
ဆောင်းပါး
=====
ကိုဗစ်နှင့်ယှဉ်တွဲလို့ - ကြိုးစားစို့
====================
ဒေါက်တာသိန်းဆွေ(ပြည်သူ့ကျန်းမာ
=======================
တိုက်စားခံရခြင်း
ဆောင်းနှောင်းနှင်းတို့သည်လည်း လွင့်ပါးပျောက်ခဲ့ပြီ၊ နွေဦးကြိုငှက်ဥသြ တို့သည်လည်း တိတ်တခိုးနှင့် သတိမမူမိခင်တွင် ပုန်းအောင်းပျောက်ကွယ် ခဲ့ပြန်၏။ ထို့အတူပင် မြန်မာ့ရိုးရာ သဘင်ပွဲတို့သည် တိတ်ဆိတ်ငြိမ်သက် စွာဖြင့် ကျော်လွန်ခဲ့ခြင်းသည် မြန်မာ့ရိုးရာသမိုင်းတွင် မကြုံဖူးသော
ဖြစ်ရပ်ထူးတစ်ရပ်ပမာ ကျော်လွန်ခဲ့ပြီဖြစ်ပေသည်။ ထိုသို့သော
ရာသီအလိုက် ဖြစ်စဉ်တို့သည် ပုံမှန်အနေအထားမှ ကိုဗစ်-၁၉ ၏ တိုက်စားခံရခြင်းကြောင့် အချိန်ကာလတို့သည်လည်းကောင်း၊ တစ်ဦးချင်း၏ ပုံမှန်လုပ်ငန်းတို့သည်လည်းကောင်း အလျင်အမြန်ကုန်ဆုံးသွားသကဲ့သို့ မြန်ဆန်လှစွာဖြင့် ယခုဆိုလျှင် ခုနစ်လတာကာလ ကျော်လွန်ခဲ့ပြီ
ဖြစ်ပါ၏။
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ မုန်တိုင်းထန်မှုကြောင့် ဩဂုတ် ၁၂ ရက် ဆိုလျှင် လူပေါင်း ၂၀၅၉၂၄၂၈ ဦး တို့သည် ရောဂါကူးစက်ခံနေရပြီး အသက် ပေါင်း ၇၄၇၁၄၀ ဦးခန့် ပေးဆပ်ခဲ့ကြရပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဩဂုတ် ၁၂ ရက်အထိ ကူးစက်ခံရသူပေါင်း ၃၆၁၊ သေဆုံးသူ ခြောက်ဦး ရှိနေ သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပေသည်။ ထိုကိုဗစ်မုန်တိုင်း တိုက်ခိုက်မှုကြောင့် ခရီးသွားလုပ်ငန်းများ၊ ပုံမှန်ကုန်သွယ်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများစသည်တို့နှင့်အတူ ပညာသင်ကြားရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပါအဝင် အခြားသော နေ့စဉ်ဆောင်ရွက်မြဲလုပ်ငန်းအတော်များများ ရပ်တန့်တုံ့နှေးတိုက်စားခံရသည်ကို တွေ့မြင်နိုင်ပါ၏။
ထိုသို့သော တုံ့နှေး၊ နှေးကွေးသွားသော လုပ်ငန်းများအနက် ပညာရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးစနစ်များဖြင့် ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ကျန်းမာရေးဌာန အနေဖြင့်လည်း ကန့်သတ်ချက်များကြားမှ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၏ အဓိကလုပ်ငန်းရပ်များဖြစ်သော ကုသရေးလုပ်ငန်းများ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်သော မိခင်ကလေး ကျန်းမာရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများစသည်တို့ ပြန်လည် စတင်ဆောင်ရွက်နိုင်သော်လည်း တချို့သော ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်း စဉ်များမှာမူ ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ခြင်း မတွေ့ရသေးပေ။ အခြား တစ်ဖက်မှာလည်း ကိုဗစ်-၁၉ ရောဂါ၏ အရှိန်အဟုန်သည် တည်ငြိမ်မှု အခြေအနေမရှိသေးသည့်အလျောက် အခြားနိုင်ငံများတွင် ကြုံတွေ့နေရသော ကိုဗစ်-၁၉ ၏ ပြန်လည်ထကြွနေသည့် လှိုင်းအသီးသီး၏ဒဏ်ကို မခံရ လေအောင် တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နေကြရခြင်းကြောင့်လည်း ပုံမှန်အနေအထားအတိုင်း မဆောင်ရွက်နိုင်ခြင်းလည်း ဖြစ်ပေသည်။
တုံ့နှေးမှုမဖြစ်စေရေးအလေးပေး
ကျန်းမာရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ခြုံငုံသုံးသပ်လျက်တင်ပြလိုသည် မှာ ကိုဗစ်မတိုင်မီက တချို့သော အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆောင်ရွက် နေသော လုပ်ငန်းစဉ်တချို့သည် ရပ်တန့်နေသယောင်တွေ့မြင်ရပါသည်။ အထူးသဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းကျဆင်းရေး လုပ်ငန်းစဉ်များသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆေးလိပ် နှင့် ဆေးရွက်ကြီးသုံးစွဲမှုအခြေအနေမှ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် အဆင့်တွင် ရှိနေသည်ကို အောက်ပါဇယားအတိုင်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်-
ဖော်ပြပါ ကိန်းဂဏန်းတို့အားလေ့လာကြည့်လျှင် ဆေးရွက်ကြီးထွက် ပစ္စည်းများဖြစ်သော ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်းစသော မကူးစက်နိုင်သော ရောဂါများဖြစ်သည့် ကင်ဆာအမျိုးမျိုး၊ ဆီးချိုသွေးချို၊ သွေးတိုး၊ နှလုံးနှင့်အတူ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ များကို ဖြစ်စေသော အကြောင်းရင်းခံများ၏ အဓိကကျသော အကြောင်းရင်းခံ တစ်ရပ်ဖြစ်ကြောင်း အလေးထား၍ ဖော်ပြလိုပါသည်။
ဆက်လက်ဖော်ပြလိုသည်မှာ ဆေးလိပ် နှင့် ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကို ပိုမိုဆိုးရွားစေပြီး ပြင်းထန်သော ရောဂါပုံစံသဖွယ် ခံစားကြရကာ အသက်ဆုံးရှုံးရသော အထောက်အထားများကို တွေ့ရှိနေရ ပါသည်။ ထို့ကြောင့် ဆေးလိပ် သောက်ခြင်း၊ ကွမ်းစားခြင်း၊ ရှီရှား ခေါ် ရေပြောင်းသောက်သုံးခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းတို့အား ဖော်ပြလိုပါသည်။
ရှီရှား (Sheesha) ခေါ် ရေပြောင်း
တစ်ဦးသောက်ရှူထားသော ရှီရှား ခေါ် ရေပြောင်းကို မျှဝေသုံးစွဲခြင်း ကြောင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတို့သည် တစ်ဦးမှတစ်ဦးသို့ ကူးစက်မှုဖြစ်စေပါ သည်။ ကိုဗစ်-၁၉ ရောဂါသာမက အခြားသော ကူးစက်ရောဂါတို့ကိုလည်း ကူးစက်နိုင်သည့်အပြင် ပါဝင်သော ဓာတုပစ္စည်းများကြောင့် ရောဂါအမျိုးမျိုးကို ခံစားရနိုင်ပါသည်။
BETEL NUT CHEWING
ဆေးရွက်ကြီးပါသော ကွမ်းစားခြင်းသည် အဓိကအားဖြင့် ထွေးထုတ်ရန် တံတွေး ပိုမိုထွက်ရှိသည့်အလျောက် ကွမ်းတံတွေးများကို ထွေးထုတ်ခြင်းသည် အခြားသူများအား ရောဂါပိုးများဖြန့်ဝေပေးနေသကဲ့သို့ ဖြစ်နေပါသည်။ အထူးသဖြင့် ထိုတစ်ယောက်၏ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးရှိပါက အခြားသူများကို ကူးစက်စေသည့်အတွက် အထူးပင် အန္တရာယ်ကြီးမားလှပါသည်။
ထို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါအား ကာကွယ်နိုင်ရေးလုပ်ငန်းစဉ်များတွင် ဆေးလိပ်နှင့် ကွမ်းယာစားသုံးခြင်းဖြင့် ကူးစက်မှုကိုဖြစ်စေသော လမ်းကြောင်းအား ဖြတ်တောက်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရန် မေ့လျော့ မထားသင့်ပါကြောင်း အလေးအနက် ဖော်ပြအပ်ပါသည်။
ထို့အတူပင် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ စျေးဝယ်စင်တာ များနှင့်အတူ မကြာခင်ဖွင့်လှစ်တော့မည့် ကိုဗစ်အလွန်ကာလတွင် ထိန်းချုပ် ထားသော စိတ်ဆန္ဒတို့အားဖွင့်ထုတ် လျက် အပန်းဖြေစခန်းများ၊ ကမ်းခြေ များနှင့်အတူ ရှေးဟောင်းဒေသများသို့ ဘုရားဖူးခရီးစဉ်များဖြင့် ပြန်လည် စည်ကားလာတော့မည်လည်း ဖြစ်ပါ သည်။ ဖော်ပြပါနေရာများသည် အများ နှင့်သက်ဆိုင်သော နေရာများဖြစ်သည့် အလျောက် ဆေးလိပ်နှင့် ဆေးရွက် ကြီးသုံးစွဲမှု ထိန်းချုပ်ရေးဥပဒေ (၂၀၀၆)၊ အခန်း(၄) ပုဒ်မ(၆)ပါအတိုင်းဆေးလိပ်မသောက်ရသောနေရာများဖြစ်သောကြောင့် ဆေးလိပ်သောက်ခြင်းအား ကန့်သတ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်လည်း အထူးပင် အရေးကြီးလှပါကြောင်း ဖော်ပြလိုပါ၏။
အရှိန်အဟုန် မရပ်တန့်ရေး
ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုလျော့နည်းရေး မဟာဗျူဟာလုပ်ငန်း စဉ်များကို နိုင်ငံအသီးသီးမှ လိုက်နာဆောင်ရွက်ရသော အပြည်ပြည်ဆိုင်ရာ ဆေးလိပ်၊ ဆေးရွက်ကြီးထိန်းချုပ်ရေး မူဘောင်လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အဓိကစီမံချက် လုပ်ငန်းစဉ်တစ်ရပ်ချမှတ်လျက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ မူဘောင်တွင် ပါဝင်သောလုပ်ငန်းစဉ်တချို့အနက် ဆေးလိပ် နှင့် ဆေးရွက်ကြီးအပေါ် အခွန်ပိုမိုကောက်ခံရေးနှင့်အတူ ဆေးလိပ်နှင့် ဆေးရွက်ကြီးအပေါ် ကောက်ခံသောအခွန်များတွင် သီးခြားအခွန်(dedicated tax)၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးအား အတုသဖွယ် စီမံဖန်တီးထားသော အီးစီးကရက် Electronic Nicotine Delivery System- ENDs၊ အပူပေးပြီး ရှူရှိုက်ရသော HEATED TOBACCO PRODUCT - HTPS စသည်တို့အား မြန်မာနိုင်ငံအနေဖြင့် တင်သွင်းရောင်းချခြင်းတို့အား ကန့်သတ်ရန်အတွက် လွှတ်တော်တွင် အဆိုတစ်ရပ် တင်သွင်းတိုက်တွန်းခြင်းများကိုလည်း လေ့လာသိရှိရပါသည်။ အဆိုပါ လုပ်ငန်းများကိုလည်း ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
အနေဖြင့် ဆောင်ရွက်နေကြောင်းလည်း လေ့လာသိရှိထားပါသည်။ ထိုလုပ်ငန်းစဉ်များကိုလည်း ကိုဗစ်-၁၉ နှင့် ယှဉ်တွဲလျက် ဆက်လက် ဆောင်ရွက်ကြရမည့် အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း ဖော်ပြ လိုခြင်းဖြစ်ပါ၏။
နိုးထလို့၊ ကြိုးစားစို့လား
ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေးလုပ်ငန်းစဉ်သည် တစ်နည်း အားဖြင့် ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်ရေးလုပ်ငန်းစဉ်တွင် လည်းကောင်း၊ ထိရောက်သော ကုသရေးတွင်လည်းကောင်း ကြီးမားသော အထောက်အကူပြုသည့် သက်ရောက်မှုကောင်းကို ဖြစ်စေသော လုပ်ငန်းရပ် တစ်ရပ်ဖြစ်သည့်အလျောက် ရပ်တန့်တုံ့နှေးမှုများမဖြစ်စေရေးအတွက် အလေးပေး စဉ်းစားကြရမည်ဖြစ်ပါကြောင်း ဖော်ပြလိုပါ၏။
ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီကာလက အထက်တွင် ဖော်ပြ သကဲ့သို့ လွှတ်တော်တွင်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေးအတွက် မူဝါဒဆိုင်ရာ တိုက်တွန်းခြင်း၊ အဆိုပြုခြင်းများကို ဆောင်ရွက်ထားရှိသော လုပ်ငန်းစဉ်များဖြစ်သည့်အတွက် အလေးပေးဆောင်ရွက်ကြရပေဦးမည် ဖြစ်သကဲ့သို့ လိုအပ်လျှင်လည်း နောက်လာမည့် သက်တမ်းအထိ ဆက်လက် ဖော်ဆောင်ကြရပေဦးမည်သာ ဖြစ်ပေသည်။
အထူးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် စုစုပေါင်း ကိုးခုအတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ပညာပေးခြင်းလုပ်ငန်းများအပါအဝင်၊ ခရီးသွားပြည်သူများ လာရောက်လေ့ ရှိသော ရှေးဟောင်းပုဂံဒေသ၊ ပြင်ဦးလွင်၊ ကျိုက်ထီးရိုး၊ ရှမ်းပြည်နယ်
အင်းလေး၊ ပင်းတယဒေသများတွင် ဆေးလိပ်ငွေ့ကင်းစင်ဒေသများအဖြစ် အရှိန်အဟုန်ကောင်းများဖြင့် ဆောင်ရွက်နိုင်ခဲ့ကြသကဲ့သို့ ရန်ကုန်တိုင်း ဒေသကြီးတစ်ခွင် ဆေးလိပ်ငွေ့ကင်းစင်လုပ်ငန်းများကို မြို့နယ်ပေါင်း ၁၁ မြို့နယ်တွင် ဆောင်ရွက်နေဆဲကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်။
ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါအား ပိုမိုကူးစက်စေနိုင်သော၊ ရောဂါအား ပိုမိုဆိုးရွားပြီး အသက်အန္တရာယ်ကိုဖြစ်စေသော ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများ သုံးစွဲခြင်းလုပ်ငန်းစဉ်များအား အရှိန်အဟုန် ရပ်တန့် မသွားစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် အတူ ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အလေးပေးလျက် ဆောင်ရွက်ကြရန် ကိုဗစ်နှင့် အတူယှဉ်တွဲလျက် “နိုးထလို့-ကြိုးစားကြစို့”ဟု တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။
ကိုးကား- WHO Myanmar Newsletter (May-August 2020)
- Log in to post comments