မြန်မာ့တိုင်းရင်းဆေးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးသုတေသနခရီး

Type

ဆွေဆွေ၊ ရီရီစန်း၊ ကြည်ကြည်ဦး(တိုင်းရင်းဆေးပညာဦးစီးဌာန)
 

 

ကမ္ဘာတစ်ဝန်းလုံးရင်ဆိုင်နေရသော ကိုဗစ်-၁၉(ကိုရိုနာဗိုင်းရပ်စ်)ကပ်ရောဂါသည် ဗီဇမျိုးကွဲအမျိုးမျိုးပြောင်းလဲကာ  ကူးစက်မှုနှုန်းမြန်ဆန်ရုံသာမက အချိန်တိုအတွင်း  ကင်းစင်ပပျောက်စေနိုင်မည့်  ရောဂါမျိုးမဟုတ်ဘဲ ဆက်လက်ဖြစ်ပွားနိုင်သောကြောင့် နိုင်ငံတကာတွင် တိုင်းရင်းဆေးဖြင့် ကာကွယ်ကုသနိုင်ရန် သုတေသနပြုဆောင်ရွက်နေရာ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အကြီးအကဲ၏ အားပေးချီးမြှောက်မှု၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ၏ လက္ခဏာနှင့်ဆင်တူသည့် ဝိသမအဖျားများတွင်အသုံးပြုသော မာဓဝနိဒါန်း ဆေးကျမ်းလာ ဆေးခါးကြီး၊ ဆင်တုံးမနွယ်၊ နံ့သာဖြူ၊ ချင်း(ဂျင်း)တို့ ပါဝင်သည့် တိုင်းရင်းဆေးနည်းတစ်လက်အား သုတေသနပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့တိုင်းရင်းဆေးပညာရပ်၏   နယကြီး လေးပါးတွင်  တစ်ခုအပါအဝင်ဖြစ်သော   ဘေသဇ္ဇနယ ဆေးပညာရပ်မှ မာဓဝနိဒါန်းဆေးကျမ်း၏ အဖျား အမျိုးမျိုးကဏ္ဍပါ ဝိသမအဖျား၌ ကိုဗစ်-၁၉ရောဂါ နှင့်ဆင်တူသော ရောဂါလက္ခဏာများကို တွေ့ရှိရပါ သည်။ ဝိသမအဖျား၏  လက္ခဏာများမှာ   အရိုး အဆစ်များ   ကိုက်ခဲနာကျင်ခြင်း၊  အရိုးအဆစ်များ အသံမြည်ခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ခန္ဓာကိုယ် လက်ခြေတို့ မသယ်ချင်ခြင်း၊ မူးမိုက်ခြင်း၊ ကြို့ထိုး ခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်တွင်းပူခြင်း၊ အသက်ရှူ ပြင်းခြင်း၊ မောပန်းခြင်းတို့ဖြစ်ကြောင်း ဖော်ပြထား ပါသည်။  
မာဓဝနိဒါန်းဆေးကျမ်းတွင်     ဝိသမအဖျား အတွက် အသုံးပြုသည့် ဆေးနည်းများထဲမှ ဆေးခါး ကြီးပါဝင်သော ဆေးနည်းသည် ကိုဗစ်-၁၉ရောဂါကို သက်သာပျောက်ကင်းနိုင်မည့်  အလားအလာရှိနိုင် သည်ဟု   မျှော်လင့်သည့်အတွက်  သုတေသနပြုဆောင်ရွက်ရခြင်းဖြစ်ပြီး ဆေးခါးကြီးနှင့် ဆင်တုံး မနွယ်တို့သည်   နိုင်ငံတကာသုတေသန အထောက် အထားများအရ   ကိုဗစ်-၁၉  ရောဂါ   အတည်ပြု သာမန်နှင့်  အသင့်အတင့်ရောဂါလက္ခဏာရှိသော လူနာများအပေါ်တွင် အာနိသင်ရှိကြောင်း သုတေသီ များက တွေ့ရှိထားပြီးဖြစ်ပါသည်။
ဆေးခါးကြီးပင် 
အဆိုပါ သုတေသနပြုမည့် ဆေးဖုံတွင် ပါဝင် သော   ဆေးခါးကြီးပင်၏   ရုက္ခဗေဒအမည်မှာ Andrographis paniculata (Burm.f.) Wall. ex Nees. ဖြစ်ပါသည်။ Acanthaceae မျိုးရင်းဝင်ဖြစ်ပြီး  အခါးဘုရင် King of bitter ဟု လူသိများသည်။ နေရာဒေသလိုက်၍ ရှမ်း‌ဆေးခါး၊ ဗမာဆေးခါး၊ ကရင်ဆေးခါးဟူ၍ ခေါ်ဝေါ်ကြပြီး ပဉ္စငါးပါးလုံးကို ဆေးအဖြစ်  အသုံးပြုကြပါသည်။  တိုင်းရင်းဆေး ကျမ်းများ၏အဆိုအရ ဆေးခါးကြီးပင်သည် ခါး သောအရသာရှိခြင်း၊ သလိပ်နှင့်သည်းခြေကိုနိုင်ပြီး လေကိုပွားစေခြင်း၊ ဝမ်းမီးတောက်၊ အစာကြေစေ ခြင်းနှင့် နာတာရှည်အဖျား၊ ပိုးနာ၊ ယားနာများကို နိုင်စေသည်။ ဆေးခါးကြီးပြုတ်ရည်ကို သုံးခွက် တစ်ခွက်တင်ကျို၍ ဆားနှင့် ငရုတ်ကောင်းအနည်း ငယ် သင့်ရုံထည့်ပြီး တစ်နေ့သုံးကြိမ်သောက်ပါက တုပ်ကွေးဖျား၊ အအေးမိဖျား၊ ချမ်းဖျား၊ တုန်ဖျား၊ ငှက်ဖျားစသော   အဖျားရောဂါများကို  သက်သာ ပျောက်ကင်းစေပါသည်။
သုတေသနတွေ့ရှိချက်များအရ ဆေးခါးကြီး သည် အဖျားကျစေသောအာနိသင်၊ ဆီးချိုကျသော အာနိသင်၊ ဝမ်းပျက်ဝမ်းလျှော‌ရောဂါကို သက်သာ‌စေ သော   အာနိသင်၊  ဗက်တီးရီးယားနှင့်  ဗိုင်းရပ်စ် ပိုးမွှားများကို နှိမ်နင်းနိုင်သောအာနိသင်၊ အသည်း အဆိပ်ဖြစ်မှုကို  ကာကွယ်ပေးသော   အာနိသင်၊ အအေးမိ၍     အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်သော အာသီးရောင်ခြင်း၊ လည် ချောင်းနာခြင်း၊  မောပန်းခြင်း၊  အသက်ရှူကျပ်ခြင်း နှင့်   ကိုယ်လက်ကိုက်ခဲ  မအီမသာဖြစ်ခြင်းတို့ကို သက်သာစေသော အာနိသင်ရှိကြောင်း လေ့လာသိရှိ ရပါသည်။
ထိုင်းနိုင်ငံမှ  သုတေသနပြုချက်တွင်   သာမန် လက္ခဏာရှိ ကိုဗစ်-၁၉  အတည်ပြုလူနာများကို အုပ်စုနှစ်စုခွဲပြီး Randomized, double-blinded, placebo-controlled trial design ဖြင့် လေ့လာ ထားပါသည်။ စမ်းသပ်အုပ်စုကို ဆေးခါးကြီး အဆီ  အနှစ်  60 mg ပါ    ဆေးတောင့်သုံးတောင့်နှင့် ထိန်းချုပ်အုပ်စုကို  placebo (ဆေးဝါးအာနိသင်မရှိ၊ စမ်းသပ်မှုတွင်သုံးသည့် ဆေးအတု) တစ်နေ့သုံး ကြိမ်၊  ငါးရက်ကြာ   စမ်းသပ်တိုက်ကျွေးရာတွင်  ဆေးခါးကြီးတိုက်ကျွေးသော          လူနာအုပ်စု၌ အာနိသင်ထိရောက်မှုရှိပြီး   ရောဂါဆက်လက် မဆိုးစေရန်  ကာကွယ်နိုင်သည်ဟု    လေ့လာသိရှိ ရပါသည်။ အခြားစမ်းသပ်တွေ့ရှိချက်အရ ဆေးခါး ကြီးအဆီအနှစ်ကို Human lung epithelial cells ပေါ်တွင် စမ်းသပ်ရာ Anti-SARS-CoV-2 activity ရှိသည်ဟု ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံ၏       စမ်းသပ်လေ့လာချက်အရ ဆေးခါးကြီးမှ   ထုတ်ယူရရှိသော    ဒြပ်ပေါင်းများ (andrographolide, 14-deoxy 11,12-didehydro andrographolide, neoandrographolide and 14-deoxy andrographolide) သည်  ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကို အဓိကပွားစေသော non-structural proteins (3 L main protease, Papain-like protease and RNA-directed RNA polymerase) နှင့် Spike protein တို့ကို ချေဖျက်နိုင်စွမ်းသတ္တိရှိသည် ဟုလည်း လေ့လာတွေ့ရှိရပါသည်။
ဆေးခါးကြီးကို   လိုအပ်သည်ထက်    ပိုမို သောက်သုံးပါက(သို့မဟုတ်) ရေရှည်အသုံးပြုပါက ဘေးထွက်ဆိုးကျိုးအနေဖြင့်     ကိုယ်ဝန်ပျက်ကျ စေခြင်း၊ နားအူခြင်း၊ နားလေထွက်ခြင်း၊ ခံတွင်း ခြောက်ခြင်း၊ နှုတ်မမြိန်ခြင်း၊ ပျို့အန်ခြင်း၊   သွေး ဖိအားကျခြင်း၊ သွေးတွင်းသကြားဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်သည်ဟု သိရှိရပါသည်။ 
ဆင်တုံးမနွယ်
စမ်းသပ်ဆေးဖုံပါ ဆင်တုံးမနွယ်၏ ရုက္ခ​ဗေဒ အမည်မှာ Tinospora cordifolia (Willd.) Miers ex Hook.f. & Thomson ဖြစ်ပါသည်။ Menisper- maceae မျိုးရင်းဝင်ဖြစ်ပြီး Heart Leaved Moon Seed ဟူ၍ ခေါ်ကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွင်   ပေါများစွာတွေ့ရပြီး  ဆေးဖက်အဖြစ် ပင်စည်ကိုအသုံးပြုသည်။ ပူခါးဖန်အရသာရှိ၍ ဥဏှ ဝီရိယရှိ၏။ ဝမ်းမီးတောက်၊  အစာကြေစေသော အသက်ရှည်ဆေးပင်ဖြစ်ပြီး ခွန်အားကိုတိုးစေ၍ ခန္ဓာကိုယ်ကိုပေါ့ပါးစေသည်။  ဆီးရောဂါ၊  အဖျား အမျိုးမျိုး၊ သွေးဖောက်ပြန်ခြင်း၊ ချောင်းဆိုးခြင်း၊ သွေးမြင်းသရိုက်၊ အဆစ်ရောင်ကိုက်ရောဂါ၊ အဆီ တိုးအဝလွန်နာ၊ ပါဒရက်နာတို့ကို သက်သာစေသည်။ 
ဆင်တုံးမနွယ်နှင့် ပိတ်ချင်းသီးတို့ပါဝင်သည့်ဆေးဖုံကို   သုတေသနပြုချက်၌    သာမန်လက္ခဏာရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများကို အုပ်စုနှစ်ခုခွဲပြီး placebo-controlled, randomized study design ဖြင့်လေ့လာရာ   စမ်းသပ်အုပ်စုကို  ဆင်တုံးမနွယ် (300 mg)နှင့် ပိတ်ချင်းသီး(75 mg) ကို ​ ရောစပ် တိုက်ကျွေးပြီး ထိန်းချုပ်အုပ်စုတွင် placebo ကို တစ်နေ့နှစ်ကြိမ် စမ်းသပ်တိုက်ကျွေးရာ နှိုင်းယှဉ် လေ့လာမှု၏  ခုနစ်ရက်မြောက်နေ့တွင်   စမ်းသပ် ဆေးဝါးတိုက်ကျွေးသောအုပ်စုသည်   ထိန်းချုပ် အုပ်စုထက် ပြန်လည်ကောင်းမွန်မှုနှုန်း မြန်ဆန် သည်ကို  လေ့လာသိရှိရပါသည်။ ဆင်တုံးမနွယ်မှ ထုတ်ယူရရှိသော  ဒြပ်ပေါင်းများ  (Berberine, Isocolumbin, Magnoflorine, Tinocordiside)သည်  SARS-CoV-2   ဗိုင်းရပ်စ်ပိုးပွားခြင်းကို ကာကွယ်တားဆီးနိုင်သည်ဟု ဖော်ပြထားပါသည်။
နံ့သာဖြူ(စန္ဒကူးဖြူ) 
ထို့ပြင်   စမ်းသပ်ဆေးဖုံပါ  နံ့သာဖြူ(စန္ဒကူးဖြူ) (Santalum album L.) မှာ Santalaceae မျိုးရင်း ဖြစ်၍ အေးခါးအရသာရှိပြီး ဆေးဝါးဖော်စပ်ရာတွင် အပင်၏ပင်စည်အနှစ်သားနှင့် အဆီကို အသုံးပြုကြ သည်။ တိုင်းရင်းဆေးကျမ်းများတွင် နှလုံးကိုအကျိုး ပြုသည်။ အပူငြိမ်းပြီး လေ၊ သလိပ်၊ သည်းခြေကိုနိုင် ပါသည်။   ဆီးသွားစေခြင်း၊   သလိပ်ရစေခြင်း၊ အိပ်ပျော်စေခြင်းတို့အပြင် အစာအိမ်လမ်းကြောင်း တစ်လျှောက်နာကျင်ခြင်း၊ ခါးနာခြင်း၊ ခါးကိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ မှိုရောဂါများ၊ အရေပြားအနာများ နှင့် သလိပ်မရဘဲ ချောင်းဆိုးခြင်းတို့ကို သက်သာစေ ခြင်းစသည့် အာနိသင်များရှိသည်ဟု ဖော်ပြထားပါ သည်။ သုတေသနတွေ့ရှိချက်များအရ အပူကျစေ ခြင်း၊ နှလုံးအားကောင်းစေခြင်း၊   အသိဉာဏ်ကို တိုးပွားစေခြင်းနှင့် ဗိုင်းရပ်စ်ပိုးများကို တားဆီးနိုင် ခြင်းရှိသည်ဟု လေ့လာသိရှိရပါသည်။ 


ချင်း(ဂျင်း) 
ဆက်လက်၍   စမ်းသပ်ဆေးဖုံပါ  ချင်း(ဂျင်း) (Zingiber officinale Roscoe.), Ginger သည် Zingiberaceae မျိုးရင်းဖြစ်ပြီး ရှမ်းပြည်နယ်နှင့် မြန်မာပြည်အနှံ့အပြားတွင်    စိုက်ပျိုးလေ့ရှိသည်။ တိုင်းရင်းဆေးပညာအရ ချင်းသည် ပူ၊ ခါး၊ စပ် အရသာရှိပြီး လေသလိပ်ကိုနိုင်ခြင်း၊ နှုတ်မြိန်၍ အစာကြေခြင်း၊   သွေးသားကို  သန့်စင်စေခြင်း၊ အဆိပ်ကိုပြေစေခြင်း၊ အဆီဓာတ်ကို လျော့နည်း စေခြင်း၊ ရောင်ရမ်းခြင်း၊ အဆစ်အမျက်ကိုက်ခဲခြင်း၊ အန်ခြင်း၊ အအေးမိဖျားခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်း တစ်ခြမ်းကိုက်ခြင်း၊ အစာစားလိုစိတ် နည်းပါးခြင်း တို့အတွက်လည်း အသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံ အပါအဝင်    နိုင်ငံတကာ၌    ဆေးလက်တွေ့ သုတေသနပြုချက်များအရ ချင်းအမှုန့်သည် ပျို့ အန်ခြင်း၊ မူးဝေခြင်း၊ အဆစ်များရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းနှင့်  သွေးခဲခြင်းတို့ကို   သက်သာစေပြီး သွေးတွင်းအဆီကျသည့် အာနိသင်ရှိပါသည်။ ချင်း အဆီအနှစ်   (Aqueous extract)   50 mg/kg ပမာဏသည်    ကိုယ်ခံအားစနစ်ကို      မြှင့်တင်စေနိုင် သော     အစွမ်းသတ္တိ     (immunomodulatory activity) ရှိကြောင်း သိရှိရပါသည်။


သုတေသနပြုလုပ်မည့်ဆေးဝါးကို  တိုင်းရင်း ဆေးပညာဦးစီးဌာန    တိုင်းရင်းဆေးဝါးစက်ရုံ (မန္တလေး)တွင်ထုတ်လုပ်ပြီး  ဆေးဝါးဖော်စပ်မှုအပိုင်း အနေဖြင့်   စစ်မှန်၍  အရည်အသွေးပြည့်ဝသော  တိုင်းရင်းဆေးကုန်ကြမ်းပစ္စည်းများ ရွေးချယ်အသုံး ပြုခြင်းနှင့် ဆေးဝါး၏ အရည်အသွေးကို ထိန်းသိမ်း နိုင်ရန် ဆေးဝါးဖော်စပ်မှုအဆင့်တိုင်းတွင် အရည် အသွေးဆိုင်ရာ           ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
ထိုမျှသာမက  လူနာ၏ အန္တရာယ်ကင်းရှင်းမှုရှိစေရန်အတွက် အဆိပ်အာနိသင်ဆိုင်ရာ စမ်းသပ် ခြင်းများဆောင်ရွက်ရန် ဆေးတက္ကသိုလ်(မန္တလေး) Institutional Research Development Board ၏ခွင့်ပြုချက်ရယူပြီး ဖြစ်ပါသည်။


ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန    တိုင်းရင်း ဆေးတက္ကသိုလ်နှင့် ဆေးသုတေသနဦးစီးဌာနတို့မှ    သုတေသီများ ပူးပေါင်း၍ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)တွင်     ဆေးခါးကြီးပါဝင်သော      ဆေးဖုံ၏  လတ်တလောအဆိပ်အာနိသင် (Acute Toxicity) ရှိ/မရှိကို   ဓာတ်ခွဲခန်းသုံးတိရစ္ဆာန် ကြွက်ဖြူကြီးများ     (Albino Rat)ပေါ်တွင်    စမ်းသပ်လျက်ရှိပါသည်။     ဆက်လက်၍လည်း  ရေတိုအဆိပ်အာနိသင် (Sub-acute Toxicity) ရှိ/မရှိကိုလည်း ဓာတ်ခွဲခန်းသုံး တိရစ္ဆာန်ကြွက်ဖြူကြီး များ(Albino Rat)ပေါ်တွင် စနစ်တကျသုတေသနပြုလုပ်လျက်ရှိပါသည်။ 


လူနာများအပေါ် ဘေးကင်းလုံခြုံစိတ်ချနိုင်ရေးအတွက် လတ်တလောအဆိပ်အာနိသင်နှင့်  ရေတိုအဆိပ်အာနိသင်ဆိုင်ရာ             စမ်းသပ်ချက်များ ဆောင်ရွက်ပြီးပါက သာမန်လက္ခဏာရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများအပေါ်တွင် ဆေးခါးကြီးပါဝင် သော   ဆေးဖုံနှင့်ပတ်သက်၍    လက်တွေ့ဆေး သုတေသန  (Clinical Trial)    ပြုလုပ်သည့်အခါ ဆေးဘက်ဆိုင်ရာ   ကျင့်ဝတ်၊    သုတေသနဆိုင်ရာ  ကျင့်ဝတ်နည်းစဉ်များအရ     ဆေးသုတေသနဦးစီး ဌာန  သုတေသနကျင့်ဝတ်နှင့်     ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ ဆန်းစစ်သုံးသပ်ရေးဘုတ်အဖွဲ့ (Institut- ional Review Board- IRB)သို့ တင်ပြအစစ်ဆေးခံ၍ ခွင့်ပြုချက်ရယူကာ  ဆောင်ရွက်မည်ဖြစ်ပါသည်။ သုတေသနအဆင့်တိုင်းတွင်လည်း သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက  စနစ်တကျစောင့်ကြပ် ကြည့်ရှု ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 
တိုင်းရင်းဆေးပညာဖြင့် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ကုသရေးအတွက်  သုတေသနပြုလုပ် ခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းရင်းဆေးတက္ကသိုလ် ဆေးသုတေသနဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနတို့မှ ပညာရှင်များ၊ သက်ဆိုင်ရာ ဦးစီးဌာနများမှ    နှီးနွှယ်ပညာရှင်များပူးပေါင်း၍ ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

ယခုသုတေသနပြုလုပ်သည့်      ဝိသမ အဖျား ပျောက်ဆေးသည်   တိုင်းရင်းဆေးကျမ်းဂန်လာ ဆေးနည်းကို ဖော်ထုတ်၍ အခြေပြုထုတ်လုပ်ထားသောဆေးဖုံဖြစ်ပြီး  ဆေးနည်းအသစ်တစ်ခုအနေ ဖြင့် သိပ္ပံနည်းကျချဉ်းကပ်ကာ ကိုဗစ်-၁၉ ရောဂါ အတည်ပြု    သာမန်လက္ခဏာရှိလူနာများအပေါ် သုတေသနပြုခြင်းသည်     ပြည်သူလူထုအကျိုး အတွက်      ရှေးရှုလျက်   ဆောင်ရွက်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ လူနာများအပေါ် အကျိုးအာနိသင် ထိရောက်မှုရှိပါက  ပြည်သူလူထုနှင့်    အနာဂတ် မျိုးဆက်သစ်များ၏  ကျန်းမာရေးစောင့်ရှောက်မှု အတွက် အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။           ။