
လူတိုင်းသတိပြုရမည့် ဆီးချိုရောဂါနှင့် နောက်ဆက်တွဲပြဿနာ
========================================
ကမ္ဘာ့ဆီးချိုရောဂါနေ့ကို အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါအသင်းကြီး(International Diabetes Federation -IDF) နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (World Health Organization - WHO) တို့က လူသားတိုင်း ထိုရောဂါဆိုးကြီးကို သတိပြုကြဖို့၊ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းကြဖို့ သတိပေး နှိုးဆော်သည့်အနေဖြင့် ၁၉၉၁ ခုနှစ်ကပင် စတင် သတ်မှတ်ဆောင်ရွက်ခဲ့သည်။ ၂၀၀၆ ခုနှစ် တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက နှစ်စဉ် နိုဝင်ဘာလ ၁၄ ရက်နေ့ကို ကမ္ဘာ့ဆီးချိုရောဂါနေ့ဟု သတ်မှတ် ပေးခဲ့သည်။ ဆီးချိုရောဂါဆိုင်ရာ အထူး အရေးပါ သော အင်ဆူလင်ဟော်မုန်းကို စတင်တွေ့ ရှိခဲ့သော Sir Frederick Banting ၏ မွေးနေ့ကို ဂုဏ်ပြုသော အားဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အဓိကကာကွယ်တားဆီးရမည့် ရောဂါကြီး
၁၉၂၂ ခုနှစ်က Sir Frederick Banting သည် Charles Best နှင့်အတူ အင်ဆူလင်ဟော်မုန်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဆီးချိုရောဂါနေ့အတွက် လှုံ့ဆော်မှုများတွင် အဆိုပါနေ့သည် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၆၀ ကျော်ရှိ လူပေါင်းတစ်ဘီလီယံတို့ ပါဝင်ဆင်နွှဲသည့်နေ့လည်း ဖြစ်သည်။ ဆီးချို၊ သွေးချိုရောဂါသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဓိကကာကွယ်တားဆီးရမည့် ရောဂါကြီးခြောက် မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဆီးချို၊ သွေးချို ရောဂါ၏ နောက်ဆက်တွဲဖြစ်သည့် ဆီးချို၊ သွေးချို အနာသည်လည်း အဖြစ်များနေသော ရောဂါတစ်ခု ဖြစ်နေသည်။ ဆီးချို၊ သွေးချိုအနာကို အနောက်တိုင်း ဝေါဟာရအားဖြင့် Diabetes Meilitus Ulcer ဟုခေါ် သည်။ ဆီးချို၊ သွေးချို အနာသည် မည်သည့်နေရာ တွင်မဆို ဖြစ်ပွားလေ့ရှိသော်လည်း ခြေထောက်တွင် ဖြစ်ပွားသော ဆီးချိုအနာကို ပို၍တွေ့ရသည်။
ဆီးချိုဝေဒနာရှင်များသည် ခြေထောက်နှင့် ပတ်သက်ပြီး အနာဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း များ ပိုဖြစ်လေ့ရှိသည်။ ဆီးချိုရောဂါ၏ နောက်ဆက် တွဲရောဂါဖြစ်သည့် အာရုံကြောများ ပျက်စီးပြီး ခြေထောက်တွင် ထုံကျဉ်ကာ အာရုံခံစားနိုင်စွမ်း လျော့နည်းလာခြင်းကြောင့် ဖြစ်သည်။ ဆီးချိုရောဂါ ဝေဒနာရှင်များသည် ခြေထောက်သို့ သွေးစီးဆင်းမှုနည်းသွားသောကြောင့် အနာမကျက်ဘဲ တဖြည်း ဖြည်းပုပ်ပြီး ခြေထောက်ဖြတ်ရသည်အထိ ဖြစ်နိုင် သည်။ ကြိုတင်သိရှိနိုင်သော ဆီးချိုရောဂါ၏ လက္ခဏာများမှာ မကြာခဏ ဆီးသွားခြင်း၊ အလွန် အကျွံရေဆာခြင်း၊ ခြေလက်များထုံကျဉ်ခြင်း၊ အာရုံ စူးစိုက်မှုအားနည်းခြင်း၊ အားနည်းမောပန်းလွယ် ခြင်း၊ အစာမကြာခဏစားလိုခြင်း၊ ကိုယ်အလေးချိန် လျော့ကျလာခြင်း၊ အမြင်ဝေဝါးလာခြင်း၊ ပျို့အန် ခြင်း၊ အစာအိမ်နာခြင်း၊ ရုတ်တရက်ထလျှင် မူးဝေ ခြင်း၊ အနာကျက်နှေးခြင်းတို့ ဖြစ်သည်။
ဆီးချိုရောဂါသည် လူသန်းပေါင်း ၄၀၀ ကျော် ကို ဒုက္ခပေးခဲ့သော ရောဂါဆိုးတစ်ခုလည်း ဖြစ် သည်။ ဆီးချိုသည် ဇိမ်ကျကျနေထိုင်ပြီး အဆီ အအိမ့်၊ အချိုစားသောသူများတွင် အဖြစ်များသည်။ ဆီးချို ဖြစ်သည်နှင့်တစ်ပြိုင်နက် သွေးတိုးရောဂါသည် ထက်ကြပ်မကွာလိုက်ပါလျက်ရှိသည်ကို တွေ့ရ သည်။ ဆီးချိုသမားများတွင် သွေးအတွင်း၌ ကောင်းသောအဆီများထက် မကောင်းသောအဆီ များ ပိတ်ဆို့ရာမှ သွေးတိုးရောဂါသည်လည်း ဖြစ်ပေါ် လာခြင်းဖြစ်သည်။ သွေးတွင်းသကြားဓာတ် များပြား လာခြင်းကြောင့် သွေးပျစ်လာပြီး သွေးကြောနံရံများ ထူလာကာ သွေးကြောကျဉ်းလာခြင်း ဖြစ်သည်။ သွေးကြောထဲတွင် ဖိအားများလာပြီး သွေးတိုးရောဂါ ကို ဖြစ်ပေါ်လာစေခြင်း ဖြစ်သည်။ ဆီးချိုရောဂါလူနာ များတွင် ရုတ်တရက်သေဆုံးနိုင်သော အကြောင်း ရင်းထဲမှ တစ်ခုအပါအဝင် ဖြစ်နေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စံချိန်အရ အထက်သွေးပေါင် ၁၆၀ နှင့် အောက်သွေးပေါင် ၁ဝဝ မီလီမီတာ မာကျူရီအထက်ရှိသူကို သွေးတိုးရောဂါ ရှိသည်ဟု သတ်မှတ်ထားသည်။ သွေးတိုးစေသော အကြောင်းအရာအချို့မှာ အမျိုးသားများတွင် အသက်(၄၅)နှစ်နှင့်အထက်၊ အမျိုးသမီးများတွင် အသက် (၆၅)နှစ်နှင့်အထက်ဆိုလျှင် သွေးတိုးနိုင်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ တက်ကြွ သော ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ထိုင်၍ အလုပ် လုပ်ချိန်များခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက် သောက်ခြင်း၊ အငန်များများစားခြင်း၊ စိတ်ဖိစီးမှုများ ခြင်း၊ ကျောက်ကပ်ရောဂါဖြစ်နေခြင်း၊ ဆီးချိုရောဂါ ဖြစ်နေခြင်း၊ ကိုယ်ဝန်ဆောင်နေစဉ်အချိန်များတွင် ဖြစ်ပေါ်တတ်သည်။ ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ရောဂါများမှာ အာရုံကြောအားနည်းခြင်း၊ မျက်စိ ရောဂါ၊ ခြေထောက်များ သွေးကြောပိတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတွင်းအက်စစ်ဓာတ်များခြင်း၊ ဆီးချိုရောဂါ ရင့်လာသည်နှင့်အမျှ ထုံနာ၊ ကျဉ်နာ စွဲကျန်ရစ်ခြင်း၊ ပန်းသေပန်းညှိုးဖြစ်ခြင်း စသည်တို့ဖြစ်သည်။
ပန်းသေပန်းညှိုးဆိုသည်မှာ အမျိုးသားများ တွင် သွားလာဆက်ဆံသည့်အခါ သွားလာဆက်ဆံ နေစဉ် ပန်းအားကျသွားခြင်း၊ သုက်လွှတ်မြန်ခြင်း၊ မရောင့်ရဲနိုင်ခြင်း၊ ဆီးသွားလျှင် သုက်ပါခြင်း၊ သွေးအားနည်းခြင်း၊ ကျင်ကြီးကျင်ငယ်စွန့်ပစ်ချင်သော်လည်း လှုပ်ရှားထကြွမှုမရှိခြင်း၊ နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း၊ စိတ်ဓာတ်တက်ကြွမှုမရှိခြင်း၊ အလို လိုနေရင်း(သို့မဟုတ်) အိပ်မက်မက်စဉ် သုက်လွှတ်ခြင်း၊ သုက်လွှတ်မြန်ခြင်း၊ သုက် မထိန်းနိုင်ခြင်း၊ သုက်ခန်းခြင်း၊ အလွန်ဝလာခြင်း၊ အလွန်ပိန်လာခြင်း၊ အာရုံကြောများ အားနည်းခြင်း တို့ဖြစ်သည်။
သွေးတွင်းသကြားဓာတ်ကို ထိန်းပေးဖို့လို
ကျောက်ကပ်ရောဂါ၏ လက္ခဏာများမှာ ပျို့ခြင်း၊ အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပင်ပန်း နွမ်းနယ်ပြီး အိပ်မပျော်ခြင်း၊ ကြွက်သားများ နာကျင်ခြင်းနှင့် ကြွက်တက်ခြင်း၊ ယားယံခြင်း၊ အနီကွက်များထခြင်း၊ သွေးတိုးခြင်း၊ အရည်များစု လာသည့်အတွက် အသက်ရှူကျပ်လာခြင်း၊ ဖောရောင်ခြင်း၊ ရောဂါအခံများရှိခြင်း၊ ဆေးလိပ် သောက်ခြင်း၊ ကွမ်းစားခြင်း၊ အဝလွန်ခြင်း၊ အသက် ကြီးသူများ၊ ကျောက်ကပ်တွင် ပြည်တည်နာဖြစ်ခြင်း၊ အကိုက်အခဲပျောက်ဆေးများ ပုံမှန်သောက်သုံးခြင်း၊ မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်း စသည်တို့ ဖြစ်သည်။ ဆီးချိုလူနာ ငါးယောက်တွင် တစ်ယောက် သည် ကျောက်ကပ်ရောဂါ ခံစားရလေ့ရှိသည်။ ဆီးချို လူနာများသည် ကျောက်ကပ်ရောဂါဟူသည့် နောက် ဆက်တွဲရောဂါမှ ကာကွယ်နိုင်စေရန် သွေးတွင်း သကြားဓာတ်ကို ထိန်းပေးဖို့လိုသည်။
မြန်မာနိုင်ငံ၌ ကိုယ်ဝန်ဆောင်မိခင်များတွင် ဆီးချိုရောဂါဖြစ်ပွားမှုသည် ရာခိုင်နှုန်း ၂၀ မှ ရာခိုင်နှုန်း ၄ဝ ခန့်အထိ ဖြစ်ပွားနေပြီး အမျိုးသမီးများ တွင် ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း ၁၁ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပွားနေကြောင်း တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကောက်ယူထားသော ဆီးချိုရောဂါ စစ်တမ်းများအရ သိရသည်။ ကမ္ဘာပေါ်တွင် အမျိုး သမီး ၁၉၉ သန်းသည် ဆီးချိုရောဂါခံစားနေရပြီး ၂ဝ၄ဝ ပြည့်နှစ်တွင် ၃၁၃ သန်း ဖြစ်လာမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အချက်အလက်များအရ သိရသည်။
အမျှင်ဓာတ်ပါသည့်အစာများကို လုံလောက်စွာ စားသုံးခြင်းသည် ဆီးချိုထိန်းရာ၌ အရေးကြီးသည့် ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည်။ ကြေလွယ်နိုင်သော အမျှင်ဓာတ်ပါသည့်အစာများကို များများစားသုံးသူ သည် အချိုဓာတ်တိုးလာမှုကို လျော့နည်းစေနိုင်ပြီး သွေးထဲမှ သွေးချိုပမာဏကိုလည်း ထိန်းနိုင်မည်ဖြစ် သည်။ သစ်သီးများသည် အမျှင်ဓာတ်နှင့် ရေဓာတ် ပါဝင်သည့်အတွက်ကြောင့် ဗိုက်ဝလွယ်သည်။ သစ်သီးသစ်ရွက်များနှင့်သာ လုံလောက်စွာ စားသုံး ပါက အဝလွန်ခြင်း၊ နှလုံးဖောက်ပြန်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည့်အဆင့်များမှ လျှော့ချပေးနိုင်မည် ဖြစ်သည်။ အဝလွန်ခြင်းသည် ဆီးချို၊ သွေးချိုနှင့် ဆက်စပ်နေသည်သာ ဖြစ်သည်။ သစ်သီးများသည် အမျှင်ဓာတ်များ၍ အာဟာရ ဖြစ်လွယ်တတ်ရာ ထိုအသီးများကို အစားအစာ အဖြစ် စီမံနိုင်ခြင်းသည် ကောင်းသောရွေးချယ်မှု တစ်ခုပင် ဖြစ်သည်။ သစ်သီးယို၊ သစ်သီးဖျော်ရည် ကဲ့သို့သော ပြုပြင်ထားသည့်အသီးများသည် အမျှင် ဓာတ်ကို ဖယ်ထားသည်ဖြစ်၍ ဆီးချို၊ သွေးချိုသမား များအနေဖြင့် မစားသုံးသင့်ပေ။
ရှောင်ရန်မှာ ဆေးလိပ်သောက်ခြင်း၊ အရက် သောက်ခြင်း၊ အအေးခံခြင်း၊ အေးချိုဆိမ့်ဖန်နှင့် ငန်သော အစားအစာများစားခြင်း၊ အဆီအအိမ့် များသော အစားအစာများ၊ စာအုန်းဆီနှင့် ပြောင်းလဲ ဆီပါသော ဆီကြော်မုန့်မျိုးစုံတို့ကို ရှောင်ကြဉ်ပါ။ အငန်ဓာတ်များသော အစာများဖြစ်သည့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ အချိုမှုန့် စသည်တို့ဖြစ်သည်။ ဆော်ဒါနှင့်ပြုလုပ်သော အီကြာကွေး၊ ပလာတာ၊ ကိတ်မုန့်များ၊ ဆော်ဒါပါသော ဖျော်ရည်အမျိုးမျိုး တို့ကို ရှောင်ပါ။ တညင်းသီးစသော တက်စာများ၊ ကလီစာများ၊ မြေတွင်းအောင်းစာအမျိုးမျိုး စားခြင်းမှ ရှောင်ကြဉ်ပါ။ စိတ်သောကများခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဒေါသကြီးခြင်းတို့ကို ရှောင်ပါ။ ဆူညံသောအသံများရှိရာအရပ်တွင် နေထိုင်ခြင်း ကိုလည်း ရှောင်ကြဉ်ရပါမည်။ လေထုညစ်ညမ်း သည့်နေရာများမှလည်း ရှောင်နေဖို့ လိုအပ်သည်။
အခမဲ့ စစ်ဆေးကုသမှုခံယူ
ဆီးချိုနှင့် သွေးတိုးရောဂါတို့အတွက် အခမဲ့ စစ်ဆေးကုသမှုခံယူနိုင်မည့် ဆေးခန်းများကို ရန်ကုန် မြို့၌ ကျန်းမာရေးဦးစီးဌာနက စတင်ဖွင့်လှစ်ပေးထား ပြီဖြစ်ရာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းသွား ရောက်ပြသ နိုင်ပြီဟု သိရပေသည်။ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ မြို့နယ် ၄၅ မြို့နယ်မှ ဒေသန္တရကျန်းမာရေးဌာန ၂၉ ခုနှင့် ကျေးလက်ကျန်းမာရေးဌာန ၉၁ ခုတို့တွင် ဖွင့်လှစ် ပေးထားခြင်းဖြစ်ကြောင်းလည်း သိရသည်။ လိုအပ် သည့်ဆေးဝါး၊ ဆေးပစ္စည်းများကို တိုင်းကျန်းမာရေး ဦးစီးဌာနမှ ထောက်ပံ့ပေးကာ တာဝန်ကျကျန်းမာရေးဝန်ထမ်းများအနေဖြင့် အထူးကုသမားတော်ကြီး များ ချမှတ်ပေးထားသည့် ကုသနည်းစနစ်များ အတိုင်း ရောဂါစစ်ဆေးခြင်း၊ ကုသခြင်းတို့ကို အခမဲ့ပြုလုပ်ပေးနေကြောင်း သိရသည်။
ပြည်သူများအတွင်း ဖြစ်ပွားမှုနှုန်း ပိုမိုတိုး မြင့်လာသည့် အနီးကပ်ရန်သူဟုဆိုရမည့် သွေးတိုး၊ ဆီးချို၊ သွေးချိုစသည့်ရောဂါများအတွက် ကြိုတင် သိရှိကာကွယ်နိုင်မည့်၊ အချိန်မီစစ်ဆေးကုသ နိုင်မည့် ဆေးခန်းများကို ပြည်သူနှင့် နီးနီးစပ်စပ် တိုးမြှင့်ဖွင့်လှစ်ပေးခြင်းက အလွန်ထိရောက်မှုရှိနိုင် မည်ဟု မျှော်လင့်မိသည်။ ဤလုပ်ငန်းစဉ်နှင့်အတူ တစ်ပါတည်းလိုအပ်သည်မှာ ယင်းဆေးခန်းများ ဖွင့်လှစ်ထားခြင်းကို ပြည်သူများ သိရှိစေရေး အတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော် ရန်နှင့် ယင်းဆေးခန်းများသို့ ကလေး၊ လူကြီး အသက်အရွယ်မရွေး လာရောက်စစ်ဆေးကုသမှု ခံယူနိုင်ရေး စည်းရုံးလှုံ့ဆော်မှုပြုရန်ဖြစ်သည်။
ဆီးချိုသွေးချိုရောဂါနှင့် နောက်ဆက်တွဲ ရောဂါအန္တရာယ် ပြည်သူ့ကျန်းမာရေးစောင့်ရှောက် မှုနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ခြင်း သည် ကောင်းမွန်သည့်လုပ်ဆောင်ချက်ပင်ဖြစ်ရာ ရည်ရွယ်ချက်ကောင်းသည်နှင့်အမျှ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပြည်သူတို့လည်း အားကိုး ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်မှသာ ထိရောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။ ။
မေယု-မျိုးအောင် (MANA)
- Log in to post comments