မေတ္တာကမ္ဘာကြီး တည်ဆောက်ကြမယ်

Type

ရုံးပိတ်ရက်ရှည်ကာလ သြဂုတ်လဆန်းတွင် အမေ့ အတွက် မိသားစုပင်စင်လစာငွေများကို ရန်ကုန်မြို့ မြန်မာ့စီးပွားရေးဘဏ်   ဘဏ်ခွဲ(၄)၌  ကိုယ်စား သွားထုတ်ပေးဖြစ်သည်။


အမေက အသက် ၉၀ ကျော်ပြီ။ သည်ကြားထဲ လူကြီးနာဖြင့် အိပ်ရာထဲ လဲနေသည်မှာ လေး၊ ငါးလ ခန့်ရှိနေပြီမို့ လျှောက်လွှာပေါ်တွင် လက်မှတ်ပင် ပီပီသသမထိုးနိုင်တော့။    တစ်ကြိမ်နှင့်တစ်ကြိမ် ထိုးမြဲလက်မှတ်ကလည်း မတူတော့။ သည်လလည်း ပြီးခဲ့သည့်လက လက်မှတ်နှင့် မတူညီပြန်။ ငွေထုတ် ကောင်တာမှ ဝန်ထမ်းညီမငယ်က နားလည်မှုရှိစွာ ပံ့ပိုးကူညီဆောင်ရွက်ပေး၍ အဆင်ပြေခဲ့ရပါ၏။ 


Video Call ဖြင့်သာ သက်သေ


ပြီးခဲ့သည့် နှစ်လကလည်း မိသားစုပင်စင်လစာ ထုတ်ယူရန် သက်ရှိထင်ရှားရှိသေးကြောင်း ခြောက်လ တစ်ကြိမ်  လူတွေ့စစ်ဆေးရမည့်ကာလဖြစ်သော်လည်း ကျွန်တော်က အမေအိပ်ရာထဲ လဲနေကြောင်း တင်ပြရာ  အရာရှိအစ်မက  Video Call ဖြင့်သာ ခေါ်ယူသက်သေပြသစေ၍ အဆင်ပြေချောမွေ့ခဲ့ရပါ ၏။ ယခုလည်း သူတို့သည် အများပြည်သူ ရုံးပိတ် ရက်အတွင်း   အငြိမ်းစားပင်စင်စားကြီးများ ပုံမှန်  ပင်စင်လစာငွေထုတ်ယူနိုင်ရန် ပြည်သူ့ဝန်ကို တာဝန် ကျေပွန်စွာ      လာရောက်ထမ်းရွက်ကြရုံမက ကျွန်တော့်ကိုလည်း လုပ်ထုံးလုပ်နည်းဘောင်အတွင်း မှ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေး၍ ကျေးဇူး တင်ရပါ၏။


ပြည်သူ့ဝန်ကို ထိုသို့ဦးထိပ်ပန်ဆင်၍ တာဝန် သိသိ သစ္စာရှိရှိထမ်းရွက်နေကြသော သူတို့ကိုကြည့် ရင်း  ပုဂ္ဂိုလ်စွဲ၊  ပါတီစွဲဖြင့် CDM လုပ်သွားကြသည့် တစ်ချိန်က  နိုင်ငံ့ဝန်ထမ်းများကို သတိရမိသည်။ အများစုကတော့ စားဝတ်နေရေးအတွက် အတော့် ကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရရှာသည်။ ယခင်က အစိုးရအိမ်ရာများတွင် အလကားနီးနီး  နေထိုင်ခဲ့ကြ ရသော  ဝန်ထမ်းမိသားစုများသည်  CDM လုပ်ပြီး အလုပ်ထွက်ကြပြီဆိုတော့ အပြင်မှာ တစ်လတစ်လ သိန်းနှင့်ချီသော အိမ်လခများကို ပေးချေကြရတော့ သည်။ အများစုမှာ ပုံမှန်ဝင်ငွေမရှိတော့၍ ကြာတော့ မတတ်နိုင်ကြ။ မိဘဆွေမျိုးအိမ်များသို့ သွားရောက် ကပ်ရပ်နေကြရတော့သည်။ အချို့က ဇာတိရပ်ရွာ သို့ ပြန်ကြရလေပြီ။


တစ်ပိုင်းတစ်စ လစ်ဟပြနေ


တစ်ချိန်က    သူတို့အားကိုးယုံစားခဲ့ကြသည့် အဖွဲ့အစည်းများကလည်း စကတည်းက နိုင်ငံရေး တိုက်ကွက်သက်သက် တစ်ခုသာဖြစ်၍ ဘယ်အဖွဲ့ အစည်းကမျှ ရေရှည်တာဝန်မယူကြတော့။ ဘုရား မပြီးခင်မှာပင်  ငြမ်းကိုဖျက်ကြလေပြီ။ တစ်နေ့က လူမှုကွန်ရက်စာမျက်နှာထက်တွင် ဖတ်လိုက်ရသည့် အောက်ပါအသိပေးကြေညာချက်ကလည်း CDM  တို့၏  လက်ရှိဘဝအခြေအနေကို  တစ်ပိုင်းတစ်စ လစ်ဟပြနေသလို။


“ CDM Support Program ”


“ဘယ်လိုမှ မခံစားနိုင်တော့ပါဘူးနော်။ မြန်မာ နိုင်ငံမှာ  CDM Support Team က ကျွန်တော်တို့ တစ်ဖွဲ့တည်းရှိတာ   မဟုတ်ပါ။ အဓိကအလှူငွေ စီးဆင်းတဲ့အဖွဲ့အစည်းကတော့ CRPH ပါ။ ကျန်တာ တော့ မသိပါ။ ရှိတာတော့ သိပါတယ်။ အဲဒါကြောင့် အခြား CDMers  များအနေနဲ့ ကျွန်တော်တို့ထက်  အလှူငွေစီးဆင်းမှုကောင်းတဲ့ CDM Support Team  များထံ  သွားရောက်အကူအညီ  တောင်းစေလိုပါ တယ်။ အခုဟာက တစ်ချိန်လုံး ကျွန်တော်တို့ CDM SP မှာပဲ တငိုငိုတရယ်ရယ် ကူပါကယ်ပါလာအော်နေ ကြတယ်။ ကျွန်တော်တို့လည်း ကြာရင်ဝမ်းနည်းရ လွန်းလို့ နှလုံးရောဂါရရပါတော့မယ်။


ဒီလဆိုရင်  CDM  Support Program  က အလှူငွေ ခြောက်သိန်းကျော်သာ စီးဆင်းပါတယ်။ ကဲ စဉ်းစားကြည့်တော့။ ဘဲအုပ်က တစ်ရာ နှစ်ရာ၊ ဗေဒါက တစ်ပင်တည်းဆိုတဲ့ ကဗျာလိုပဲ။ CDM က တစ်ရာ နှစ်ရာ  အလှူငွေက ခြောက်သိန်းကျော် တည်း”ဟူ၍။


ထိုသောအခါ   လူ့စည်း၊   ဘီလူးစည်းကို နယ်စည်းမခြားတတ်ခဲ့ကြသည့် CDM ဝန်ထမ်းများ အား  ကရုဏာသက်မိရုံမှအပ  အခြားမရှိတော့။ ကိုယ့်ဝန်ကိုယ်တာ ကိုယ်ခန္ဓာ ချမ်းသာစွာ မွေးမြူ နိုင်ကြပါစေရယ်လို့ မေတ္တာပို့သရပါ၏။ 


မြန်မာ့စီးပွားရေးဘဏ်ခွဲ(၄)က ထွက်တော့ မိုးက    ဖွဲဖွဲလေးရွာလာသည်။    နိုင်ငံတော်က ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြည်သူများ Stay  at  Home  နေထိုင်စေရန်  ရုံးပိတ်ရက်ရှည် သတ်မှတ်ကာလမို့  ရန်ကုန်မြို့လယ်တွင် လူသွား လူလာ၊ ယာဉ်သွား ယာဉ်လာ အတော်လေးရှင်းနေ သည်။


တစ်ဦးစေတနာ တစ်ဦးမေတ္တာ


မိုးတဖွဲဖွဲလေးကြားက ကုန်သည်လမ်းထောင့် တွင် ဆရာတော်ကြီးတစ်ပါး ကြွလာသည်ကို ဖူးတွေ့ လိုက်ရသည်။  အင်္ကျီအိတ်ထောင်ထဲက ကိုယ်ပိုင် ငွေကျပ် ၁၅၀၀ ကို လက်အုပ်ချီမိုးရှိခိုး၍ လှူဒါန်း ပူဇော်လိုက်သည်။ ဆရာတော်ကြီးက ဆုတွေ တသီ တတန်းပေးရင်း ဧကသီသင်္ကန်းထဲမှ တစ်စုံတစ်ခုကို နှိုက်ယူပြီး ကျွန်တော့်အားပေးသည်။ နှုတ်ကလည်း “ဒါဆောင်ထား၊ ရောဂါဘေးအန္တရာယ်ကင်းတယ်” ဟုလည်း  မိန့်ကြားလေသည်။  ကြည့်လိုက်တော့ ပလတ်စတစ်လောင်းထားသော ငွေကျပ် တစ်ရာတန် ပေါ်ဝယ် မြတ်ဗုဒ္ဓ၏ပုံတော်ကို ကြည်ညိုစွာဖူးတွေ့ လိုက်ရသည်။ ငွေကြေးအားဖြင့် ကိုယ်တတ်စွမ်းသမျှ ကိုယ်နိုင်သလောက်လေးမျှသာ လှူဒါန်းပူဇော်ခဲ့ရခြင်းဖြစ်သော်လည်း တစ်ဦးစေတနာ တစ်ဦးမေတ္တာ ကြောင့် စိတ်ဝယ်အေးချမ်းလှပါ၏။


ကုန်သည်လမ်းတစ်လျှောက် ဆက်လျှောက် ဖြစ်သည်။ ပေါ်တီခုံအမိုးလေးအောက်ဝယ် သက်ကြီး ပိုင်းလူကြီးတစ်ဦး     ပေါင်ချိန်စက်လေး   ရှေ့ချ၍ နေ့လယ်စာ စားသုံးနေသည်။ သူ့ထမင်းချိုင့်လေးကို ဝေ့ဝဲကြည့်လိုက်တော့ အသားဟင်းလျာမတွေ့ရပါ။ ပေါင်ချိန်စက်ပေါ်    ကျွန်တော်တက်လိုက်သည်။ ဘကြီးက စားလက်စခေတ္တရပ်၍  ပေါင်ချိန်စက်ကို ကြည့်ပြီး “၁၁၆”ဟု ဆိုသည်။ ပေါင်ချိန်စက်ပေါ်က ပြန်ဆင်းပြီး  ငွေကျပ်တစ်ထောင်တန် ကမ်းလိုက် တော့ ဘကြီးနှုတ်က တစ်စုံတစ်ရာပြောဖို့ နှုတ်ပြင်  လာသည်။ “ရပါတယ် အဘ၊ မအမ်းပါနဲ့ ယူထား လိုက်ပါ”ဆိုတော့ မျက်နှာက ပြုံးယောင်သန်း ကျန်ခဲ့ သည်။


သည်ကာလဝယ် ဖျားနာလို့ မဖြစ်


သိမ်ဖြူလမ်းပေါ်ရောက်တော့   မိုးကဖွဲရာမှ သည်းလာသည်။ လုံခြုံအောင်ထီးကို ဂရုတစိုက်ပြန်မိုး ရသည်။  သည်ကာလဝယ်  ဖျားနာလို့  လုံးဝမဖြစ်။ “ဟင်” မျက်နှာချင်းဆိုင်ကလာနေတဲ့ သက်လတ် ပိုင်းအစ်မကြီး ထီးမပါပါလား။  အိမ်နေရင်းအဝတ် အစားနဲ့ဆိုတော့ ဒီအနီးအနားကပဲဖြစ်မယ်။
“အစ်မကြီး၊   ထီးဆောင်းလေ။   ဒီရာသီမှာ ဖျားနာလို့ မဖြစ်ဘူး” နှုတ်က လွှတ်ခနဲထွက်သွား သည်။


သုတ်ခြေတင်ခြေလှမ်းကျဲများကြားက အစ်မ ကြီး၏  အပြုံးပန်းတစ်ပွင့်ကို ဖျတ်ခနဲ  တွေ့လိုက်ရ သည်။
ရှေ့တူရူ မလှမ်းမကမ်းတွင်မူ သက်ကြီးရွယ်အို အဘိုးတစ်ဦးကို တွေ့ရပြန်သည်။  ဟိန္ဒူဘာသာဝင် လား၊ မွတ်စလင်ဘာသာဝင်လားမသိ။ လေရှူရသည် မှာ   မွန်းကျပ်သည် ထင်၊  နှာခေါင်းစည်းကို မေးစေ့ မှာ ချိတ်လာသည်။


“အဘ၊ နှာခေါင်းစည်း တပ်ထားနော်။ မေးစေ့ မှာချိတ်မထားနဲ့။ ရောဂါတွေက   ကြောက်စရာကောင်း တယ်” အဘထံမှလည်း ကျွန်တော့်၏မေတ္တာကို အသိအမှတ်ပြုသည့် အပြုံးပန်းတစ်ပွင့်ကို ရခဲ့ပြန် သည်။ ဘာရယ်မဟုတ် ယနေ့တစ်နေ့တာ ကျွန်တော် ပြုသမျှက မေတ္တာမနောကံ၊ မေတ္တာဝစီကံ၊ မေတ္တာ ကာယကံတွေဖြစ်နေပါလားဟု တွေးမိလေသည်။  


မေတ္တာကမ်းလင့်လက်များဖြင့်


ပစ္စက္ခ   ကိုဗစ်-၁၉   ကပ်ရောဂါဆိုးကြီး၏ တတိယလှိုင်းကာလဝယ် မြန်မာနိုင်ငံတွင်  မေတ္တာ အင်ပါယာကို      မေတ္တာကမ်းလင့်လက်များဖြင့် တည်ဆောက်နေကြသူ     အများအပြားကိုလည်း လူမှုကွန်ရက်ထက်တွင် ဝမ်းမြောက်ကြည်နူးဖွယ် တွေ့မြင်ရသည်။


Yadanar Oo အမည်ဖြင့်တင်ထားသော လူမှု ကွန်ရက်စာမျက်နှာထက်တွင် သူနာပြုဝတ်စုံဖြင့် ညီမငယ်တစ်ဦးက သူသည် ပုဂ္ဂလိကဆေးရုံတစ်ခုက Nurse   Incharge  တစ်ဦးဖြစ်ကြောင်း၊   ဆေးရုံ ဆေးခန်း မသွားနိုင်သူများ၊ နှာခေါင်းပိုက်၊ ဆီးပိုက် ပြုတ်၍ ပြန်ထည့်လိုသူများ၊  ဆရာဝန်ပေးသော injection ဆေးများထိုးရန် လိုအပ်သူများကို အခမဲ့ ကူညီပေးမည်ဖြစ်ကြောင်း     ဖုန်းနံပါတ်နှင့်တကွ  ရေးတင်ထားသည်ကို   ဖတ်လိုက်ရသည်။  သာဓု နုမော် ခေါ်ဆိုရပါ၏။


ကိုပူတူးနှင့် ဘော်ဒါများကမူ -
“အဘိုးတို့၊    အဘွားတို့   ကြက်ပေါင်းစားချင် သလား”
“စားချင်တာပေါ့။ ဒါပေမယ့် ဈေးကြီးတယ်လေ။ အဘွားတို့ အဘိုးတို့က တစ်နေ့လုပ်မှ တစ်နေ့စားရ တာလေ။ မစားနိုင်ပါဘူး သားလေးရယ်”
“စားချင်တယ်ဆို  သားကျွေးမှာပေါ့ဗျ။  ရော့ ကြက်ပေါင်း”
“ကျေးဇူးအများကြီးတင်လိုက်တာ သားရယ်။ ညအိမ်ပြန်ရောက်ရင် မိသားစုတွေနဲ့ စားလိုက်မယ်။ တကယ် ကျေးဇူးတင်ပါတယ် သားလေးရယ်”
“သြော်၊ ကျွန်တော်တို့အတွက် ဘာမျှမဟုတ်ပေ မယ့် ဆင်းရဲနွမ်းပါး အဘိုးအဘွား ၁၀ ယောက် တဒင်္ဂ ပြုံးပျော်သွားရင် ပျော်ပါပြီ”ဟူသည့် စာသားများနှင့် အတူ ကြက်ပေါင်း ပလတ်စတစ်ဘူးကြီးတွေ ကိုယ်စီ ကိုင်ဆောင်ထားသည့် အဘိုးအဘွားတို့ ဓာတ်ပုံများ ကိုပါ လူမှုကွန်ရက်စာမျက်နှာထက်တွင် တင်ထား သည်ကို   တွေ့မြင်ရပြန်သောအခါ    အလှူရှင်နှင့် အလှူခံတို့၏ ကြည်နူးပီတိစိတ်များက ကျွန်တော့် နှလုံးသားသို့ပါ စိမ့်ဝင်စီးဆင်းလာသည်။


နတ်လူသာဓုခေါ်စရာ


ကြက်ဥတစ်ကတ် + ဂေါ်ဖီတစ်ထုပ်ကို ငွေကျပ် ၅၀၊ ဆန်တစ်ပြည် + ပန်းဂေါ်ဖီ  တစ်ထုပ်ကို ငွေကျပ် ၅၀ တို့ဖြင့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒလမြို့နယ် များရှိ ရပ်ကွက်များသို့ အရောင်းကားခုနစ်စီးဖြင့် လှည့်လည်ရောင်းချပေးမည့် ကြော်ငြာများ၊ အခြေခံ စားကုန်များ၊ ဆေးဝါးများကို လူမျိုးမရွေး၊ ဘာသာ မရွေး ပါဝင်လှူဒါန်းနေကြသည့် စေတနာရှင် အလှူ ရှင်များ၊   လုပ်အားဒါနရှင် ပရဟိတသမားများ၏ ထိုထိုသောပုံရိပ်များစွာတို့ကလည်း နတ်လူသာဓု ခေါ်စရာပင်။
ဤကမ္ဘာနှင့်    ဤမြန်မာပြည်ဝယ်   ထိုကဲ့သို့ မေတ္တာကမ္ဘာကြီးတစ်ခုကို    မေတ္တာဓာတ်များဖြင့် ဆက်လက်လွှမ်းခြုံတည်ဆောက်နိုင်ပါက အဘယ်မျှ အေးမြပါလိမ့်မည်နည်းဟုလည်း  တစ်ဆက်တည်း စဉ်းစားမိသည်။ သို့ဆိုလျှင် လူတိုင်းလူတိုင်း  မေတ္တာ အင်ပါယာကို လက်ဆင့်ကမ်းတည်ဆောက်ကြဖို့လို သည်။
သို့ရာတွင် ယခုရက်ပိုင်းအတွင်း  မေတ္တာကမ္ဘာ ၏ အခြားမဲ့အရပ်မှ မေတ္တာတရားကင်းမဲ့သူ အကြမ်း ဖက်သမားများ၏ ကာလဒေသမရွေး လုပ်ဆောင်ခဲ့ ကြသည့်     အကြမ်းဖက်မှုဖြစ်စဉ်အချို့လည်း   ပေါ်ပေါက်ခဲ့ပါသည်။


သြဂုတ်လ ၁ ရက် မွန်းတည့်ချိန်တွင် ရန်ကုန် တိုင်းဒေသကြီး   မရမ်းကုန်းမြို့နယ်    အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေးဝန်ကြီး ဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကယ်ဆယ် ရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများဆောင်ရွက်နေစဉ် အနီရောင် ဝတ်ဆင်ထားသည့် အကြမ်းဖက်သမားတစ်ဦးက လက်ပစ်ဗုံး နှစ်လုံးဖြင့်  လာရောက်ပစ်ခတ်ထွက်ပြေး သွားသည်။

 

 


ဖြစ်စဉ်အတွင်း စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်ပေး သူတစ်ဦးအပါအဝင်  ကာကွယ်ဆေး လာရောက်ထိုးနှံသူ  ပြည်သူ အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ အလားတူ သြဂုတ်လ ၃ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ် ညောင်ကုန်း(၄)ရပ်ကွက်ရှိ မြို့တော် ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများဆောင်ရွက် ပေးနေစဉ်    အကြမ်းဖက်သူများထောင်ထားသည့်   လက်လုပ် Remote မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။
ပေါက်ကွဲမှုကြောင့်မြို့တော်ခန်းမအတွင်း ကာကွယ်ဆေးထိုးနှံ မှုများအား လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် ရဲတပ်သားနှစ်ဦး မိုင်းစထိမှန်ဒဏ်ရာများဖြင့် ကျဆုံးခဲ့ရပြီး  ရဲဒုတပ်ကြပ်တစ်ဦးနှင့် စေတနာ့ဝန်ထမ်းတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။


မည်သို့ဆိုစေ    မေတ္တာတရားကင်းမဲ့သူ    အကြမ်းဖက်ဝါဒီ ခေါင်းဆောင်များနှင့်  နောက်လိုက်နောက်ပါ အကြမ်းဖက်သမား များ၏ အကြမ်းဖက်လုပ်ရပ်များ မည်သို့ရှိစေ  မေတ္တာတရားကြီးမား သူတို့၏ မေတ္တာကမ္ဘာ မေတ္တာအင်ပါယာ ချဲ့ထွင်မှုကြီးမားကျယ်ပြန့် လှသည်နှင့်အမျှ အကြမ်းဖက်သမားများသည် သမိုင်းတွင် နေရာ မရှိ၊ စုန်းစုန်းမြုပ် ပျောက်ကွယ်သွားကြပေလိမ့်မည်။


နိုင်ငံတော်နှင့် အသင်းအဖွဲ့များ၊ လူမျိုးမရွေး ဘာသာမရွေး စေတနာရှင်   အလှူရှင်များ၊   လူမှုဝန်ထမ်းပရဟိတသမားများ၏ နွေးထွေးသော နှလုံးသားများမှတစ်ဆင့် စီးဆင်းလာသော ဖေးမ လက်များ၊ ကမ်းလင့်လက်များ၊ တောင့်တင်းခိုင်မာစွာ စုပေါင်းထား သော ချိတ်ဆက်လက်များကြောင့် စုပေါင်းညီညာ  အောင်ကြောင်း ဖြာသကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကို မြန်မာတို့ အောင်နိုင်ရ မည်ဟု ကျွန်တော်အလေးအနက် ယုံကြည်မိပါ၏။      ။