲနှုန်းကြောင့် တစ်ဒေါ်လာတိုင်း တွင်  ကျပ်လေးငါးရာခန့်  နေရင်းထိုင်ရင်း ရှုံးနေမည်ဖြစ်ရာ အရှုံးတွင်  အရှုံးဆင့်ဖြစ်နေကြသည်။   မြန်မာအမျိုးသားလေကြောင်းသည် ပြည်တွင်းလေကြောင်းများအနက် လေယာဉ်အင်အားအများဆုံးဖြင့် ပြည်တွင်းပြည်ပပြေးဆွဲနေသည့်    လေကြောင်းလိုင်းဖြစ်သကဲ့သို့  အခြားသောပုဂ္ဂလိကလေကြောင်းများကဲ့သို့ သီးခြားနောက်ခံအင်အား မရှိသည့်အတွက် ပို၍စိုးရိမ်ဖွယ်ရာဖြစ်သည်။ 


စုံစမ်းသိရှိရသမျှ  မြန်မာအမျိုးသားလေကြောင်းသည်  ကိုဗစ် ကာလမတိုင်ခင်အထိ ခရီးသည်နှင့်   ဝင်ငွေအကောင်းဆုံးရရှိနေပြီး မြတ်စွန်းမည်မှာ  သေချာသောအနေအထားဖြစ်သည်။   သို့သော် ကိုဗစ်ကာလတွင် ဝင်ငွေမှာ  ၈၅  ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားခဲ့ ကြောင်းနှင့် ထို့အတွက်အသုံးစရိတ်လျှော့ချရေး ဆောင်ရွက်ရာတွင်       ၅၃  ရာခိုင်နှုန်းခန့်သာ  ကျဆင်းသည့်အတွက်   အရှုံးကြီးမားနေခဲ့ ကြောင်း၊ အသုံးစရိတ်တွင် အကြီးမားဆုံးမှာ လေယာဉ်များ ငှားရမ်းခ ပေးချေစရိတ်နှင့် ဝန်ထမ်းလစာစရိတ်ဖြစ်သဖြင့် လေကြောင်းကို လေယာဉ်  ၁၀  စင်းအထိ လျှော့ချပြီး မူလဝန်ထမ်းအင်အား ၂၀၀၀  ကျော်ကို   အချိုးကျလျှော့ချရေး    စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။  ကိုဗစ်ကြောင့်   ဝင်ငွေကျဆင်းသွားသည့်ကာလမှာ နှစ်ချီလာပြီဖြစ်ရာ ဆက်လက်ရပ်တည်နိုင်ရေးအတွက်  လေယာဉ်နှင့် ဝန်ထမ်းအင်အားလျှော့ချကာ   အသုံးစရိတ်လျော့ကျလာအောင်  ဆက်လက်ဆောင်ရွက်နေသကဲ့သို့  ဝင်ငွေတိုးတက်ရရှိရေးအတွက် ပြည်ပနိုင်ငံများသို့ ကယ်ဆယ်ရေးခရီးစဉ်များ၊ ကုန်တင်နှင့်   စင်းလုံး ငှားခရီးစဉ်များ   ကြိုးပမ်းရှာဖွေပြေးဆွဲခြင်းဖြင့်    ဝင်ငွေရှာလျက်ရှိ ကြောင်း၊  တစ်ချိန်တည်းမှာပင် ဖြစ်ပေါ်လာသည့် ငွေကြေးအခက်အခဲ များပြေလည်စေရန်  နိုင်ငံတော်က   ချေးငွေရယူရေးဆောင်ရွက်နေ သကဲ့သို့ အစုရှယ်ယာများ   ထုတ်ရောင်းရန်ကိုလည်း စီမံလျက်ရှိနေ ကြောင်း သိရှိရသည်။ 

မြန်မာအမျိုးသားလေကြောင်းသည် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် သက်တမ်း ၇၃ နှစ်အထိ ရပ်တည်နိုင်ခဲ့သည့်လေကြောင်း ဖြစ်ပြီး နိုင်ငံတော်ပိုင် နိုင်ငံ့ပုံရိပ်လည်းဖြစ်သဖြင့် ဆက်လက်ရှင်သန် တည်တံ့နိုင်ရန် နိုင်ငံတော်ကလည်း ကူညီပေးနေသကဲ့သို့ လေကြောင်း လိုင်းကိုယ်တိုင်လည်း      ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း   သိရှိ ရသည်။   မြန်မာအမျိုးသားလေကြောင်းအပါအဝင်  မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများအားလုံးသည်လည်း    ကိုဗစ်စီးပွားကပ်ကို    ကျော်လွှားလွန်မြောက်နိုင်ရန် အသီးသီးအားထုတ်ကြိုးပမ်းလျက်ရှိ နေကြမည်မှာသေချာလှသည်။          ယခုအထိတော့ရှိနေသည့်  လေကြောင်းလိုင်းများအားလုံးသည်  ကိုဗစ်ကိုအန်တုပြီး  ကြံ့ကြံ့ခံ ရပ်တည်နေကြကြောင်း တွေ့ရှိရသည်။         ။