
သမားအို
=====
သမားအိုတစ်ယောက်အတွက် အနာမျိုး ကိုးဆယ့် ခြောက်ပါးဆိုတာက မဆန်းပါဘူး။ ဒါပေမယ့် တစ်သက်နဲ့တစ်ကိုယ် အခုကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ်ဆိုးကြီးကိုတော့ အားငယ်စွာနဲ့ ရင်ဆိုင်နေရတာ အမှန်ပါပဲ။
၁၉၁၈-၁၉ မှာ စပိန်တုပ်ကွေး ဖြစ်ခဲ့တယ်။ ကမ္ဘာ့ကပ်ရောဂါကြီးအဖြစ်နဲ့ လူသားသန်းပေါင်း များစွာ ရောဂါရပြီး သေကျေခဲ့တယ်။ ကိုယ်တိုင် မမီလိုက်ပေမယ့် သူ့ရဲ့နောက်ဆက်တွဲ ဟောင်ကောင်တုပ်ကွေးကြောင့် အိပ်ရာထဲမှာ လဲခဲ့ရတယ်။ တုပ်ကွေးဖြစ်ပေမယ့် မသေဆိုတာ ကိုယ်တွေ့ကြုံလိုက်ရပါတယ်။
နောက်ပိုင်းမှာတော့ ဆားစ်ရောဂါ (SARS) မြန်မာပြည်ထဲကို ဝင်မလာအောင် ကာကွယ်ဖို့ ကိုယ်တိုင်ကြိုးစားခွင့်ရခဲ့တယ်။ ဟောင်ကောင် ကနေ စင်ကာပူ၊ ကနေဒါအထိ ကူးစက်ပျံ့နှံ့သွား ခဲ့ပေမယ့် ကပ်ရောဂါ(Pandemic) အဆင့်တော့ မရောက်ခဲ့ပါဘူး။ ကူးစက်မြန်ပြင်းထန် အဆုတ် ရောင်ရောဂါဆိုတဲ့ စကားလုံးဆန်းဆန်းနဲ့ ရောဂါ သစ်တစ်မျိုးတိုးပြီး သိလိုက်ရတယ်။
စိုးရိမ်စရာဖြစ်ခဲ့ရတဲ့ “လူကို ကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေး” ရောဂါ ကမ္ဘာမှာ ဖြစ်ပြီး မြန်မာပြည်ကို အဖျားခတ်ရုံလေး ဖြစ်သွားတဲ့ အတွက် ကံကောင်းခဲ့တယ်။ H5N1 ဗိုင်းရပ်စ်ပိုးဟာ နှစ်ယောက်ဖြစ်ရင် တစ်ယောက် သေနိုင်ပေမယ့် လူတွေမှာ ကူးစက်မှုထက် မွေးမြူထားတဲ့ ကြက် ငှက်တွေ ဒဏ်ခံသွားရတယ်။ အခုလည်း အစ္စရေး နိုင်ငံမှာ ဆောင်းခိုငန်းရိုင်းတွေမှာ H5N1 ရောဂါပိုး ကူးစက်ပြီး ထောင်ချီသေနေကြပါတယ်။
ပုံစံအမျိုးမျိုးနဲ့ ပျံ့နှံ့နေ
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေ အတွက် ဆေးမရှိပါဘူး။ ကာကွယ်ဆေးတွေနဲ့သာ တားလို့ရနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်အကုန်မှာ စပေါ် လာတဲ့ SARS Cov2 ဆိုတဲ့ ဗိုင်းရပ်စ်ပိုးကို အများ သိအောင် ကိုဗစ်-၁၉ (Covid-19)အဖြစ် နာမည် တပ်လိုက်ကြတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေ ထဲမှာ ကပ်ရောဂါအဖြစ် ပျံ့နှံ့ခဲ့တယ်။ အခုထက်ထိပဲ ပုံစံအမျိုးမျိုးနဲ့ ပျံ့နှံ့နေတုန်းပါပဲ။
သဘာဝအရ ဗိုင်းရပ်စ်ပိုးဟာ လူ့ကိုယ်ထဲကို ဝင်သွားပြီးမှ မျိုးပွားပါတယ်။ ရောဂါဖြစ်အောင် လုပ်မယ်။ လူ့ကိုယ်ထဲကပြန်ထွက်လာပြီး အခြား တစ်ယောက်ကို ကူးမယ်။ အကယ်၍ လူနာသေသွား ခဲ့ရင်ဖြစ်ဖြစ်၊ ကူးစက်စရာလူကို မတွေ့တော့၍ ဖြစ်ဖြစ် ဆက်လက်ရှင်သန်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ရောဂါဖြစ်လာမယ့် အတိုင်းအတာတစ်ခု အထိ ပျံ့နှံ့မယ်။ ပြီးရင် နိဂုံးချုပ်မယ်။
ဒီပုံစံမျိုး ကိုဗစ်-၁၉ က စာအုပ်ကြီးအတိုင်း မချိုးတော့ဘူး။ လူ့ကိုယ်ထဲဝင်ပြီး ရောဂါပေး၊ ရောဂါ ဖြန့်ရုံတင်မကဘဲ ဗီဇပြောင်းလဲမှုဖြစ်လာတယ်။ အယ်လ်ဖာ၊ ဘီတာ၊ ဂါမာမျိုးကွဲတွေကနေ ပိုပိုပြီး ဆိုးလာတဲ့ ဒယ်လ်တာမျိုးကွဲကျတော့ ကူးစက် မြန်ရုံမက လူတွေကို အတုံးအရုံးသေစေခဲ့တယ်။ လူတွေရဲ့ ကိုယ်ခံအားဖြစ်တည်မှုကို ကျော်လွှား ဝင်ရောက်တဲ့နည်းရယ်၊ ကိုယ်ခံအားကို ကမောက် ကမဖြစ်စေတဲ့နည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ရန်သူဖြစ် အောင်လုပ်တဲ့နည်းရယ် သုံးလာတဲ့အတွက် အခက်ကြီးခက်ခဲ့ရပါတော့တယ်။
အခုတော့ အိုမီခရွန်(Omicron)တဲ့။ “နောက်တစ်ခါလာပြန်ချည်သေး” ဖြစ်ပေမယ့် ရှိပြီးသား ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို ပုံစံတစ်မျိုးနဲ့ ဆိုးရွားစေဖို့ လမ်းစရှာနေပါပြီ။
၂၀၂၁ နိုဝင်ဘာလဆန်းပိုင်းလောက်မှ စတင် တွေ့ရှိခဲ့တဲ့ အိုမီခရွန်ဟာ အခုတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှာ တစ်လကျော်အတွင်း ပျံ့နှံ့ကူးစက်ခဲ့ပြီး မြန်မာနိုင်ငံထဲကိုလည်း ဝင်ရောက်လာခဲ့ပြီ။ အိုမီခရွန် ပိုးတွေ့ရှိတဲ့သူ လေးယောက်ကို ရှာဖွေဖော်ထုတ်ဖို့ အတွက် နှစ်ပတ်လောက် အချိန်ယူခဲ့ရပါတယ်။ အလွယ်တကူစစ်လို့ရတာမျိုးမဟုတ်ဘဲ (Genomic Sequencing) ဆိုတဲ့ မျိုးရိုးဗီဇစစ်ဆေးမှုနည်းပညာ သစ်နဲ့ စစ်ဆေးရတာဖြစ်လို့ ကိုယ့်နိုင်ငံက ဓာတ်ခွဲခန်း အပြင် သေချာတိကျအောင် အခြားဓာတ်ခွဲခန်းတွေ ကိုပါ ပို့ခဲ့ရပါတယ်။
လေးယောက်မှာ ပိုးတွေ့တယ်ဆိုပေမယ့် တစ်ယောက်တည်းမှာပဲ ရောဂါလက္ခဏာပြခဲ့တယ်။ တခြားနိုင်ငံတွေမှာလိုဘဲ သာမန်ဖျားနာတုပ်ကွေး ရောဂါလက္ခဏာတွေထက် သိပ်မထူးခြားဘူးလို့ ယူဆရတာပါပဲ။ မနှစ်က မြန်မာပြည်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေရဲ့ အများစုဟာ ရောဂါလက္ခဏာ မပြကြတာကိုလည်း သတိထားမိပါတယ်။ အခုလည်း ဒီပုံစံအတိုင်း ဗိုင်းရပ်စ်ဟာ အပျော့စွဲနဲ့ ဝင်လာပြန် ပါပြီ။
အမြန်ယာဉ်ကို စီးနေရသလို
ရောဂါလက္ခဏာဟာ ပိုးဝင်ပြီး သုံးရက်အတွင်း မှာ ပြနိုင်တယ်။ အဲဒီအချိန်အတွင်းမှာပဲ နှစ်ဆ လောက် ကူးစက်ပြန်တယ်။ ဒါ့အပြင် ရောဂါပိုး ကူးစက်ပုံကလည်း အမြန်ယာဉ်ကို စီးနေရသလိုပါပဲ။ အဆုတ်ရဲ့အပေါ်ပိုင်း လည်ချောင်းနဲ့ လေပြွန်တွေ ထဲမှာ ရောဂါပိုးတွေ ပွားပြီး အသက်ရှူထုတ်ရာကနေ တောင် အငွေ့အသက်အဖြစ်၊ အမှုန်အမွှားလေးတွေ အဖြစ် (Aerosol) ပုံစံမျိုးနဲ့ ပျံ့နှံ့ကူးစက်တာဖြစ်တဲ့ အတွက် လေထဲမှာရှိတဲ့ ဗိုင်းရပ်စ်ကိုကာကွယ်ဖို့ ခက်သွားပါတယ်။
ပထမဦးဆုံး စစ်ဆေးတွေ့ရှိတဲ့ လူလေးယောက် ဟာ လေယာဉ်နဲ့ အရှေ့အလယ်ပိုင်း UAE ကနေ ဝင်လာခဲ့တယ်။ ဒါမျိုးကို ၂၀၂၀ နှစ်စပိုင်းမှာ လေယာဉ် နဲ့ အမေရိကန်က ဝင်လာခဲ့တာမျိုးနဲ့ တူနေတယ်။ ဒီတစ်ခါမှာတော့ လေဆိပ်မှာတင် ကွာရန်တင်း (Quarantine) အဖြစ် ကန့်သတ်ထိန်းချုပ်ထားပြီးမှ နေရပ်ပြန်ခွင့်ပေးလိုက်ပေမယ့် Omicron မျိုးကွဲဖြစ် ကြောင်း အဖြေက နောက်ကျမှ လိုက်လာခဲ့ရတယ်။
အမေရိကန်မှာတော့ ရောဂါပိုးရှိလာကြောင်း စစ်ဆေးတွေ့ရှိပြီးရင် ၁၀ ရက် ကွာရန်တင်း (Quarantine) ဝင်ရတယ်ဆိုတာကနေ အခုတော့ ငါးရက်ဆိုရင်ရပြီလို့ လျှော့ပေးလိုက်တယ်။ ဒါပေမယ့် နောက်ထပ် ငါးရက်လုံးလုံး ပါးစပ် နှာခေါင်းစည်းကို တပ်ထားရမယ်လို့ ဆိုပါ တယ်။
သင်ခန်းစာယူစရာတွေရှိ
သင်ခန်းစာယူစရာတွေရှိနေပါတယ်။ ပထမ ဦးဆုံးပိုးတွေ့တဲ့ မြန်မာနိုင်ငံသားဟာ သူ့ရွာ မရောက်ခင် ဟိုဝင်ဒီဝင်လုပ်ခဲ့ပါတယ်။ အဲဒီကနေ ရောဂါတွေ ပြန့်ပွားသွားခဲ့တာကို မမေ့သင့်ပါဘူး။ ဒါ့အပြင် (Cluster Infection) ဆိုတဲ့ အုပ်စုလိုက် ကူးစက်တာမျိုး၊ (Super Spreader) ဆိုတဲ့ လူတစ်ဦးက လူအုပ်ကြီးကို ကူးစက်တာမျိုး မြန်မာ ပြည်မှာ ဖြစ်ခဲ့တယ်။ ဒါက ပထမလှိုင်းတုန်းကပါ။
ကိုဗစ်-၁၉ ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတွေ မှာတော့ နယ်စပ်ကနေ ခြေကျင် ဝင်ရောက်လာတာ ဖြစ်ပါတယ်။ လူတွေကို အသေအပျောက်များစေတဲ့ ဒယ်လ်တာမျိုးကွဲကို တတိယလှိုင်းမှာ ကြုံခဲ့ရတော့ အသေအပျောက်များခဲ့ပါတယ်။
အခု အိုမီခရွန်ပိုးကို ဘယ်လိုကာကွယ်ကြ မလဲ။ ကျန်းမာရေးဘက်ကတော့ အဆင်သင့် ပြင်ဆင်ထားတယ်။ တစ်နေ့နေ့မှာ ဝင်လာလိမ့်မယ် လို့ တွက်ဆထားပေမယ့် ဒီလောက်မြန်မယ် မထင် ခဲ့ပါဘူး။ အထူးလုပ်စရာလည်း မရှိသလောက်ပါပဲ။
ကိုဗစ်-၁၉ ကာကွယ်ဆေး သုံးမျိုးထိုးထား တယ်။ ထိုးပေးနေတယ်။ ထိုးပေးဖို့ အဆင်သင့် ရှိတယ်။ ရည်မှန်းအုပ်စုတွေအားလုံးကို ကာကွယ် ပေးဖို့ ပြင်ဆင်ထားတယ်ဆိုပေမယ့် ဆေးထိုးစုရပ် တွေကိုသွားမှ ဆေးထိုးပေးလို့ရတယ်။
Omicron ရောဂါမျိုးကွဲတွေ ဘယ်၍ဘယ်မျှ ရောက်နေပါပြီဆိုတဲ့ သတင်းကို နားထောင်နေ မယ့်အစား အခုချက်ချင်း ကာကွယ်နိုင်သမျှ ကာကွယ်ရပါမယ်။
m ပါးစပ်နှာခေါင်းစည်းတွေကို နည်းစနစ် တကျ တပ်ဆင်ဖို့လိုမယ်။
m လူတိုင်းမှာ ပါးစပ်နှာခေါင်းစည်း (Mask)တွေ တပ်နိုင်အောင် ဆောင်ရွက်ပေးဖို့ လိုမယ်။
m အများသူငါရှိတဲ့နေရာမှာ နှာခေါင်းစည်း မတပ်တာမျိုး၊ နှာခေါင်းစည်းကို လည် ပင်းမှာ ချိတ်ထားတာမျိုး၊ နှာခေါင်း ဖော်ပြီး တပ်ထားတာမျိုး မဖြစ်အောင် လို့လည်း ထိန်းသိမ်းဖို့ လိုပါမယ်။
m လက်ဆေးတာ၊ လူစုလူဝေးထဲ မသွား တာ၊ လူစုလူဝေး မလုပ်တာ၊ တစ် ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ (ခြောက်ပေမက) နေကြရမယ်။
m နှာခေါင်းစည်းတွေ၊ ဆေးတွေ ဈေးကွက် ထဲမှာ ပုံမှန်ရှိနေအောင်လုပ်ထားဖို့ လိုတယ်။
m ပိုးရှိ / မရှိ မြန်မြန်နဲ့ များများစစ်ပေး နိုင်ဖို့လိုမယ်။
m ကာကွယ်ဆေးတွေ လူတိုင်းထိုးပြီးအောင် ကြိုးစားဖို့လိုတယ်။
(မှတ်ချက် - အိုမီခရွန်ဗိုင်းရပ်စ်ပိုးတွေ လေထဲ မှာ ပျံ့နှံ့နေနိုင်တာကိုတော့ ကာကွယ်ဖို့ ခက်နေ တယ်။)
- Log in to post comments