
စိုးဝင်း (MANA ဗဟို)
=============
ဒီဇင်ဘာလ ၁ ရက်နေ့သည် World AIDS Day ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ(UN)တွင် World AIDS Day ကို သတ်မှတ်ထားခြင်းမရှိမီက ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အဖြစ် သတ်မှတ်ပေးခဲ့သည့်နည်းတူ World AIDS Day ကိုလည်း သတ်မှတ်ပေးသင့်ကြောင်း ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ Jane W Bunn နှင့် Thom as Netter တို့က အဆိုပြုတင်ပြခဲ့ရာ ထိုစဉ်က Global Programme On AIDS အဖွဲ့ကြီးဟုခေါ်ခဲ့ပြီး ယခုအခါ UNAIDS ဟုခေါ်သည့်အဖွဲ့ကြီးမှ ညွှန်ကြားရေးမှူး Dr. Joe Nathan Mann က ၁၉၈၈ ခုနှစ်မှစ၍ ဒီဇင်ဘာလ ၁ ရက်နေ့ကို World AIDS Day (ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့) အဖြစ် သတ်မှတ်ပေးခဲ့သည်။ ထို့ကြောင့် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ၍ World AIDS Day စတင်ပေါ်ပေါက်ခဲ့ရာ ယခု ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်ပေါင်း ၃၃ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ World AIDS Day အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ဖဲကြိုးနီလှုပ်ရှားမှုများ၊ ပညာ ပေးဟောပြောပွဲများ၊ ဂုဏ်ပြုအခမ်းအနားများ ကျင်းပပြုလုပ်လျက်ရှိကြပါသည်။ မိမိတို့မြန်မာ နိုင်ငံတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ မြန်မာ့ ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့မှ လည်းကောင်း၊ နိုင်ငံပိုင်သတင်းစာများနှင့် စာနယ်ဇင်းများမှလည်းကောင်း အသိပညာ ပေးမှုများလုပ်ဆောင်လေ့ရှိပါသည်။
ကူးစက်တတ်သောရောဂါပိုး
AIDS ၏အဓိပ္ပာယ်မှာ Acquired Immune Deficiency Syndrome ခုခံအားကျဆင်းမှုရောဂါ လက္ခဏာစု ဖြစ်သည်။ AIDS အကြောင်းပြောလျှင် HIV ရောဂါပိုးအကြောင်းမပါက ပြီးပြည့်စုံနိုင်မည် မဟုတ်ပါ။ HIV ဆိုသည်မှာ Human Immuno- deficiency Virus လူ့ခန္ဓာကိုယ်မှ ကိုယ်ခံအားစနစ် (ခုခံအားစနစ်) ကို ပျက်စီးအောင် ဖျက်ဆီးသည့်ရောဂါ ပိုးဖြစ်သည်။ HIV ပိုးသည် လွန်စွာကြောက်မက်ဖွယ် ကောင်းသည့် ကူးစက်တတ်သောရောဂါပိုးဖြစ်သည်။ HIV ပိုးသည် သာမန်အားဖြင့် လူတစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်း၊ ဖက်ယမ်းနမ်းရှုပ်ခြင်းတို့ဖြင့် မကူးစက်နိုင်ပါ။ သွေးနှင့် ခန္ဓာကိုယ်မှထွက်သော အရည်တို့မှသာ ကူးစက်နိုင်သည်။ လိင်ဆက်ဆံခြင်းမှ လည်းကောင်း၊ ဆေးထိုးအပ် (Needle Syringe)အသုံးပြုဆေးထိုး၊ ဆေးသွင်းခြင်းမှလည်းကောင်း လွယ်ကူစွာကူးစက်နိုင်သည်။ လိင်ဆက်ဆံရာတွင် အကာအကွယ်ဖြစ်သည့် ကွန်ဒုံးအသုံးမပြုခြင်းနှင့် ဆေးထိုးအပ်တစ်ချောင်းတည်းဖြင့် လူအများကို ဆေးထိုးနှံခြင်းတို့ဖြင့် သွေးမှတစ်ဆင့် ကူးစက်နိုင် သည်။ ထို့ကြောင့် လိင်လုပ်သားများအနေဖြင့် ကွန်ဒုံးကို မဖြစ်မနေအသုံးပြုရန်လိုအပ်သလို ဆေးထိုးနှံရန် လိုအပ်သူများသည်လည်း ဆေးထိုးအပ် တစ်ချောင်းတည်းကို အလှည့်ကျအသုံးပြုခြင်းမပြုဘဲ တစ်ခါသုံးဆေးထိုးအပ်များကိုသာ အသုံးပြုကြရမည် ဖြစ်ပါသည်။ မလိုအပ်ဘဲ ဆေးထိုးခြင်း၊ ဆေးသွင်းခြင်း တို့ကိုလည်း မပြုလုပ်သင့်ပါ။ ယနေ့လူငယ်လေးများ သည် ဘိန်းဖြူ (Heroin) ကို အကြောထဲသို့ ထိုးသွင်း ကြရာတွင် Needle Syringe ဆေးထိုးအပ်တစ်ခုတည်း ကိုသာ အသုံးပြု၍ အလှည့်ကျစနစ်ဖြင့် တစ်လှည့်စီ ထိုးသွင်းအသုံးပြုနေကြသဖြင့် ရောဂါပိုးများ အလွယ်တကူ လျင်မြန်စွာကူးစက်ပျံ့နှံ့လျက်ရှိသည် ကို ကြားသိနေရသည်။
ခုနစ်နှစ်ခန့်အထိ ရောဂါလက္ခဏာမပြ
HIV ပိုးရှိသူ ၇၅ ရာခိုင်နှုန်းခန့်သည် ခုနစ်နှစ် ခန့်အထိ ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်သည်။ HIV ပိုးရှိသူများသည် AIDS ရောဂါမဖြစ်ပွားအောင် အချိန်ကာလအတိုင်းအတာတစ်ခုအထိ ဆေးဖြင့် ထိန်းထားနိုင်သော်လည်း မဆင်မခြင်ဆက်လက် ပြုမူနေထိုင်ပါက AIDS ရောဂါဝေဒနာရှင်အဆင့် သေချာပေါက်ရောက်ရှိမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် AIDS ရောဂါကုသသည့်ဆေးဝါးများ ယနေ့အချိန် အထိ မပေါ်ထွက်သေးပါ။ AIDS ရောဂါဖြစ်လာပြီ ဆိုလျှင် မိသားစုတစ်ခုလုံး၊ ဆွေမျိုးသားချင်း တစ်သိုက်လုံး လူ့အသိုင်းအဝိုင်း လူမှုပတ်ဝန်းကျင်မှ ဖယ်ကြဉ်ရှောင်ကွင်း ခွဲခြားဆက်ဆံခြင်းခံရပြီး လူမှုအသိုင်းအဝိုင်းအတွင်း မဝင်ဆံ့တော့သည့် ဘဝဖြင့် ဂုဏ်သိက္ခာမဲ့စွာ နေထိုင်သွားရတော့မည် သာဖြစ်သည်။ နောက်ဆုံးတွင် ရောဂါအမျိုးအစား၊ ရောဂါအမည်ကိုပင် ထုတ်ဖော်မပြောဝံ့သည့် အခြေအနေမျိုးဖြင့် အသက်ပါဆုံးရှုံး ဘဝနိဂုံး အဆုံးသတ်ကြရမည်ဖြစ်သည်။
ယနေ့ကာလတွင် ဘိန်းဖြူ (Heroin) ကို အကြောထဲထိုးသွင်းခြင်းမှာ ငွေကြေးအကုန်အကျ များသဖြင့် ငွေကြေးတတ်နိုင်သည့် လူတန်းစားများ သာသုံးစွဲနိုင်ကြပြီး လူငယ်အများစုမှာ Ampheta- mine Type Stimulant (ATS) ခေါ် စိတ်ကြွရူးသွပ် ဆေးပြားများကို ဈေးပေါပေါဖြင့် အလွယ်တကူ ဝယ်ယူသုံးစွဲနေကြသည်မှာလည်း များစွာမှပင် ရင်လေးဖွယ်ရာ စိတ်မအေးစရာ ဖြစ်နေကြရပါ သည်။
ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် အတိုင်း မိမိတို့နိုင်ငံနှင့် နိုင်ငံသားတို့၏အနာဂတ် ကို ဦးဆောင်ပဲ့ကိုင်ကြမည့် လူငယ်လေးများ အေအိုင်ဒီအက်စ်ရောဂါဆိုးကြီး၏ သားကောင်ဘဝ မကျရောက်ရအောင်၊ မူးယစ်ဆေးဝါး၏ ကျေးကျွန် ဘဝ မသက်ဆင်းရလေအောင် တာဝန်အသီးသီး ရှိကြသည့် မိဘအုပ်ထိန်းသူများ၊ ကျောင်းဆရာ ဆရာမများ၊ မိဘဆရာအသင်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် မြန်မာ နိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း (BDA)၊ မြန်မာနိုင်ငံ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီ အစရှိသည့် NGO အသင်းအဖွဲ့များ အပါအဝင် နိုင်ငံသားအားလုံးက အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်ခံယူလျက် လူငယ်လေး များ၏အနာဂတ်ကို စုပေါင်းကာကွယ်စောင့်ရှောက် ပေး ကြပါရန် အလေးအနက်မေတ္တာရပ်ခံတိုက်တွန်း လိုက်ရပါသည်။ ။
- Log in to post comments