
ဆောင်းပါး
=======
ကျန်းမာရေး ပိုမိုကောင်းမွန်စေရန် ပြုပြင်လိုက်နာသင့်သည့် အချက်(၁၂)ချက်
===========================================
ကောင်းမွန်
ကျန်းမာရေးသတင်းဒိုင်ဂျက်စ်၌ အစားအစာနှင့် အာဟာရ အကြောင်း ရေးသားလေ့ရှိသည့် ဂျိုအန်း ဟက်စ်လင်က ကျန်းမာရေး ပိုမိုကောင်းမွန်စေရေးအတွက် အထိုက် အလျောက် ပြုပြင်လိုက်နာသင့်သည့် အချက်(၁၂)ချက်ကို ဖော်ပြခဲ့ပါသည်။ အချို့သောအချက်များမှာ အများက လက်ခံထားသည့် အလေ့အထများနှင့် ဆန့်ကျင်နေသည့် သဘောကို တွေ့ရသည်။ အရာရာတွင် အကောင်းနှင့် အဆိုး၊ အကျိုးနှင့်အပြစ် ဒွန်တွဲနေတတ်ရာ ယင်းအချက် များကို အသေအချာ ဖတ်ရှုလေ့လာပြီးမှ လက်ခံကျင့်သုံး ရေးကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ရန် အကြံပြုလိုပါ သည်။
ဂျိုအန်းဟက်စ်လင် အကြံပြုထားသည့် အချက်(၁၂)ချက်ကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည် -
(၁) ရုပ်မြင်သံကြားကြည့်ချိန်ကို လျှော့ပါ။
ရုပ်မြင်သံကြားကြည့်ချိန်ကို လျှော့ချရေးနှင့် ပတ်သက်၍ စာရေးသူအနေဖြင့် သီးခြားဆောင်းပါး တစ်ပုဒ် ရေးသားဖူးပါသည်။ လိုရင်းမှာ ရုပ်မြင်သံကြား ကြည့်ချိန်ကိုလျှော့ပြီး ပိုမိုတက်ကြွသည့် လူနေမှုပုံစံကို ကျင့်သုံးရန်၊ လမ်းလျှောက်ခြင်း၊ ဘိုးလင်းကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း စသည်ဖြင့် လေ့ကျင့်ခန်း တစ်မျိုးမျိုး လုပ်ဆောင်သင့်ကြောင်း အကြံပြုလိုခြင်း ဖြစ်သည်။ ရက်သတ္တ တစ်ပတ်အတွင်း ညပိုင်း တစ်ရက်လျှင် ရုပ်မြင်သံကြား လုံးဝမကြည့်ဘဲနေနိုင် အောင် ကြိုးပမ်းသင့်ပါသည်။ သို့စေကာမူ ယခုအချိန် တွင် ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု များကြောင့် ကမ္ဘာ့နိုင်ငံအများအပြား၌ အများပြည်သူ တို့၏ နေအိမ်ပြင်ပ သွားလာလှုပ်ရှားမှုအပေါ် ကန့်သတ် မှုများ ပြုလုပ်ထားပြီး ဝန်ထမ်းများအနေဖြင့်လည်း အစိုးရ၏ အကြံပြုချက်များ၊ စည်းမျဉ်းများအတိုင်း တတ်နိုင်သမျှ နေအိမ်မှ အလုပ်လုပ်ကြခြင်း၊ အွန်လိုင်း အစည်းအဝေးများ ကျင်းပပြုလုပ်လာကြသည့် အလျောက် အများစုမှာ နေအိမ်၌ ပိုမိုအချိန်ကုန်လာ ကြကြောင်း တွေ့ရှိနိုင်သည်။ တစ်ဖက်ကလည်း စီအင်န်အင်န်၊ ဘီဘီစီ၊ ပြင်သစ်-၂၄ စသည့် ရုပ်သံလွှင့် ဌာနများအနေဖြင့် ကိုဗစ်-၁၉ သတင်းများကို
အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်နေကြသည့်နည်းတူ နက်ဖလစ်ကဲ့သို့ ရုပ်သံအစီအစဉ်ကလည်း ဗဟုသုတ အစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဟောလီးဝုဒ် သာမက အခြားသော နာမည်ကျော်ရုပ်ရှင်များကို တင်ဆက်နေခြင်းကြောင့် ရုပ်မြင်သံကြားရှေ့ အချိန် မကုန်စေရန် သို့မဟုတ် လုံးလုံးလျားလျား ရုပ်မြင် သံကြားမကြည့်ဘဲ မဖြစ်နိုင်ပါက ရုပ်မြင်သံကြား ကြည့်ချိန်ကို အတတ်နိုင်ဆုံးလျှော့ချရန် ကြိုးပမ်း သင့်ပါသည်။
(၂) စားသောက်နေစဉ် စားပွဲပေါ်ရှိ စွန့်ပစ်ရမည့် အကြွင်း အကျန်များကို ရှင်းလင်းခြင်းမပြုပါနှင့်။
သုတေသနတစ်ခုအရ ရုပ်မြင်သံကြားရှေ့၌ ဘောလုံးပွဲကြည့်နေသည့် ပရိသတ်များအနက် ၎င်းတို့၏ ရှေ့မှောက်စားပွဲပေါ်၌ စွန့်ပစ်ရမည့် ကြက်တောင်ပံရိုး များ၊ စားကြွင်းစားကျန်များကို အလွယ်တကူ တွေ့မြင် နေရပါက စားကြွင်းစားကျန်များ ပြောင်ရှင်းနေခြင်းထက် ၂၇ ရာခိုင်နှုန်းလျော့နည်း၍ စားသောက်တတ်ကြောင်း တွေ့ရှိရသည်။ တစ်နည်းအားဖြင့် မိမိတို့၏စားပွဲပေါ်၌ စားကြွင်း စားကျန်များကို မြင်တွေ့နေရပါက ထပ်မံ စားသောက်လိုစိတ် လျော့နည်းသွားတတ်သည့် သဘော ဖြစ်နိုင်သည်။ (သို့စေကာမူ သပ်သပ်ရပ်ရပ် နေတတ် သူများ၊ သန့်သန့်ရှင်းရှင်းဖြစ်အောင် ရှင်းလင်းနေသူများ အနေဖြင့် ဤအချက်ကို သဘောကျ လက်ခံနိုင်ဖွယ်ရှိမည် မဟုတ်ပါ။)
(၃) နေ့စဉ် သစ်ကြားသီး စားသုံးပါ။
သစ်ကြားသီး ၁၄ ခြမ်း သို့မဟုတ် သစ်ကြားသီး တစ်အောင်စ၌ ကိုယ်ခန္ဓာအား သန့်စင်စေပြီး ကင်ဆာရောဂါ မှ အကာအကွယ်ပေးသည့် ဒြပ်ပစ္စည်းများ ပါဝင်သည့်အပြင် နှလုံးကို ကျန်းမာသန်စွမ်းစေသည့် အာဟာရဓာတ် ၁၈၅ ကယ်လိုရီ ပါဝင်သည့်အလျောက် ဖြစ်နိုင်ပါက နေ့စဉ် သစ်ကြားသီး စားသုံးသင့်သည်။
(၄) ကော်ဖီသောက်ပါ။
နေ့စဉ် ကော်ဖီ လေးခွက် သို့မဟုတ် ယင်းထက်
ပိုမိုသောက်သုံးသူများသည် ဆီးချိုရောဂါဖြစ်မည့်အန္တရာယ် ပိုမိုနည်းပါးကြောင်း ဖော်ပြထားသည်။ ကော်ဖီကလည်း အမျိုးမျိုး အစားစားရှိသလို တန်ဆေး လွန်ဘေးဆိုသည်မှာ လည်း မေ့မထားသင့်သည့် ဆိုရိုးစကားတစ်ခု ဖြစ်သည်။
(၅) အပြည့်အဝ အိပ်စက်အနားယူပါ။
အအိပ်အနေ နည်းသူတို့သည် ပိုမိုဆာလောင်မွတ်သိပ် တတ်သဖြင့် တတ်နိုင်သမျှ ပြည့်ပြည့်ဝဝ အိပ်စက်အနားယူ သင့်သည်။ အိပ်ချိန်နည်းပါးသည်နှင့်အမျှ ဦးနှောက်၌ အစား စားလိုစိတ်အပေါ် ထိန်းချုပ်မှုအား ပျက်ပြားစေတတ်သည်။
(၆) နို့မှန်မှန် သောက်ပါ။
နို့ကို ပုံမှန်သောက်သုံးသူများသည် ယင်းသို့ သောက်သုံးလေ့ မရှိသူများထက် စာမေးပွဲများ ဖြေကြား ရာ၌လည်းကောင်း၊ စမ်းသပ်ချက်များ ပြုလုပ်ရာ၌ လည်းကောင်း ပိုမိုကောင်းမွန်စွာ ဖြေကြားနိုင်စွမ်းရှိ ကြောင်း လေ့လာတွေ့ရှိရသည်။
(၇) အိမ်သုံးဆား စားသုံးမှုကို ထိန်းချုပ်ပါ။
အသင့်စားသုံးရန် ပြုပြင်ထားသည့် အစားအစာများ၌ ဆိုဒီယမ် သို့မဟုတ် အိမ်သုံးဆား အများဆုံး ပါဝင်တတ်ရာ အိမ်သုံးဆား စားသုံးမှုကို ထိန်းချုပ်နိုင်ရန် အစားအစာ များကို ထုပ်ပိုးထားသည့် ဘူးများ၊ ပုလင်းများပေါ်၌ ဖော်ပြ ထားသည့် တံဆိပ်အညွှန်းစာကို သေချာစွာ ဖတ်ရှုသင့်သည်။ အဓိကဟင်းပွဲ တစ်ပွဲလျှင် အိမ်သုံးဆား ၆၀၀ မီလီဂရမ် ထက် လျော့နည်းစေရန်နှင့် အဆာပြေစားစရာများ၌ အိမ်သုံးဆား ၄၀၀ မီလီဂရမ်ထက် လျော့နည်းစေရန် ကြိုးပမ်းကန့်သတ်သင့်သည်။
(၈) ဒိန်ချဉ် စားသုံးပါ။
ဒိန်ချဉ်သည် လူတို့၏ ကိုယ်တွင်းခုခံနိုင်စွမ်းအားကို ပိုမိုကောင်းမွန်စေသဖြင့် ဒိန်ချဉ်ကို ပုံမှန်စားသုံးသင့်သည်။ ဒိန်ချဉ်၌ပါရှိသော အကျိုးပြုစေတတ်သည့် ဗက်တီးရီးယား များသည် အစာအိမ်လမ်းကြောင်းအတွင်း လူကိုထိခိုက် စေနိုင်သည့် ဗက်တီးရီးယားများ၏ အန္တရာယ်မှ ကာကွယ် စောင့်ရှောက်ပေးတတ်သည်။
(၉) ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံး ငါး တစ်ကြိမ် စားသုံးပါ။
ငါး၌ နှလုံးကို ကျန်းမာသန်စွမ်းစေသည့် အိုမီဂါ-၃ ဖက်တီးအက်ဆစ် မြင့်မားစွာပါဝင်သည့်အလျောက် ငါးကို ပုံမှန်စားသုံးသူများသည် ကျန်းမာရေး ပိုမိုကောင်းမွန်၍ အသက်ရှည်စွာ နေထိုင်ရလေ့ ရှိတတ်သည်။ ငါးသေတ္တာ ငါးများအဖြစ် လူသိများသည့် တူနာငါး သို့မဟုတ် ဆာဒင်းငါးဖြင့် ပြုလုပ်ထားသည့် အသားညှပ်ပေါင်မုန့် သို့မဟုတ် အသားညှပ်မုန့်ကြွပ်ချပ်တို့ စားသုံးနိုင်လျှင်ပင် အကျိုးရှိသည်။
(၁၀) ရောင်စဉ်ခုနစ်သွယ်ပါဝင်သည့် အစားအစာများ နေ့စဉ်စားသုံးပါ။
အစားအစာများ၌ ပါဝင်သည့် အာဟာရဓာတ်တို့ကို တွက်ချက်နေခြင်းထက် အရောင်အသွေး စုံလင်သည့် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များကို ရွေးချယ်သုံး ဆောင်သင့်သည်။ အရောင်မျိုးစုံပါဝင်သည့် အစားအစာ သည် ကျန်းမာရေးအတွက် များစွာအထောက်အကူ ဖြစ်စေသည်။
(၁၁) ပေါင်မုန့်အဖြူအစား ပေါင်မုန့်အညို/အကြမ်းကို သုံးဆောင်ပါ။
ပေါင်မုန့်အညို၊ ပေါင်မုန့်အကြမ်းမှာ အဆန် တစ်ခုလုံးပါဝင်သည့် ဂျုံဖြင့်ပြုလုပ်ထားခြင်းကြောင့် အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ပိုမိုကြွယ်ဝ သည်။ အဆန်တစ်ခုလုံးပါဝင်သည့် ဂျုံဖြင့်ပြုလုပ်ထား သည့် ပေါင်မုန့်အညို၊ ပေါင်မုန့်အကြမ်းတို့ကို နေ့စဉ် နံနက်စာ၊ နေ့လယ်စာ၊ ညစာတို့၌ တတ်နိုင်သမျှ သုံးဆောင်သင့်ပါသည်။
(၁၂) ပိုတက်စီယမ် ကြွယ်ဝသည့် အစားအစာများကို နေ့စဉ်သုံးဆောင်ပါ။
ပိုတက်စီယမ်သည် သွေးတိုးလျော့ကျစေရန် အထောက်အကူပြုစေသည့်အလျောက် ပိုတက်စီယမ် ကြွယ်ဝသည့်အစားအစာများကို နေ့စဉ်သုံးဆောင် သင့်သည်။ ပိုတက်စီယမ်ကြွယ်ဝသည့် အစားအစာ များဟုဆိုရာတွင် အာလူးနှင့် ကန်စွန်းဥ၊ လိမ္မော်သီးနှင့် လိမ္မော်ရည်၊ ခရမ်းချဉ်သီးနှင့် ခရမ်းချဉ်သီးဖျော်ရည်၊ နို့၊ ဒိန်ချဉ်၊ ပဲ၊ ငှက်ပျောသီး၊ ထောပတ်သီးနှင့် ဟင်းနုနယ်ရွက် တို့ ပါဝင်ကြသည်။ ။
Ref: Jo-Ann Heslin. "12 Changes to better health." The Star. 26 February 2012; p.12
- Log in to post comments