ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူတွေကို ကိုယ်လုပ်နိုင်သလောက်လုပ်ပေးနေခဲ့တယ်ဆိုတဲ့ ပြည်သူတွေရဲ့ဆရာဝန်

Type

နေခြည်သွေး
 

ကံထူးမတိုက်နယ်ဆေးရုံရှေ့က ဗီဒီယိုဖိုင်လေးတစ်ခု မနေ့က လူမှု ကွန်ရက်မှာ တက်လာခဲ့ပါတယ်။  CDM  မလုပ်ဘဲ  သူ့တာဝန်ကို သူထမ်းဆောင်၊ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတဲ့ ပြည်သူ တွေကို အစွမ်းကုန် တာဝန်ကျေပွန်နေတဲ့ ဆရာဝန်ကို လူ ၁၀၀ ကျော်ပါတဲ့ လူအုပ်စုတစ်စုက အတင်းအကျပ် ဖိအားပေးပြီး CDM လုပ်ခိုင်းခဲ့တာပါ။
လက်ရှိဆေးရုံမှာရှိတဲ့   လူနာတွေရဲ့အခြေအနေ၊ ဆရာဝန် တစ်ယောက်ရဲ့ရပ်တည်မှုကို လူအုပ်စုကြီးထံ နားလည်မှုရှိအောင် ကြိုးစားရှင်းပြနေတဲ့ ဆရာဝန်ကိုမြင်ရတာ စိတ်မသက်မသာ ဖြစ်မိ ပြီး အားနာရှက်ရွံ့မိပါတယ်။ ဆရာဝန်က ရှင်းပြနေမှုကို မထီမဲ့မြင်နဲ့ ဖြစ်လိုရာ၊ ဖြစ်စေချင်တာကို အတင်းအကျပ် ပြောဆိုနေတာကိုလည်း မြင်ရပါတယ်။ နောက်ဆုံးမှာ လူနာနဲ့ ပြည်သူတွေရဲ့အသက်ကို စောင့်ရှောက်ကယ်တင်ပေးနေတဲ့၊ မွန်မြတ်တဲ့  ဆရာဝန်ပါလားဆိုတဲ့ အတွေးအခေါ်မျိုးမရှိလာတဲ့အပြင် ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံး အနှုန်းတွေနဲ့ ဆရာဝန်ကို ဝိုင်းဝန်းဆဲဆို လှောင်ပြောင်ခဲ့ကြပါတယ်။
ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်
တန့်ဆည်မြို့နယ်မှာရှိတဲ့   ကံထူးမ  တိုက်နယ်ဆေးရုံမှာ အရေးပေါ်အခြေအနေအရ ကုသပေးနေရတဲ့ လူနာတွေရှိပါတယ်။ ကလေးမီးဖွားခါနီးပြီမို့ စိတ်လှုပ်ရှားစွာနဲ့ ဆေးရုံကို အားကိုးတကြီး လာရောက်တဲ့ ကိုယ်ဝန်ဆောင်တွေရှိသလို၊ မြွေကိုက်တာတို့၊ ဆိုင် ကယ်တိုက်တာတို့ကြောင့် အပြေးအလွှားရောက်လာကြတဲ့ လူနာ တွေ ရှိပါတယ်။ တိုက်နယ်ဆေးရုံက ပြည်သူတွေအတွက် အပြည့် အဝ တာဝန်ထမ်းဆောင်နေတဲ့ ကရုဏာရှင် တစ်ယောက်လည်း ရှိပါတယ်။ သူကတော့ ဒေါက်တာ နေဇော်အောင်ဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာတော့   အစိုးရကိုဆန့်ကျင်တဲ့လှုပ်ရှားမှု   CDM မလုပ်တဲ့အတွက် ဆရာဝန်ကို ဖိအားပေးဖို့ ကံထူးမ  တိုက်နယ် ဆေးရုံဆီ ကို စုစုပေါင်း လူဦးရေ ၁၀၀ ကျော် ရောက်ရှိလာကြပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေးကို ဦးစားပေး၊ ဆရာဝန်ကျင့်ဝတ်ကို လိုက်နာစောင့်ထိန်းပြီး စေတနာ၊ မေတ္တာအပြည့်နဲ့ ကုသပေးနေတဲ့ ဆရာဝန်ကို CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ ဖိအားပေးတဲ့လုပ်ရပ်ဟာ အတော်ကို အရုပ်ဆိုးအကျည်းတန်ခဲ့ရပါတယ်။ ဆရာဝန်က သူ့ကို ဖိအားပေးပြီး CDM လုပ်ဖို့ တိုက်တွန်းတဲ့လူစုကို ဆေးရုံရဲ့ လက်ရှိ အခြေအနေ၊ လူနာအနေအထားတွေကို   ထွက်ပြီးရှင်းပြပေမယ့် ဘယ်လိုမှ လက်မခံတဲ့လူအုပ်စုရဲ့တုံ့ပြန်မှုက ဒီမိုကရေစီစံနှုန်းနဲ့ ဆန့်ကျင်နေတာကို မြင်တွေ့ရပါတယ်။
“ကျွန်တော်မေးခဲ့ပါတယ်။ မြွေကိုက်လူနာတွေ၊ ကလေးမီးဖွားပြီး အချင်းကပ်၊ သွေးသွန်၊ ရှောခ့်ရနေတဲ့လူနာတွေ၊ အဆိပ်သောက်ထား တဲ့လူနာ၊ သားပျက်၊ သားလျှောလူနာတွေ၊ ဗိုက်ခွဲပြီးမှ ကလေးမီးဖွား ဖို့ လိုအပ်နေတဲ့ ဆေးရုံထဲက လူနာတွေရှိတယ်။ အဲဒီလို လူနာတွေကို ဘယ်လိုစီစဉ်ပေးမှာလဲလို့ပါ။ ဒီလထဲမှာပဲ သူများတွေ CDM လုပ်နေ တဲ့ အချိန် အခုဆန္ဒပြပွဲကို ဦးဆောင်သူရဲ့သမီး ဆိုင်ကယ်အက်ဆီးဒင့် နဲ့လာလို့   ကျွန်တော်ကုပေးထားပါတယ်” လို့   ပြည်သူ့အတွက် ရပ်တည်ပေးခဲ့တဲ့ ကံထူးမတိုက်နယ်ဆေးရုံရဲ့ ဆရာဝန် ဒေါက်တာ နေဇော်အောင်က  သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မနေ့ကရေးသား ထားခဲ့ပါတယ်။
CDM မလုပ်တဲ့ ဒေါက်တာနေဇော်အောင်ကို ရုန့်ရင်းကြမ်းတမ်းတဲ့ ဆဲဆိုမှုတွေ လုပ်ခဲ့ကြပြီး ဆရာက အားလုံးကြားသိအောင် မိုက်ခရိုဖုန်း နဲ့ ရှင်းပြပြောဆိုမှုကိုလည်း လက်မခံကြတာကို တိုက်ရိုက်ထုတ်လွှင့် နေတဲ့သူတွေဆီကနေ  မြင်တွေ့ရတဲ့အခါ  ဆရာ့အပေါ်  အတော်ကို လေးစားမိတဲ့စိတ် ဖြစ်ပေါ်လာပါတယ်။
ကံထူးမတိုက်နယ်ဆေးရုံလေးမှာ ဝန်ထမ်းစုစုပေါင်း ၁၀ ဦးရှိပြီး မည်သည့်ဝန်ထမ်းကိုမျှ CDM မလုပ်ဖို့အတွက် တားမြစ်ပြောဆိုထား ခြင်းမရှိဘူးလို့ ဒေါက်တာ နေဇော်အောင်က အတိအလင်းပြောထား ပါတယ်။ ဘယ်နေရာမှ CDM မလုပ်ခင်ကတည်းက CDM လုပ်ချင်ရင် လုပ်နိုင်ကြောင်း ပြောထားပြီးသားဖြစ်တယ်လို့ သိရပြီး ဘယ်ဝန်ထမ်း ကိုမှ လည်း Duty ပျက်ကွက်နေလို့ ဘာမှမပြောခဲ့ကြောင်းနဲ့ ကိုယ်လုပ် ပေးနိုင်သလောက် လုပ်ပေးရုံ သက်သက်သာဖြစ်ကြောင်း၊ မလုပ်ပေး နိုင်တဲ့  လူနာများကိုလည်း  လွှဲပြောင်းပေးနေတယ်လို့  ဒေါက်တာ နေဇော်အောင်က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ  ပြောကြားထားခဲ့ပါသေး တယ်။
လူအုပ်စုဖွဲ့ပြီး  အတင်းအကျပ်ဖိအားပေး၊   CDM လုပ်ခိုင်းနဲ့၊ ဆရာဝန်က သူရှင်းပြနေတာကို  လက်မခံဘဲ မိုက်ခရိုဖုန်းနဲ့ အားလုံး ကြားအောင် ရှင်းပြနေတဲ့အချိန် မိုက်ခရိုဖုန်းနဲ့ ပြောတာကိုပါ မဆီမဆိုင် ဖိအားပေးပြောဆိုလာတဲ့အခါ သူ့လက်ထဲက မိုက်ခရိုဖုန်းကို မြေကြီး ပေါ် ပစ်ချလိုက်ပါတော့တယ်။ အဲဒီဗီဒီယိုကို ကြည့်ရှုသူ လူပေါင်းများစွာ ဟာ ဆရာဝန်အပေါ် အားတုံ့အားနာဖြစ်ကြရသလို ပြည်သူ့ကျန်းမာရေး အတွက် ဘယ်လိုဖိအားကိုမဆို ကြံ့ကြံ့ခံကာကွယ်ပေးသွားမယ်ဆိုတဲ့ ဆရာဝန်အပေါ် လေးစားဂုဏ်ယူခဲ့ကြပါတယ်။  နောက်ဆက်တွဲအနေနဲ့ ဆရာဝန်ကိုလည်း ရန်လိုနေတဲ့လူအုပ်ကြီးဆီကနေ တပ်မတော်က ကယ်ထုတ်သွားနိုင်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် စိတ်သက်သာရာ ရမိ ပါတယ်။
ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ပေးဖို့
ပြည်သူ့ကျန်းမာရေးကို မျက်ကွယ်ပြု အတင်းအကျပ်ဖိအားပေးပြီး စော်ကား လှောင်ပြောင်ခံကာ ပြည်သူတွေအတွက် ရပ်တည်ပေးနေတဲ့ ဒေါက်တာနေဇော်အောင်လိုမျိုး ဆရာဝန်တွေ အများအပြား ကျန်ရှိ နေဦးမှာဖြစ်ပါတယ်။ ဆေးရုံမှာ ဆရာဝန်လုံးလုံး မရှိတဲ့အခါ လူနာတွေ ဒုက္ခရောက်ကြရမယ်ဆိုတဲ့အသိနဲ့  Hippocratic Oath   (ဟစ်ပို ကရေးတစ် ကတိသစ္စာ)ကို လိုက်နာကြတဲ့၊ မွန်မြတ်တဲ့ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ပေးဖို့နဲ့ လေးစားနားလည်ပေးဖို့ က ပြည်သူတွေရဲ့တာဝန်ဖြစ်ပါတယ်။ ပြည်သူတိုင်းကလည်း ဆရာဝန် တွေ ပြည်သူ့ဆေးရုံဆီ ပြန်လည်ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက် မှုတွေ ပေးနိုင်အောင် တိုက်တွန်းပေးကြဖို့လည်း အချင်းချင်း သတင်း စကားပါး မျှဝေစေလိုပါတယ်။
လက်ရှိမှာ အပင်ပန်းခံကုသပေးနေတဲ့ တပ်မတော်ဆေးရုံတွေကို မသွားဖြစ်ကြတဲ့၊ သွားရမှန်းမသိတဲ့ ပြည်သူတွေထဲမှာ နေ့စဉ် ရာထောင် ချီနေတဲ့ နေ့မစေ့လမစေ့ မွေးကင်းစကလေးငယ်တွေ (Premature Neonate)လေးတွေ၊ ICUလို၊ HDU လို့ခေါ်တဲ့ အရေးပေါ် ကြပ်မတ်ခန်း၊ ကုသခန်းအသီးသီးထည့်သွင်းရမယ့် ကလေးတွေအပါအဝင်  CDM စလုပ်ကတည်းကဆိုရင် အခုအချိန်အထိ Daily Unconscious တို့၊ Semi-Conscious rate တို့နဲ့ Daily Critical Cases Rate နဲ့ Daily RTA Rate တွေကိုသာ ပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင် ဆရာဝန်တွေ CDM လုပ်ခဲ့ကြလို့ ပြည်သူတွေ ထိခိုက်သေဆုံးမှုက သောင်းဂဏန်း အထိရှိနိုင်တယ်လို့ ဆရာဝန်အချို့ကလည်း ခန့်မှန်းထားကြတာပါ။
ဒါတွေဟာ ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေဖြစ်ပါတယ်။ CDM လုပ်တဲ့ဆရာဝန်တွေနဲ့ ဖိအားပေးအတင်းအကျပ် CDM လုပ်ဆောင် ခိုင်းနေတဲ့သူတွေကို မေးခွန်းထုတ်ချင်ပါတယ်။ အချိန်တိုအတွင်း ရောဂါ မြန်မြန်ပြန့်ပွားနိုင်တဲ့ ကင်ဆာဝေဒနာရှင်တွေ ကုသနေရင်း တန်းလန်းနဲ့    ဓာတ်ရောင်ခြည်ကုထုံး   ကုသခွင့်မရတော့တာ၊ ကျောက်ကပ်ပုံမှန်မဆေးရင်  အသက်မရှင်နိုင်တဲ့ ကျောက်ကပ် ဝေဒနာရှင်တွေ တဖြုတ်ဖြုတ်ကြွေနေကြတာကို ဆက်လက်မြင်တွေ့ ပြီး နေနိုင်ကြပါသလား၊ အပြစ်မကင်းသလို မခံစားရကြဘူးလား။ 
ဆေးရုံတွေပြန်ဖွင့်ဖို့တောင်းဆိုနေ
ပြီးခဲ့တဲ့ရက်ကပဲ ပြည်သူ့ဆေးရုံတွေမှာ တာဝန်သိကျန်းမာရေးဝန်ထမ်းများဖြင့်  ဆေးရုံများ  ပြန်လည်ဖွင့်လှစ်ပေးရေးအတွက် တောင်းဆိုဆန္ဒဖော်ထုတ်ကြတဲ့ ပြည်သူတွေကိုလည်း အနယ်နယ် အရပ်ရပ်မှာ မြင်တွေ့ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ ဒေသခံ ပြည်သူ ၁၀၀ ဝန်းကျင်က ပြည်သူ့ဆေးရုံကို တာဝန်သိ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြန်လည်ဖွင့်လှစ်ပေးဖို့ တောင်းဆိုနေတဲ့မြင်ကွင်းတစ်ခုကိုလည်း တွေ့မိပါတယ်။
နိုင်ငံရေးဇာတ်ခုံဟာ အနိမ့်အမြင့် အပြောင်းအလဲ စုံလင်တတ် ပါတယ်။ ငိုကြွေးရတဲ့အခန်း၊ ပျော်ရွှင်ရတဲ့အခန်း၊ အားမလိုအားမရ ဖြစ်ကြရတဲ့အခန်း စသည်ဖြင့် အများကြီးကြုံနိုင်ပါတယ်။ သမိုင်း ဖြစ်စဉ်တွေမှာလည်း အမျိုးမျိုးအဖုံဖုံပြောင်းလဲခဲ့ရတာပဲ မဟုတ်ပါ လား။ ပြင်းထန်တဲ့စစ်မက်တွေ၊ ပဋိပက္ခတွေ ဖြစ်ပွားနေကြတဲ့ ကမ္ဘာ့နိုင်ငံအချို့မှာတောင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တွေကို ရပ်တန့်ပစ်လို့မရပါဘူး။ အပြစ်မဲ့တဲ့ ပြည်သူတွေအတွက် ကျန်းမာရေးဝန်ထမ်းတွေ မရှိတဲ့အခါ ဘယ်လိုရပ်တည်နေကြမလဲ ဆိုတာ စိုးရိမ်ပေးကြဖို့ ပြည်သူတွေ အားကိုးနေကြရတဲ့ ဆရာဝန် တစ်ယောက်စီတိုင်းကို တိုက်တွန်းလိုပါတယ်။
စေတနာဆိုတာ အသွားအပြန်ရှိတတ်ပါတယ်။ သမားကောင်း၊ ဆရာဝန်ကောင်းများအဖြစ် ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်သူ များအတွက် ပြည်သူများ၏ နားလည်လက်ခံမှုနှင့် အားကိုးယုံကြည်မှု၊ လေးစားတန်ဖိုးထားမှုတွေကို အရယူပေးကြပါလို့ ထပ်မံတောင်းဆို ရင်း ပြည်သူအတွက် ရပ်တည်ပေးနေသော ဒေါက်တာနေဇော်အောင် နှင့်    ပြည်သူ့ဆရာဝန်များအားလုံးကို    ဦးညွတ်ဂါရဝပြုလိုက်ရ ပါတယ်။     ။