ငှက်များမှ လူကို ရောဂါမကူးစက်အောင်ကာကွယ်ခြင်း

Type
၁

ဆောင်းပါး

=======

 

ငှက်များမှ လူကို ရောဂါမကူးစက်အောင်ကာကွယ်ခြင်း

==========================================

 

ဒေါက်တာခင်စန်းမော်

 

လွန်ခဲ့သော ခုနစ်လခန့်က မျက်မှန်ပါဝါစစ်ဆေးရန် အတွက် လူနေထူထပ်သော မြို့လယ်ကောင်နေရာသို့ သွားရောက်ခဲ့ပါသည်။ ထူးထူးခြားခြား သတိထားမိသည် မှာ လမ်းဆုံလမ်းခွ မီးပွိုင့်တွင် ကားရပ်စဉ် လေးဖက် လေးတန်ရှိ ဓာတ်ကြိုးများ၊ ဓာတ်တိုင်များ၊ အဆောက် အအုံ အမိုးများအပေါ်တွင် ကျီးကန်းနှင့်ခိုတို့ အုံလိုက် ကျင်းလိုက် နားနေကြခြင်းပင် ဖြစ်သည်။

အမှိုက်ပုံ၊ အမှိုက်ပုံးများထဲသို့ ဆင်းလာပြီး မွှေနှောက်လိုက်၊ လူများဖြတ်သန်းလာလျှင် ပျံတက်ပြေး သွားလိုက်နှင့် တဝေါဝေါ တဝုန်းဝုန်းအသံ မြည်ဟည်းနေ သည်။ ရုတ်တရက်ထပျံလိုက်တိုင်း အမွေးအတောင်များ၊ အမှုန်အမွှားများက ပတ်ဝန်းကျင်လေထုထဲတွင် လွင့်မျောပျံ့လွင့်နေသည်ကို မြင်ရသည်။

လူနေရပ်ကွက်များအတွင်းတွင်လည်း ယခင်က ကျီးကန်းနှင့် စာကလေးတို့သာ ရှိနေခဲ့ရာမှ ခိုငှက်များပါ အမြောက်အမြား ရောက်ရှိနေကြသည်။

ထိုကိစ္စနှင့်စပ်လျဉ်း၍ ရုပ်သံမီဒီယာတစ်ခု၏ အင်တာဗျူးတွင် ရုပ်သံပရိသတ်တစ်ဦးက ကျွန်မအား သိလိုစိတ်နှင့် မေးမြန်းခဲ့ပါသည်။

သူ့မေးခွန်းက အောက်ပါအတိုင်းဖြစ်ပါသည်-

ခိုတွေဟာ ဘက်တီးရီးယားအများကြီးကို သယ်ဆောင်ထားတဲ့တိရစ္ဆာန်လို့ ပြောကြပါတယ်၊ ခိုငှက်တွေကတစ်ဆင့် လူတွေကို ကူးစက်ရောဂါတွေ ဖြစ်ပွားနိုင်ပါသလား။

လူကို ရောဂါကျရောက်စေနိုင်သည့် ရောဂါပိုး (Pathogens) ၁၄၀၀ ကျော်ရှိသည့်အနက် ၆၁ ရာခိုင်နှုန်း သည် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်သောရောဂါပိုးများ သို့မဟုတ် တိရစ္ဆာန်က ကြားခံသယ်ဆောင်သူအဖြစ် ပါဝင်ပတ်သက်နေသော ရောဂါပိုးများဖြစ်ကြသည်။ ငှက်နှင့် ငှက်မျိုးနွယ်ဝင်များသည် တိရစ္ဆာန်အုပ်စုထဲမှာ ပါဝင်နေပါသည်။

ငှက်မှ လူကို ကူးစက်တတ်ခြင်း

ငှက်ဆိုသော တိရစ္ဆာန်မျိုးနွယ်တွင် ကြက်၊ ကြက် ဆင်၊ ဘဲ၊ ဘဲငန်း၊ ခို၊ ကြက်တူရွေး၊ သာလိကာ၊ ကြက်တော၊ ကျီးကန်း၊ စာကလေး၊ စာဝါ၊ ငှက်ပုတီး၊ ကတ္တဝါ စသည် တို့အပြင် အခြားကျေးငှက်သာရကာတို့လည်း ပါဝင်နေ သည်။ ငှက်မျိုးနွယ်ဝင်တို့သည် ဘက်တီးရီးယားရောဂါပိုး များကိုသာမက ဗိုင်းရပ်စ်ရောဂါပိုးများ၊ Fungus ခေါ် မှိုပိုးများကိုလည်း သယ်ဆောင်ထားလေ့ရှိကြပါသည်။ ငှက်မှလူကို ကူးစက်တတ်သောရောဂါများမှာ အရေ အတွက်အားဖြင့် ၆၀ ကျော်ရှိသည်။ ငှက်နှင့် ငှက်ချေးများ ထဲတွင် ထိုရောဂါပိုးများ ပါလေ့ရှိပြီး ထိုမှတစ်ဆင့် လူကို ကူးစက်တတ်သည်။ ထိုရောဂါပိုးများကို သယ်ဆောင်ထား ကြသော်လည်း ငှက်အများစုမှာ မကျန်းမာသော ရောဂါလက္ခဏာ တစ်စုံတစ်ရာ မဖော်ပြပေ။ သို့သော် ထိုရောဂါပိုးများ လူကိုကူးစက်သောအခါ လူတွင် ဆိုးရွားပြင်းထန်သော ရောဂါဝေဒနာမျိုးဖြစ်လာခြင်းများ ရှိတတ်သည်။

ကူးစက်လွယ်သောအုပ်စုများ ကျန်းမာရေး ကောင်းမွန်သောသူ ဖြစ်နေသော်ငြား ကူးစက်တတ်သော တိရစ္ဆာန်ရောဂါများ ရှိကြသည်။ သို့သော် လူများထဲတွင် သူတကာတို့ထက် ပို၍ရောဂါကူးစက်လွယ်သော အုပ်စု များရှိနေသည်။ ယင်းတို့မှာ-

အသက်ငါးနှစ်အောက် ငယ်ရွယ်နုနယ်သော

ကလေးများ၊

အသက် ၆၅ နှစ်နှင့်အထက် လူကြီးသူမများ၊

ခုခံအားနည်းသော ရောဂါဝေဒနာရှင်များ၊

နာတာရှည်ရောဂါ စွဲကပ်နေသူများ၊

ကိုယ်ဝန်ဆောင် မိခင်တို့ ဖြစ်ကြပါသည်။

ငှက်မှ လူကိုကူးစက်တတ်သော ရောဂါများ

ငှက်မှ လူကိုကူးစက်တတ်သော ရောဂါများအနက် အချို့ကို ကောက်နုတ် ဖော်ပြပါမည်။

(၁)Avian Tuberculosis- တီဘီရောဂါ

ဤရောဂါသည် မိုက်ကိုဘက်တီးရီးယား (Mycobacterium ) ကြောင့် ဖြစ်လာရသော ရောဂါ ဖြစ်သည်။ ရောဂါပိုးရှိသော ငှက်ချေးများ၊ ငှက်ချေးကျနေ သော မြေကြီးများထဲတွင်ရှိပြီး ငှက်ချေးခြောက်များကို ရှူမိခြင်းမှ ကူးစက်သည်။ ရောဂါပိုးကူးစက်ခံရသော သူသည် ပြန်ရည်ဂလင်းများရောင်ခြင်းနှင့် တီဘီရောဂါကဲ့သို့ အဆုတ်ရောဂါများ ဖြစ်တတ်သည်။

(၂) Crytococcus - မှိုပိုးကြောင့် ဖြစ်သောရောဂါ

ဤရောဂါသည် fungus ခေါ် မှိုပိုးကြောင့်ဖြစ်သော ရောဂါတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ နေရာဒေသအနှံ့အပြား၌ တွေ့ရသည်။ ဤရောဂါပိုးကို ခိုချေးထဲတွင် မကြာခဏ တွေ့ရတတ်သည်။

ငှက်ချေးများရှိနေသော မြေကြီးကို ထိမိကိုင်မိခြင်း၊ ရှူမိခြင်းမှ ကူးစက်သည်။ လူကို ကူးစက်သောအခါ နာတာရှည် ဦးနှောက်မြှေးရောင်သောရောဂါ၊ အဆုတ်၊ ကျောက်ကပ်၊ ပရော့စတိတ်ဂလင်းနှင့် အရိုးများမှာ ရောဂါ ကူးစက်ခြင်းတို့ ဖြစ်တတ်ပါသည်။ ခုခံအားနည်းသော ဝေဒနာရှင်များအနေဖြင့် ဤရောဂါကူးစက်လွယ်သော ကြောင့် အထူးသတိထားသင့်သည်။

(၃) Erysipelas- diamond skin disease - စိန်ကွက်နာ ဘက်တီးရီးယားရောဂါ

ဤရောဂါသည် ဝက်တွင်အဖြစ်များပြီး Erysipelothrix rhusiopathiae ခေါ် ဘက်တီးရီးယားကြောင့် ဖြစ်ရသည်။ ရောဂါဖြစ်ပွားသော တိရစ္ဆာန်၏ တစ်သျှူးများ၊ အညစ် အကြေးများမှတစ်ဆင့် ကြက်ကိုကူးစက်ကာ ကြက်မှ တစ်ဆင့် လူသို့ကူးစက်နိုင်သည်။ ကြက်၊ ဘဲတို့တွင် ရောဂါ ဖြစ်ပွားသောအခါ ရုတ်တရက်သေဆုံးတတ်သည်။ ရောဂါ ပိုးရှိနေသည့် ကြက်ကို ကိုင်တွယ်သော လူ၏အရေပြားမှာ ပွန်းပဲ့ရှနာဒဏ်ရာများရှိနေပါက ထိုနေရာမှတစ်ဆင့် ရောဂါပိုးဝင်သွားပြီး အရေပြားအောက်တွင်အနာများ ဖြစ်လာခြင်း၊ သွေးတွင်း ဘက်တီးရီးယားများလာခြင်း၊ ရောဂါဆိုးရွားပါက နှလုံးအတွင်းသားရောင်ခြင်း၊ ဦးနှောက် ရောင်ခြင်းနှင့် အဆစ်ရောင်ခြင်းတို့ ဖြစ်တတ်သည်။

(၄)Psittacosis-Ornithosis -ကုတ်ဟီးချောင်းဆိုးနာ

ဤရောဂါသည် Chlamydia ခေါ် ဘက်တီးရီးယား ကြောင့်ဖြစ်ပွားသော ရောဂါဖြစ်သည့်အတွက် Avian Chlamydiosis ဟုလည်းခေါ်သည်။

Chlamydia ပိုးသည် ကြက်တော၊ ကြက်တူရွေး၊ ကျေး၊ ကတ္တဝါ စသော ငှက်များ၌ ဝင်ရောက်လျှင်Psittacosis ဟုခေါ်ပြီး စာဝါ၊ ငှက်ပုတီး၊ စာကလေး၊ သာလိကာ ၊ ခိုတို့ တွင် ဝင်ရောက်လျှင် Ornithosis ဟုခေါ်သည်။ Parrot Fever ဟုလည်း ခေါ်ဝေါ်ကြသည်။ မြန်မာအခေါ်အဝေါ်အရ “ကုတ်ဟီးချောင်းဆိုးနာ” ဖြစ်ပါသည်။ Chlamydia ရောဂါ ပိုးဝင်လျှင် အမွေးအတောင် ဖွာခြင်း၊ မှိုင်ခြင်း၊ အိပ်ငိုက်နေ ခြင်း၊ အစာမစားခြင်း၊ ဝမ်းသွားလျှင် အရည်များသွားခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း စသောအထွေထွေ မကျန်းမာခြင်းများ ဖြစ်တတ်သည်။ နောက်ပိုင်းဝမ်းသွား သောအကြိမ် ခေတ္တလျော့နည်းသွားသော်လည်း ဝမ်း အမည်းများသွားတတ်သည်။

၁၂ ရက်ခန့်ကြာလျှင် ဝမ်းအရည်များသွားပြီး အဖြူရောင်သို့ ပြောင်းလဲသွားမည်။ နှာခေါင်းနားတွင် ခြောက်သွေ့စေးကပ်သော နှပ်ချေးများကို တွေ့ရတတ် သည်။ ရောဂါလက္ခဏာ လုံးဝမပြသော ငှက်များလည်း ရှိသည်။

ငှက်မှ လူကိုကူးစက်သောအခါ အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်တတ်ပြီး ချောင်းဆိုး ခြင်း၊ အဆုတ်ရောင်ခြင်းစသော တုပ်ကွေးနှင့်ဆင်တူသည့် ရောဂါလက္ခဏာများ ပြတတ်သည်။ ရောဂါကူးစက်ပုံမှာ ငှက်ချေးခြောက်များ၊ နှာရည်များ၊ အမွေးအတောင်မှအမှုန် အမွှားများကို ရှူရှိုက်မိရာမှ ကူးစက်သည်။

(၅) Salmonellosis, Cryptosporidiosis, Campylobacteriosis- ဆယ်မိုနဲလား၊ ခရစ်ပတို စပိုရီဒီးယန်း၊ ကမ်ပိုင်လို ဘက်တား ဘက်တီးရီးယား ရောဂါများ

ရောဂါပိုးရှိနေသော ကြက်၊ ငှက်များကို ထိတွေ့ ကိုင်တွယ်မိခြင်း၊ ရောဂါပိုးပါရှိနေသော ကြက်၊ ငှက်အသား များ၊ ဥများကို မကျက်တကျက်စားသုံးခြင်းမှ ကူးစက်သည်။ ရောဂါပိုးရှိသော ကြက်၊ ငှက်များသည် ဝမ်းပျက်ဝမ်းလျှော သည့်လက္ခဏာပြသော်လည်း အချို့က လက္ခဏာ လုံးဝမပြပေ။ တောရိုင်းငှက်များသည် ဤရောဂါပိုးများကို သယ်ဆောင်ထားလေ့ရှိသည်။

(၆) H5N1-Bird flu- ကြက်ငှက်တုပ်ကွေးရောဂါ

ဤရောဂါသည် ကြက်၊ ငှက်တို့တွင် ရောဂါပြင်းထန် သည်သာမက ကြက်၊ ငှက်မှတစ်ဆင့် လူနှင့် အခြားတိရစ္ဆာန် တို့ကိုပါ ရောဂါကူးစက်စေနိုင်သော ရောဂါတစ်မျိုး ဖြစ်သည်။

ကြက်ငှက်တုပ်ကွေးရောဂါ မပြန့်ပွားစေရန် ကြက်၊ ငှက်သန်းပေါင်းများစွာကို ဖျက်ဆီးခြင်းဖြင့် ထိန်းချုပ် ခဲ့ရသည်။ ယင်းသည် ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး အဓိက အားဖြင့် မွေးမြူရေးကြက်များမှ ပျံ့နှံ့သည်။ ဆောင်းခိုငှက် များနှင့် ရေတွင်ကျက်စားသော ဘဲ၊ ဘဲငန်းတို့သည်လည်း ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘဲ ရောဂါပိုးကို သယ်ဆောင်ထားတတ်သည်။

ရောဂါကူးစက်ပုံမှာ ကြက်၊ ငှက် တို့၏ လျှာရည်၊ နှာရည်၊ အညစ်အကြေးနှင့် သွေးတို့ကို ထိမိ၊ ကိုင်မိ၊ ရှူမိ ခြင်းမှ ဗိုင်းရပ်စ်ကူးစက်သည်။ လူကို ရောဂါကူးစက်လျှင် ဆိုးရွားပြင်းထန်ပါသည်။

သတိထားသင့်သော အကြောင်းအရာများ

ဆေးကုသသည့် သက်တမ်းတစ်လျှောက်တွင် ကြက်၊ ဘဲ၊ ဘဲငန်း၊ ကြက်တူရွေး၊ သာလိကာ၊ သိန်းငှက်၊ စွန်၊ ကျီးကန်း၊ ခို၊ ဒီးဒုတ်၊ ဇီးကွက်၊ ကြိုးကြာ စသောငှက်အမျိုး မျိုးကို ကုသဖူးပါသည်။ အချို့က ဒဏ်ရာရပြီး ပြုတ်ကျနေ သော ငှက်များ၊ မြေပေါ်ကျပြီး မပျံနိုင်သောငှက်များကို သွားရင်းလာရင်း တွေ့သောကြောင့် ကရုဏာစိတ် သက်သက်ဖြင့် လာပြပေးကြခြင်းဖြစ်သည်။ ဆေးခန်းလာပြ ပေးသူအများစုက ငယ်ရွယ်နုနယ်သော ကလေးများသာ။

ထိုအခါမျိုး၌ ငှက်မှ လူကို ရောဂါမကူးစက်အောင် မျက်နှာစည်း တပ်ဆင်ပါ၊ လက်အိတ်နှင့်ကိုင်တွယ်ပါဟု နားလည်အောင် ရှင်းပြခဲ့ရသည်။ ကြက်ငှက်တုပ်ကွေး ရောဂါ အုတ်အော်သောင်းတင်း ဖြစ်ခဲ့စဉ်အချိန်ကတော့ ကာကွယ်ရမည့် အခြေခံအချက်အလက်များကို လူတိုင်း ဂရုပြုမိလာကြပါသည်။ ယခုအခါ မြို့ကြီးပြကြီးများတွင် ကျက်စားနေသော ငှက်များ၏ အရေအတွက်ကို မခန့်မှန်း နိုင်ပါ။ သစ်ပင်သစ်တောရှိသည့်နေရာများမှ ငှက်များ သည် မြို့ပေါ်ရှိ အဆောက်အအုံများ၊ ဓာတ်ကြိုးများ၊ ဓာတ်တိုင်များ၌သာမက လူနေရပ်ကွက်များအတွင်း တွင်ပါ နေရာယူလာသည်။ လမ်းမပေါ်တွင်သာ ညအိပ် ရပ်နားသော ကားတန်းတို့၏ အမိုးများ၊ ရှေ့မှန်၊ နောက်မှန် များထက်၌ ငှက်ချေးများက မြင်မကောင်း၊ ရှုမကောင်း။ ကျီးကန်းနှင့် စာကလေးတို့ထက် ခိုဖြူ၊ ခိုပြာများက ပိုမို များပြားလာသည်။ အိမ်တံစက်မြိတ်တန်းများအောက်တွင် ညအိပ်ခိုနားသော ခိုညည်းသံများ ကြားလာရသည်။ မြန်မာတို့၏အယူအရ ခိုညည်းသံကို မင်္ဂလာမရှိဟု ဆိုကြ သော်လည်း ခိုများက လူကိုရန်မပြုတတ်၊ မကြောက်လန့် တတ်ဘဲ အုပ်စုဖွဲ့နေထိုင်တတ်သည့် သဘာဝရှိသော သတ္တဝါများသာ ဖြစ်သည်။ ဆန်စပါးကဲ့သို့ အစေ့ အနှံများ၊ လူတို့စွန့်ပစ်ထားသည့် စားကြွင်းစားကျန်များကို စားသုံးပြီး ရှင်သန်သည်။

လူတို့သည် ကမ္ဘာစစ်များအတွင်းက စာပို့ခိုများကို အသုံးပြုပြီး သတင်းပို့ဆက်သွယ်ခဲ့သည်။ ဤသတင်းပို့ ဆက်သွယ်မှုများကြောင့် လူ့အသက်ထောင်ပေါင်းများစွာ ကို ကယ်တင်နိုင်ခဲ့သည်။ ထိုအချက်ကို လူတို့က မမေ့ကြ ပါ။ ၁၉၉၆ ခုနှစ်မှ စတင်ခဲ့သော မှတ်တမ်းများအရ နယူးယောက်မြို့တွင် ငှက်မှ လူကိုရောဂါကူးစက်သည့် ဖြစ်ရပ်မှာ အရေအတွက် ၅၀ အောက်သာရှိခဲ့သည်။ ယင်းတို့၏ ၇၀ ရာခိုင်နှုန်းသည် အိမ်မွေး အလှမွေးငှက် များမှ ကူးစက်ခဲ့ခြင်းသာဖြစ်သည်။

အစာရေစာပေါများသည့်နေရာများသို့ သဘာဝ အလျောက် ရွှေ့ပြောင်းကျက်စားလာသော ကျေးငှက် တို့ကို တားဆီး၍မရနိုင်လျှင်သော်မှ လူကိုရောဂါ မကူးစက်နိုင်အောင် လူတို့ဘက်က ကာကွယ်တားဆီး နိုင်ပါသည်။

မနက်စောစော ငှက်စာကျွေးတတ်သူ အများစု သည် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ် များဖြစ်ရာ ငှက်၏အမွေးအတောင်များ၊ တောင်ပံခတ်စဉ်၊ ပျံသန်းစဉ် ထွက်လာသော အမှုန်အမွှားများကို မရှူမိစေရန် နှာခေါင်းနှင့် ပါးစပ်စည်း တပ်ဆင်ထားပါ။

ခြံရှေ့၊ အိမ်ရှေ့တွင် ရပ်နားထားသော ကားများ ပေါ်မှ ငှက်ချေးများကို (မိမိ၏ကားဖြစ်ပါက) လက်အိတ်စွပ်ပြီး စနစ်တကျ ဆေးကြော သုတ်သင်ပါ။ မိမိ၏အိမ်တွင်းသို့ ငှက်ချေး ခြောက်များ မလွင့်ပျံ့လာအောင် အကာအကွယ် ပြုလုပ်ထားပါ။

ခြံရှေ့၊ အိမ်ရှေ့ရှိ ငှက်ချေးကျနေသော နေရာ များကို ဆပ်ပြာရည်ဖြင့် စင်အောင်ဆေးကြောပါ။

မိမိ၏အိမ်တွင် ငှက်များ ညအိပ်နားခိုခြင်း မပြု နိုင်အောင် တတ်နိုင်သမျှ ကာရံထားပါ။ စားကြွင်းစားကျန်များကို စနစ်တကျစွန့်ပစ်ပါ။

v ပြင်ပမှငှက်များ ထိုးဆွစားသုံးခြင်း မပြု နိုင်ရန် အမှိုက်ပုံးများကို လုံအောင်ဖုံးထား ပါ။

မိမိ၏ အိမ်မွေးငှက်များကို စနစ်တကျ ပြုစုစောင့်ရှောက်ပါ။ အညစ်အကြေးများကို သန့်ရှင်းပေးပါ။

အိမ်မွေးငှက်များကိုဖြစ်စေ၊ အကြောင်းတစ်ခုခု ကြောင့် ပြုတ်ကျနေသော ငှက်များကိုဖြစ်စေ ကိုင်တွယ်လိုလျှင် နှာခေါင်းနှင့် ပါးစပ်စည်း တပ်ဆင်ပါ။ လက်အိတ်ဝတ်ဆင်ပါဟု အကြံပြု

လိုပါသည်။ ယခုလို ကိုဗစ်- ၁၉ ကပ်ရောဂါ ကာလတွင် လိုက်နာနေကြရသော နှာခေါင်းနှင့် ပါးစပ်စည်း တပ်ဆင် ခြင်း၊ လက်အိတ်ဝတ်ခြင်း၊ လက်များကို စနစ်တကျ ဆေးကြောခြင်းတို့သည် ကိုဗစ်အလွန်ကာလများအထိ ကျင့်သုံးရမည့် စည်းကမ်းများဖြစ်သလို ငှက်များမှ လူကို ရောဂါမကူးစက်အောင် ကာကွယ်နိုင်သည့်အခြေခံ နည်းလမ်းများပင် ဖြစ်ပါသည်။ ။