
ဆောင်းပါး
======
COVID- 19 : Second Wave - နောက်တစ်ချီ ဒီတစ်လုံး မဖုံးစေချင်ပါ
==============================================
(ယမန်နေ့မှ အဆက်)
ရောဂါကူးစက်ခံရသူများ
ဩဂုတ်လ ၃ ရက်၊ ဖိလစ်ပိုင်နိုင်ငံမှာ တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၀၃၂ ဦး စံချိန်တင်တွေ့ရှိပြီး ရောဂါကူးစက်ခံရသူပေါင်း တစ်သိန်း ကျော်လာ၊ အီရန်နိုင်ငံမှာ တစ်ရက်အတွင်း ရောဂါကူးစက် ခံရသူ ၂၆၀၅ ဦး ထပ်မံတွေ့ရှိပြီး ၂၀၈ ဦးထပ်မံသေဆုံး၊ တောင်အာဖရိကနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ငါးသိန်း ကျော်လာ၊ အိန္ဒိယနိုင်ငံ ဥတာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီး ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်။
ဩဂုတ်လ ၄ ရက်၊ အိန္ဒိယနိုင်ငံ၌ ရောဂါကူးစက် ခံရသူ ၁ ဒသမ ၈ သန်းအထိရှိလာ၊ ကိုဆိုဗိုဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ၊ အိန္ဒိယပြည်ထဲရေးဝန်ကြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ၊ အိန္ဒိယနိုင်ငံ ကာနာတာကာ ပြည်နယ်ဝန်ကြီးချုပ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့၊ အင်ဒိုနီးရှားနိုင်ငံ၌ တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၁၆၇၉ ဦးရှိ၊ အင်ဒိုနီးရှားမှာ ဆရာဝန် ၇၂ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံး။
ဩဂုတ်လ ၅ ရက်၊ ဘရာဇီးနိုင်ငံ၌ ရောဂါကူးစက်သူ ငါးသိန်းကျော်လာ၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံ ဒေသများတွင် ရောဂါကူးစက်သူ ငါးသိန်းကျော်လာ၊ ကမ္ဘောဒီးယား၌ အမေရိကန်နိုင်ငံ သံတမန်တစ်ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ၊ ရုရှားနိုင်ငံမှာ တစ်ရက် အတွင်း ရောဂါကူးစက်ခံရသူ ၅၁၅၉ ဦး ထပ်မံတွေ့ရှိပြီး ၁၄၄ ဦး ထပ်မံသေဆုံး၊ ကာဇက်စတန်နိုင်ငံ၌ ကျန်းမာရေး ဝန်ထမ်း ၈၅၁၈ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ။
ဩဂုတ်လ ၆ ရက်၊ ဘရာဇီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၏ သုံးပုံတစ်ပုံတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရ၊ တောင်အာဖရိက ကျန်းမာရေးလုပ်သား ၂၄၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ၊ အိန္ဒိယနိုင်ငံ မဟာရတ်ရှ် တရာပြည်နယ်၌ ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော် ရောဂါ ကူးစက်ခံရပြီး ၁၀၇ ဦး သေဆုံး။
ဩဂုတ်လ ၇ ရက်၊ ပြင်သစ်နိုင်ငံတွင် ၂၄ နာရီ အတွင်း ရောဂါကူးစက်ခံရသူ ၁၆၉၅ ဦး ရှိကာ နှစ်လ အတွင်း စံချိန်တင်၊ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် အကျဉ်းထောင်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်သူ ၅၁၇ ဦး၊ သေဆုံးသူ ခုနစ်ဦးရှိ။
ဩဂုတ်လ ၈ ရက်၊ အမေရိကန်နိုင်ငံ အိုဟိုင်းအိုး ပြည်နယ် အုပ်ချုပ်ရေးမှူး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ၊ အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ရောဂါကူးစက်သူ ၆၂၅၃၈ ဦး စံချိန်တင်တွေ့ရှိပြီး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ နှစ်သန်းကျော်လာ (၄ ရက် အတွင်း နှစ်သိန်းကျော် များလာခြင်း)။
ဩဂုတ်လ ၁၁ ရက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၃၀၀၀ နီးပါးရှိပြီး ၃၃ ဦး ထပ်မံသေဆုံးဆိုတဲ့ သတင်းတွေဟာ နေ့တိုင်း တွေ့နေရတဲ့ သတင်းတွေထဲက တချို့သာဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံးလို့ပြောနိုင်တဲ့
ကိုဗစ်-၁၉ ကာကွယ်ဆေး
ရောဂါကူးစက်သေဆုံးသူတွေရဲ့ သတင်းတွေ သာမက ရောဂါပိုးနဲ့ပတ်သက်လို့ ထပ်မံတွေ့ရှိချက် တွေကိုလည်း တွေ့နေ၊ ကြားနေကြရပါတယ်။ ကာကွယ် ဆေးနဲ့ ကုသနိုင်မယ့်ဆေးတွေကို ကမ္ဘာအနှံ့ နိုင်ငံအများ အပြား အဖွဲ့အစည်းပေါင်းစုံက အထူးကြိုးပမ်းဆောင်ရွက် နေကြသော်လည်း ဒီနှစ်ကုန် နောက်နှစ်ဆန်းလောက်မှ အာနိသင်လည်းရှိ၊ ဘေးဥပဒ်အန္တရာယ်လည်းကင်းတဲ့ ကာကွယ်ဆေးကို လူအများကို ထိုးပေးနိုင်ဖွယ်ရှိတယ်လို့ အများက ယူဆလက်ခံထားကြရာက ဩဂုတ်လ ၁၁ ရက်နေ့မှာတော့ သတင်းတစ်ခုတက်လာပါတယ်။ ရုရှား နိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်နိုင်ပြီဆိုတဲ့ သတင်းပါ။ ရုရှားသမ္မတပူတင်က “Sputnik-V လို့ လောလောဆယ် အမည်ပေးထားတဲ့ ကမ္ဘာ့ပထမဆုံးလို့ ပြောနိုင်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားနိုင်ငံ Moscow's Gamaleya Institute က စမ်းသပ်ချိန် နှစ်လ မပြည့်ခင်မှာ ထုတ်နိုင်ခဲ့ပါပြီ။ Sustainable immunity against the coronavirus ရောဂါပိုးကို ကာကွယ်နိုင်စွမ်း စိတ်ချရလောက်တဲ့ အခြေအနေရှိနေပါတယ်။ သူ့သမီး ကိုတောင် ထိုးပေးပြီးပါပြီ။ လူထုအုံလိုက်ကျင်းလိုက်ကို အောက်တိုဘာလလောက်မှာ ထိုးပေးနိုင်ဖွယ်ရှိပါတယ်” လို့ ထုတ်လွှင့်သွားခဲ့ပါတယ်။
လိုအပ်တဲ့စမ်းသပ်မှုတွေအကုန်ပြီးလို့ စိတ်ချရတယ် လို့ ယေဘုယျအားဖြင့် ပြောသွားပေမယ့် ဒီထက်တိတိကျကျ တော့ ဒီဆောင်းပါးရေးနေတဲ့ ၁၅-၈-၂၀၂၀ ရက်နေ့အထိ မဖော်ပြသေးပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)အပါအဝင် နိုင်ငံကြီးတွေကတော့ ရုရှားရဲ့ ရလဒ်မြန်လွန်း တာကြောင့် ရာနှုန်းပြည့် သဘောတူလက်ခံခြင်း မပြုသေး ပါဘူး။ WHO က ရုရှားနိုင်ငံကို ကာကွယ်ဆေးနဲ့ ပတ်သက် တဲ့ နိုင်ငံတကာဆိုင်ရာ လိုက်နာရမယ့် ညွှန်ကြားချက် (International Guideline and steps) တွေ အတိုင်း ဖြစ်စေဖို့ တိုက်တွန်းပြောဆိုမှု ပြုလုပ်ပြီး ပြန်လည်ဆန်းစစ် (Review) ဖို့ အကြံပေးနေဆဲပါ။ ကမ္ဘာပေါ်မှာ လက်ရှိ COVID ကာကွယ်ဆေးကို အမျိုး ၁၀၀ ကျော် ကြိုးစားရှာဖွေ ထုတ်လုပ်နေကြရာမှာ လူတွေနဲ့စမ်းသပ်တဲ့ အဆင့်(၃) Phase 3 အထိ ရောက်နေတဲ့ အာနိသင်လည်း စိတ်ချရ၊ အန္တရာယ်လည်း မရှိဘူးလို့ WHO က အသိအမှတ်ပြုထားတာ ခြောက်မျိုးပဲ ရှိပါသေးတယ်။ ဆိုလိုတာက ရုရှားနိုင်ငံရဲ့ တွေ့ရှိမှုဟာ ဝမ်းသာစရာပေမယ့် ရာနှုန်းပြည့် ပျော်ရမယ့် အခြေအနေ မဟုတ်သေးဘူးဆိုတာပါပဲ။
သုံးကြိမ်အထိ ဖြစ်ပွားခဲ့
အခု လူပြောများခေတ်စားနေတဲ့ ဒုတိယလှိုင်း (Second Wave) ဆိုတဲ့ အကြောင်းလည်း သိစေချင်ပါတယ်။ ရာစုနှစ်တစ်ခုကျော်က ကမ္ဘာ့ကပ်အသွင် ဖြစ်ပွားခဲ့တဲ့ Spanish Flu (စပိန်တုပ်ကွေး) ရောဂါအကြောင်းကစပြီး ပြောချင်ပါတယ်။ ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံ(သန်း ၅၀၀ ကျော်) ရောဂါ ကူးစက်ခဲ့ပြီး မှတ်တမ်းမှတ်ရာများအရ သန်း ၅၀ သော ကမ္ဘာ့လူသားများ အသက်ဆုံးပါးခဲ့ရတဲ့ အဲဒီ ကပ်ရောဂါကြီးဟာ ၁၉၁၈-၁၉၁၉ ခုနှစ်မှာဖြစ်ခဲ့တုန်းက (Three Waves) သုံးကြိမ်အထိ ဖြစ်ပွားခဲ့တာလို့ ယူဆထား ကြသူတွေရှိခဲ့ပါတယ်။ ပထမအကြိမ်ဖြစ်၊ ရောဂါတွေ ကူးစက်၊ သေကျေပျက်စီးကြပြီး နည်းနည်းအရှိန်ကျ
သွား ပြီးမှ ဒုတိယအကြိမ် Second Wave ပြန်ဖြစ်တဲ့အခါ ပထမအကြိမ်ထက် ပိုပြင်းထန်ပြီး သေဆုံးမှုပိုများခဲ့ကြ
ရပါတယ်။
ဘာဖြစ်လို့ ဒုတိယအကြိမ်လည်းဖြစ်၊ သေဆုံးတာ လည်း များရတာလဲဆိုတာ နောက်ပိုင်းမှာ အတော် လေ့လာထားကြပြီး ဖြေရှင်းချက်တွေ ပေးထားကြတဲ့ အထဲမှာ အဖြစ်နိုင်ဆုံးနဲ့ အများလည်း လက်ခံကြတဲ့ အချက်တွေကတော့ (၁) အဲဒီ စပိန်တုပ်ကွေးရောဂါဟာ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်နေရာက ကူးစက်တာကို အဲဒီခေတ်က မှန်းဆခဲ့ကြပြီး ပထမအကြိမ် ရောဂါဖြစ်တဲ့ အချိန်တုန်းက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးလူးသွားလာမှုတွေ လျှော့ကာ ဆင်ခြင်နေထိုင်ခဲ့ကြပေမယ့် ရောဂါအရှိန်ကျ သွားတဲ့အခါ အတားအဆီးလုံးဝ မရှိကြ၊ မထားကြတော့ ဘဲ လုံးဝ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး နေထိုင် သွားလာလှုပ်ရှားကြလို့ အကြီးအကျယ်ပြန်ကူးခြင်းနဲ့ (၂) ဆေးပညာအဆိုအရ ရောဂါပိုးဟာ မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် ပိုမိုကူးစက် ပိုမိုပြင်းထန် ပိုမိုသေဆုံး စေခြင်းတို့ဖြစ်ပါတယ်။
ဘဝသစ်ကို ရင်ဆိုင်ကျော်ဖြတ်
အခု ကိုဗစ်-၁၉ ရောဂါဟာလည်း ဒီလိုအခြေအနေ မျိုးဖြစ်နေတာပါ။ ရောဂါတန့်သွားလို့၊ သိပ်မဖြစ်ကြတော့ လို့ ဖြေလျှော့မှု “Exit Strategy” ကို လုပ်ပေးလိုက်တဲ့အခါ လူ့သဘာဝအရ လုံးဝလွတ်သွားကြပြီး ထိန်းသိမ်းမှု မရှိတော့ဘဲ ၂၀၂၀ ပြည့်နှစ် နှစ်အစပိုင်းက ပုံစံမျိုးအတိုင်း ပြန်လည်နေထိုင်သွားလာလှုပ်ရှားနေကြပါတော့တယ်။ ဒီ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ မသိကြတာ အများကြီးရှိနေသေးပေမယ့် သေသေချာချာ သိထားလက်ခံ ထားကြတဲ့ အချက်ကတော့ ဒီရောဂါဆိုးကြီးဟာ လူ့လောကကြီးထဲက ပျောက်ကွယ်သွားဖို့မရှိသေး တာရယ်၊ ကာကွယ်ဆေးနဲ့ ကုသဆေးတွေ လုံလုံ လောက်လောက်မပေါ်သေး၊ မပေးနိုင်သေးသမျှ ကူးစက် မှုတွေ ဆက်ဖြစ်နေနိုင်ပြီး လူတွေဆက်သေနေကြဦးမယ် ဆိုတာပါပဲ။ ဒါကြောင့်လည်း လူတွေအဖို့ ရှေ့ဆက်ရမယ့် ဘဝခရီးမှာ “New Normal Life” ဆိုတဲ့ အသုံးအနှုန်း အသစ်အတိုင်း ပြုပြင်ပြောင်းလဲထားရမယ့် အခြေအနေ တွေနဲ့ ဘဝသစ်ကို ရင်ဆိုင်ကျော်ဖြတ်ကြရမှာပါ။
အဲဒီ “New Normal Life” မှာ အခုလက်ရှိကျင့်သုံး နေတဲ့ တတ်နိုင်သမျှ အိမ်မှာနေ၊ တတ်နိုင်သမျှ လူစု လူဝေးရှောင်၊ အပြင်ထွက်ရင် တစ်ဦးနဲ့တစ်ဦး ခြောက်ပေ ခွာနေ၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း၊ ပါးစပ်စည်းကို စနစ်တကျတပ်၊ အပြင်ထွက်ရင် လက်ကိုဘာနဲ့မှ မထိ မိအောင်ဂရုစိုက်၊ အပြင်က ပြန်လာတိုင်းနဲ့ တစ်ခုခုကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ စနစ်တကျ အနည်းဆုံး စက္ကန့် ၂၀ ဆေး ဆိုတဲ့ လုပ်ငန်းစဉ်တွေကို အပေါ်မှာ ခဏခဏပြောခဲ့သလို ကာကွယ်ဆေးနဲ့ ကုသဆေး လုံလုံလောက်လောက် မရနိုင်သေးသရွေ့ ဆက်လက်ကျင့်သုံးနေကြရမှာပါ။
သက်ဆိုင်ရာအစိုးရတွေအနေနဲ့ကလည်း ဖြေလျှော့ မှုတွေလုပ်ကြရာမှာ လုံးဝဥဿုံ လွှတ်ပေးလိုက်တာမျိုး မဟုတ်ပါဘူး။ ကဏ္ဍအလိုက်၊ အပိုင်းလိုက် လိုအပ်တဲ့ နေရာတွေ အန္တရာယ်မရှိနိုင်တဲ့ အရာမျိုးတွေကိုသာ တစ်ဆင့်ချင်း တဖြည်းဖြည်း ဖြေလျှော့နေကြတာပါ။
n စာမျက်နှာ ၆ မှ
ဒါကြောင့် နိုင်ငံအတော်များများမှာ လေကြောင်း ခရီးတွေကို ခွင့်မပြုသေးတာမျိုး၊ အကန့်အသတ်နဲ့သာ ခွင့်ပြုတာမျိုး ဆောင်ရွက်နေကြပါတယ်။ အကန့်အသတ် နဲ့ ခွင့်ပြုတယ်ဆိုရာမှာ တချို့နိုင်ငံတွေမှာ ပြည်တွင်း ခရီးကိုသာ ခွင့်ပြုထားပြီး ပြည်ပခရီးခွင့်ပြုတဲ့ နိုင်ငံတွေ မှာဆိုရင်လည်း တချို့ရောဂါအဖြစ်များနေတဲ့ နိုင်ငံတွေက လာတာ ဗီဇာမပေးတာတို့၊ လေဆိပ်အဝင်မှာ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရတာတို့ ၊ တချို့ဆို ရောဂါမရှိကြောင်း စစ်ဆေးထားတဲ့ လက်မှတ်ပြရတာတို့ စသဖြင့် ကန့်သတ် ချက်တွေအမျိုးမျိုးအဖုံဖုံနဲ့ ထိန်းချုပ်နေကြပါတယ်။ နိုင်ငံရပ်ခြားက ရောက်လာတဲ့ခရီးသည်တွေကို နိုင်ငံ အတော်များများမှာ သွားလာခွင့်ထိန်းချုပ်မှုတွေကို သတ်မှတ်ထားတဲ့ရက်အတိုင်း သတ်မှတ်ထားသလောက် ကုန်ကျငွေပေးပြီး နေကြရပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ လူစုလူဝေးအများကြီး စုဝေးတဲ့ ပျော်ရွှင်ပွဲ၊ စုဝေးပွဲ၊ ဘာသာရေး၊ လူမှုရေးပွဲတွေ၊ ညီလာခံတွေ၊ အစည်း အဝေး တွေ လုံးဝ၊ လုံးဝ မလုပ်ကြသေးပါဘူး။ အရေးကြီးအစည်း အဝေးမှန်သမျှကို နည်းပညာအကူအညီနဲ့ Video Conferencing နဲ့ လုပ်နေကြတာ အသားကျနေကြပါပြီ။
ခေါင်းထောင်ဆဲ၊ ပန်းပန်ဆဲ ကိုဗစ်-၁၉ အခြေအနေ
အပေါ်မှာဖော်ပြခဲ့သလို ကမ္ဘာအနှံ့နိုင်ငံတွေမှာ တစ်ဖက်က ရောဂါကို ထပ်မပြန့်ပွားအောင်နဲ့ နောက် တစ်လှိုင်းမဖြစ်အောင်၊ နောက်တစ်ဖက်မှာလည်း စီးပွား ရေး၊ လူမှုဆက်ဆံရေး၊ နိုင်ငံရေးတွေ ဒီထက် ပိုမထိခိုက် အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အစွမ်းကုန်လုပ်နေကြတဲ့ အထဲက ခေါင်းထောင်ဆဲ၊ ပန်းပန်ဆဲ ကိုဗစ်-၁၉ အခြေအနေ လေးတွေ တွေ့နေကြရပါတယ်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၅ ရက် နံနက်စာရင်းဇယားတွေအရ တစ်ကမ္ဘာလုံး မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရသူ ၂၁၁၂၇၁၃၄ ဦး ရှိနေပြီး သေဆုံးသူ ၇၅၈၃၀၃ ဦး ရှိနေပါတယ်။
တစ်ကမ္ဘာလုံးမှာ အဖြစ်အများဆုံးရော၊ သေဆုံးမှု အများဆုံးနိုင်ငံဟာ အမေရိကန်နိုင်ငံ (၅၄၁၈၀၄၅ ဦးနဲ့ ၁၇၀၄၄၆ ဦး) ဖြစ်နေပါတယ်။ တစ်ချိန်က နှာခေါင်းစည်း တပ်ခြင်း/ မတပ်ခြင်းဟာ လူတစ်ဦးချင်းရဲ့ ကိုယ်ပိုင် အခွင့်အရေးဆုံးဖြတ်ချက်လို့ လူသိထင်ရှားပြောခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် အခု အပြင် ထွက်တိုင်း၊ လူထုနဲ့တွေ့ အစည်းအဝေးတွေလုပ်တိုင်း နှာခေါင်းစည်း အမြဲတပ်နေပါပြီ။ ရောဂါပိုးကူးစက်မှု ဒုတိယအများဆုံးက ရုရှားနိုင်ငံ ၃၂၂၉၆၂၁ ဦး ဖြစ်ပြီး နောက်ပိုင်းမှဖြစ်ပေမယ့် သေဆုံးမှုဒုတိယနေရာမှာ ရှိနေ တာက ဘရာဇီးနိုင်ငံ ၁၀၅၅၆၄ ဦး ဖြစ်ပါတယ်။
ဥရောပနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကာလအစပိုင်း မှာ Early and Strict Lock Down အပါအဝင် ထိန်းချုပ် ကန့်သတ်မှုတွေကို ဖိဖိစီးစီးလုပ်နိုင်ခဲ့လို့ ရလဒ်ကောင်း တွေရရှိခဲ့တဲ့ နယူးဇီလန်နိုင်ငံဟာ ရက် ၁၀၀ ကျော် အထိ ပိုးကင်းစင် (Virus Free) တဲ့ အခြေအနေအထိ ကြေညာကာ ဖြေလျှော့မှုတွေကိုလည်း အရင်ဆုံးပြုလုပ် ခဲ့တဲ့နိုင်ငံဖြစ်ခဲ့ပေမယ့် အခုဒုတိယလှိုင်းကြောင့် Auckland မြို့တော်မှာ အဆင့် (၃) ပြန်သတ်မှတ်ကာ တားဆီး ပိတ်ပင်မှုတွေ ပြန်လုပ်နေရပါပြီ။
အာဆီယံနိုင်ငံတွေထဲမှာ ရောဂါကူးစက်မှုအများ ဆုံးက ဖိလစ်ပိုင်နိုင်ငံ ၁၅၃၆၆၀ ဖြစ်ပြီး ရောဂါကြောင့် သေဆုံးလူနာအများဆုံးက အင်ဒိုနီးရှားနိုင်ငံ ၆၀၂၁ ဦး ဖြစ်ပါတယ်။ အထူးသတိထားသင့်တဲ့အချက်က ဗီယက်နမ် နိုင်ငံပါ။ စဖြစ်ခါစအချိန်တွေတုန်းက ရောဂါပိုးတွေ့ရှိသူ ဆယ်ဂဏန်းနဲ့ နောက်ပိုင်း ရာဂဏန်း စွန်းစွန်းသာရှိခဲ့ပြီး သေဆုံးသူတစ်ဦးမှ မရှိခဲ့လို့ Vietnam Model လို့တောင် ပြောဆိုအတုခိုးနေကြရာကနေ ဖြေလျှော့မှုတွေ လုပ်လိုက်ပြီး ရောဂါတွေ ပိုကူးစက်လာကာ ဩဂုတ်လ ၁၅ ရက်နေ့မှာ ရောဂါကူးစက်သူ ၉၂၉ ဦးနဲ့ သေဆုံးသူ ၂၁ ဦးဖြစ်သွားတာကို ကြောက်မက်ဖွယ် တွေ့ကြရပါတယ်။
အမှတ်စဉ် ၂၈ မှာရှိ
မိမိတို့နိုင်ငံရဲ့ ကိုဗစ်-၁၉ ကို ရင်ဆိုင်ဖြေရှင်း ကျော်ဖြတ်မှုဟာ လွယ်လွယ်ကူကူ ဖြတ်သန်းခဲ့ရတဲ့ ခရီး တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ တစ်နိုင်ငံလုံးမှာ လူ ၃၇၆ ဦးပဲ ရောဂါပိုးတွေ့၊ ခြောက်ဦးပဲ သေဆုံးခဲ့တာ၊ တစ်နိုင်ငံလုံးမှာ ရောဂါပိုးကူးစက်သွားတဲ့ ကျန်းမာရေး ဝန်ထမ်း ခုဂဏန်းလောက် (One digit) ပဲရှိပြီး ကျန်းမာရေး ဝန်ထမ်းရော လုပ်အားပေး (Volunteer) တစ်ဦးမှ သေဆုံးမှု မရှိအောင် မှတ်တမ်းထိုးထားနိုင်တာ၊ နောက်ပိုင်း ရောဂါပိုး တွေ့နေတဲ့လူတွေဟာလည်း ပြည်ပက ပြန်လာတဲ့ အုပ်စု တွေထဲကသာဖြစ်ပြီး ပြည်တွင်းကူးစက်မှု နည်းနိုင်သမျှ နည်းအောင် ထိန်းထားလို့ ဇူလိုင်လ ၁၆ ရက် နေ့ကစပြီး ပြည်တွင်းပြန့်ပွားမှု (Local Transmission) မရှိတော့တာ ဆိုတဲ့ အချက်တွေကြောင့်လည်း တစ်ကမ္ဘာလုံးမှာ ဒီရောဂါ ကို ကာကွယ်ထိန်းသိမ်းစွမ်းဆောင်နိုင်မှု (အောင်မြင်မှု) ကို တွက်ချက်ထားတဲ့ Global COVID-19 Index (GCI) အနေနဲ့ မိမိတို့နိုင်ငံက နိုင်ငံပေါင်း ၁၈၄ နိုင်ငံအနက် ၁၅-၈-၂၀၂၀ ရက်မှာ အမှတ်စဉ် ၂၈ မှာ ရှိနေတာပါ။ (ချမ်းသာပြီး အလွန် ဖွံ့ဖြိုးတိုးတက်နေတဲ့ အမေရိက၊ ဥရောပ၊ အာရှနိုင်ငံကြီး အချို့ရဲ့အပေါ်မှာ ရှိတာပါ)။
အဲဒီရလဒ်ကောင်းတွေဟာ နိုင်ငံ့ခေါင်းဆောင်ရဲ့ အမြော်အမြင်ကြီးစွာ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ဦးဆောင် လမ်းညွှန်မှု၊ ဝန်ကြီးဌာနတွေနဲ့ ဌာနဆိုင်ရာတွေရဲ့ သက်ဆိုင်ရာဝန်ထမ်းအားလုံးက မခိုမကပ် တာဝန်ကို ကျေသည်ထက်ပိုအောင် ထမ်းဆောင်မှု၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အင်တိုက်အားတိုက်ပါဝင် လိုက်နာဆောင်ရွက် မှု၊ ပြည်တွင်းပြည်ပ စေတနာအလှူရှင် (တစ်ဦးချင်းက အစ အဖွဲ့အစည်းအသင်းအဖွဲ့ပေါင်းစုံ)တွေနဲ့ စေတနာ လုပ်အားပေးတွေ အားလုံးရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြ မှုတွေရဲ့ အသီးအပွင့်မို့ ဒီရလဒ်ကို ပိုမဆိုးရအောင်နဲ့ အာဆီယံနိုင်ငံတွေထဲက ကမ္ဘောဒီးယား (ပိုးတွေ့ ၂၇၃/ သေဆုံး မရှိ)၊ ဘရူနိုင်း (၁၄၂/၃)၊ လာအို (၂၂/၀) တွေလို ဆက်ထိန်းထားကြဖို့ အားလုံးမှာ တာဝန်ရှိနေပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)တုန်းက မိမိတွေးတောရေးခဲ့မိတဲ့ စာစုလေး နဲ့ နိဂုံးချုပ်ပါရစေ။
အခု ကြုံတွေ့နေကြရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုးကြီးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး တာဝန်ရှိသူအားလုံးနဲ့ ပြည်သူပြည်သားအားလုံး ရင်ဆိုင် ကျော်ဖြတ်နေကြတဲ့အချိန်မှာ ဓမ္မစကြာတရားတော်ထဲက အချက်လေးတွေအတိုင်း ကျင့်ကြံဆောင်ရွက်နေ/ ဆောင်ရွက် ကြစေလိုပါတယ်။
ဓမ္မစကြာတရားတော်မှာ ဟောကြားထားတဲ့ “မဇ္ဈိမ ပဋိပဒါ”ခေါ်တဲ့အကျင့်ဟာ အလယ်အလတ်လမ်းစဉ်ပါ၊ ကာမအာရုံခံစားမှု လက်ယာအစွန်းနဲ့ အတ္တဘော ပင်ပန်း စေတဲ့ လက်ဝဲအစွန်းတည်းဟူသော အစွန်းတရားနှစ်ပါး ကို ရှောင်ကြရမှာပါ၊
ဒီရောဂါ စဖြစ်ခါစက ကန့်သတ်ထိန်းချုပ်မှု၊ ပိတ်ဆို့မှု တွေ မဖြစ်မနေလုပ်ခဲ့ကြရပါတယ်။ ဒါပေမဲ့ အဲဒီ ပြင်းပြင်း ထန်ထန်ပြုလုပ်ခဲ့တဲ့ ကျင့်စဉ်တွေကို လုံးဝဖြေလျှော့ခြင်း မလုပ်ဘဲ ရက်အကန့်အသတ်မရှိ ဆက်လုပ်နေရင်
“အတ္တ ကိလမထာနုယောဂေါ” လက်ဝဲအစွန်းရောက် သွားတော့မယ့် အခြေအနေဖြစ်သွားမှာပါ။ လူတစ်ဦးချင်း သာမက မိသားစုတွေ၊ လူ့အသိုက်အဝန်းတွေသာမက နိုင်ငံနဲ့ချီပြီး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအဘက်ဘက်က ထိခိုက်မှာပါ။ ဒါကြောင့်လည်း အဆင့်ဆင့်ဖြေလျှော့မှုတွေ စလုပ်ပေးနေပါတယ်။
အဖြစ်ဆိုးနဲ့ ကြုံကြရနိုင်
အဲဒီမှာလည်း လုံးဝဥဿုံ( ၂၀၂၀ နှစ်အစ အခြေအနေ မျိုး ) လွှတ်ပေးလိုက်ရင် “ကာမသုခလ္လိကာနုယောဂေါ” အထိန်းအကွပ်မရှိတော့တဲ့ လက်ယာအစွန်းရောက်သလို ဖြစ်သွားခဲ့ရင် အခုအထိ စီမံဆောင်ရွက်ကြိုးပမ်းခဲ့တာတွေ အဟောသိကံဖြစ်သွားပြီး တစ်ကမ္ဘာလုံးကပညာရှင်တွေ ကြောက်နေကြတဲ့ ဒုတိယလှိုင်း (Second Wave) ဖြစ်သွား ကာ ၁၉၁၈-၁၉၁၉ ခုနှစ်က စပိန်တုပ်ကွေးလို အဖြစ်ဆိုးနဲ့ ကြုံကြရနိုင်ပါတယ်၊
ဒါကြောင့် “မဇ္ဈိမ ပဋိပဒါ” အလယ်အလတ် ကျင့်စဉ်အရ တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့မှုတွေကို (Step by step ease / release) သက်ဆိုင်ရာတွေက လုပ်နေ ကြသလို ပြည်သူတစ်ရပ်လုံးကလည်း လိုက်နာကျင့်သုံး ကြဖို့ အရေးကြီးပါတယ်။
တစ်ဖန် ဓမ္မစကြာတရားတော်မှာ ဟောကြားထားတဲ့ မဂ္ဂင်ရှစ်ပါးတရားတွေအရ ဒီ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးနဲ့ ပတ်သက်လို့ -
သမ္မာဒိဋ္ဌိ = ကောင်းစွာသိမြင်ခြင်း၊ ဒီရောဂါနဲ့ ပတ်သက်တဲ့ ကူးစက်ပုံ၊ ကာကွယ်ပုံ
ဆောင်ရန်၊ ရှောင်ရန်တွေကို အမှန်အတိုင်းသိမြင်ခြင်း၊
သမ္မာသင်္ကပ္ပေါ= ကောင်းစွာကြံစည်ခြင်း၊ သိမြင်ထားတဲ့ အချက်များကို ဘယ်လိုဆောင်ရွက်
ကျင့်ကြံမယ်ဆိုတာကို မှန်မှန်ကန်ကန်ကြံစည်ခြင်း၊
သမ္မာဝါစာ = ကောင်းစွာပြောဆိုခြင်း၊ ဒီရောဂါနဲ့ ပတ်သက်လို့ ပြောဆိုစရာများရှိပါက
အမှန်အတိုင်း ဖွင့်ဟပြောဆိုခြင်း (ဥပမာ နိုင်ငံခြားခရီး ရှိခဲ့တာမျိုး၊ လူစုလူဝေးသွားခဲ့တာမျိုး၊ အရသာပျက်၊ အနံ့မရတာဖြစ်နေတာမျိုး) ရောဂါခံစားနေရတဲ့ လူနာများ ကိုလည်း သာယာနာပျော်ဖွယ် ပြောဆိုဆက်ဆံတာမျိုး၊
သမ္မာကမ္မန္တော= ကောင်းစွာပြုမူခြင်း ၊ ညွှန်ကြားထားတဲ့၊ လိုက်နာရမယ့် လမ်းညွှန်ချက်များကို
တစ်သဝေမတိမ်း ပြုလုပ်ဆောင်ရွက်ခြင်း (ဥပမာ မလိုအပ် ဘဲ အိမ်ပြင်မထွက်တာ၊ အပြင်ထွက်ရင် နှာခေါင်းစည်း ပါးစပ်စည်း စနစ်တကျတပ်တာ၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာတာ၊ လက်ခဏခဏဆေးတာ)၊
သမ္မာအာဇီဝ = ကောင်းစွာအသက်မွေးခြင်း၊ မိမိ ဘဝ အတွက် စီးပွားရှာတဲ့အခါ မတရား
လောဘနဲ့ မလုပ်မိစေရန်၊ ဥပမာ စားသုံးကုန် လူသုံးကုန် ဆေးဝါးကအစ အကာအကွယ်ပစ္စည်း (Mask, Gown, PPE etc) တွေကို မတန်တဆ ဈေးတင်တာမျိုး မလုပ်မိ စေရန်၊
သမ္မာဝါယမ = ကောင်းစွာအားထုတ်ခြင်း၊ သတ်မှတ် လမ်းညွှန်ထားမှုတွေကို တိတိကျကျ
လိုက်နာနိုင်အောင် အထူးဝါယမစိုက်ထုတ်ခြင်း( ဥပမာ မလိုအပ်ဘဲ အိမ်ပြင်ကိုလုံးဝမထွက်ခြင်း၊ ဈေးဝယ် တာမျိုးမှာ အိမ်တစ်အိမ်မှ လူအများကြီး မသွားမိအောင် သတိထားဆောင်ရွက်ခြင်း၊ နှာခေါင်းစည်း လုံးဝမပါဘဲ အပြင်မထွက်သလို နှာခေါင်းစည်းတပ်ရင်လည်း မေးစေ့ ချိတ်တဲ့ Chin Mask မဖြစ်အောင် အထူးဂရုစိုက်ခြင်း၊ ပြင်ပမှာ မိမိလက်နဲ့ ဘာနဲ့မှ မထိမကိုင်မိအောင် ဝီရိယ စိုက်ထုတ်ခြင်း၊ တစ်ခုခုနဲ့ထိပြီးတိုင်းနဲ့ အပြင်က ပြန်လာတိုင်း လက်ကို စနစ်တကျ အနည်းဆုံး စက္ကန့် ၂၀ ကြာ ဆပ်ပြာနဲ့ဆေးခြင်း၊
သမ္မာသတိ = ကောင်းစွာအောက်မေ့ခြင်း၊ မိမိ လုပ်ကိုင်ဆောင်ရွက်မှုများသည် မိမိ
တစ်ဦးတည်းသာမက မိမိမိသားစု၊ ပတ်ဝန်းကျင်၊ အပေါင်းအသင်းကိုပါ အန္တရာယ်ကင်းဝေးစေခြင်းကို သတိချပ် အောက်မေ့ဆင်ခြင်ခြင်း၊
သမ္မာသမာဓိ = ကောင်းစွာတည်ကြည်ခြင်း၊ မိမိ၏ မှန်ကန်သော အသိအမြင် အပြော
အဆို အလုပ်အကိုင် အကျင့်စရိုက်တို့၏ မှန်ကန်မှု အကျိုးဖြစ်စေမှုများကို ခြွင်းချက်မရှိ ယုံကြည်သိမြင် လက်ခံပြီး မရွေ့မစောင်းဘဲ တည်ကြည်မှု (CONCENTRATION ) ဖြစ်စေခြင်းတို့ပဲ ဖြစ်ပါတယ်။
ဓမ္မစကြာအခါတော်နေ့မှာ ဘုရားရှိခိုး၊ တရားထိုင်၊ ပုတီးစိတ်၊ ဓမ္မစကြာ တရားတော် အပါအဝင် ပရိတ်တော် များ ရွတ်ဖတ်ပြီး အာရုံထဲပေါ်လာတဲ့ အချက်လေးတွေ ရေးချမိတာပါ။
လူသားအားလုံး “မဇ္ဈိမ ပဋိပဒါ” နဲ့ “မဂ္ဂင်ရှစ်ပါး” ကျင့်စဉ်များကို ကျင့်ကြံနိုင်ကြပြီး လက်ရှိကြုံတွေ့နေကြ ရတဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးကို ကျော်လွှား နိုင်ကာ သစ္စာလေးပါးတရား သိမြင်၊ နိဗ္ဗာန်ဝင်အောင် ဆက်လက်ကျင့်ကြံနိုင်ကြပါစေ။ ။
ပါမောက္ခသိန်း
ဆေးတက္ကသိုလ်(၁) ရန်ကုန်
(၁၅-၈-၂၀၂၀)
ရည်ညွှန်း- နေ့စဉ်ထုတ်သတင်းစာများ၊ MOHS, WHO, CDC , Web MD, Medscape International Website များ
- Log in to post comments