ကြမ္မာမုန်တိုင်းရောဂါလှိုင်းကြားက မိမိကိုယ်မိမိ ကာကွယ်ခြင်းသည်သာ အရေးကြီးဆုံးဖြစ်ပါသည်

Type

ဒေါက်တာမြတ်မိုး

==========

 

ကိုဗစ်-၁၉ ရောဂါဆိုတာ အားလုံးသိတဲ့အတိုင်း အရေးကြုံလာရင်   အလွန်ကို   ထိန်းချုပ်ရခက်တဲ့ ရောဂါဆိုးကြီးတစ်ခုပါ။ 
ဘယ်ရောဂါပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် မထိန်း ချုပ်နိုင်ရင်၊     မကာကွယ်နိုင်ရင်   ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ များစွာကို  ရင်ဆိုင်ရနိုင်တယ် ဆိုတာ ယခု ကိုဗစ်-၁၉ က လက်တွေ့သက်သေပြ နေပါပြီ။ အရေးအကြောင်းဆို ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ကာကွယ်ရမှာမဟုတ်လား။   Positive ပြပြီး ဝေဒနာခံစားနေရသူအဖို့၊     ကိုယ့်မိသားစုထဲက ဖြစ်လာရင်    ဘယ်လိုစီမံရမလဲ၊   ဆေးရုံသွားဖို့၊ ဆေးခန်းပြဖို့၊ ဆေးဝယ်ဖို့ကအစ အခက်အခဲတွေ ကြုံရတတ်ပါတယ်။

 


နိုင်ငံတော်အနေနဲ့က ထိန်းချုပ်ကုသရေးအစီ အစဉ်တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေသော် လည်း ပြည်သူ့ဆေးရုံတွေ အားလုံးလောက်နီးပါး ကိုဗစ်လူနာတွေနဲ့ပဲ  ပြည့်နေတော့ ပြည်သူတွေ အနေနဲ့ ယာယီကုသရေးစင်တာတွေမှာပဲ Waiting list စောင့်ပြီးမှ ကုသရေးဆေးရုံတွေမှာ ဆက်လက် ကုသမှုခံယူရမယ့်အနေအထားဖြစ်ပါတယ်။ ဒီအခါ မှာ   လူနာဟာ  ရောဂါအခြေအနေအရပဲဖြစ်ဖြစ် မိသားစုအနေအထားအရပဲဖြစ်ဖြစ်    အိမ်မှာပဲ စောင့်ကုရတဲ့ အခြေအနေတွေရှိလာနိုင်ပါတယ်။ ဒီလို ကိုယ့်အိမ်မှာပဲ သီးခြားနေရတဲ့အခါ မိမိကိုယ် မိမိ  ဘယ်လိုကာကွယ်စောင့်ရှောက်ကုသရမလဲ၊ ဒီရောဂါဆိုးကြီးကို ဘယ်လိုရင်ဆိုင်ကျော်လွှားနိုင် မလဲ ဆောင်ရန် ရှောင်ရန်လေးတွေကို     စဉ်းစားရင်း နဲ့ပဲ  အခုလို ရေးသားဖြစ်သွားတာပါ။

 


သံသယဖြစ်လျှင် သီးခြားနေထိုင်ကာကွယ်ပါ

 


အရေးကြီးတဲ့တစ်ချက်က ကိုဗစ်-၁၉  ကူးစက် ခံရသူနဲ့ ထိတွေ့ဖူးတယ်၊ အလွန် နီးနီးစပ်စပ်နေဖူး လို့ ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်ပြီဆိုတာနဲ့ ကိုယ်နဲ့ လည်း ထိတွေ့ဖူးခဲ့သူတွေကို  ပြန်စိစစ်ရပါမယ်၊ ဗိုင်းရပ်စ်ပိုးသည် ကိုယ့်ဆီကတစ်ဆင့် တခြားသူတွေ ဆီ ကူးနိုင်တဲ့အခြေအနေကို  အချိန်မီရပ်တန့်ဖို့ပဲ ဖြစ်ပါတယ်။ ပိုးရှိ / မရှိ Test စစ်ဖို့ စုံစမ်းရပါမယ်၊ Test စစ်ဖို့   မလွယ်ရင်တော့     ရုံးလည်းမသွား၊ ကျောင်းလည်းမသွား၊ လူစုလူဝေးရှိတဲ့နေရာ ဘယ်မှ မသွားတော့ဘဲ အိမ်မှာပဲ ၁၄ ရက်တော့ အနည်းဆုံး နေသင့်ပါပြီ။ 
ကိုယ့်အိမ်မိသားစုနဲ့လည်း ခပ်ခွာခွာနေရပါ တော့မယ်။ အခုရင်ဆိုင်နေရတဲ့ ကိုဗစ် မျိုးကွဲတွေက ပြန့်တာ၊  ကူးတာအလွန်မြန်တော့ အတော်သတိ ထားပြီး ဝေးဝေးနေသင့်ပါတယ်။ အိမ်မှာနေရင်တော့ သံသယရှိသူအနေနဲ့  သီးခြားအခန်းနဲ့ မနေနိုင်ရင် Face mask ကို အမြဲတပ်ထားတာ အကောင်းဆုံး ပါပဲ။ အထူးသဖြင့် မိမိက ကာကွယ်ဆေးမထိုးရသေး သူ သို့မဟုတ် အပြည့်အဝ မထိုးရသေးသူဆိုရင်တော့ Mask ကို စနစ်တကျနဲ့ ဝတ်ဆင်ဖို့လိုပါတယ်။ 


လက်ကိုလည်း ဆပ်ပြာ၊ Hand gel တို့နဲ့ အမြဲ လိုလို   စနစ်တကျ ဆေးပေးနေရပါမယ်။ ကိုယ်နေ တဲ့ အိမ်အခန်းကိုလည်း လေဝင်လေထွက်ကောင်း အောင် ပြတင်းတံခါးတွေ အမြဲဖွင့်ထားသင့်တယ်။ ဒါမှ        ပြင်ပလေလည်းရပြီး    လေမှာပါတဲ့ အောက်ဆီဂျင်ကို အပြည့်အဝ ရှိုက်ရှူနိုင်မှာဖြစ်ပါ တယ်။ ကိုယ်က   သီးခြားအခန်းရှိလို့  ခုတင်တွေ  ရှိရင်လည်း တစ်ခုနဲ့တစ်ခု အနည်းဆုံးတော့ တစ်မီတာ အကွာခန့် ခွာထားသင့်ပါတယ်။   အိမ်မှာ နေစဉ် တစ်လျှောက်လုံးတော့   ရောဂါလက္ခဏာတွေကို အမြဲစောင့်ကြည့်ပေါ့။ ရောဂါလက္ခဏာတွေကြည့်ပြီး မစိုးရိမ်ဖို့၊ ဖိစီးမှုမများဖို့တော့လိုပါတယ်။ 

 


ဒီလိုနေရင်း ထိုင်ရင်း၊ စောင့်ကြည့်ရင်းကပဲ အန္တရာယ်များတဲ့ ရောဂါလက္ခဏာတစ်ခုခု တွေ့ကြုံ ခံစားလာရရင်တော့ ဥပမာ- အသက်ရှူရခက်တာ၊ မောတာ၊ စကားတောင် ကောင်းကောင်းမပြောနိုင် တော့တာ၊    မလှုပ်ရှားချင်တော့တာ၊  ဂဏာမငြိမ် ဖြစ်ပြီး ရင်ဘတ်က တောက်လျှောက်အောင့်လာတာ မျိုးတွေ၊    အိပ်မရတာမျိုး၊  မိမိခန္ဓာအရေပြားက ဖြူဖတ်ဖြူရော်ဖြစ်လာရင်၊        လက်သည်းတွေ၊ နှုတ်ခမ်းတွေ   ပြာနှမ်းနှမ်းဖြစ်လာရင်   စသဖြင့် ဒီလိုလက္ခဏာတွေပြလာရင် ဆေးရုံမှာ ပြသကုသမှု ခံယူဖို့     မနှောင့်နှေးသင့်တော့ပါဘူး။   ဒီအခါမှာ ကိုယ့်ရဲ့တိုင်ပင်ဖော်တိုင်ပင်ဘက် မိတ်ဆွေသူငယ် ချင်း၊ ကိုယ့်အပေါ်အကောင်းမြင် အားပေးတတ်သူရဲ့ နှစ်သိမ့်စကား    အကြံပြုစကားတွေဟာ    ကိုယ့် အတွက်တော့ အားဆေးတစ်ခွက်ဖြစ်တဲ့အတွက် မိမိရဲ့ အားပေးတတ်သူရဲ့ အကြံဉာဏ်တွေကိုလည်း ရယူသင့်တယ်လို့ဆိုချင်ပါတယ်။ 

 


ကိုဗစ်လူနာရှိနေက ဘယ်လိုကာကွယ်စောင့်ရှောက် ရမလဲ

 


ဒီလိုပါပဲ၊    အိမ်မှာ   ကိုဗစ်လက္ခဏာရှိနေသူ သို့မဟုတ်    ကိုဗစ်အဖြေသိပြီးသူများအတွက် ဆောင်ရန်ရှောင်ရန်တွေ အရေးကြီးသလို သူတို့ကို ပြုစုပေးရသူကလည်း မိမိကိုယ်မိမိ ကာကွယ်ဖို့ အလွန်အရေးကြီးပါတယ်၊။   လူနာကို  အနီးကပ် ပြုစုရသူကိုယ်တိုင်လူနာနဲ့အတူ Stay home နေရပါ မယ်။ တစ်ခုပိုသွားတာက အနီးကပ် မပြုစုရသူအနေ နဲ့ကတော့    လိုအပ်တဲ့  စားစရာသောက်စရာကို ဝယ်ခြမ်းနေရသူဆိုရင် အပြင်မှာ ပိုးဖြန့်မိသူမဖြစ်ဖို့ အထူးဂရုစိုက်ရပါမယ်။ သူ့အနေနဲ့ ပတ်ဝန်းကျင် အတွက် တာဝန်ရှိတယ်လို့ ခံယူရပါမယ်။ 

 


မိသားစုထဲက တစ်ဦးဦးကို ပြုစုရတဲ့အဆင့် ရောက်ပြီဆိုတာနဲ့ အရေးကြီး စုဆောင်းထားရမှာက ဆေးဝါးတွေပါပဲ။ ဖျားနာအကိုက်အခဲ သက်သာတဲ့ ဆေး၊ နှာစေးပျောက်တဲ့ဆေး၊ ကိုယ်ခံအားကောင်းတဲ့ ဆေးတွေ အနည်းဆုံးတော့ စီဗစ်စားဆေး၊ အားဆေး  စသည်ဖြင့် ဆောင်ထားသင့်တဲ့ဆေးတွေကို မိသားစု ဆရာဝန်တစ်ဦးဦးနဲ့  တိုင်ပင်ပြီး  ဝယ်ယူစုဆောင်း ထားသင့်ပါတယ်။ ဆေးဝါးအပြင် အောက်ဆီဂျင် တိုင်းစက်၊ အဖျားတိုင်း ကိရိယာ စသည်ဖြင့်  တစ်ခုစီ တော့   လိုအပ်ရင်   သုံးနိုင်အောင် အိမ်မှာဆောင် ထားစေချင်ပါတယ်၊၊  အမြဲတိုင်းနေဖို့တော့ မလိုပါ ဘူး။ အောက်ဆီဂျင် တိုင်းပုံတိုင်းနည်း၊ အောက်ဆီ ဂျင် ကျရင် ဘယ်လိုပုံစံအနေအထားနဲ့ နေရမလဲ၊ ဘယ်လိုမှောက်အိပ်သင့်သလဲ စတဲ့ နည်းလမ်းတွေ အားလုံး အင်တာနက်၊ လူမှုမီဒီယာတွေကတစ်ဆင့် အသေးစိတ်    ရှာဖွေလေ့လာကြည့်လို့ရပါတယ်။ အိမ်မွေးတိရစ္ဆာန်ပါသတိထား

 


နောက်အရေးကြီးတာတစ်ခုက   မိမိအိမ်မှာ အိမ်မွေးတိရစ္ဆာန်တွေများ    မွေးထားပါသလား၊ မွေးထားရင် ဂရုစိုက်ပေးပါ။  ပိုးရှိသူနဲ့ထိတွေ့တဲ့အခါ  အိမ်မှာမွေးထားတဲ့ သတ္တဝါကတစ်ဆင့် ကူးစက်နိုင် ခြေရှိနေတဲ့အတွက်ဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်နဲ့  မထိတွေ့မိစေဖို့ ရှောင်ရမှာဖြစ်သလို မလိုအပ်ဘဲ  အိမ်လာဧည့်သည်တွေ အဝင်အထွက်မရှိပါစေနဲ့လို့ လည်း မှာချင်ပါတယ်။ နောက်တစ်ချက်က လူနာ သုံးပြီး အသုံးအဆောင် ခွက်တွေ၊ ပန်းကန်တွေဆိုရင် လက်အိတ်ဝတ်ပြီး     ဆပ်ပြာနဲ့    ရေနွေးနဲ့သာ ဆေးကြောသန့်စင်ပစ်ပါ။   ဆေးကြောပြီးလို့  မိမိ လက်အိတ်ချွတ်ပြီးတာနဲ့လည်း      ကိုယ့်လက်ကို ဆပ်ပြာရေနွေးနဲ့ ဆေးကြောပစ်ရပါမယ်။ လက်ဆေး ရာမှာ    အကောင်းဆုံးက   ခဏခဏဆေးဖို့နဲ့ အယ်လ်ကိုဟော              


အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါတဲ့ လက်ဆေးဂျယ်လ် နဲ့ဆေးရင်    မိမိလက်ကို      ခြောက်သွေ့တဲ့အထိ   ဆေးပါလို့ အကြံပြုပါရစေ။   အသုံးအဆောင်တွေကို  အတူ   မျှဝေသုံးစွဲဖို့တော့  လုံးဝစိတ်ကူးမရှိပါနဲ့။ ဒါဟာ ရှောင်ရမယ့် အဓိကအချက်များမှာ တစ်ခုအပါ အဝင် ဖြစ်ပါတယ်။


နာတာရှည်ရောဂါသည်တွေရှိနေရင် ပိုဂရုစိုက်ပါ


ဒီအချက်တွေဟာ အသက်အရွယ်ကြီးရင့်နေသူ တွေ၊ ဆီးချို၊  နှလုံး၊ သွေးတိုး၊ ကင်ဆာ စတဲ့ နာတာ ရှည်ရောဂါသည်တွေမှာဆို အထူးဂရုစိုက်ရပါမယ်။ ဒီလို နာတာရှည်ရောဂါသည်တွေမှာ ကိုဗစ်အန္တရာယ် ဖြစ်နိုင်ခြေပိုများတဲ့အတွက် ဖြစ်ပါတယ်။ လိုအပ် ရင် ယခင်ပြသနေတဲ့ ဆရာဝန်တွေရဲ့ အကြံပြုချက် ကို ရယူသင့်ပါတယ်။ အထူးသဖြင့် မိမိကိုယ်တိုင်ရော၊ အန္တရာယ်ဖြစ်နိုင်ခြေရှိသူတွေအတွက်ပါ စဉ်းစားပြီး Mask ကို အလေးထား အသုံးပြုဖို့ပါပဲ။ ဒါ့အပြင် လိုအပ်ပါက Mask နှစ်ထပ်၊  Face shield မျက်နှာ အကာနဲ့ Cap ခေါင်းစွပ်များကိုပါ  အသုံးပြုကာကွယ် သင့်ပါတယ်။ဒီနေရာမှာ Mask ကို ဝတ်ဆင်ရာမှာ အချို့သူတွေအတွက်တော့ အကန့်အသတ်ရှိနိုင်ပါ တယ်။ အထူးသဖြင့် အသက် ၂ နှစ်အောက် ကလေး ငယ်တွေနဲ့ အသက်ရှူရခက်နေသူတွေ၊ တပ်ထားတဲ့ Mask  ကို အကူအညီမပါဘဲ  ပြန်ဖြုတ်ဖို့ အခက်အခဲ ရှိသူတွေအတွက်တော့ မတတ်ဘဲနေတာက ပိုသင့် ပါလိမ့်မယ်။


မိမိနဲ့အတူနေအိမ်သားတွေကိုလည်း အမြဲသတိပေး ကြပ်မတ်နေပါ


အခြေအနေအရ မိမိအိမ်မှာပဲ သီးခြားနေရတဲ့ အခိုက်အတန့်မှာ လက်အိတ်ဝတ်ဖို့လည်း ဝန်မလေး ပါနဲ့လို့ သတိပေးချင်ပါတယ်။ ရောဂါရှိသူ၊ သံသယ ဖြစ်ခံရသူရဲ့  အသုံးအဆောင်တွေကို  ကိုင်တိုင်း လက်အိတ်ဝတ်သင့်ပါတယ်။  သူတို့ရဲ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ၊  ချွဲ အန်ဖတ် စတဲ့ အညစ် အကြေးတွေနဲ့ မထိတွေ့မိအောင် ဂရုပြုကာကွယ်တဲ့ အနေနဲ့ လက်အိတ်ဝတ်ရမှာပါ။ ဝတ်ပြီးလက်အိတ် တွေ၊  Mask  တွေကိုတော့     သီးခြားအမှိုက်ပုံးထားပြီး စွန့်ပစ်သင့်ပါတယ်။ 
ပြီးရင်တော့ မိမိလက်ကို ပြန်လည်ဆေးကြော သန့်စင်ဖို့ မမေ့ပါနဲ့။ အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို ကိုင်တွယ်သုံစွဲပြီးတိုင်း မိမိမျက်စိ၊ နှာခေါင်း၊ ပါးစပ် စတဲ့ အစိတ်အပိုင်းတွေကို မကိုင်မိ မထိမိအောင် သတိထားဖို့လည်း  လိုပါတယ်။ Mask တပ်တာ၊ လက်ဆေးတာ၊ ခပ်ခွာခွာနေရတဲ့ ကာကွယ်မှုတွေကို တခြားအိမ်သားတွေပါ လိုက်နာလုပ်ဆောင်အောင် လည်း သတိပေးပြောပြ ကြပ်မတ်ပေးနေရပါမယ်။ ကိုယ်ကတော့ တိတိကျကျ လိုက်နာပါရဲ့၊  တခြား မိမိအိမ်သားတွေက     မလိုက်နာဘူးဆိုရင်လည်း ကာကွယ်မှုက မထိရောက်ပါဘူး။ 


ထိတွေ့မှုများတဲ့မျက်နှာပြင်တွေ ပိုးသတ်ဖို့လည်း မမေ့ပါနဲ့


နောက်ထပ်    ကာကွယ်ရမယ့်အချက်က ကိုယ့်အိမ်ကြမ်းခင်းတွေ၊  လက်ကိုင်ဖုန်းတွေ၊   တံခါး တွေ၊ လက်ကိုင်လက်ရန်းတွေ၊  ဖုန်းတက်ဘလက် တွေ၊  ရီမုတ်တွေ  စသဖြင့်  ထိတွေ့မှုများတယ်၊ ညစ်ပတ်တယ်လို့  ထင်ရတဲ့နေရာတိုင်းကို ပိုးသတ် ဆေးရည်၊ ချေးချွတ်ဆေး တစ်မျိုးမျိုးနဲ့ ပက်ဖျန်းပြီး ပိုးသတ် ထားသင့်တယ်ဆိုတာပါပဲ။ ကိုယ့်အိမ်မှာ လူနာပဲ ဖြစ်ဖြစ်၊ သံသယပဲဖြစ်ဖြစ်ရှိနေပြီဆိုရင် သုံးတဲ့အသုံးအဆောင်တိုင်းမှာ ပိုးမွှားတွေ ကပ်ငြိ နေနိုင်တယ်ဆိုတာ သိရှိထားပြီးဖြစ်ရပါမယ်။ 


ဘာကြောင့်လဲဆိုတော့  ချောင်းဆိုး၊ နှာချေ၊  စကားပြော၊  အထိအတွေ့ စသဖြင့် လှုပ်ရှားမှုတိုင်းက ကျလာတဲ့  ဗိုင်းရပ်စ်အမှုန်အမွှားတွေဟာ   ကိုယ့် ဝန်းကျင်နဲ့   မိမိကိုင်တွယ်သုံးစွဲတဲ့   ပစ္စည်းတိုင်းမှာ ပျံ့နှံ့နေပြီးသားဖြစ်လို့ပါပဲ။ နေ့စဉ် ဒါမှမဟုတ် ကိုယ့်အိမ်ကို ဧည့်သည်လာပြီးတိုင်း ပက်ဖျန်းဆေး ကြောထားသင့်ပါတယ်။ ပိုးသတ်ဆေးအမျိုးအစား တချို့ကိုတော့ နီးစပ်ရာကိုယ့်ဝန်းကျင်ဈေးကွက် မှာ  အလွယ်တကူဝယ်လို့ရနိုင်ပါတယ်။ ဘာမှမရ နိုင်ရင်တော့ ကိုယ်သုံးနေတဲ့ အယ်လ်ကိုဟောစပရေး၊ အရက်ပြန်နဲ့ပဲ သုံးလို့ရပါတယ်။ နောက်ဆုံး ဆပ်ပြာ ရေနွေးအသုံးပြုပြီးလည်း တိုက်ချွတ်ဆေးကြော သန့်စင်နိုင်ပါတယ်။   ရွေးချယ်ရမယ့်   ပိုးသတ်ဆေး အမျိုးအစားအနေနဲ့တော့ အသုံးပြုမယ့် မျက်နှာပြင် နဲ့ သုံးတဲ့ပစ္စည်းအခြေအနေအပြင် ရောဂါကူးစက် ပျံ့နှံ့မှုနဲ့    အန္တရာယ်ရှိနိုင်မှု     အခြေအနေတွေ အပေါ်    မူတည်ပါတယ်။  ဆေးချွတ်ရာမှာသုံးတဲ့ Bleaching   အမှုန်နဲ့    အရည်အမျိုးအစား၊    Dettol ဒက်တောလ်    စတဲ့   အမျိုးအစားတွေကတော့  အလွယ်တကူ လက်လှမ်းတမီ ဝယ်လို့ရနိုင်တဲ့ပစ္စည်း တွေပါပဲ။


အသက်ရှူလေ့ကျင့်ခန်းကို သတိပြုလုပ်ဆောင်ပါ


အခြေအနေအရ အောက်ဆီဂျင်နဲ့ ဆေးဝါး တွေကို  ဘယ်လိုပဲအားကိုးနေရပါစေ၊  ဗိုင်းရပ်စ်ရဲ့ အဆုတ်အပေါ်       သက်ရောက်မှုနည်းနိုင်သမျှ နည်းအောင်ရယ်၊    ဗိုင်းရပ်စ်ကြောင့် မိမိသွေးထဲမှာ ဆုံးရှုံးသွားရတဲ့ အောက်ဆီဂျင်ပြန်မြင့်တက်ဖို့နဲ့ ဒဏ်ထိထားတဲ့ အဆုတ်ပြန်လည်အားကောင်းလာ အောင်     အသက်ရှူလေ့ကျင့်ခန်းတစ်ခုခုတော့  ရောဂါမဖြစ်ခင်ကော  ဖြစ်နေစဉ်မှာကော ဖြစ်ပြီး အချိန် လနဲ့ချီပြီးပါ အချိန်ယူလေ့ကျင့်ရပါမယ်။ ကိုဗစ်ဗိုင်းရပ်စ်ရဲ့   အဓိက  တိုက်ခိုက်ခံရတဲ့အင်္ဂါ တွေက အဓိက အသက်ရှူလမ်းကြောင်းနဲ့ အဆုတ် ပါ။ ဒါကြောင့် အဆုတ်နဲ့ အသက်ရှူစနစ်အားကောင်း အောင် အသက်ရှူလေ့ကျင့်ခန်းကို မပျက်မကွက် လုပ်ကြဖို့ အလေးအနက် တိုက်တွန်းပါရစေ။ ပါးစပ် ပိတ်ပြီး နှာခေါင်းနဲ့ လေကို ပြင်းပြင်းရှူသွင်းရှူထုတ် ရတဲ့    လေ့ကျင့်အားထုတ်မှုမျိုးကို   သတိပြု လုပ်ဆောင်နေခြင်းဟာ အဆုတ်ရဲ့လုပ်ငန်းဆောင် တာကို အားကောင်းစေတဲ့အပြင် ဆုံးရှုံးသွားတဲ့ အောက်ဆီဂျင်ပမာဏကိုလည်း ပြန်လည်မြင့်တက် လာစေတဲ့အတွက် ခံစားနေရတဲ့ စိုးရိမ်စိတ်နဲ့အတူ မြင့်တက်နေတဲ့ စိတ်ဖိအားတွေလည်း လျော့ကျသွား ပါတယ်။ လွန်ကဲနေတဲ့စိုးရိမ်စိတ်ကြောင့် ဖြစ်ရတဲ့ အိပ်လို့မရတဲ့ဝေဒနာလည်း ပပျောက်သွားမယ်လို့ ဆိုနိုင်ပါတယ်။

 


ကိုယ်ခံအားကောင်းအောင်နေထိုင်ပြုမူပါ


နောက်ထပ်ပါးချင်တဲ့စကားက ကိုယ့်ကိုယ် ကိုယ် ခုခံအားကောင်းအောင် နေထိုင်ပြုမှုလုပ်ရှား ဖို့ပါ။ စိတ်ဓာတ်မကျပါနဲ့၊ မလိုအပ်ဘဲ အစိုးရိမ်မကြီး ပါစေနဲ့။   အာဟာရပြည့်အောင်နေပါ။ လန်းဆန်း စိမ်းစိုတဲ့အသီးအရွက်         များများစားပေးပြီး ခန္ဓာထဲ အရည်များများဝင်ပါစေ။ ပဲ၊ ပြောင်း၊ ဂျုံ၊ အာလူးအကုန်စားလို့ရပါတယ်။ အသား၊ ငါး၊ နို့ ဘာမှ မချန်ပါနဲ့။   ဒီအချိန်မှာ   ကိုယ်ခံအားကောင်းစေ တဲ့    အစားအစာတွေဆီ     ပိုအာရုံရောက်ဖို့လိုပါ တယ်။ 

 


လိမ္မော်သီး၊ စပျစ်သီး၊ ငှက်ပျောသီး၊ ပန်းသီး၊ မုန်လာဥ၊ မုန်လာရွက်၊ ပန်းမုန်လာ၊ ပန်းဂေါ်ဖီ၊ ချင်း၊ ကြက်သွန်ဖြူ/နီတို့ကတော့ ဒီအချိန်မှာ တကယ့် အားကိုးရတဲ့ အစားအစာတွေပါ။ အစာလည်းဆေး ဆေးလည်းအစာဆိုသလို   ထိထိရောက်ရောက် စားသောက်စေချင်ပါတယ်။ အချိုသကြားကိုတော့ အကန့်အသတ်နဲ့ လျှော့သုံးစေလိုပါတယ်။ အချို့ ဆေးဝါးတွေကတော့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက် အရ   တိတိကျကျ  သုံးစွဲရမယ့်ဆေးတွေဖြစ်လို့ ရမ်းသမ်းမသုံးသင့်ပါဘူး။    အန္တရာယ်ရှိပါတယ်။ အောက်ဆီဂျင်လည်း  ထိုနည်းတူပါပဲ။   လိုတာထက် ပိုသုံးမိရင် အန္တရာယ်ကြီးပါတယ်။ သတိထားသင့်တဲ့ အရာတွေပါ။

 


ဘာသာတရားကိုလည်း လုံးဝမမေ့ပါနဲ့

 


အလွန်အရေးကြီးတဲ့ နောက်ဆုံးအချက်က တော့    ဘာသာရေးကို   ထက်ထက်သန်သန် အားထုတ်ဖို့ဖြစ်ပါတယ်။ ကိုဗစ်ထက် ကြောက်စရာ ကောင်းတာက မိမိရဲ့ကြောက်စိတ်ပါပဲတဲ့။ Corona phobia လို့တောင်   ခေါ်ပါတယ်။  ကြောက်ခြင်း၊ စိုးရိမ်ခြင်းဟာ မိမိရဲ့ကိုယ်ခံအားကို ကျဆင်းစေပြီး အောက်ဆီဂျင်ပမာဏကိုပါ   ကျသွားစေတတ်ပါ တယ်။    ကြောက်စိတ်ကိုတွန်းလှန်ဖို့ တစ်ပါးသူရဲ့ အကြံဉာဏ်နဲ့ အကူအညီကို လိုအပ်သလို ဘုရား၊ တရား၊  သံဃာ ရတနာသုံးပါးရဲ့ ဓမ္မအစွမ်းသတ္တိကို လည်း ရယူကျင့်ကြံအားထုတ်ဖို့ လိုပါတယ်။   

 


ဒါကြောင့် အိမ်မှာ နေ့စဉ် ပရိတ်ပဋ္ဌာန်း တရား တော်တွေကို ရွတ်ဖတ်နာယူပေးကြပါ။ မြင့်မြတ် သန့်ရှင်းတဲ့ သူတော်စင်ပုဂ္ဂိုလ်တွေရဲ့ ဓမ္မအကာ အကွယ်ကို ရယူပြီး  သူတော်ကောင်းတို့ရဲ့ တရား လမ်းညွှန်ချက်တွေကို သဒ္ဓါတရား  ပြည့်ပြည့်၀၀နဲ့ ရယူနိုင်တာဟာ ကိုယ့်အတွက် စိတ်ဓာတ်စွမ်းအား တွေ ရရှိသွားတာပဲဖြစ်လို့ ကိုယ်ကြုံရမယ့် ဒုက္ခဘေး က လွတ်မြောက်နိုင်ပါတယ်။   ကိုယ့်ရဲ့သဒ္ဓါတရားနဲ့ ကိုယ့်ရဲ့ယုံကြည်ချက်အပေါ်မှာတော့ မူတည်တာ ပေါ့လေ။ လူတိုင်းအပေါ်  ကျရောက်လာတတ်တဲ့ လောကဓံကို ကိုယ်က ဘာခွက်နဲ့ခံမလဲဆိုတာမှာပဲ မူတည်ပါတယ်။ အရေးကြီးတာက ကို့ယ်ရဲ့ခံယူချက် ပါပဲလို့ ဆိုပါရစေ။

 


အထက်ပါအချက်အားလုံးဟာ    အိမ်မှာပဲ သီးခြားနေရစဉ် နိစ္စဓူဝ လိုက်နာကျင့်ကြံ ဆောင်ရွက် သင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။ မိမိကိုယ်တိုင် ဘက်ပေါင်းစုံကနေ ဟာကွက်ယိုကွက်မရှိအောင် စဉ်းစားပြီး ကာကွယ်နေရမယ့်သဘောပါပဲ။ ဒါမှ လည်း ကိုဗစ်ရန်က အကောင်းဆုံး ပြန်လည်ရုန်းထွက် နိုးထနိုင်မှာဖြစ်ပါတယ်။ မဖြစ်ခင်  မိမိကိုယ်  မိမိ ကာကွယ်စောင့်ရှောက်ခြင်းသည်သာလျှင် အကောင်း ဆုံးဖြစ်သလို  ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားမှ သာလျှင်   တခြားသူတွေအတွက်လည်း  အကာ အကွယ်ပြုရာ၊ စောင့်ရှောက်ပေးရာရောက်မှာ ဖြစ်ပါ တယ်။ မိမိကိုယ်မိမိ ကာကွယ်ခြင်းသည်ပင် အများ အတွက် အများနဲ့အတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည် မဟုတ်ပါလား။

 


“အားလုံးသော ဝေနေယျသတ္တဝါတွေ”
“သောက ဘေးကင်း ရန်ကွာဝေး၍ ကျန်းမာ ချမ်းသာကြပါစေ”