ကျန်းမာစေဖို့ လမ်းလျှောက်စို့

Type

ဦးဘုန်းကြိုင်
=======

ခြေကျင်လမ်းလျှောက်ခြင်းကို  အမျိုးသားကျန်းမာ ရေးလုပ်ငန်းတစ်ရပ်အဖြစ် ဦးတည်လျက် ပြည်သူ များ     စိတ်ပါဝင်စားလာစေရန်     စည်းရုံးလှုံ့ဆော် ဆောင်ရွက်ခဲ့သည့်အဖွဲ့တစ်ဖွဲ့သည် ၁၉၃၂ ခုနှစ် တွင် မြန်မာပြည်၌ ပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့ မှာ “မြန်မာပြည်ခြေလျင်အဖွဲ့” ကြီးပင်ဖြစ်သည်။
ခြေလျင်အဖွဲ့ကြီး စတင်ဖြစ်ပေါ်
မြင့်မားသောရည်ရွယ်ချက်များဖြင့် မြန်မာပြည် ခြေလျင်အဖွဲ့ကို   စတင်တည်ထောင်သူများမှာ ကာယဗလ ဦးရှိန်၊ ဦးအုန်းခင် (ဗမာ့ခေတ်မိုးကြိုး-အုန်းခင်)၊ ဦးဇော်ဝိတ်နှင့် ဦးစံသင်တို့ ဖြစ်ကြသည်။ မြန်မာပြည်ခြေလျင်အဖွဲ့ကြီး   စတင်ဖြစ်ပေါ်လာ ပုံမှာ ဤသို့ဖြစ်သည်။
ဦးအုန်းခင်သည် သူ၏နှလုံးရောဂါကို အထူးကု ဆရာဝန်ကြီးထံ  သွားရောက်ကုသရာ ဆရာဝန်ကြီး က “ခင်ဗျားရောဂါအခြေအနေက  အတော်ဆိုးနေ တယ်၊    ခင်ဗျားနောက်ထပ်နေရလှ   အလွန်ဆုံး ခြောက်လပဲ”  ဟု    မှတ်ချက်ချလိုက်လေသည်။ သို့ဖြင့် ဦးအုန်းခင်သည် သူ့ရောဂါအတွက် အနားယူ ရန် အလုံ ဧရာဝတီလမ်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့လေ သည်။
အရိုးပေါ် အရေတင်နေသည့် နှလုံးရောဂါသည် ဦးအုန်းခင်သည် ညနေတိုင်း ဧရာဝတီလမ်းပေါ်တွင် ခါးတောင်းမြှောင်အောင်ကျိုက်၍   “မ လိုက်ကွ၊ ချလိုက်ကွ၊  ဗမာ့သတ္တိကွ” ဟု  အလေးမလေ့ကျင့် နေရာသို့  စောင်ခြုံလေးနှင့်   လာရောက်ငေးမော ကြည့်ရှုလေ့ရှိသည်။
ဦးအုန်းခင်တစ်ယောက်     ကျန်းမာရေးတွင် စိတ်ပါဝင်စားလာသည့်အခါ   ဦးရှိန်သည်   နံနက် တိုင်း     နေ့စဉ်မပျက်     ဦးအုန်းခင်ကိုခေါ်၍ လမ်းလျှောက်ထွက်လေသည်။
လမ်းလျှောက်ထွက်ခါစတွင်  ဦးအုန်းခင်သည် ဓာတ်တိုင်နှစ်တိုင်လောက်         လျှောက်လျှင်ပင် မောပန်းနေသဖြင့် မကြာခဏ ထိုင်၍နားခဲ့ရသည်။ တဖြည်းဖြည်း   တိုး၍လျှောက်စေခဲ့ရာ   မကြာမီ နှလုံးရောဂါရှင်   ဦးအုန်းခင်တစ်ယောက်     ခရီး အတော်ပေါက်အောင်ပင် လျှောက်လာနိုင်သည်။ သည့်နောက်တွင်မူ  အလုံမှ   အင်းစိန်သို့ပင်   ဖိနပ် မပါဘဲ လျှောက်နိုင်သည်အထိ သူ၏ကျန်းမာရေးမှာ များစွာတိုးတက်ကောင်းမွန်လာလေသည်။   နှလုံး ရောဂါ   အထူးကုဆရာဝန်ကြီး   ကာနယ်လက်၏ ခြောက်လသာနေရတော့မည်ဆိုသော    မှတ်ချက် သည်လည်း       တက်တက်စင်အောင်လွဲလျက် သဘာဝကပေးသည့် လမ်းလျှောက်ခြင်းဟူသော ကျန်းမာအသက်ရှည်ဆေးဖြင့်ပင် နှလုံးရောဂါမှာ လုံးဝပျောက်၍ ကင်းစင်သွားခဲ့လေသည်။
နိုင်ငံသားတိုင်း         ကျန်းမာကြံ့ခိုင်ပါမှ ထိုတိုင်းပြည်၊ ထိုလူမျိုးတို့သည် တည်တံ့ခိုင်မြဲမည်။ နိုင်ငံနှင့်လူမျိုး   တည်တံ့ခိုင်မြဲပါမှ   များစွာသော အသက်ချွေးတို့ဖြင့် ရယူထားသော လွတ်လပ်ရေးကြီး ကို   အဓွန့်ရှည်ကြာစွာ  ကာကွယ်စောင့်ရှောက်နိုင် ပေမည်။   ကမ္ဘာ့နိုင်ငံများနှင့်လည်း   ပခုံးချင်းယှဉ်  ရင်ပေါင်တန်းနိုင်ပေလိမ့်မည်။
လှုံ့ဆော်ရေးသားခဲ့
နိုင်ငံနှင့်လူမျိုး          တည်တံ့ခိုင်မြဲရေးသည် လူတစ်ဦးချင်းစီ၏  စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်မှု ပေါ်တွင် များစွာမူတည်နေပေသည်။ လူမျိုးပြုန်းတီး ခြင်းမှ   ကြိုတင်ကာကွယ်ရန်     ကျန်းမာကြံ့ခိုင်မှုဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်ရန်          လိုပေသည်ဟု   ဗြိတိသျှလူမျိုး Health  ကျန်းမာရေးမဂ္ဂဇင်းထုတ်ဝေသူ  ကာယဗလသမား ဗာနာမက်ဖက်ဒင်  (Barner  Mc  Fadden)   က လှုံ့ဆော်ရေးသားခဲ့ပေသည်။
ဤသို့ဖြင့် နယ်ချဲ့အင်္ဂလိပ်တို့ ကိုလိုနီခေတ်တွင် မြန်မာများ  ကျန်းမာကြံ့ခိုင်ရေးအတွက်  တပ်လှန့် နှိုးဆော်ပေးခဲ့သည့် ခြေလျင်အဖွဲ့ကြီးကို ၁၉၃၂ ခုနှစ် နှစ်ဦးပိုင်းတွင်ပင် ဦးအုန်းခင်နေထိုင်ရာ အလုံ  ဧရာ ဝတီလမ်း အမှတ် (၃၄)  တွင်  ဖွဲ့စည်းတည်ထောင်ခဲ့ ကြသည်။ လမ်းလျှောက်ခြင်း၏အကျိုးကို  လက်တွေ့ ခံစားမှုရခဲ့သည်မှာ        ဦးအုန်းခင်ပင်တည်းဟူ၍ ဦးအုန်းခင်က  သူရိယသတင်းစာတွင်  အောက်ပါ အတိုင်းဖော်ပြခဲ့သည်။
“အချင်းတို့ နံနက်စောစော လမ်းလျှောက်ခြင်းဖြင့် ခံစားရမည့်အကျိုးကား မြောက်မြားလှ၏။ ကျွန်ုပ်တို့ ရေးသားဖော်ပြခြင်းငှာ  မတတ်နိုင်ပေ။   ကိုယ်တိုင် လမ်းလျှောက်ခြင်းဖြင့်သာ    ခံစားကြပါကုန်”    ဟု လမ်းလျှောက်ခြင်း၏ အာနိသင်များကို စာတွေ့ရော ကိုယ်တွေ့ပါ လှုံ့ဆော်ရေးသားခဲ့လေသည်။
“အချင်းတို့၊ သင်တို့သည်  ကျန်းမာ၍  အသက် ရာကျော်နေလိုသည် ဧကန်ဖြစ်အံ့။ … ယနေ့ ယခုက စ၍လည်း နံနက်စောစောလမ်းလျှောက်ခြင်းဖြင့် ငါတို့ သည် အသက်ရှင်ဝံ့သောသူများဖြစ်သည်ဟူ၍ လူသိ ရှင်ကြား   ကြေညာလိုက်ကြပါကုန်။  ဤသည်ကား သင်တို့၏ ရှေးဦးစွာ ပြုအပ်သောဝတ္တရားများပင်တည်း။”
အတူတကွလက်တွဲ၍ ပါဝင်
မြန်မာပြည်ခြေလျင်တပ်ဖွဲ့၏    ဒုတိယအကြိမ် မြောက် မိုင် (၂၀) ခြေကျင်လျှောက်ပွဲကို ၁၉၃၃ ခုနှစ် ဩဂုတ်လ ၈  ရက်နေ့တွင် ကျင်းပခဲ့သည်။ ခြေလျင် အဖွဲ့၏   အမျိုးသားကျန်းမာရေး၏     ခြေလျင် လမ်းလျှောက်ပွဲများ  ကျင်းပနေချိန်တွင်  လွတ်လပ် ရေးကို မွတ်သိပ်နေကြသည့် မြန်မာပြည်သူလူထုကို ဗြိတိသျှနယ်ချဲ့အစိုးရက မြန်မာအချင်းချင်း စိတ်ဝမ်း ကွဲပြားအောင် နည်းပရိယာယ်ဖြင့် စီမံပေးလိုက်သော အိန္ဒိယနှင့် ခွဲရေး၊ တွဲရေး လှိုင်းတံပိုးများ တစ်နိုင်ငံလုံး ပြင်းထန်နေသောကာလဖြစ်သည်။ လမ်းလျှောက်ကြ သည့်အခါတွင်လည်း  ခွဲရေးနှင့်  တွဲရေးထောက်ခံသူ အဖွဲ့ဝင်များနှစ်မျိုးစလုံးကို     မကြိုက်သူများမှာ လမ်းလျှောက်ကြရင်း တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊  ထေ့ကြငေါ့ကြ၊   ကလိကြ၊    ရိကြသဖြင့် တဝါးဝါးတဟားဟားနှင့် ရှိခဲ့ကြသည်။ ဝါဒခံယူချက် ကွဲပြားခြားနားသော်လည်း အမျိုးသားရေး  ခြေကျင် လမ်းလျှောက်ပွဲကိုမူ  အတူတကွလက်တွဲ၍   ပါဝင် လမ်းလျှောက်ကြသည်။ ဤသည်ကား ကျန်းမာရေး အတွက်ပင်ဖြစ်တော့သည်။
ရန်ကုန်မြို့တွင်  လမ်းလျှောက်ပြိုင်ပွဲ    ကျင်းပ နေစဉ် ၁၉၃၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် သန်လျင်ဘီအိုစီ ကုမ္ပဏီစာရင်းကိုင်ဌာန ခြေလျင်အဖွဲ့ ခေါင်းဆောင် ဦးဘိုးသိန်းကကြီးမှူး၍ သန်လျင်သပြေ ကန်အသွား၊ အပြန်  မိုင်  ၃၀   ခြေကျင်လမ်းလျှောက် ပြိုင်ပွဲကျင်းပသည်။   ထိုပြိုင်ပွဲတွင်    ပြိုင်ဘက်များ အပေါ်   အပြတ်အသတ်ချန်၍   အနိုင်ယူခဲ့သူကား နောင်တွင်  တိုင်းသိပြည်သိဖြစ်လာသော    အလံနီ ကွန်မြူနစ်ခေါင်းဆောင်ဖြစ်လာမည့် ကိုစိုး (သခင်စိုး) ပင်ဖြစ်လေသည်။
ပြည်သူအများက       အမျိုးသားကျန်းမာရေး ခြေကျင်လျှောက်ခြင်းကို စိတ်ပါဝင်စားလာကြသည့် အခါ မြန်မာ့အလင်းသတင်းစာက “လမ်းလျှောက် သောခေတ်” ဟု အမည်ပေးသည်။
လမ်းလျှောက်ခြင်းကို   အမျိုးသားကျန်းမာရေး အတွက်သာမဟုတ်ဘဲ        ချွေတာရေးအတွက် ဆောင်ရွက်ကြပါ။    နိုင်ငံခြားသားကုမ္ပဏီများပိုင် မော်တော်ကား၊ ဓာတ်ရထား၊ မီးရထားများ မစီးကြ ဘဲ မိမိတို့အလုပ်ဌာနများသို့  လမ်းလျှောက်ကြရန် မြန်မာပြည်ခြေလျင်အဖွဲ့က     တိုက်တွန်းပါဟူ၍ လည်းကောင်း၊   အမဲသား၊   ငါးစားခြင်းကြောင့် ရောဂါဘယထူပြောသည်ကို   ညွှန်ပြရေးသားပြီး အသားစားရှောင်ကြဉ်ရေးအဖွဲ့ကို     မြန်မာပြည် ခြေလျင်အဖွဲ့က       ဦးဆောင်ဖွဲ့စည်းသည်ဟူ၍ လည်းကောင်း ရေးသားခဲ့ကြသည်။
၁၄ မိုင်ခရီးကို ခြေကျင်လျှောက်
၁၉၃၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် သူရိယသတင်းစာတွင်    “မြန်မာတစ်ပြည်လုံး လမ်းလျှောက်ကြမည်”    ဟူသောခေါင်းစဉ်ဖြင့် ၁၂၉၆ ခုနှစ် တပို့တွဲလဆုတ် ၇ ရက်၊ ဖေဖော်ဝါရီလ ၂၄ ရက် (တနင်္ဂနွေနေ့) သည် မြန်မာပြည်သားတို့၏ ကျန်းမာရေးရာဇဝင်တွင်   မှတ်တမ်းတင်ရမည့် ထူးခြားသောနေ့ကြီး   ဖြစ်ပေလိမ့်မည်။    ထိုနေ့ နံနက် ၅ နာရီတိတိအချိန်တွင် ရန်ကုန်မြို့နှင့်တကွ မြန်မာပြည်တစ်ဝန်းလုံးရှိ   မြို့ရွာအပေါင်းတို့တွင် နေထိုင်ကြသော ပြည်သူတို့သည် ၁၄ မိုင်ခရီးကို ခြေကျင်လျှောက်ကြပေမည်။
“ငါတို့လူမျိုး၏ ကျန်းမာရေးသည် ဆုတ်ယုတ် ပျက်ပြားခဲ့ချေပြီ၊   ညောင်နာနာ၊    ညှဉ်းသိုးသိုး၊ ဖြူဖပ်ဖြူရော်၊    ပိန်ကပ်ကပ်၊     ရှူနာရှိုက်ကုန်း၊ ခါးချည့်တို့၏ဦးရေသည် ငါတို့၏ပြည်တွင်းတွင်   တစ်နေ့တခြား  တိုးတက်များပြားလျက်ရှိချေပြီ။   ငါတို့သည် ၁၀ မိုင်၊ ၁၅ မိုင်၊ မိုင်  ၂၀ ကိုပင် ခြေကျင် လျှောက်သွားနိုင်စွမ်း    မရှိဖြစ်ခဲ့ပြီတကား”     ဟု မြန်မာတို့ သိရှိကုန်လေပြီ။


“ငါတို့၏ ဘိုးဘေးဘီဘင်တို့သော်ကား  ငါတို့ ကဲ့သို့ လူပျော့၊ လူညံ့၊ လူပေါ်ကြော့၊ လူမိန်းမလျာ တို့မဟုတ်ကြချေ။ မဏိပူရ၊  အာသံ၊   ယိုးဒယား (ထိုင်း) နိုင်ငံတို့သို့ ကုန်းကြောင်းခရီးဖြင့်    ချီတက် တိုက်ခိုက်ကြကုန်သော ယောက်ျားအာဇာနည်များ သာလျှင်ဖြစ်ကြကုန်၏” ဟု မြန်မာတို့ သတိရ ကြလေပြီ။
“ထိုသို့        အာဇာနည်ယောက်ျားကောင်း ယောက်ျားမြတ်တို့မှ      ဆင်းသက်လာကြသော    ငါတို့သည် ပျော့မှု၊ ညံ့မှု၊ လူတန်းမစေ့၊ လူရာမဝင် မှုနှင့်   တင်းတိမ်ရောင့်ရဲလျက်နေကြခြင်းကား ရှက်ဖွယ်၊ ကြောက်ဖွယ်ကြီးသာလျှင်  ဖြစ်တော့၏ ဟု ရှက်ကြောက်ကြလေကုန်ပြီ။”
“တို့မြန်မာတစ်ပြည်လုံးဆိုင်ရာ    ၁၄    မိုင် လမ်းလျှောက်ပွဲကြီး ခမ်းနားကြီးကျယ်စွာ  ပြီးစီး အောင်မြင်စေခြင်းအလို့ငှာ မြို့ရွာအသီးသီးရှိ မြန်မာ တို့၏ ကျန်းမာချမ်းသာစေကြောင်းကို မနောကံ၊ ဝစီကံတို့ဖြင့် မေတ္တာပို့သကာဖြင့် မရောင့်ရဲသေးဘဲ   ကာယကံမှုဖြင့် ထိထိရောက်ရောက် မေတ္တာပို့လိုသူ အပေါင်းတို့၏ အကူအညီဖြင့် ရန်ကုန်မြို့ မြန်မာ ပြည်ခြေလျင်အဖွဲ့က တာဝန်ယူဆောင်ရွက်မည်။
ထိုနေ့တွင် မြန်မာပြည်သူ ပြည်သားအပေါင်း တို့သည်  ရဟန်းမိန်းမ၊    ရဟန်းယောက်ျား၊ ခေါင်းဆောင်နောက်လိုက်၊ အခွဲသမား၊ အတွဲသမား၊ သူဌေး၊ သူဆင်းရဲ၊ ယောက်ျားမိန်းမ၊ ကလေးသူငယ် ပါမကျန် အယုတ်အလတ်အမြတ်မရွေး စည်းလုံး ညီညွတ်စွာ မိမိတို့ကိုယ်စီကိုယ်င ကျန်းမာမှုတို့ကို လေ့ကျင့်ရမည့်နေ့ဖြစ်လေသည်”   ဟု     နှိုးဆော်ခဲ့ ပြန်သည်။


မျိုးချစ်ပုဂ္ဂိုလ်အပေါင်းတို့သည် မိမိတို့ဆိုင်ရာ မြို့ရွာများတွင် အမြန်စည်းဝေးလျက်၊ ၁၄ မိုင်ခရီး ကို မည်သည့်ဌာနမှ  အစပြုလျက် မည့်သည့်ဌာန တွင်  အဆုံးသတ်မည်၊ ပါဝင်သူမြောက်မြားစေရန် မည်သို့ လုံ့လပြုမည်၊ ဆော်ဪတိုက်တွန်းမည်၊ ၁၄ မိုင် လျှောက်သောအခါတွင် ကောင်းမွန်စွာ လျှောက်နိုင်ကြရန်၊ မည်သို့ လေ့ကျင့်စေမည်စသော အချက်တို့ကို ဆုံးဖြတ်ကြပါသည်။
g စာမျက်နှာ ၁၆ မှ
ခြေလျင်နှင့် တောင်တက်အသင်းချုပ်
အမျိုးသားကျန်းမာရေးခြေလျင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်     ခြေလျင်နှင့်    တောင်တက် အသင်းချုပ်ကို    အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီဦးဆောင်မှုဖြင့် ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီ လ  ၅   ရက်နေ့တွင်   အောင်ဆန်းအားကစား ပြိုင်ပွဲဝင်း၌    ဖွဲ့စည်းနိုင်ခဲ့သည်။    ခြေလျင်နှင့်    တောင်တက်အသင်းချုပ်ကြီး            ဖွဲ့စည်းနိုင်ရေး အတွက်   ကြိုးပမ်းဆော်ဩခဲ့သူများမှာ  စစ်ကြို ခေတ် အလေးမချန်ပီယံတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး လှအောင်        (အငြိမ်းစားညွှန်ကြားရေးမှူးချုပ်၊  ကောင်းကင်နှင့်     မြေတိုင်းဌာန) နှင့်    အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေးညွှန်ကြားရေးဝန် ဦးဇော်ဝိတ် တို့ဖြစ်သည်။
“လူဟာအသက်ပိုကြီးလာလေ     ကိုယ်လက် လှုပ်ရှားမှုကိုပါ ပိုအလေးထားဖို့ လိုအပ်ပါတယ်။ ကျေးလက်တောရွာတွေက   နေထိုင်ကြသူအများစု ဟာ    စားဝတ်နေရေးအတွက်    နေ့စဉ်နဲ့အမျှ ထွန်ယက်စိုက်ပျိုး၊   ထင်းခုတ်၊    လယ်လုပ်စတဲ့ ဝန်းကျင်လုပ်ငန်းအလိုက် အမြဲလိုလိုလှုပ်ရှားမှုတွေ ကရှိကြတယ်။   ဒါကြောင့်   သူတို့မှာ   လှုပ်ရှားမှု နည်းလို့ဖြစ်တတ်တဲ့ ရောဂါမျိုး အဖြစ်နည်းကြတယ်။


ကျွန်တော်တို့မြို့နေလူထု အထူးသဖြင့် အထိုင် များတဲ့    ဉာဏလုပ်သားတွေပေါ့ဗျာ။     သူတို့ ကျတော့   လှုပ်ရှားမှုသိပ်နည်းကြတယ်။   သွားကြ လာကြတော့ မော်တော်ကား၊ မီးရထား၊ ဆိုက်ကား နဲ့ ပင်ပင်ပန်းပန်းလမ်းလျှောက်တယ် မရှိကြဘူး။ စားတော့လည်း  အဆီအအိမ့်မှ   ကြိုက်ကြတယ်။ ဒီထဲ စီးကရက် ဆေးလိပ်သောက်ကြသေးတယ်။ လှုပ်ရှားမှုမရှိတော့  အဆီတိုးပြီး    တဖြည်းဖြည်း ဗိုက်တွေဆူလာကြတယ်။   ကျွန်တော်တို့    ဗမာ တွေမှာတော့   ဒီလိုအဆီတိုးပြီး   ဝဖြိုးလာတာကို တော်တော်များများက        သဘောကျကြတယ်။ ရောဂါတစ်ရပ်လို့ မယူဆကြဘူး။   သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေတွေ       တွေ့ကြရင် (ဟေ့ကောင်ကြီး၊  မင်းကတော့    စိတ်ချမ်းသာ လက်ချမ်းသာမို့  ဝလို့ဖြိုးလို့ပါကလားလို့)   အဆီ တိုးပြီး  ဝဖြိုးလာတာကိုပဲ ဝမ်းသာသတင်းဆိုကြ သေးတယ်။
အနောက်နိုင်ငံမှာတော့        အနောက်တိုင်း ဆေးပညာအရ ဒါဟာ ရောဂါလက္ခဏာတစ်ရပ်ပဲ။ သူတို့ဆီမှာ အဆီတိုးပြီး ဝဖြိုးလာတာကို (အဝလွန် ရောဂါ) ရောဂါတစ်ရပ်လို့ ယူဆကြတယ်။ ဆေးဝါး အမျိုးမျိုး၊   ကျန်းမာရေးလေ့ကျင့်ခန်းအမျိုးမျိုးနဲ့ အဆီမတက်အောင် တားဆီးကြတယ်။


လှုပ်ရှားမှုနည်းသူ၊  အစားကြူးသူ၊   ဆေးလိပ် သောက်သူတွေဟာ လှုပ်ရှားမှုမရှိတော့ အဆီတိုးပြီး ဝဖြိုးလာတယ်။ မကြာပါဘူး၊ အဲဒီလူတွေဟာ  နှလုံး သွေးကျစ်ရောဂါ၊   သွေးတိုးရောဂါ၊   ဆီးချိုရောဂါ စတဲ့ ရောဂါအမျိုးမျိုး ရလာကြတာပါပဲ။  အထူး သဖြင့် ဒီရောဂါတွေဟာ အသက်အရွယ်ကြီးလာပြီး မြို့နေလူထုတွေမှာ    အဖြစ်များတဲ့ရောဂါမျိုးတွေ ဖြစ်ပါတယ်။
ဒါကြောင့်  ဒီရောဂါတွေက    ကင်းဝေးအောင် လူတိုင်း  နေ့စဉ်ကိုယ်လက်လှုပ်ရှားဖို့   လိုအပ်ပါ တယ်။   ဒီထဲမယ်   အကောင်းဆုံးလှုပ်ရှားမှုကတော့  လမ်းလျှောက်ခြင်းဖြစ်ပါတယ်” ဟု    ကျန်းမာရေး ဝန်ကြီးဌာန ဆေးပညာဦးစီးဌာန   ညွှန်ကြားရေး မှူးချုပ် ဒေါက်တာခင်မောင်ဝင်းက ၁၉၇၇ ခုနှစ်က ပင် တင်ပြခဲ့သည်။


ဟောကြားခဲ့


လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကပင် ဟောကြား ခဲ့သောဗုဒ္ဓဘုရားရှင်က လူပုဂ္ဂိုလ်များတွင်   လမ်း လျှောက်ခြင်း၊ ရဟန်းသံဃာများတွင် စင်္ကြံလျှောက် ခြင်း၏အကျိုးများမှာ “ခရီးသွားနိုင်၊ ကြံ့ခိုင်အားအင်၊ ကင်းစင်ရောဂါ၊  အစာကြေညက်၊    မပျက်သမာဓိ၊ ငါးပါးရှိ၊ များ၏ စင်္ကြံအကျိုးတည်း” ဟူ၍ ဟောကြား ခဲ့ပါသည်။
မိုးညှင်းဆရာတော်ဘုရားကြီးကလည်း မိုးညှင်း တရား၊  ယုံပွားများလျက်၊  ကြိုးစားလမ်းလျှောက် အထမြောက်သူ၊  ပြည်နိဗ္ဗူကို၊   လွယ်ကူရောက် ကြောင်း   တရားကောင်း၊   အပေါင်းမှတ်ကြစေဟု ဟောကြားခဲ့ပါသည်။
ကမ္ဘာကျော် မဂ္ဂဇင်းတစ်ခုဖြစ်သော Reader’s Digest ကလည်း 
P    လမ်းလျှောက်ခြင်းသည်         အားကစားရုံ၊ အားကစားခန်းမ မလိုဘဲ   လေ့ကျင့်နိုင်သော ကျန်းမာရေးလေ့ကျင့်ခန်းဖြစ်သည်။
P    ဆေးဝါးမလိုသော    ဆရာဝန်ညွှန်ကြားချက် ဆေးညွှန်းလည်းဖြစ်သည်။ 
P    အစားလျှော့စားရန်မလိုသော  ကိုယ်အလေးချိန် လျှော့နည်း (သို့) ထိန်းသိမ်းနည်း ဖြစ်သည်။
P    ဆေးလုံးဝသောက်ရန်မလိုသော စိတ်ငြိမ်ဆေး လည်းဖြစ်သည်။
P    ဆရာဝန်နှင့်      ဆွေးနွေးကုသရန်မလိုသော စိတ်သောကကုထုံးလည်း ဖြစ်သည်။
P    ဖော်နည်းမလိုသော   သက်ပျိုကိုယ်နုဆေးလည်း ဖြစ်သည်။
P    အလှကုန်ဆိုင်၌ တကူးတကဝယ်ရန်မလိုသော အလှပြုပြင်ရန်   ပစ္စည်းလည်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
ရှေးခေတ်အိုလံပစ်အားကစားကျင်းပရာ    ဂရိ ကမ်းခြေကျောက်နံရံများတွင် ယနေ့တိုင်မြင်တွေ့ နေရသောစာသားမှာ-
P    သင် -  ကျန်းမာချင်သလား လမ်းလျှောက်ပါ။
P    သင် - ဉာဏ်ကောင်းချင်သလား  လမ်းလျှောက် ပါ။


P    သင် -  လှပချင်သလား   လမ်းလျှောက်ပါဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။
ကိုယ်တိုင်ကျန်းမာရေးအတွက် လမ်းလျှောက်ခဲ့ သူ ဦးဌေး(ဒေါနမြေ)က သူ၏ “သဘာဝလေ့ကျင့်ခန်း များ ----- လမ်းလျှောက်ခြင်း” ဆောင်းပါးတွင် အောက်ပါအတိုင်း ရေးသားခဲ့လေသည်။


လူငယ်လူရွယ်များ       ကျန်းမာရေးအတွက် လမ်းလျှောက်ကြသည်ကို          ကြီးကျယ်သည်။ အပိုလုပ်သည်ဟု သဘောထားလိုသူများ၊ ကျွန်တော် တို့တောနယ်ဘက်တွင်         ရှိနေပါသေးသည်။ လမ်းလျှောက်ခြင်း၏   အကျိုးအာနိသင်ကို    သူတို့ မသိသောကြောင့်ဖြစ်ပါလိမ့်မည်။  လမ်းလျှောက် ခြင်း၏ အကျိုးအာနိသင်ကို  လမ်းလျှောက်ကြည့်လျှင် ပိုသိနိုင်ပါသည်။ လမ်းလျှောက်ရန်အကောင်းဆုံးအချိန်မှာ နံနက်စောစောပင်ဖြစ်ပါသည်။ သို့သော် မိမိ၏ အခြေအနေ  များစွာနေမမြင့်သေးမီဖြစ်စေ၊  ညနေ စောင်း   နေအေးချိန်တွင်ဖြစ်စေ  လမ်းလျှောက်နိုင်ပါ သည်။


လမ်းလျှောက်ခြင်းသည်  ကိုယ်လက်ညောင်းညာ ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို အများဆုံးပြေလျော့ စေနိုင်သော ကိုယ်လက်လှုပ်ရှားမှုတစ်ခုဖြစ်သဖြင့် ဆရာဝန်များသည်  လမ်းလျှောက်ရန်    လှိုက်လှိုက် လှဲလှဲထောက်ခံထားကြလေသည်။    သဘာဝတရား သည် လူသားများကို လမ်းလျှောက်စေရန် ရည်ရွယ်ခဲ့ သည့်အတိုင်း   ကြွက်သားများ၊    ခြေထောက်များ၊ ခြေချောင်းများကို လမ်းလျှောက်ဖို့ သင့်လျော်အောင် ဖန်တီးပေးခဲ့ပြီး ဖြစ်သည်။
လူတစ်ယောက်       လမ်းလျှောက်သည့်အခါ လူ့ခန္ဓာကိုယ်ရှိ  အစိတ်အပိုင်းအားလုံးသည်   ပါဝင် လှုပ်ရှားနေပေသည်။ အဆုတ်သည် လေကောင်း လေသန့်ကို   ရှူရှိုက်ရခြင်းကြောင့် ဖောင်းကြွလာ သည်။ ခြေတစ်လှမ်းလှမ်းတိုင်း ကြွက်သားများသည် ဆန့်တန်းလိုက်၊  လှည့်ပတ်လိုက်၊   အလိုအလျောက် ဆုတ်နယ်ပြီးဖြစ်လိုက် ဖြစ်နေသည်။


ခြေလက်များ၊  လည်ပင်း၊    ရင်ခေါင်း၊    ဆီးခုံ၊ ကျောရိုးနှင့် တင်ပါးဆုံရိုးများသည်လည်း အံ့ဩ ဖွယ်   ကောင်းလောက်အောင်ပင်         စည်းဝါးတကျ    ပါဝင်လှုပ်ရှားနေလေသည်။  အရိုးအဆစ်များသည် လည်း   အလိုအလျောက်ထွက်လာသောဆီများ ကြောင့် ချောမွေ့စွာလှုပ်ရှားနေသည်။   အာရုံခံစား နိုင်မှုသည်လည်း ပိုမိုနိုးကြားလာသည်ဟု ဖော်ပြ ထားပါသည်။


မှတ်တမ်းများတွင် ဖော်ပြခဲ့
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ပြုစုခဲ့သော ဆရာဝန်များ၏ မှတ်တမ်းများတွင် ဤသို့ ဖော်ပြခဲ့ သည်။
“ချွေးမှန်တယ်၊   သွေးမှန်တယ်၊ ကျင်ကြီးမှန် တယ်၊ အညစ်အကြေးမှန်တယ်၊  နားထဲက    အညစ် အကြေးတွေ၊   အဆုတ်ထဲက   အညစ်အကြေးတွေကို လည်း    သူ့နည်းနဲ့သူ     မှုတ်ထုတ်လိုက်တယ်၊    ဒါကြောင့်    လမ်းလျှောက်ပေးခြင်းသည်ပင်လျှင်   တစ်ကိုယ်လုံးမှာရှိတဲ့  ကာယဗလအညစ်အကြေး တွေကို    အကုန်လုံးထုတ်ပေးတဲ့ကိစ္စပြီးတယ်” ဟု ဆိုထားပါသည်။


“အဲဒီတော့   လမ်းမှန်မှန်လျှောက်တဲ့လူဟာ လေဖြတ်တဲ့ရောဂါ           ဘယ်တော့မှမဖြစ်ရဘူး။ သွေးတိုးတဲ့လူလည်း သွေးလျော့တယ်။ သွေးလည်း ကျသွားတယ်။   ကင်ဆာနဲ့ပတ်သက်တဲ့    ရောဂါ အမျိုးမျိုးကို  ကာကွယ်ပေးတယ်။   နာတာရှည် ရောဂါမရှိ၊  အညောင်း၊   အကိုက်အခဲမရှိ၊  အထုံ အကျင်မရှိဘူး၊ ကျောက်ကပ်နဲ့ ပတ်သက်တဲ့အလုပ် မလုပ်တဲ့ရောဂါကိုလည်း     အလုပ်လုပ်အောင်ပြုပြင် ပေးတယ်။ ထိန်းသိမ်းပေးတယ်။
ဆီးမဆင်းတဲ့ရောဂါမရှိဘူး၊             ဆီးကျိတ် ရောင်တဲ့ရောဂါမရှိဘူး။         အသက်ကြီးလျှင်    ဆီးကျိတ်ရောင်တတ်တယ်။ လူတိုင်းမှာ ဆီးကျိတ် ရှိတယ်။ ဆီးကျိတ်ဟာ  အဆီအအိမ့်တွေ   အစား များတော့ အသက်ကြီးတော့  ဆီးကျိတ်ကပိုလာ တယ်။ လေကတွန်းအားမရှိတော့   ဆီးကျိတ်ရောင် တဲ့    ရောဂါဖြစ်တာပဲ၊ ထိုးအောင့်တဲ့ရောဂါဖြစ်တာပဲ၊   ခါးနာတဲ့ရောဂါဖြစ်တာပဲ။


“အဲဒီတော့    လမ်းလျှောက်ခြင်းသည်ပင်လျှင် သွေးအား၊   လေအား   နှစ်ပါးစလုံးပြည့်စုံတယ်။ အားလုံးသောလေအားတို့ကို   တစ်နေရာတည်းက အလုပ်လုပ်ပေးနိုင်တယ်” ဟု ဖော်ပြခဲ့ပါသည်။


ထို့ကြောင့်   ......  လမ်းလျှောက်ခြင်းဖြင့် ကျန်းမာရွှင်လန်းသော    မိသားစုတည်ထောင်ပါ။    နိုင်ငံကုန်ထုတ်လုပ်ရေးအတွက်         လမ်းလျှောက်ပါ။ ကျန်းမာကြံ့ခိုင်လာအောင်          လမ်းလျှောက်ပါ။ တစ်ကိုယ်ရေကျန်းမာရေး၊     ရောဂါတိုက်ဖျက်ရေး အတွက် လမ်းလျှောက်ကြပါဟု  တိုက်တွန်းရေးသား လိုက်ပါသည်။    ။