
ဖြိုးသူဟန်
နို့သည် သက်ရှိအားလုံးတို့အတွက် အာဟာရပြည့်ဝစေပြီး အင်အားပြည့်ဖြိုးစေသော အစားအစာတစ်ခု ဖြစ်ပေသည်။ နို့နှင့်နို့ထွက်ပစ္စည်းများတွင် အာဟာရအရည်အသွေး မြင့်မားစွာ ပါဝင်လျက်ရှိရာ လူသားတို့၏ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရရင်းမြစ်တစ်ခု ဖြစ်ပေသည်။ ဘီစီ ၄၀၀၀ ခန့်မှစတင်၍ လူ့အဖွဲ့အစည်း အသီးသီး တို့က နို့နှင့်နို့ထွက်ပစ္စည်းများကို အဓိကအစားအစာအဖြစ် တန်ဖိုးထား စားသုံးခဲ့ကြပေသည်။ နို့တွင် ဗီတာမင် D များစွာပါဝင်ပြီး ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်စ်၊ ပရိုတင်း၊ ဗီတာမင် A ၊ ဗီတာမင် B12 ၊ ရိုင်ဘိုဖလေဘင်၊ နိုင်ရာဆင် အစရှိသော သတ္တုဓာတ်များလည်း ပါဝင်နေပေသည်။
လူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို လေ့ကျင့်ခန်းပြု လုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်း စသည့်နေထိုင်မှုပုံစံများ နှင့် စားသောက်မှုပုံစံများက အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း သိရှိကြပြီးဖြစ်ပေသည်။ ဤဆောင်းပါးတွင် နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းကြောင့် လူတို့၏ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်ပုံအား ဆွေးနွေး တင်ပြသွားမည်ဖြစ်ရာ နို့သောက်သုံးခြင်း အလေ့အကျင့် နှင့် ဓာတ်မတည့်ခြင်း၊ ရိုးဆက်ရောင်ရမ်းခြင်း၊ ကင်ဆာ၊ နှလုံးရောဂါ၊ သွားပိုးစားခြင်း၊ ဆီးချိုရောဂါနှင့် သွေးတိုး ရောဂါ အစရှိသော ရောဂါတို့အကြား ဆက်စပ်မှုများကို ဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။
၁။ နို့သောက်သုံးခြင်းနှင့် ဓာတ်မတည့်ခြင်း
အစားအစာဓာတ်မတည့်ခြင်းသည် ကိုယ်ခံစွမ်းအား က စားသုံးလိုက်သော ပရိုတင်းများကို တုံ့ပြန်ခြင်းကြောင့် အရေပြား၊ အသက်ရှူလမ်းကြောင်းနှင့် အစာအိမ်လမ်း ကြောင်းဆိုင်ရာ လက္ခဏာများ ဖြစ်ပေါ်လာခြင်းပင် ဖြစ်ပါ သည်။ အချို့လူများတွင် နို့နှင့်နို့ထွက်ပစ္စည်းများ စားသုံး ပြီးနောက် လေပွခြင်း၊ ကြွက်တက်ခြင်း၊ အူရောင်ရောဂါနှင့် ဝမ်းလျှောရောဂါ စသည့်လက္ခဏာများ ဖြစ်ပေါ်လာသည့် အတွက် နို့နှင့်ဓာတ်မတည့်ဟု ယူဆကြပေသည်။ သို့သော် ၎င်းသည် ဓာတ်မတည့်တုံ့ပြန်မှု မဟုတ်ဘဲ lactose malabsorption (အောက်တွင် အသေးစိတ်ရှင်း လင်းဖော် ပြထားပါသည်) ဟုခေါ်သော အခြေအနေတစ်ခု ဖြစ်ပေ သည်။ အစားအစာဓာတ်မတည့် တုံ့ပြန်မှုကို ဖြစ်ပေါ်စေ သည့် အဓိက အစားအစာများမှာ နို့၊ ကြက်ဥ၊ မြေပဲ၊ အခွံမာ သီးများ၊ ငါး၊ အခွံမာ ရေသတ္တဝါ၊ ပဲနှင့် ဂျုံ စသည်တို့ ဖြစ်ကြပါသည်။ နို့နှင့်ဓာတ်မတည့်မှုသည် ကလေးများ တွင် ၂ ရာခိုင်နှုန်းနှင့် အရွယ်ရောက်သူများတွင် ၁ ရာခိုင်နှုန်း ရှိပေသည်။
နို့တွင် casein နှင့် whey ပရိုတင်းအမျိုးအစားနှစ်ခု အဓိကပါဝင်ပြီး ၎င်းတို့တွင် အခြားပရိုတင်း အမျိုးအစား များစွာ ပါဝင်လျက် ရှိနေပါသည်။ နို့ပရိုတင်းအားလုံးသည် ဓာတ်မတည့်မှုကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိရပြီး နွားနို့ နှင့် ဓာတ်မတည့်သူများသည် ဆိတ်၊ သိုးနှင့် ကျွဲနို့များကို လည်း ဓာတ်မတည့်မှုဖြစ်နိုင်ကြောင်း တွေ့ရှိရပေသည်။ နို့နှင့် ဓာတ်မတည့်မှုအတွက် ကုထုံးဆိုင်ရာ အကြံပြုချက် အများစုသည် အစားအစာ၌ နို့နှင့် နို့ထွက်ပစ္စည်းများ မပါ ဝင်အောင် ဖယ်ရှားခြင်းပင် ဖြစ်ပါသည်။ အပူပေးပိုးသတ် ခြင်း (pasteurization) နည်းသည် နို့တွင်ပါဝင်သော ပရို တင်းနှင့် ၎င်း၏ဖွဲ့စည်းတည်ဆောက်ပုံကို ထိခိုက်စေခြင်း မရှိသည့်အတွက် အပူပေးပိုးသတ်ထားသောနို့ (past-eurized milk)သည် ဓာတ်မတည့်မှုဖြစ်ခြင်း၊ မဖြစ်ခြင်း အပေါ် အကျိုးသက်ရောက်မှု မရှိစေပေ။ လူတစ်ဦးချင်းစီ၏ အစားအစာဓာတ်တည့်မှု၊ မတည့်မှုအပေါ်တွင်သာ မူတည် နေပေသည်။
၂။ နို့သောက်သုံးခြင်းနှင့် ရိုးဆက်ရောင်ရမ်းခြင်း
အဆစ်အမျက်ရောင်ရမ်းခြင်းသည် အရိုးအဆစ်များ ထိခိုက်ပျက်စီးလာခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ မသန်မစွမ်း ဖြစ်လာခြင်းပင် ဖြစ်ပါသည်။ အရိုးပွရောဂါ (osteoarthr-itis)၊ ခန္ဓာကိုယ်အတွင်းရှိ အရာဝတ္ထုများကို အလို အလျောက် ခုခံတိုက်ဖျက်ရာမှ ဖြစ်ပေါ်လာသော ရောဂါ များ (autoimmune diseases)၊ အကြောအဆစ်ရောင် ရမ်းခြင်း (rheummatoid)၊ အနာရင်း၍ ရောင်ရမ်းခြင်း (septic arthritis) နှင့် အခြားရောဂါများကြောင့် ဖြစ်ပေါ် လာသော ရောဂါဟူ၍ အဆစ်အမျက် ရောင်ရမ်းခြင်း အမျိုးမျိုးရှိပေသည်။
နို့စိမ်းသောက်သုံးခြင်းသည် ရိုးဆက်ရောင်ရမ်းနာ များကို သက်သာစေသည်ဟူသော အကြံပြုချက်များ ရှိသော်လည်း နို့သောက်သုံးခြင်းနှင့် ရိုးဆက်ရောင်ရမ်းနာ သက်သာခြင်း အကြား ဆက်စပ်မှုများကို ဖော်ပြထားသည့် သုတေသနစာပေများ မတွေ့ရှိပေ။ မျှတသော အစား အသောက်ပုံစံနှင့် ကျန်းမာအောင် နေထိုင်ခြင်းတို့ကသာ ရိုးဆက်ရောင်ရမ်းနာကို သက်သာစေနိုင်မည် ဖြစ်ပေ သည်။
၃။ နို့သောက်သုံးခြင်းနှင့် ကင်ဆာရောဂါ
ကင်ဆာရောဂါသည် ဆဲလ်များ အဆမတန်ပွားများ လာမှုကြောင့် ဖြစ်ပေါ်လာသော ရောဂါဖြစ်ပေသည်။ ကင်ဆာရောဂါအမျိုးမျိုးတွင် မတူညီသော ရောဂါဖြစ်ပွား စေသည့် အချက်များ၊ ဆင့်ကဲ တိုးပွားမှုများ၊ ကုသမှုများနှင့် အန္တရာယ်ဖြစ်နိုင်ခြေ စသည်ဖြင့်အချက်များစွာ ရှိနေပါ သည်။ မျိုးရိုးဗီဇ၊ ဆေးလိပ်သောက်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အစားအသောက်နှင့် အခြားပတ်ဝန်းကျင် ဆိုင်ရာအချက်များက ကင်ဆာရောဂါဖြစ်နိုင်ခြေကို သက်ရောက်စေလျက် ရှိနေပေသည်။
အဆီနှင့် ကယ်လိုရီများသော အစားအစာများ စားသုံး ခြင်းနှင့် အမျှင်ဓာတ်၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးမှုနည်းပါးခြင်းတို့က ကင်ဆာရောဂါအချို့၏ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။ အချို့သော နို့ထွက် ပစ္စည်းများတွင် အဆီဓာတ်ပါဝင်မှု မြင့်မားခြင်းကြောင့် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေသည်ဟု ဆိုကြပေသည်။ သို့သော် အဆီဓာတ်မြင့်မားစွာ စားသုံး ခြင်းနှင့် ရင်သားကင်ဆာတို့အကြား ဆက်စပ်မှုနှင့် ပတ်သက်သည့် သုတေသနဆိုင်ရာ လေ့လာမှုများမှာ ကွဲလွဲလျက်ရှိနေပါသည်။ နို့ထွက်ပစ္စည်းများကို စားသုံး ခြင်းသည် ကင်ဆာရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသည် ဟု ဆိုကြသော်လည်း နို့တွင်ကင်ဆာရောဂါကို ကာကွယ် နိုင်သော ကယ်လ်စီယမ်၊ ဗီတာမင်D၊ conjugation linoleic acid (CLA)၊ sphingomyelin နှင့် whey ပရိုတင်း စသည့် အစိတ်အပိုင်းများစွာ ပါဝင်လျက်ရှိနေပါသည်။
ကယ်လ်စီယမ်နှင့် ဗီတာမင် D သည် အူမကြီး ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါသည်။ ဓာတ်ခွဲ လေ့လာမှုများအရ Sphingomyelin နှင့် whey ပရိုတင်းများသည် အူမကြီးကင်ဆာဆဲလ်များ ကြီးထွားမှု ကို တားဆီးပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပေသည်။ CLA သည် ရင်သားကင်ဆာဖြစ်ပွားမှုကို ထိရောက်စွာ တားဆီးပေးသည့်အပြင် အရေပြား၊ အစာအိမ်နှင့် အူမကြီးကင်ဆာများကို တားဆီးနိုင်ကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် Whey ပရိုတင်းသည်လည်း ရင်သားကင်ဆာကို တားဆီးနိုင်ကြောင်း တွေ့ရှိခဲ့ရ ပါသည်။ နို့တွင် တွေ့ရသော အင်ဆူလင်ကဲ့သို့ သောအရာ (insulin-like growth factor- IGF-1) နှင့် ကြီးထွားစေသော ဟော်မုန်း (growth homone) တို့သည် ရင်သားကင်ဆာကို ဖြစ်စေနိုင်သည်ဟု ဆိုကြသော်လည်း နို့တွင်ပါဝင်သော IGF ပမာဏသည် လူ့ခန္ဓာကိုယ်မှ ထုတ် လုပ်သောပမာဏနှင့် နှိုင်းယှဉ်လျှင် အလွန်ပင်နည်းပါး လှပေသည်။ ထို့ကြောင့် ဤဒြပ်ပေါင်းများသည် ရင်သား ကင်ဆာဖြစ်ပွားမှုကို အထောက်အကူ မဖြစ်စေပေ။ CLA၊ sphingomyelin နှင့် whey ပရိုတင်းတို့ကို ကင်ဆာရောဂါ ကာကွယ်နိုင်သောပစ္စည်း (anticancer agent) အနေဖြင့် ညွှန်းဆိုထားသော်လည်း လေ့လာမှုများစွာဖြင့် အတည် ပြုရန် လိုအပ်ပါသေး၏။
၄။ နို့သောက်သုံးခြင်းနှင့် Conjugated Linoleic Acid (CLA)
CLA သည် နို့တွင် ပါဝင်သောအဆီ၌ တွေ့ရပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်သော ဖက်တီး အက်စစ် (fatty acid) ဖြစ်ပေသည်။ CLA တွင် ကာဗွန် ၁၈ လုံး ပါဝင်ပြီး ကပ်လျက်အက်တန်စုံတွဲနှစ်တွဲ ပါဝင် ပေါင်းစပ်ထားသော အဆက် (double bond) နှစ်ခုပါဝင် လျက်ရှိနေပါသည်။ double bond ဆိုသည်မှာ ဖက်တီး အက်စစ်ကွင်းဆက်တွင် ကပ်လျက်ရှိသော ကာဗွန်အက် တမ် နှစ်ခုသည် အခြားအက်တမ်များနှင့် ပေါင်းစပ်နေသော ဓာတုပေါင်းစပ်မှုမျိုး ဖြစ်ပါသည်။ double bond များဖြင့် ချည်နှောင်ခြင်းကြောင့် cis နှင့် trans ဟုခေါ်သော ပေါင်းစပ်မှု ပုံသဏ္ဌာန်များကို ဖြစ်ပေါ်စေနိုင်ပါသည်။ CLA ကို cis နှင့် trans များစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး isomers ဟုခေါ်သော ပေါင်းစပ်မှုများစွာကို ဖြစ်ပေါ်စေပေ သည်။ CLA ထဲတွင် ပါဝင်သော isomers အမျိုးမျိုးတို့သည် ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်မှုအမျိုးမျိုးကို လုပ်ဆောင် ပေးလျက်ရှိနေပါသည်။ CLA isomers များတွင်-
(၁) cis 9 - trans 11 CLA ၊
(၂) trans 10 - cis 12 CLA ၊
(၃) trans 7 - cis 9 CLA နှင့်
(၄) trans 11 - cis 13 CLA တို့ ပါဝင်ပေသည်။ cis 9 - trans 11 CLA နှင့် trans 10 - cis 12 CLA isomers တို့ သည် ကျန်းမာရေးအတွက် အလွန်အရေးပါသော isomers များဖြစ်ပါသည်။ နို့တွင် ပါဝင်သောအဆီ၌ cis 9 - trans 11 CLA မှာ ၇၀ရာခိုင်နှုန်းကျော်ပါဝင်လျက်ရှိနေပေသည်။
ဖက်တီးအက်စစ်အမျိုးမျိုးတွင် မတူညီသော ဇီဝ ဖြစ်စဉ်များရှိကြပြီး လူသားတို့၏ ကျန်းမာရေးအတွက် သက်ရောက်မှု အမျိုးမျိုး ရှိနိုင်ကြပါသည်။ ယေဘုယျအား ဖြင့် trans ဖက်တီးအက်စစ်များသည် နှလုံးရောဂါဖြစ် နိုင်ခြေကိုများစေပြီး ကျန်းမာရေးအတွက် မကောင်းဟု ယူဆကြပါသည်။ သို့သော် ဟင်းသီးဟင်းရွက်ဆီများ ပြုပြင်ထုတ်လုပ်ခြင်းမှ ထွက်ရှိလာသော trans ဖက်တီး အက်စစ်များသည် နို့နှင့် အမဲသားတို့တွင် တွေ့ရသော တိရစ္ဆာန်အဆီ၌ ပါဝင်သည့် trans ဖက်တီးအက်စစ်များနှင့် အကျိုးသက်ရောက်ပုံ မတူညီကြပေ။
နို့တွင်ပါဝင်သော CLA သည် ရင်သားကင်ဆာဖြစ်ပွား ခြင်းကို တားဆီးနိုင်ကြောင်း သိရှိရပြီး ဖြစ်ပေသည်။ ထို့ပြင် အရေပြား၊ အစာအိမ်နှင့် အူမကြီးကင်ဆာများကို တားဆီးရာတွင်လည်း ထိရောက်ကြောင်း တွေ့ရှိရပေ သည်။ cis 9 - trans 11 CLA နှင့် trans 10 - cis 12 CLA isomers နှစ်ခုလုံးသည် ကိုယ်ခံစွမ်းအားကို တိုးပွားစေပြီး ရောင်ရမ်းမှုကို လျော့နည်းစေပါသည်။ ပလာစမာ ကိုလက် စထရော (plasma cholesterol)ကို လျော့ကျစေပြီး နှလုံး ရောဂါဖြစ်ပွားမှုကို ဟန့်တားနိုင်ကြောင်း တွေ့ရှိရပေသည်။
နို့တွင်ပါဝင်သော CLA ပမာဏသည် တိရစ္ဆာန်အစာနှင့် နွားတစ်ကောင်ချင်းအပေါ်မူတည်၍ မတူညီကြပေ။ ယေဘုယျအားဖြင့် စားကျက်ဖြင့် မွေးမြူသောနွားများ၏ နို့တွင် ပါဝင်သော CLA သည် ရိက္ခာဖြည့်တင်းကာ လှောင်၍မွေးသော နွားများ၏နို့တွင် ပါဝင်မှုထက် ပိုမို ကြောင်း တွေ့ရှိရပေသည်။ CLA သည် နို့တွင်ပါဝင်သော အဆီ၌ တွေ့ရသည်ဖြစ်ရာ အဆီပါဝင်မှု မြင့်မားသော နို့ထွက် ပစ္စည်းများတွင် CLA ပိုမိုမြင့်မားစွာ ပါရှိနိုင်ပေ သည်။
၅။ နို့သောက်သုံးခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ
နှလုံးသွေးကြောဆိုင်ရာရောဂါ (Coronary Heart Disease - CHD) သည် သွေးလွှတ်ကြောနံရံများ၌ ပုံမှန် မဟုတ်သည့် ချပ်ပြင်များ စုပြုံလာခြင်းကြောင့် သွေးလွှတ် ကြောများကျဉ်းလာပြီး နှလုံးကြွက်သားများထဲသို့ သွေးနှင့် အောက်ဆီဂျင် စီးဝင်မှုလျော့နည်းလာခြင်းကြောင့် ဖြစ်ပေါ် လာသောရောဂါ ဖြစ်ပေသည်။ အထီးများ၊ အသက်ကြီးသူ များနှင့် မျိုးရိုးတွင် CHD ရောဂါရှိသူများတွင် ပိုမိုဖြစ်ပွားနိုင် ပြီး ဆေးလိပ်သောက်ခြင်း၊ သွေးပေါင်ချိန်မြင့်ခြင်း၊ အဝ လွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် သွေးအတွင်း ကိုလက်စထရော မြင့်မားခြင်းစသည်တို့ကလည်း ရောဂါ ဖြစ်ပွားစေသည့် အချက်များဖြစ်ကြပေသည်။
စုစုပေါင်း သွေးကိုလက်စထရော (total blood cholesterol) ထဲတွင် lipoprotein သိပ်သည်းဆနည်း လေလေ CHD ဖြစ်နိုင်ခြေ ပိုမိုရှိလေဖြစ်ပြီး lipoprotein သိပ်သည်းဆ မြင့်မားလေလေ CHD ကို ပိုမိုကာကွယ် နိုင်လေလေ ဖြစ်ပေသည်။ သွေးအတွင်း triglceride (သို့မဟုတ်) triacylglycerol များလာခြင်းကလည်း CHD ပိုမိုဖြစ်နိုင် ကြောင်း တွေ့ရှိရပေသည်။ စားသုံးလိုက်သော အဆီပေါ် မူတည်၍ သွေးတွင်းကိုလက်စထရော ပါဝင်မှုကို သက်ရောက်ရာတွင် မတူညီကြပေ။ ပြည့်ဝဆီ သည် သွေးတွင်းကိုလက်စထရောပါဝင်မှု မြင့်မားနိုင်ခြေ အများဆုံး ဖြစ်ကြောင်းတွေ့ရှိရပေသည်။ ကာဗွန်ကွင်း ဆက် အလျားကလည်း ၎င်းအဆီ၏ သွေးတွင်း ကိုလက် စထရော တိုးပွားမှုအပေါ် လွှမ်းမိုးရာတွင် အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိနေပေသည်။ အတိုနှင့် အလတ်စားကွင်းဆက် ဖက်တီးအက်စစ် (ကာဗွန် ၁၀ လုံး နှင့် ၁၀ လုံးအောက်) များသည် သွေးတွင်းကိုလက်စထ ရောတိုးပွားမှုအပေါ် ရှည်လျားသော ကွင်းဆက်ရှိသည့် ဖက်တီးအက်စစ်များထက် သက်ရောက်မှုနည်းကြောင်း တွေ့ရှိရပေသည်။
နို့တွင်ပါဝင်သောအဆီသည် ပြည့်ဝဆီပါဝင်မှု အများဆုံးဟု သတ်မှတ်ထားရာ ခန့်မှန်းခြေအားဖြင့် ၆၅ ရာခိုင်နှုန်းသော ဖက်တီးအက်စစ်များသည် ပြည့်ဝဆီ များဖြစ်ပြီး monounsaturated ဖက်တီးအက်စစ် ၃၀ ရာခိုင်နှုန်းနှင့် polyun-saturated ဖက်တီးအက်စစ် ၅ ရာခိုင်နှုန်း ပါဝင်လျက်ရှိနေပေသည်။ သွေးအတွင်း ကိုလက်စထရောနှင့်စပ်လျဉ်း၍ နို့တွင်ပါဝင်သော အဆီ၏ ၄၁ ရာခိုင်နှုန်းကသာ သွေးအတွင်း ကိုလက် စထရောကို တိုးပွားစေနိုင်ပေသည်။ ထို့ကြောင့် နှလုံးနှင့် သွေးကြော ဆိုင်ရာကျန်းမာရေးအတွက် အဆီမပါဝင် သော (သို့မဟုတ်) အဆီပါဝင်မှုနည်းသော နို့နှင့် နို့ထွက် ပစ္စည်းများကို စားသုံးရန် အကြံပြုရမည် ဖြစ်ပေသည်။
၆။ နို့သောက်သုံးခြင်းနှင့် သွားပိုးစားခြင်း
သွားပိုးစားခြင်းသည် သွားကြွေတွင် ပါဝင်သော သတ္တုဓာတ် (mineral)များ ဆုံးရှုံးလာခြင်းကြောင့် သွား မျက်နှာပြင်၌ အပေါက်များ ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။ တံတွေးသည် ခံတွင်းအတွင်း၌ ချဉ်ငန်နှုန်း(pH) မျှတ စေရန် လုပ်ဆောင်ပေးလျက်ရှိရာ ချဉ်ငန်နှုန်း-(၇)၌ ထိန်းသိမ်းထားခြင်းဖြင့် သွားကြွေပေါ်တွင် ကယ်လ်ဆီ ယမ်နှင့် ဖော့စဖရပ်စ်များ စုပြုံနေစေပြီး သွားပိုးစားခြင်းမှ ကာကွယ်ပေးလျက် ရှိနေပါသည်။ သွားကြွေပေါ်ရှိ သတ္တုဓာတ်များ ဆုံးရှုံးခြင်းက ပိုမိုဖြစ်ပွားလာသောအခါ သွားပိုးစားခြင်း ဖြစ်ပေါ်လာပေသည်။ ခံတွင်းအတွင်းရှိ ဗက်တီးရီးယား များကြောင့် သကြားများ အချဉ်ပေါက်ကာ ချဉ်ငန်နှုန်း-(၅ ဒသမ ၅)အထိ ကျဆင်းသွားရာမှတစ်ဆင့် သွားကြွေတွင် သတ္တုဓာတ်ဆုံးရှုံးမှုကို ဖြစ်ပေါ်လာစေပါ သည်။
နို့တွင် သကြားဓာတ် lactose ပါရှိသော်လည်း အခြား သကြားဓာတ်များကဲ့သို့ သွားဘက် ဆိုင်ရာရောဂါများကို ဖြစ်ပွားစေနိုင်ခြင်း မရှိပေ။ သုတေသနများအရ နို့ထွက် ပစ္စည်းများ (အထူးသဖြင့် ဒိန်ခဲ) သည် သွားပိုးစားခြင်းကို ကာကွယ်နိုင်ကြောင်း တွေ့ရှိရပေသည်။ နို့ပရိုတင်းတွင် ကယ်လစီယမ်နှင့် ဖော့စဖရပ်စ်များစွာ ပါ၀င်လျက်ရှိရာ နို့သောက်သုံးခြင်းအားဖြင့် သွားကြွေတွင် ထိုသတ္တုဓာတ် များ စုဝေးလာစေပါသည်။ နို့နှင့်ဒိန်ခဲများ စားသုံးခြင်းအား ဖြင့် ပါးစပ်အတွင်း ချဉ်ငန်နှုန်းကို ထိန်းညှိပေးခြင်းကသွားပိုးစားခြင်း အန္တရာယ်မှ ကာကွယ်တားဆီးပေးနိုင်ပေ သည်။
၇။ နို့သောက်သုံးခြင်းနှင့် ဆီးချိုရောဂါ
ဆီးချိုရောဂါသည် ကာဘိုဟိုက်ဒရိတ်ဇီဝဖြစ်စဉ်၏ ရောဂါတစ်ခုဖြစ်ပေသည်။ အမျိုးအစား ၁ ဆီးချိုရောဂါ သည် အင်ဆူလင်ထုတ်လုပ်နိုင်စွမ်းမရှိခြင်းကြောင့်ဖြစ်ရာ အင်ဆူလင်ထိုးဆေးများ ထိုးခြင်းဖြင့် ကာကွယ် ထိန်းချုပ်နိုင်ပါသည်။ အမျိုးအစား ၂ ဆီးချိုရောဂါသည် အင်ဆူလင်ကို တုံ့ပြန်မှု မပြုနိုင်ခြင်းကြောင့်ဖြစ်ကာ ပုံမှန် အားဖြင့် အရွယ်ရောက်သူများတွင် ဖြစ်ပွားလေ့ရှိပြီး အစားအသောက်ပုံစံနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ ဖြင့် ကာကွယ်နိုင်ပါသည်။
နို့သောက်သုံးခြင်းသည် ကလေးဘဝတွင် ဆီးချို ရောဂါကို ဖြစ်စေသည်ဟုဆိုသော လေ့လာမှုအချို့ရှိ နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လေ့လာ မှုများအရ နို့ထွက်ပစ္စည်း ပိုမိုစားသုံးသောသူများသည် အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းနည်းသည်ဟုဆိုရာ နို့တွင်ပါဝင်သော ကယ်လ်ဆီယမ်သည် သွေးတိုးရောဂါမှ ကာကွယ်နိုင်သည့်အတွက် ဆီးချိုရောဂါကို ကာကွယ် နိုင်ခြင်း ဖြစ်နိုင်ပေသည်။
၈။ နို့သောက်သုံးခြင်းနှင့် သွေးတိုးရောဂါ
သွေးတိုးရောဂါသည် သွေးအတွင်းဖိအား မြင့်တက် လာခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါဖြစ်သည်။ သွေးပေါင်ချိန် မြင့်တက်လာခြင်းသည် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ရောဂါများ ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်သွားစေပါသည်။ သွေးပေါင်ချိန် မြင့်တက် လာခြင်းသည် အချို့သောလူများတွင် အဝလွန်ခြင်း၊ အထိုင်များခြင်းနှင့် ဆိုဒီယမ်ပါဝင်မှုများသော အစားအစာ များစားသုံးခြင်း စသည့်လူနေမှုပုံစံများကြောင့် ဖြစ်ပေ သည်။ ကယ်လ်ဆီယမ်၊ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ကို မျှတစွာ စားသုံးခြင်းသည် သွေးပေါင်ချိန်မြင့်မားမှုကို လျှော့ချနိုင်သည့်အတွက် ကယ်လစီယမ်၊ ပိုတက်စီယမ်နှင့် မဂ္ဂနီဆီယမ် ရင်းမြစ်ကောင်းတစ်ခုဖြစ်သည့် အဆီနည်း သော နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးခြင်းက သွေးပေါင်ချိန်မြင့်မားမှုကို ကာကွယ်နိုင်ပေသည်။
Angiotensin-I-converting အင်ဇိုင်း (ACE) သည် ခန္ဓာကိုယ်အတွင်းရှိ အရည်နှင့် လျှပ်စစ်ဓာတ်များကို မျှတ အောင်ထိန်းညှိခြင်းဖြင့် သွေးပေါင်ချိန်ကို အကျိုး သက်ရောက်စေရာ ACE ၏ လုပ်ဆောင်ချက်အား တားဆီး ခြင်းဖြင့်် သွေးပေါင်ချိန်ကို ထိန်းချုပ်နိုင်ပေသည်။ နို့တွင် ပါဝင်သော casein နှင့် ဘိုင်အိုပရိုတင်းများ၌ တွေ့ရသည့် bioactive peptides များက ACE လှုပ်ရှားမှုကို တားဆီး ကာ သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပေ သည်။
၉။ နို့သောက်သုံးခြင်းနှင့် သကြားဓာတ် Lactose ကို ခံနိုင်ရည်မရှိခြင်း
lactose ကို ချေဖျက်ရာမှ လေပွခြင်း၊ ဝမ်းဗိုက်ကြွက် သားနာကျင်ခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း၊ ဝမ်း ပျော့ပျော့သွားခြင်းစသည့် အစာချေဖျက်မှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာစေနိုင်ပါသည်။ ဤရောဂါ လက္ခဏာများသည် နို့ကို ခံနိုင်ရည်မရှိခြင်းကြောင့် သာမက အခြားအချက်များစွာ ရှိနေပါသေးသည်။
lactose သည် သကြားဓာတ်ဖြစ်ပြီး နို့ကိုထူးခြားစေ သော အရာတစ်ခုဖြစ်ပေသည်။၊ lactose ကို ချေဖျက် ရန်အတွက် အစာချေအင်ဇိုင်း lactase (ß-galactosidase) လိုအပ်ပါသည်။ နို့သည် ကလေးသူငယ်များအတွက် တစ်ခု တည်းသော အစားအစာဖြစ်ပေရာ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးတိုးတက်စေရန် နို့တွင် ပါဝင်သော lactose ကို မဖြစ် မနေ ချေဖျက်နိုင်ရမည် ဖြစ်ပေသည်။ ကလေးအချို့မှအပ ကလေးအများစုသည် ၎င်းတို့၏ အစာချေဖျက်မှုစနစ်တွင် lactase ပမာဏလုံလောက်စွာ ထုတ်လုပ်နိုင်စွမ်းဖြင့် မွေးဖွားလာကြပါသည်။ အသက်ကြီးလာသည်နှင့်အမျှ lactase အင်ဇိုင်းထုတ်လုပ်နိုင်စွမ်း လျော့နည်းသွားရာ ၎င်းကို lactase nonpersistence ဟု ခေါ်ပါသည်။ သို့သော် လူအများစုသည် အရွယ်ရောက်သည်အထိ အူ အတွင်း၌ lactase ၏ လုပ်ဆောင်မှုအချို့ကို ဆက်လက် ထိန်းသိမ်းထားကြပါသည်။ ထိုသို့ ဆက်လက်ထိန်းသိမ်း ထားသူတို့သည် နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးပြီး သောအခါ ၎င်းတို့၏ အစာချေစနစ်တွင် lactase ၏ လုပ်ဆောင်ချက်များ လိုအပ်သည်ထက် ပိုမိုကျော်လွန် လာကြပြီး အထက်တွင် ဖော်ပြခဲ့သော အစာချေဖျက်မှု ဆိုင်ရာလက္ခဏာများ ဖြစ်ပေါ်လာပေသည်။ ၎င်းကို lactose malabsorption ဟုခေါ်ပေသည်။
လူတစ်ဦးချင်းအပေါ်မူတည်၍ lactose ကို ချေဖျက် နိုင်စွမ်း မတူညီကြသကဲ့သို့ ရောဂါလက္ခဏာပြင်း ထန်မှုနှင့် ရောဂါလက္ခဏာများအပေါ် တုံ့ပြန်မှုမှာ လည်း မတူညီကြပေ။ နို့ထွက်ပစ္စည်းများ တွင်တွင်ကျယ် ကျယ်သုံးစွဲခြင်းမရှိသည့် နိုင်ငံများတွင် lactose malab-sorption ပိုမိုဖြစ်ပွားမှုရှိကြောင်း တွေ့ရှိရပေရာ အာရှ နိုင်ငံများတွင် ၁၀၀ ရာခိုင်နှုန်းနီးပါး၊ တောင်အမေရိကနှင့် အာဖရိကတွင် ၅၀ ရာခိုင်နှုန်းအထက်၊ မက္ကဆီကန်-အမေရိကန်တို့တွင် ၅၃ ရာခိုင်နှုန်းနှင့် အာဖရိကန်-အမေရိကန်တို့တွင် ၈၀ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပေ သည်။
လူအများစုက ၎င်းတို့သည် lactose ကို ခံနိုင်ရည် မရှိဟု ထင်ကြသော်လည်း သင့်လျော်သော ပမာဏတစ်ခု အထိ ချေဖျက်နိုင်ကြပေသည်။ နို့နှင့် နို့ထွက်ပစ္စည်းများကို ကောင်းစွာ ချေဖျက်နိုင်ခြင်းမရှိသည်မှာ အခြားအူသိမ်အူမ ရောဂါများကြောင့်လည်း ဖြစ်နိုင်ပါသည်။ များစွာသော လူတို့သည် lactose ကို ခံနိုင်ရည်မရှိဟု ထင်ကြသည့် အတွက် နို့ထွက်ပစ္စည်း ပါဝင်သော အစားအစာများကို ရှောင်ကြဉ်ကြရာ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီ စီယမ်နှင့် အခြားသတ္တုဓာတ်များနှင့် ဗီတာမင်စားသုံးမှု လျော့နည်းလာပြီး အရိုးကျန်းမာရေး၊ သွေးတိုးရောဂါနှင့် အခြားရောဂါများကို ဖြစ်ပေါ်လာစေနိုင်ပေသည်။
lactose ကို ကောင်းစွာမချေဖျက်နိုင်သောသူများ အတွက် နို့ထွက်ပစ္စည်းများကို စားသုံးနိုင်သော နည်းဗျူဟာ များစွာရှိပေသည်။ တစ်ကြိမ်လျှင် နို့ထွက် ပစ္စည်း အနည်းငယ်ကိုသာ စားသုံးခြင်းဖြင့် lactase သည် lactose ကို ကောင်းစွာချေဖျက်နိုင်မည်ဖြစ်ပါသည်။ အခြား အစားအစာ တစ်ခုခုနှင့်အတူတွဲ၍ စားသုံးခြင်းက အစာ အိမ်ထဲတွင် အစာမရှိခြင်းကို တားဆီးနိုင်ပြီး အစာအိမ်မှ ၎င်းအစာများကို ချေဖျက်နေရသည့်အတွက် lactose သည် အချိန်ကြာမြင့်မှ အူသိမ်သို့ ရောက်ရှိနိုင်ပြီး မလိုအပ် ဘဲ lactase များစွာထွက်ခြင်းကို တားဆီးနိုင်ပေသည်။ နို့ထွက်ပစ္စည်းများကို ပမာဏနည်းနည်းနှင့် ခဏခဏ စားသုံးခြင်းက lactase ကို မလိုအပ်ဘဲ တိုးပွားလာစေခြင်း မရှိသည့်အပြင် အစာချေစနစ်ကို တဖြည်းဖြည်း ပြောင်းလဲ လာစေသည့်အတွက် မနှစ်သက်ဖွယ်သော အစာချေဖျက်မှု ဆိုင်ရာပြဿနာ လက္ခဏာများကို လျော့နည်းသွားစေနိုင် ပါသည်။ ဒိန်ချဉ်နှင့် ဒိန်ခဲကဲ့သို့ အချဉ်ဖောက်ထားသည့် နို့ထွက်ပစ္စည်းများတွင် lactose ကို lactic acid ဘက်တီး ရီးယားများက တစ်စိတ်တစ်ပိုင်းအားဖြင့် ချေဖျက်ထား သည့်အတွက် lactose ပါဝင်မှုနည်းပါးပေသည်။ ထို့အပြင် စျေးကွက်တွင် lactose ပါဝင်မှု လျှော့ချထားသော နို့ထွက်ပစ္စည်းများကိုလည်း ဝယ်ယူရရှိနိုင်ပါသည်။ နို့ထွက် ပစ္စည်းများ မစားသုံးမီ lactase ကို ဆေးပုံစံကြိုတင် သောက်သုံးထားခြင်းဖြင့်လည်း အစာချေရာတွင် လွယ်ကူ စေနိုင်ပါသည်။
၁၀။ နို့သောက်သုံးခြင်းနှင့် အရိုးပွရောဂါ
အရိုးပွရောဂါသည် အရိုး၏လုပ်ဆောင်ချက် ကျဆင်း လာခြင်းနှင့် အရိုးတစ်သျှူးများ ပျက်စီးလာခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါဖြစ်ပေသည်။ ရောဂါဖြစ်ပွား ရခြင်း၏ အကြောင်းရင်းများတွင် မျိုးရိုးဗီဇ၊ ကျား/မ၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် စားသောက်မှုပုံစံတို့ ပါဝင်ပြီး အရိုးကြီးထွားမှုဖြစ်စဉ်ပေါ်တွင် အဓိကမူတည်နေပေသည်။ အရိုးတည်ဆောက်မှု အင်အားအကောင်းဆုံးအချိန်တွင် ကယ်လ်စီယမ်၊ ဖော့စဖောရပ်စ် အစရှိသော သတ္တုဓာတ် များဖြင့် ထုထည်များများ ပိုမိုပါဝင်တည်ဆောက်နိုင် လေလေ၊ အရိုးပွရောဂါ ဖြစ်နိုင်ခြေနည်းလေလေ ဖြစ်ပေ သည်။ အမျိုးသမီးများသည် အမျိုးသားများထက် အရိုးပွ ရောဂါ ဖြစ်ပွားလေ့ရှိပြီး ကော့ကေးဆပ်နှင့် အာရှသားများ သည် အာဖရိကန်လူမျိုးများထက် အရိုးပွရောဂါဖြစ်ပွားမှု နှုန်း နည်းပါးကြပေသည်။
အရိုးသည် ပရိုတင်း ၅၀ ရာခိုင်နှုန်း၊ ကယ်လ်စီယမ်ဖော့ စဖိတ် ၅၀ ရာခိုင်နှုန်းခန့်ဖြင့် ဖွဲ့စည်းထားပြီး ခန္ဓာကိုယ် အတွက် ကယ်လ်စီယမ်များထုတ်ပေးရာ သိုလှောင်ကန် တစ်ခု ဖြစ်ပေသည်။ သွေးအတွင်း ကယ်လ်ဆီယမ်ဓာတ် ပါဝင်မှုကို စနစ်တကျ ထိန်းချုပ်ခြင်း၊ သတ္တုဓာတ်များကို ခန္ဓာကိုယ်သို့ ထောက်ပံ့ပေးခြင်းနှင့် အရိုးအသစ်ပြုပြင် တည်ဆောက်မှု လုပ်ဆောင်ပေးခြင်း စသည့်လုပ်ဆောင်မှု များ ဆောင်ရွက်ပေးလျက် ရှိပေသည်။ ထို့ကြောင့် စားသုံး လိုက်သော အစားအစာ၌ အာဟာရဓာတ် လုံလောက်စွာ မပါရှိက အရိုးနှင့်ပတ်သက်သည့် ပြဿနာများ ဖြစ်ပေါ် လာနိုင်ပေသည်။
အရိုးပွရောဂါကို သက်ကြီးရွယ်အိုရောဂါဟု ခေါ်ဆိုနိုင် သော်လည်း ကလေးဘဝနှင့် လူငယ် ဘဝအခြေအနေများက သတ်မှတ်ထိန်းချုပ်နိုင်ပေသည်။ ကလေးဘဝနှင့် လူငယ် ဘဝများတွင် အရိုးတည်ဆောက်မှု အမြင့်ဆုံး၊ အကောင်း ဆုံးလုပ်ဆောင်နိုင်ခြင်းဖြင့် အရိုးပွရောဂါကို အကောင်း ဆုံး ကာကွယ်နိုင်ပေရာ ဤကာလများအတွင်း ကယ်လ်စီ ယမ် လုံလောက်စွာ စားသုံးနိုင်ရန် အရေးကြီးလှပေသည်။ ကယ်လ်ဆီယမ်သည် အရိုးပြန်လည် ပြုပြင်ရန် ထောက်ပံ့ ပေးပြီး အရိုးဆုံးရှုံးမှုကို နှေးကွေးစေနိုင်ပေသည်။ ကယ်လ် ဆီယမ်ကို နို့နှင့် နို့ထွက်ပစ္စည်းများမှ အဓိကရရှိနိုင်ပြီး သစ်သီးဖျော်ရည်များနှင့် ဖြည့်စွက်ဆေးများကဲ့သို့ အခြား အရင်းအမြစ်များမှလည်း ရရှိနိုင်ပေသည်။ ထို့အပြင် နို့နှင့် နို့ထွက်ပစ္စည်းများမှ အရိုး၏ ကယ်လ်ဆီယမ် စုပ်ယူမှုကို ထိန်းညှိပေးနိုင်သည့် ဗီတာမင် D နှင့် ဖော့စဖရပ်စ်၊ ပရိုတင်း၊ မဂ္ဂနီစီယမ်နှင့် သွပ်စသည့် အရိုးဇီဝဖြစ်စဉ်၌ လိုအပ်သော အခြားသတ္တုဓာတ်များစွာကို ရရှိနိုင်ပေသည်။ ကယ်လ်စီယမ် ပိုမိုပါဝင်သည့် နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးခြင်းဖြင့် အရိုးတို့၏ လုပ်ဆောင်မှုကို ပိုမိုကောင်း မွန်စေနိုင်မည် ဖြစ်ပေသည်။
၁၁။ နို့သောက်သုံးခြင်းနှင့် အကျိုးပြုဗက်တီးရီးယားများ (Probiotics)
Probiotic များသည် သက်ရှိဗက်တီးရီးယားများ ဖြစ်ပြီး သင့်တင့်မျှတသော ပမာဏကို စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းမွန်စေပါသည်။ ၎င်းတို့ကို အမှုန့်များ၊ ဆေးတောင့်များ (သို့မဟုတ်) အစားအစာများ တွင် ထည့်သွင်းစားသုံးခြင်း စသည်ဖြင့် အသုံးပြုနိုင်ပါ သည်။ အများအားဖြင့် probiotic ဗက်တီးရီးယားများသည် lactic acid ဗက်တီးရီးယားများဖြစ်ပြီး နို့နှင့် နို့ထွက် ပစ္စည်းများဖြင့် ဆက်စပ်နေပါသည်။ ဒိန်ချဉ်သည် probiotic အသုံးပြုထားသော အစားအစာတစ်မျိုးဖြစ် ပေသည်။ probiotic အသုံးပြုခြင်း၏ ရည်ရွယ်ချက်မှာ အကျိုးပြု ဗက်တီးရီးယားများ ခန္ဓာကိုယ်အတွင်း၌ အသက်ရှင်နေထိုင်ကာ ကျန်းမာရေးအတွက် လုံလောက် သော ပမာဏအထိ ပွားများနေစေရန် ဖြစ်ပေသည်။
Probiotic သည် အစာအိမ်နှင့် အူလမ်းကြောင်းကို အထူးကောင်းမွန်စေပြီး သကြားဓာတ် lactose ကို ခံနိုင် ရည်မရှိခြင်းအား သက်သာစေကာ ၀မ်းလျှောခြင်း၊ အူသိမ် အူမရောင်ရမ်းခြင်းများကို ကုသရန်၊ အူမကြီးကင်ဆာကို ကာကွယ်ရန် ကူညီပေးပါသည်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အချို့ဓာတ်မတည့် တုံ့ပြန်ခြင်းများကို လျော့နည်းစေပါသည်။ Heliobacter pylori ရောဂါကို တားဆီးနိုင်ပြီး သားအိမ်ခေါင်းကျန်းမာရေးကို ကောင်းမွန် စေနိုင်ပေသည်။ အူအတွင်းရှိ microflora ကို ညီညွတ်မျှတ စေကာ အကျိုးပြုဗက်တီးရီးယားများ ပေါက်ပွား ရှင်သန် စေခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ချဉ်ငန်ဓာတ်ကို ထိန်းသိမ်းခြင်း၊ lactase နှင့် အခြားအင်ဇိုင်းများ၏ လုပ်ဆောင်မှုများကို ဖြစ်ပေါ်လာစေခြင်း၊ ပဋိဇီဝဆေး အာနိသင်ရှိသော bacteriocin နှင့် organic acid ကဲ့သို့ အရာများကို ထုတ်လုပ်ပေးခြင်း စသည်တို့ကို လုပ်ဆောင် ပေးနိုင်ပေသည်။
၁၂။ နို့စိမ်း သောက်သုံးခြင်း
နို့ထုတ်လုပ်သူအချို့သည် လတ်ဆတ်သော နို့စိမ်းကို မကြာခဏသောက်သုံးလေ့ ရှိကြပေသည်။ သိပ္ပံနည်းကျ သက်သေပြနိုင်ခြင်း မရှိသော်လည်း နို့စိမ်းသောက်သုံး၍ ကြီးပြင်းလာ သူများတွင် နို့စိမ်းကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပွားခြင်း မတွေ့ရပေ။ သို့သော် နို့စိမ်းနှင့် နို့စိမ်းထုတ်ကုန်များကြောင့် အချို့သူများ၌ ရောဂါ လက္ခဏာများ ဖြစ်ပေါ်လာမှုများ တွေ့ရှိရပေသည်။
ကျန်းမာသောနွားများမှ သန့်ရှင်းစွာ ထုတ်လုပ်ထား သော နို့ဖြစ်သော်လည်း လယ်ယာပတ်ဝန်းကျင်မှ ရောဂါ ပိုးများသည် နို့စိမ်းတွင် ပါဝင်နိုင်ပေသည်။ အရွယ်ရောက်သူ များသည် နို့စိမ်းသောက်သုံး၍ ပြဿနာမရှိနိုင်သော်လည်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နို့နှင့် ပတ်သက် ၍ ကိုယ်ခံစွမ်းအားစနစ် မကောင်းသူများ သောက်သုံးပါက ပြင်းထန်သောရောဂါများ ဖြစ်ပွားနိုင်ပေသည်။ အထူး သဖြင့် နို့စိမ်းသောက်သုံးသော ကလေးငယ်များတွင် E. coli O157: H7 ရောဂါဖြစ်ပွားမှု အများအပြားတွေ့ရပြီး ၎င်းရောဂါသည် မပျောက်ကင်းတော့ဘဲ သေရာပါ ရောဂါ အဖြစ် တွေ့ရနိုင်ပေသည်။
အပူပေးပိုးသတ်ခြင်းနည်းလမ်းသည် နို့တွင် ပါဝင် သော နို့အဆီ၊ ပရိုတင်း၊ lactose၊ ဗီတာမင်နှင့် သတ္တု ဓာတ် တို့၏ အာဟာရတန်ဖိုးကို ပြောင်းလဲစေနိုင်သော် လည်း နို့လုပ်ငန်းများ၌ ပုံမှန်အသုံးပြုနေသော အပူပေး ပိုးသတ်ခြင်းသည် နို့အဆီ၊ ပရိုတင်း၊ lactose၊ သတ္တုဓာတ် များနှင့် အဆီတွင်ပျော်ဝင်နိုင်သည့် ဗီတာမင်များ၏ အာဟာရတန်ဖိုးကို မထိခိုက်စေပါ။ စည်သွပ်ဘူးကဲ့သို့ သော ကြာရှည်ခံရန် လိုအပ်သည့် အချို့နို့ထွက်ပစ္စည်း ထုတ်ကုန်များအတွက် ပိုသောအပူချိန်လိုအပ်ရာ ၎င်းနို့ထွက်ပစ္စည်းထုတ်ကုန်များတွင်မူ အာဟာရတန်ဖိုး ပြောင်းလဲမှုရှိနိုင်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် နို့သည် ကျန်းမာရေး အတွက် အထူးကောင်းမွန်သော အာဟာရ ရင်းမြစ်တစ်ခု ဖြစ်ပေရာ မိမိတို့နေ့စဉ် စားသုံးနေသော အစားအစာများ တွင် ထည့်သွင်း စားသုံးသင့်လှပေသည်။ နို့နှင့်ပတ်သက် ၍ ပြင်းထန်သော ဓာတ်မတည့်တုံ့ပြန်မှုရှိသည့် အချို့သော သူများမှအပ နို့သောက်သုံးခြင်းအားဖြင့် ကင်ဆာရောဂါ အချို့ကို ကာကွယ်နိုင်ခြင်း၊ သွားပိုးစားခြင်းမှ ကာကွယ်နိုင် ခြင်း၊ ဆီးချိုနှင့် သွေးတိုးရောဂါများကို ကာကွယ်နိုင်ခြင်း၊ အရိုးပွရောဂါဖြစ်ပွားမှုကို တားဆီးပေးနိုင်ခြင်း၊ အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေခြင်းစသည့် အကျိုး ကျေးဇူးများစွာ ရရှိနိုင်သည်ဖြစ်ရာ သင့်လျော်သောပမာဏ၊ မှန်ကန်သောစားသောက်မှုပုံစံတို့ဖြင့် ချင့်ချိန်ကာ စားသုံး သင့်လှပေသည်။ ။
- MilkFacts Website မှ Milk and Human Health ကို သင့်လျော်အောင် ဘာသာပြန်ပါသည်။
Link: http://www.milkfacts.info/Nutrition%20Facts/Milk%20and%20Human%20Health.htm
- ကျမ်းကိုးစာရင်း: Annika Smedman (2005). Milk Fat intake and conjugated linoleic acid (CLA) supplementation: Dietary Markers and associations to clinical and Biochemical Characteristics. Food and Nutrition Research. 49(3): 131-132.
- Log in to post comments