မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများဖြစ်ပွားမှုနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေး ဆောင်ရွက်မှုများ

Type
5

 

ဒေါက်တာကျော်ကံကောင်း (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)

 

ယနေ့ကမ္ဘာတစ်ဝန်းတွင်    ဆီးချို၊   သွေးတိုး၊   နှလုံး၊   ကင်ဆာ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါများ စသည့် မကူးစက်နိုင်သောရောဂါများ (Non-Communicable Diseases) များကြောင့် နှစ်စဉ် လူဦးရေ  ၄၁  သန်းကျော် အသက်ဆုံးရှုံးနေရပြီး တစ်ကမ္ဘာလုံး သေဆုံးမှုအားလုံး၏ ၇၁ ရာခိုင်နှုန်းဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အချက်အလက်များအရ   ဝင်ငွေနည်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်   အသက်   ၃၀  နှင့်   ၆၉   နှစ်ကြား   သေဆုံးမှု အားလုံး၏ ၈၅ ရာခိုင်နှုန်းသည် မကူးစက်နိုင်သောရောဂါများကြောင့် အသက်ဆုံးရှုံးနေရကြောင်း လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင်လည်း    ၂၀၁၆  ခုနှစ်၌  ဆေးရုံတက်လူနာသေဆုံးမှုအားလုံး၏  ၄၂ ရာခိုင်နှုန်းသည် မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးနေရကြောင်း တွေ့ရှိရပါသည်။ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရသည့်  အဓိကအကြောင်းအရင်းများမှာ  ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းနှင့်ကျန်းမာရေးနှင့် မညီညွတ်သောအစားအစာများ စားသုံးခြင်းတို့ကြောင့် ဖြစ်ပါသည်။ 


မြန်မာနိုင်ငံတွင်  အရွယ်ရောက်ပြီးသူများ၏  ၅၄ ဒသမ ၄ ရာခိုင် နှုန်းသည်   ဆေးလိပ်၊   ဆေးရွက်ကြီးတစ်မျိုးမျိုးကို     သုံးစွဲနေကြပြီး ၂၆ ဒသမ ၁ ရာခိုင်နှုန်းမှာ လတ်တလော ဆေးလိပ်သောက်သုံးနေသူများ ဖြစ်၍ ၄၃ ဒသမ ၂ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီးနှင့်  ဆေးရွက်ကြီးထွက် ပစ္စည်းများကို  ကွမ်းယာထဲတွင်  ထည့်၍စားသုံးနေကြောင်း  ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့သော စစ်တမ်းများအရ သိရှိရပါသည်။ အသက် ၁၃ နှစ်နှင့် ၁၅ နှစ်ကြား ကျောင်းသားလူငယ်များအကြား စစ်တမ်း ကောက်ယူခဲ့သည့် Global Youth Tobacco Survey (GYTS 2016) အရ ဆေးလိပ်သောက်သုံးသူ အမျိုးသား ၂၁ ရာခိုင်နှုန်း၊ အမျိုးသမီး နှစ်ရာခိုင်နှုန်းတွေ့ရှိရပြီး ဆေးရွက်ကြီးသုံးစွဲသူ အမျိုးသား ၁၁ ရာခိုင် နှုန်း၊ အမျိုးသမီး နှစ်ရာခိုင်နှုန်းကို တွေ့ရှိရပါသည်။ ကျောင်းသားလူငယ် သုံးဦးအနက်တစ်ဦးမှာ နေအိမ်တွင် တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက် နေရပြီး  ၁၀  ဦးအနက် သုံးဦးမှာ အများပြည်သူနှင့်  သက်ဆိုင်သော နေရာများတွင် တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်နေရကြောင်း စိုးရိမ် ဖွယ်ရာတွေ့ရှိရပါသည်။  ဆေးလိပ်နှင့်  ဆေးရွက်ကြီးသုံးစွဲမှုကြောင့်  ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ ရှစ်သန်းကျော် အသက်ဆုံးရှုံးနေရပြီး ထိုအထဲမှ တစ်သန်းကျော်သည် တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် အသက် ဆုံးရှုံးနေရပြီး အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြပါသည်။ 

 


ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုသည် 
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်နေ


မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုကြောင့့် နှစ်စဉ်လူဦးရေ ၆၄၀၀၀ ခန့်ရောဂါများဖြစ်ပွား၍ အသက်ဆုံးရှုံးနေ ရပြီး ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်အနေဖြင့်  ဆေးလိပ်နှင့် ဆေးရွက် ကြီးသောက်သုံးမှုကြောင့် ဖြစ်ပွားသော ရောဂါများအတွက် ကျန်းမာ ရေးအသုံးစရိတ် မြန်မာကျပ်ငွေ ၃၀၇ ဒသမ ၄ ဘီလီယံကုန်ကျခံခဲ့ရပြီး ရောဂါများဖြစ်ပွားခြင်းကြောင့် အရွယ်မတိုင်မီ သေဆုံးခြင်း၊ မသန်စွမ်း ဖြစ်ခြင်းတို့ကြောင့် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး(GDP)၏ ၃ ဒသမ ၃ ရာခိုင်နှုန်းနှင့်ညီမျှသော မြန်မာကျပ်ငွေ ၂ ဒသမ ၆ ထရီလီယံ ခန့်ဆုံးရှုံးနေရကြောင်း ၂၀၁၈ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့်Investment Case Study အရ   သိရှိရပါသည်။   ကပ်အသွင်ဖြစ်ပွားလာသည့် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုသည် ပြည်သူ့ကျန်းမာရေးကို များစွာ ထိခိုက်စေပြီး  ပြည်သူလူထုအား    ဆင်းရဲတွင်းပိုနက်စေရုံသာမက နိုင်ငံ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီရေးအတွက် ကြီးမားသော အဟန့်အတားတစ်ခုဖြစ်နေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP)၏  အစီရင်ခံစာများ တွင် အတိအလင်းဖော်ပြထားပြီး ဖြစ်ပါသည်။ 

 


မြန်မာနိုင်ငံ၏ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှု 
ထိန်းချုပ်ရေးသမိုင်းကြောင်း


မြန်မာနိုင်ငံတွင် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှစတင်၍   ဆေးလိပ် နှင့် ဆေးရွက်ကြီးသောက်သုံးမှုထိန်းချုပ်ရေးကို အမျိုးသားကျန်းမာ ရေးစီမံကိန်းတွင် ထည့်သွင်း၍  ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ပါသည်။    မြန်မာနိုင်ငံသည်   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆေးရွက်ကြီးထိန်းချုပ်မှု   အပြည်ပြည်ဆိုင်ရာ   ကွန်ဗင်းရှင်း (WHO Framework Convention on Tobacco Control - WHO FCTC)ကို  ၂၀၀၃ ခုနှစ်   အောက်တိုဘာလတွင်    လက်မှတ်ရေးထိုး၍ ၂၀၀၄ ခုနှစ် ဧပြီလတွင်  ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုကြောင့် ကျန်းမာ ရေးထိခိုက်စေနိုင်ကြောင်း အများပြည်သူတို့ နားလည်သဘောပေါက် ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုမှရှောင်ကြဉ် နိုင်စေရန်၊ ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် အများပြည်သူတို့၏   ကျန်းမာရေးကို    ထိခိုက်စေသည့်အန္တရာယ်မှ ကာကွယ်ရန်၊ ကလေးသူငယ်များအပါအဝင်    အများပြည်သူတို့ကို ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးခြင်း အလေ့အထ မှတားဆီးကာကွယ်ခြင်းဖြင့် ကျန်းမာသောနေထိုင်မှုဘဝ  ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၀၆ ခုနှစ် မေလတွင် “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း    သောက်သုံးမှု        ထိန်းချုပ်ရေးဥပဒေ (The Control of Smoking and Consumption of Tobacco Product Law) ကို   ပြဋ္ဌာန်း၍     အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့်    ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ     ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းများ အဖြစ် အကြံပြုထားသည့် MPOWER လုပ်ထုံးလုပ်နည်းများ အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။


MPOWER ဆိုသည်မှာ -


    •    Monitor tobacco Use and Prevention Policies (M) 
    •    Protect people from exposure to tobacco smoke (P) 
    •    Offer help to quit tobacco (O) 
    •    Warn about the Dangers of Tobacco (W) 
    •    Enforce Bans on Tobacco Advertising, Promotion 
        and Sponsorship (E)
    •    Raise Taxes on Tobacco  (R) 


တို့ဖြစ်ပြီး လုပ်ထုံးလုပ်နည်းများကို အတိုကောက် အင်္ဂလိပ်စကားလုံး များဖြင့်  သုံးနှုန်းထားခြင်းဖြစ်ပြီး  အဆိုပါ   လုပ်ထုံးလုပ်နည်းများ အနက်မှ Warn about the Dangers of Tobacco ပြည်သူလူထုအား ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ် အသိပေးခြင်းသည် ဆေးလိပ် နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးတွင် လွန်စွာ အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ 

 


ပြောင်းလဲကျင့်သုံးရန် လိုအပ်လာခြင်း


WHO  Framework  Convention on Tobacco Control (WHO FCTC) အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များဖြစ်သည့် Article (11) အရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက် ကြီးထွက်ပစ္စည်းများ၏ ထုပ်ပိုးပစ္စည်းများတွင် ကျန်းမာရေးသတိပေး ရုပ်ပုံနှင့်  စာသားများထည့်သွင်း၍  ပြည်သူလူထုအား ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်   အသိပေးဆောင်ရွက်ရမည်ဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုကြောင့်   ကျန်းမာရေးထိခိုက်စေနိုင်ကြောင်းကို  အများပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် ရည်ရွယ်၍  ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ဖြစ်ပွားတတ်သောရောဂါ များကို  သတိပေးဖော်ပြသည့်  “ဆေးလိပ်ထုပ်တွင် သတိပေးရုပ်ပုံနှင့် စာသားများ     ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်”   အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်နှင့်အညီ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉  ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ 

 


နိုင်ငံတကာအတွေ့အကြုံများ၊ သုတေသနအချက်အလက်များ အရ (Standardized Packaging on Tobacco Products) ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီထုပ်ပိုး၍ကျန်းမာရေးသတိပေးရုပ်ပုံနှင့်စာသားများ ပုံနှိပ်ဖော်ပြခြင်း သည် သောက်သုံးမှုကို ထိရောက်စွာလျော့ကျစေသည့်အပြင် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုဖြတ်တောက်သည့်နှုန်း(Quit Rate)ကို သိသာ ထင်ရှားစွာ မြင့်မားလာစေကြောင်းတွေ့ရှိလာရသည့်အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတို့မှ  အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါနည်းလမ်းကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် အကြံပြုတိုက်တွန်း ထားပါသည်။ ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂဖွံ့ဖြိုးတိုး တက်မှုအစီအစဉ်(UNDP)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့   ဆေးရွက်ကြီးထိန်းချုပ်မှု    အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအတွင်းရေးမှူးအဖွဲ့  WHO Framework Convention on Tobacco Control (WHO FCTC Secretariat)တို့ပူးပေါင်း၍  ၂၀၁၉ ခုနှစ်တွင် ပြုစုထားသော “မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး  ရည်မှန်းချက် ပန်းတိုင်များအတွက် အရှိန်အဟုန်မြှင့်တင်ပေးမည့်  ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေး”မူဝါဒတွင်လည်း ဆေးလိပ်နှင့် ဆေးရွက် ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ  ထုပ်ပိုးခြင်း လုပ်ငန်းကို အခြားဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်း များဖြင့်   တွဲဖက်ဆောင်ရွက်မည်ဆိုပါက        မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု  ရည်မှန်းချက်ပန်းတိုင်(၃)ပါ     မျှော်မှန်း ချက်ဖြစ်သည့် လူတိုင်းကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိမည်ဖြစ်ပါသည်။

 


စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းဆိုသည်မှာ 


ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက် များနှင့်အညီ ထုပ်ပိုးခြင်းဆိုသည်မှာ တစ်ပြေးညီ သတ်မှတ်ထားသော အရောင်၊ စာသား အစရှိသည့် သတ်မှတ်ချက်များအတိုင်း ထုတ်လုပ် ထားသော ထုပ်ပိုးပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်ခြင်းကို ဆိုလို ခြင်း ဖြစ်ပါသည်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏   အချက်အလက်များအရ စံသတ်မှတ်ချက်များနှင့်အညီ   ထုပ်ပိုးခြင်းဖြင့်    ဈေးကွက်အတွင်း အရောင်အသွေးမျိုးစုံ၊ ထုပ်ပိုးမှုပုံစံမျိုးစုံ၊ အရောင်းမြှင့်တင်မှုနည်းပညာ မျိုးစုံဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို သုံးစွဲလာ အောင် ဆွဲဆောင်နေမှုကို အားနည်းစေပြီး ကျန်းမာရေးသတိပေးရုပ်ပုံ နှင့်စာသားများ   ပိုမိုထင်ရှားလာစေသည့်အတွက်  ပြည်သူလူထုမှ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်ကို ပိုမိုသတိထားဆင်ခြင်နိုင် လာမည်ဖြစ်ပါသည်။ သုံးစွဲလက်စ ပြည်သူများသုံးစွဲမှုလျှော့ချနိုင်စေရန်နှင့်   သုံးစွဲမှုကိုဖြတ်တောက်စေရန်   များစွာအထောက်အကူပြု သည့်အပြင် ကျောင်းသားလူငယ်များအတွင်းလူငယ်သဘာဝ စမ်းသပ် သုံးစွဲမှုအန္တရာယ်မှလည်း ကာကွယ်နိုင်မည်ဖြစ်ပါသည်။ အရှေ့တောင် အာရှဒေသတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ စင်ကာပူ နိုင်ငံတို့တွင် စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းကို ပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိပြီး   ကမ္ဘာပေါ်တွင်    နိုင်ငံပေါင်း ၁၉   နိုင်ငံတွင် အဆိုပါနည်းလမ်းကို ကျင့်သုံးဆောင်ရွက်နေကြပြီဖြစ်ပါသည်။

 


ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူး၍ နိုင်ငံတကာမှ နည်းပညာ ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဥပဒေပညာရှင်များနှင့် ဆက်စပ် ဝန်ကြီးဌာနများမှ   ကျွမ်းကျင်ပညာရှင်များပါဝင်၍   ၂၀၁၉  ခုနှစ် ဒီဇင်ဘာလတွင်  ဆေးလိပ်နှင့်  ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲကို ကျင်းပဆောင်ရွက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲရလဒ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ  ၂၀၂၁ ခုနှစ် အောက်တိုဘာလ  ၁၂ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်အမှတ် ၄၅၃/၂၀၂၁ ဖြင့် “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက် များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံနှင့် စာသား များ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” ထုတ်ပြန်ခဲ့ပါသည်။ 

 


“ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက် များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံနှင့်စာသား များပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်”ပါ ပြဋ္ဌာန်းချက်များကို ဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းရှင်များနှင့် ပြည်သူလူထုက တိကျစွာပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်    ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှုကို လျော့နည်းကျဆင်းစေမည့်အပြင်  ပြည်သူလူထုအတွင်း မကူးစက်နိုင် သောရောဂါများ  ဖြစ်ပွားသေဆုံးမှုကို ၂၀၂၅ ခုနှစ်တွင် သုံးပုံတစ်ပုံ လျှော့ချခြင်းကို   အထောက်အကူပြုမည်ဖြစ်ကာ   မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုပန်းတိုင်များကို  အမြန်ဆုံးတက်လှမ်းနိုင်မည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။      ။