Type

ရဲမြင့်ကျော်
နှစ်သစ်ဦးမှာစတင်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့လောက်မှာ စတင်ဝုန်းဒိုင်းကြဲခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ နှစ်လ အကြာ မတ်လ ၂၃ ရက်နေ့ကစလို့ တရုတ်မှာ သေဆုံးသူ မရှိတာ၊ ရောဂါပိုးထပ်မံကူးစက်ခံရသူ သိသိသာသာ လျော့နည်းသွားတာစသဖြင့် နိုင်နိုင်နင်းနင်းရှိသွားပြီး ကြောက်မက်ဖွယ် ကူးစက်ရောဂါက လေကြောင်းလိုင်း တွေကတစ်ဆင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံအထိ အံ့အား သင့်ဖွယ် ပျံ့နှံ့သွားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မတ် ၂၆ ရက် ထုတ်ပြန် ချက်အရ တစ်ကမ္ဘာလုံးတွင် လူပေါင်း ၄၆၂၆၈၄ ဦး ကူးစက် ခံရပြီး ၂၀၈၃၄ ဦး အသက်ဆုံးရှုံးခဲ့တယ်။ အီတလီမှာ တစ်နေ့တည်း လူ ၈၀၀ နီးပါးသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၇၅၀၅ ဦး ရှိသွားလို့ (ဆရာဝန် ၂၃ ဦးအပါအဝင်) တရုတ်မှာ သေဆုံးသူ ၃၂၉၃ ဦးထက် ပိုစံချိန်ချိုးသွားပါ တယ်။ စပိန်မှာ ကူးစက်ခံရသူ ၄၇၆၁၀ ဦးရှိနေပြီး သေဆုံးသူ ၃၄၃၄ ဦး၊ အမေရိကန်မှာ ကူးစက်ခံရသူ ၆၃၅၇၀ ဦးနဲ့ သေဆုံးသူ ၈၈၄ ဦး၊ ဗြိတိန်မှာ ကူးစက်ခံရသူ ၉၅၃၃ ဦးနဲ့ သေဆုံးသူ ၄၆၃ ဦး စတဲ့ ဥရောပတစ်လွှား စိုးရိမ်ဖွယ်အခြေ အနေတွေ ရှိနေပါတယ်။
အီရန်မှာ ကူးစက်ခံရသူ ၂၇၀၁၇ ဦးနဲ့ သေဆုံးသူ ၂၀၇၇ ဦး ရှိပါတယ်။ ဂျာမနီမှာ လူနှစ်ဦးထက်မပိုဖို့ တားမြစ်လိုက်ပြီး တစ်ဦးချင်း မိမိကိုယ်ကို အသွားအလာ ကန့်သတ်မှု (self-quarantine) လုပ်ကြဖို့ ကြေညာထား တယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း တစ်ဘီလီယံကျော် လူထုကို ၁၄ ရက်ကြာ မိမိကိုယ်ကို Quarantine လုပ်ဖို့ ကြေညာပါတယ်။
နိုင်ငံကိုယ်စီဟာ နယ်စပ်တွေ၊ လေဆိပ်တွေ ပိတ် လိုက်ပြီး နိုင်ငံထဲရှိသမျှ နိုင်ငံခြားသားတွေကို မောင်းထုတ် ပါတယ်။ ထိုင်းကနေ မြန်မာဘက်ဆီ ပြန်ဝင်လာကြတဲ့ လုပ်သားလှိုင်းလုံးကြီးကို ပြည်တွင်းက စိုးရိမ်စိတ်တွေနဲ့ ပြောကြဆိုကြသလို သူတို့ကို ၁၄ ရက်ကြာ Quarantine စီမံပေးဖို့ခက်လို့ အိမ်မှာပဲ ကန့်သတ်နေထိုင်ကြဖို့ နိုင်ငံတော် အစိုးရက မေတ္တာရပ်ခံပါတယ်။ ယနေ့အထိ မြန်မာနိုင်ငံ မှာ ပြည်ပမှ ပြန်လာသူတွေအပါအဝင် ရှစ်ဦးမှာ COVID–19 ရောဂါပိုးရှိကြောင်း တရားဝင်ကြေညာထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ တစ်ပါတည်းလိုက်လာတာ က ကမ္ဘာ့စီးပွားရေး၊ လူမှုရေး အစစပျက်စီးယိုယွင်းသွား မယ့် အခြေအနေပါ။ နိုင်ငံတွေအနေနဲ့ တံတိုင်းတွေခတ်၊ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေပိတ်၊ စက်ရုံတွေပိတ်၊ ခရီးသွားလာမှုကန့်သတ်၊ ကုန်သွယ်ရေးလျှော့ချမှုတွေ လုပ်ဆောင်မှုရဲ့နောက်မှာ အလုပ်လက်မဲ့ပြဿနာ၊ စားရေရိက္ခာပြဿနာနဲ့ လုံခြုံရေးပြဿနာတွေဟာ ရက်ရှည်လာတာနဲ့အမျှ မလွဲမသွေ ရင်ဆိုင်ဖြေရှင်းဖို့ လိုလာပါမယ်။
သမ္မတ ထရမ့်က ဗိုင်းရပ်စ်တိုက်ဖျက်ရေးနဲ့ အမေရိကန် စီးပွားရေးကယ်မဖို့ တစ်ထရီလီယံဒေါ်လာအထိ အသုံးပြုမယ်၊ လစာပံ့ပိုးမှုတွေ လုပ်မယ်လို့ ပြောလာသည့် တိုင်အောင် အမေရိကန်နိုင်ငံသားအချို့က စိုးရိမ်မှုတွေနဲ့ သူတို့လုံခြုံရေးအတွက် လက်နက်တွေ ဝယ်ယူလာကြ တာလည်း အများသားပါ။ ဘာသာရေးသမားတွေနဲ့ အနာ ဂတ္တိဆရာတွေကတော့ ကမ္ဘာကြီးရဲ့နောက်ဆုံးရက်တွေ ရောက်လာပြီ၊ ကမ္ဘာပျက်ကိန်းကြုံပြီလို့ ပြောဟော လာပါတယ်။
ကမ္ဘာပျက်၊ မပျက်တော့မသိ သေချာတာကတော့ ဂလိုဘယ်လိုက်ဇေးရှင်းကတော့ ပြိုပျက်သွားပါပြီ။ နိုင်ငံ အချင်းချင်း ယုံကြည်မှု၊ လူတစ်ဦးကိုတစ်ဦး ယုံကြည်မှုတွေ ပျက်ပြားသွားပါပြီ။ လွန်ခဲ့တဲ့နှစ် ၃၀ ကစလို့ အရှိန်ပြင်းပြင်း နဲ့ မောင်းခုတ်ခဲ့တဲ့ ဈေးကွက်၊ ကုန်သွယ်ရေး၊ နည်းပညာတို့ ဦးဆောင်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဟာ နိုင်ငံတွေကြား ကုန်သွယ်မှုမရှိ၊ ရင်းနှီးမြှုပ်နှံမှုမရှိ တံခါးတွေပိတ်ထား ရတဲ့ Deglobalization ဖြစ်စဉ်ကို ပြန်ရောက်သွားပါပြီ။ ကိုရိုနာကူးစက်မှု ဒီလောက်မြန်ဆန်တာဟာ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြောင့်လို့ အပြစ်တင်တာတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေဟာ ဘယ်လောက်ကြာမလဲ၊ ဘယ်လိုအဆုံးသတ်မလဲဆိုတာ မသိနိုင်သေးပါ။ ကမ္ဘာ့ နေရာတိုင်းမှာ မြင့်မားတဲ့ခေါင်းဆောင်မှုစွမ်းရည်နဲ့ နိုင်ငံသားတစ်ဦးချင်းစီတိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ လိုက်နာမှုတို့က ပိုအရေးကြီးလာပါတယ်။
ကူးစက်မှုသမိုင်း
အခုလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ် မတိုင်မီ က တည်းက ကူးစက်ရောဂါတွေဟာ လူသန်းပေါင်းများစွာကို သတ်ပစ်ခဲ့ဖူးပါတယ်။ လေယာဉ်ပျံတွေ၊ သင်္ဘောကြီး တွေမရှိသေးတဲ့ ၁၄ ရာစုမှာ Black Death ခေါ် ကြွက်က တစ်ဆင့်ကူးစက်တဲ့ ပလိပ်ရောဂါဟာ အရှေ့အာရှကနေ အနောက်ဥရောပကို ဆယ်စုနှစ်တစ်ခုအတွင်း ပျံ့နှံ့ပြီး လူသန်း ၂၀၀ နီးပါး သေဆုံးစေခဲ့တယ်။ အင်္ဂလန်မှာ လူ ၁၀ ဦးအနက် လေးဦး သေဆုံးခဲ့တယ်။ အီတလီက ကပ်ကြီးဆိုတိုင်း မပါမပြီးဆိုရမယ်။ ပလိပ်ရောဂါကြောင့် အီတလီ ဖလောရင့်မြို့မှာနေထိုင်တဲ့ လူတစ်သိန်းအနက် ငါးသောင်း သေဆုံးခဲ့ပါတယ်။ ၁၅၂၀ ပြည့်နှစ် မတ်လထဲ မက္ကဆီကိုနိုင်ငံမှာ ကျောက်ရောဂါစဖြစ်တယ်။ အဲဒီအချိန် ဘတ်စ်ကား၊ ရထားမပြောနဲ့ ဝန်တင်လှည်းတောင် မက္ကဆီကိုမှာမရှိသေးဘူးလို့ မှတ်တမ်းတွေကပြတယ်။ ဒါပေမယ့် ဒီဇင်ဘာလရောက်တော့ ကျောက်ရောဂါကူးစက် မှုဟာ ဗဟိုအမေရိကတစ်ခုလုံး ကူးစက်သွားပြီး လူဦးရေ သုံးပုံတစ်ပုံ သေဆုံးစေခဲ့ပါတယ်။
၁၉၁၈ ခုနှစ်မှာတော့ ကမ္ဘာ့ထောင့်နေရာတစ်ခု ပေါ်ထွက် လာတဲ့ ပြင်းထန်တဲ့ တုပ်ကွေးရောဂါဟာ လအနည်းငယ် အတွင်း ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံ (လူသန်း ၅၀၀ ခန့်) ကို ကူးစက်သွားပါတယ်။ နောက်ပိုင်း စပိန်တုပ်ကွေးလို့ခေါ် ပြီး အိန္ဒိယလူဦးရေရဲ့ ငါးရာခိုင်နှုန်းကို သေစေခဲ့ပါတယ်။ နောက်တစ်နှစ်အတွင်း သေဆုံးမှု သန်း ၁၀၀ ကျော်သွားပြီး ပထမကမ္ဘာစစ် လေးနှစ်ကာလ သတ်ဖြတ်မှုတွေကြောင့် သေဆုံးရတာထက် ပိုများပါတယ်။ ကူးစက်မှုရဲ့ အဓိက အကြောင်းက အဲဒီအချိန်မှာ ကမ္ဘာ့လူဦးရေတိုးပွားလာမှု၊ သယ်ယူပို့ဆောင်ရေးစနစ်တွေ တိုးတက်လာမှုကြောင့်ပါပဲ။
အခုနောက်ပိုင်း အေ့စ်ဒ်(AIDS)နဲ့ အီဘိုလာတို့လို ကြောက်မက်ဖွယ်ရောဂါဆိုးကြီးတွေ ပေါ်လာပေမယ့် အရင် ကလို လူသန်းပေါင်းများစွာ သေဆုံးစေတဲ့အထိ မကြုံခဲ့ ပါဘူး။ အကြောင်းကတော့ သိပ္ပံတွေ့ရှိချက်တွေနဲ့အတူ ဆေးပညာတိုးတက်လာမှု၊ ရောဂါပိုးမွှားတွေအပေါ် ဆရာဝန် တွေ နိုင်နိုင်နင်းနင်း ကိုင်တွယ်လာနိုင်မှုတို့ကြောင့်ပါပဲ။ ၁၄ ရာစု ပလိပ်ရောဂါနဲ့ ကျောက်ရောဂါကူးစက်မှုတွေ အစုလိုက်အပြုံလိုက်ဖြစ်တုန်းက လူတွေဟာ နတ်ဒေဝရှေ့ ဒူးထောက် ဆုတောင်းရွတ်ဖတ်ရုံမှတစ်ပါး ဘာမျှမတတ် နိုင်ခဲ့ပါဘူး။ ၂၀ ရာစုမှာတော့ သိပ္ပံပညာရှင်တွေ၊ ဆရာဝန် တွေဟာ ကူးစက်ရောဂါအကြောင်း ကောင်းကောင်း နားလည်လာပြီ။ ကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်လာပြီ။ ၁၉၆၇ ခုနှစ် ကမ္ဘာမှာ ကျောက်ရောဂါကူးစက်ခံရသူ ၁၅ သန်းရှိပြီး နှစ်သန်းခန့် သေဆုံးခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာ တော့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက ကျောက်ရောဂါကူးစက် မှု တစ်ယောက်မျှမရှိလို့ ဂုဏ်ယူကြေညာနိုင်ခဲ့တဲ့ အထိပါပဲ။
ပူးပေါင်းဆောင်ရွက်မှု
အဆိုပါကူးစက်မှုရောဂါသမိုင်းက လက်ရှိ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုအတွက် ဘယ်လိုသင်ခန်းစာတွေပေးနိုင် မလဲ။ နာမည်ကျော် ဂျူးလူမျိုးသမိုင်းပညာရှင် ယူဗလ်နိုအာ ဟာရာရီကတော့ နယ်စပ်ဂိတ်တွေ အမြဲတမ်းပိတ်ထားပြီး ကိုယ့်နိုင်ငံကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ကူးစက် ရောဂါဟာ ဂလိုဘယ်လိုက်ဇေးရှင်းမဖြစ်ခင် အလယ်ခေတ် မှာကတည်းက အလျင်အမြန် ပျံ့နှံ့ခဲ့တာကို မမေ့ကြဖို့ လိုတယ်လို့ ဆိုပါတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အလယ်ခေတ်လို၊ ကျောက်ခေတ်လို ဒီကနေ့ အကြာကြီးနေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ သမိုင်း အတွေ့အကြုံက သင်ကြားတာကတော့ စစ်မှန်တဲ့ကာကွယ် မှုဟာ အားကိုးနိုင်လောက်တဲ့ သိပ္ပံနည်းကျသတင်းအချက် လက်တွေကို မျှဝေပေးခြင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စည်းလုံး ညီညွတ်မှုတို့ဆီကနေပဲ လာတယ်လို့ဆိုပါတယ်။ နိုင်ငံ တစ်နိုင်ငံဟာ ရောဂါကူးစက်ခံရပြီဆိုရင် ဖုံးဖိမထားဘဲ ဖြစ်ရပ်မှန်သတင်းအချက်အလက်တွေကို အတိအကျ ထုတ်ဖော်ရမယ်။ အခြားနိုင်ငံတွေကလည်း သူ့ကို ဝိုင်းကြဉ် မထားဘဲ တတ်စွမ်းသမျှ ဝိုင်းကူရမယ်။ အခု ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်မှုမှာ တရုတ်က နိုင်ငံတကာပူးပေါင်းဆောင်ရွက် မှုနဲ့ အပြန်အလှန်ယုံကြည်မှုရဲ့အရေးပါမှုကို ကမ္ဘာ့နိုင်ငံ အားလုံးကို သင်ပြပေးသွားပါတယ်လို့ သုံးသပ်ပါတယ်။
အသွားအလာကန့်သတ်ထိန်းချုပ်မှု (quarantine) ထိထိရောက်ရောက်ဖြစ်စေဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက် မှုက လိုအပ်လျက်ပါပဲ။ ကူးစက်ရောဂါပျံ့နှံ့မှု ရပ်သွား ဖို့အတွက် အသွားအလာကန့်သတ်မှုတွေအပြင် လိုအပ်ပါ က အခြားသောပိတ်ဆို့တားမြစ်မှုတွေ မဖြစ်မနေလုပ်ဖို့ လိုပါတယ်။
သို့သော် အစိုးရတွေအနေနဲ့ တခြားနိုင်ငံတွေကို အဆက်ဖြတ်ဖို့၊ နိုင်ငံခြားသားတွေ မောင်းထုတ်ဖို့၊ လူထုကို သီးသန့်တားမြစ်ထားဖို့အတွက် ဆုံးဖြတ်ရခက်နေတတ် ပါတယ်။ ဒါပေမယ့် ဘယ်လိုအနေအထားဖြစ်ဖြစ် အခြား နိုင်ငံတွေ ကူညီနိုင်မယ့်လမ်းကြောင်းတွေနဲ့ နည်းလမ်း တွေကို ကိုယ့်ဘက်က ဖွင့်ပေးထားရပါမယ်။
နောက် လူထုတွေနားလည်ဖို့က ကူးစက်ရောဂါဟာ ဘယ်နိုင်ငံမှာပဲ စတင်ပြန့်ပွားပြန့်ပွား လူသားထုတစ်ရပ်လုံး အတွက် အန္တရာယ်ရှိသွားပြီဆိုတဲ့အချက်ပါ။ ဗိုင်းရပ်စ်တွေ ရဲ့ သဘာဝက အဆင့်ဆင့်ပြောင်းလဲတိုးပွားတတ်လို့ပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ကိုကြည့်ရင် လင်းနို့လို တိရစ္ဆာန်မှာ စတင်ပြီး လူသားဆီကူးလာတယ်။ လူရဲ့ကိုယ်ခံအားစနစ် က အဆင့်ဆင့်ပုံစံပြောင်းလာတဲ့ ဗိုင်းရပ်စ်တွေကို ခုခံ တိုက်ဖျက်နိုင်စွမ်းမရှိဘဲ ကူးစက်ခံရသူမှာ ထရီလီယံ သန်းပေါင်းများစွာသော ဆဲလ်တွေရသွားတယ်။ အဲဒီ ကူးစက်ခံရသူဆီက ထရီလီယံချီတဲ့ ဗိုင်းရပ်စ်တွေဟာ သူထိစပ်သွားတဲ့နေရာတွေကတစ်ဆင့် လူသားထုဆီ ကုဋေ ကုဋာပေါင်းများစွာ ထပ်ဆင့်ပွားပြီး ပို့ဆောင်ပေးတယ်။
အဲဒီကူးစက်ခံရသူဟာ ဝူဟန်ကမှ မဟုတ်ဘူး မီလန်က ဖြစ်ဖြစ်၊ အီရန်ကဖြစ်ဖြစ်၊ မြန်မာကဖြစ်ဖြစ် တစ်ယောက်ကူးစက်ခံရတာနဲ့ လူသားတစ်ရပ်လုံး အန္တရာယ်ကျရောက်သွားတော့တာပါပဲ။ ကူးစက်ရောဂါ ဗိုင်းရပ်စ်ဟာ တရုတ်၊ အီတလီ၊ အမေရိကန်၊ မြန်မာ ဆင်းရဲသူ၊ ချမ်းသာသူ၊ အာဏာရှိသူခွဲခြားပြီး အန္တရာယ် ပေးတာမဟုတ်ဘူး။ ကမ္ဘာ့တစ်နေရာရာက လူတစ်ဦး ကူးစက်ရောဂါရှိသွားတာဟာ ခင်ဗျားကိုယ်တိုင်အတွက် လည်း အန္တရာယ်ရှိသွားပြီလို့ တွေးရပါမယ်။ ကိုယ့်အတွက် သတိပေးခေါင်းလောင်းသံပါပဲ။ ဒါကြောင့် ကူးစက်ရောဂါ ဟာ ကမ္ဘာ့လူသားအားလုံးရဲ့ သေရေးရှင်ရေးပြဿနာ ဖြစ်တယ်။ နိုင်ငံတိုင်းက လူတစ်ဦးစီတိုင်းကို ကာကွယ်ဖို့ လူသားဖြစ်သူတိုင်းမှာ တာဝန်ရှိနေပါတယ်။
ခေါင်းဆောင်မှု
အခုတော့ ကမ္ဘာသူကမ္ဘာသားတွေဟာ ကိုရိုနာ ဗိုင်းရပ်စ်အကျပ်အတည်းကိုတင် ကြုံနေရတာမဟုတ်ပါ ဘူး၊ လူအချင်းချင်းကြား ယုံကြည်မှုပျက်ပြားမှုကိုပါ ကြုံနေရတာပါ။ ကူးစက်ရောဂါပျံ့နှံ့မှု တားမြစ်နိုင်ဖို့ဆိုရင် ဆရာဝန်တွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ ခေါင်းဆောင် တွေနဲ့ အစိုးရတာဝန်ရှိသူတွေအပေါ် ယုံကြည်လိုက်နာဖို့ လိုပါမယ်။ နိုင်ငံအချင်းချင်းကြား အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိရပါမယ်။ နိုင်ငံတိုင်းမှာ အကျပ်အတည်းကာလ လူတွေကို စည်းရုံးဆော်ဩနိုင်တဲ့၊ တည်ငြိမ်စွာလမ်းပြနိုင်တဲ့ ခေါင်းဆောင်မှု လိုအပ်သလို ကမ္ဘာလုံးအတိုင်းအတာ ဦးဆောင်မှုပေးနိုင်မယ့် ဂလိုဘယ် ခေါင်းဆောင်တွေလည်း လိုအပ်နေပါတယ်။
လူသားအချင်းချင်း မညီညွတ်မှုတွေဟာ ဗိုင်းရပ်စ် တို့အတွက် ကြီးမားတဲ့အောင်ပွဲ ဖြစ်ပါတယ်။ ကပ်ရောဂါ ဘေး ရင်ဆိုင်နေရချိန် တစ်ဦးနဲ့တစ်ဦးအပြစ်တင်လက်ညှိုး ထိုးမှုတွေ၊ ဆူဆူညံညံ ငြင်းခုံမှုတွေ၊ လိုက်နာဖို့ ပျက် ကွက်မှုတွေ လျှော့ရပါမယ်။ မာန်တွေချပြီး အချင်းချင်း ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့က နေရာတိုင်းမှာ လိုနေပါတယ်။ ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ လူ့အဖွဲ့အစည်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို အမြန်ဆုံး အနိုင် ယူသွားနိုင်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ညီညွတ်မှု၊ ယုံကြည်မှု၊ အမိန့်လိုက်နာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့က ကိုရိုနာကိုသာမက အနာဂတ်လာမယ့် ဗိုင်းရပ်စ်တိုင်းကို အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။ ။
ရည်ညွှန်း
In the Battle against Coronavirus, Humanity lacks Leadership, Time magazine
Will Coronavirus end globalization? Foreign Affairs magazine
- Log in to post comments