
စားသုံးသူရေးရာဦးစီးဌာန
===============
အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး ဆိုသည်မှာ ကူးစက်ရောဂါကာကွယ်ရန် အစား အစာများကို ကိုင်တွယ်ထိန်းသိမ်းခြင်း၊ သိုလှောင် ခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းစဉ်များတွင် စားသုံးသူအတွက် အစားအစာ၏ အာဟာရဓာတ် အလုံအလောက်ကို ထိန်းထားနိုင်ပြီး ကျန်းမာရေး အတွက် အထောက်အကူဖြစ်စေသည့်အစားအစာ ကိုဆိုလိုကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့အစည်း (FAO) ၏စာတမ်းတွင် ဖော်ပြထား ပါသည်။
အရည်အသွေးစီမံခန့်ခွဲမှုစနစ်သည် အရည် အသွေးဆိုင်ရာမူဝါဒများနှင့် ရည်မှန်းချက်များ အောင်မြင်ရန်အတွက် လုပ်ငန်းစဉ်များ၊ လုပ်ထုံး လုပ်နည်းများနှင့်တာဝန်များကို မှတ်တမ်းတင် သည့် တရားဝင်သတ်မှတ်ထားသောစနစ်တစ်ခု ဖြစ်ပြီး အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အလွန်အရေးပါသောစနစ်တစ်ခုဖြစ်ပါ သည်။
အစာအဆိပ်သင့်ခြင်း
အစားအစာဘေးအန္တရာယ် ကင်းရှင်းမှုနှင့် ဆက်စပ်၍ အစာအဆိပ်သင့်ခြင်းကို လေ့လာရာ တွင် သန့်ရှင်းမှုမရှိဘဲ အစားအစာပြင်ဆင်ခြင်း၊ ကာလကြာရှည်စွာ ထိန်းသိမ်းထားသော၊ သက်တမ်းကုန်ဆုံးနေသော လတ်ဆတ်မှုမရှိသည့် အစားအစာများကို စားသုံးမိပါက ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခြင်း စသည့်လက္ခဏာများ ခံစားရပြီး ပြင်းထန်ပါက အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။ ထိုသို့ ဖြစ်ရပ်များသည် အစာအဆိပ်သင့်ခြင်းဖြစ်ပြီး အစားအစာဘေးအန္တရာယ် ကင်းရှင်းမှုမရှိခြင်း ကြောင့် ဖြစ်ပေါ်ရသည့်ဆိုးကျိုးများပင် ဖြစ်ပါသည်။
အစာအဆိပ်သင့်ခြင်းမှာ အစားအသောက် တွင် အဆိပ်အတောက်ဖြစ်စေသည့် ညစ်ညမ်းနေ သောအစားအစာများ (Food contamination) ကို စားသောက်မိ၍လည်းကောင်း၊ အစားအသောက် များတွင် အစားအစာဓာတ်မတည့်မှုများ (Food Allergies) တုံ့ပြန်မှုများကြောင့်လည်းကောင်း အစာအဆိပ်သင့်ခြင်းဖြစ်ပွားကြောင်း လေ့လာတွေ့ရှိ ရပါသည်။
ရူပအန္တရာယ်ဆိုင်ရာ ပြင်ပပစ္စည်းများ
အစားအသောက်တွင် အဆိပ်အတောက် ဖြစ်စေခြင်းမှာ ဇီဝအန္တရာယ်ဆိုင်ရာ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်စသည့် ပိုးမွှားများကြောင့်လည်းကောင်း၊ ဓာတုအန္တရာယ်ဆိုင်ရာ ဓာတ်မြေဩဇာ၊ ပိုးသတ် ဆေး၊ ပဋိဇီဝဆေးဝါး၊ ဖြည့်စွက်ပစ္စည်းစသည့် ဓာတု ပစ္စည်းများကြောင့်လည်းကောင်း၊ ရူပအန္တရာယ် ဆိုင်ရာပြင်ပပစ္စည်းများဖြစ်သော ဖုန်၊ သဲ၊ မှန်စ စသည့် စားစရာမဟုတ်သည့် ပြင်ပပစ္စည်းများ ပါဝင် ရောနှောနေခြင်းကြောင့်လည်းကောင်း၊ ထို့အပြင် ရူပအန္တရာယ်ဆိုင်ရာညစ်ညမ်းမှုနှင့် ဆက်နွှယ်သည့် ထပ်လောင်းအန္တရာယ်မှာ ပြင်ပပစ္စည်းများသည် ဇီဝညစ်ညမ်းမှုကို သယ်ဆောင်လာနိုင်သဖြင့် အစရှိ သည့် Hazard များကြောင့် အစားအသောက်များ ညစ်ညမ်းစေပြီး ညစ်ညမ်းနေသောအစားအစာများ (Food contamination) ကို စားသုံးမိပါက အစာ အဆိပ်သင့်မှုဖြစ်ပွားစေပါသည်။
စားသောက်ကုန်များအား အထက်ဖော်ပြပါ အန္တရာယ်ဖြစ်စေနိုင်သော အဆိပ်အတောက်များမှ ရှောင်ရှားနိုင်ရန် အကြမ်းဖျင်းအားဖြင့် လယ်ယာ ထွက်ကုန်များကို စိုက်ပျိုးသည့်နေရာမှစ၍ စားပွဲပေါ် ရောက်သည်အထိ Supply Chain တစ်လျှောက် လိုက်နာကျင့်သုံးရမည့် နည်းလမ်းကောင်းများ ဖြစ်သော ကောင်းမွန်စွာစိုက်ပျိုးခြင်းနည်းလမ်း၊ ကောင်းမွန်စွာထိန်းသိမ်းကိုင်တွယ်ခြင်းနည်းလမ်း၊ ကောင်းမွန်သန့်ရှင်းစင်ကြယ်စွာ ပြင်ဆင်ခြင်း နည်းလမ်း၊ ကောင်းမွန်စွာထုတ်လုပ်ခြင်း နည်းလမ်း များဖြင့် ထုတ်လုပ်ပြီး ထုတ်ကုန်များသိုလှောင်မှု အဆင့်ဆင့်တွင် စားသုံးသူလက်ဝယ်ရောက်ရှိမည့် အချိန်အထိ သိုလှောင်ရမည့် အကောင်းဆုံးအပူချိန် တွင် ထိန်းသိမ်းထားနိုင်ပါက ထုတ်ကုန်ကောင်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ကောင်းမွန်သော အရည်အသွေးပြည့်ဝသည့်ထုတ်ကုန်များကို စားသုံးသူများထံ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါသည်။
စနစ်တကျထုတ်လုပ်ထားပြီး ကျန်းမာရေး နှင့်ညီညွတ်သော ဘေးအန္တရာယ်ကင်းရှင်းသည့် ထုတ်ကုန်များကို စားသုံးသူများက ရွေးချယ်ဝယ်ယူ စားသုံးနိုင်ရေးနှင့် အစာအဆိပ်သင့်မှုမှ ကင်းဝေးနိုင် စေရေးတို့အတွက် စားသုံးသူများအား အသိပညာ ပေးခြင်း၊ လှုံ့ဆော်ပေးခြင်းတို့ဖြင့် စားသုံးသူပြည်သူ များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာများကို ရွေးချယ်ဝယ်ယူသည့်အလေ့ အထကောင်းများ ကျင့်သုံးလာနိုင်မည်ဖြစ်ပါသည်။
စားသုံးသူပြည်သူများက ကောင်းမွန်သော နည်းလမ်းများဖြင့် ထုတ်လုပ်ထားသော ထုတ်ကုန် များကို ရွေးချယ်ဝယ်ယူလာခြင်းဖြင့် ရောင်းလိုအား နှင့် ဝယ်လိုအားကိုကြည့်၍ ထုတ်လုပ်သူများက ထုတ်ကုန်များကို ကြုံသလိုထုတ်လုပ်တတ်သည့် အလေ့အထမှ နောင်တွင် စနစ်တကျကောင်းမွန် သောနည်းလမ်းများဖြင့် ထုတ်လုပ်လာစေပြီး အစားအစာထုတ်လုပ်သူများအနေဖြင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ဦးစားပေး ဆောင်ရွက်တတ်သည့် Business Ethics ရှိသော စီးပွားရေးလုပ်ငန်းရှင်များအဖြစ် ရပ်တည်လာ နိုင်မည်ဖြစ်ပါသည်။
အစားအစာဓာတ်မတည့်မှုများ
အစားအစာဓာတ်မတည့်မှုများ (Food Allergies) သည် အစားအသောက်တွင်ပါဝင်သော ပရိုတင်းများကို ခန္ဓာကိုယ်တွင်းရှိ အင်မျူ့စနစ်၏ ခုခံအားမှတုံ့ပြန်မှုကြောင့် ဓာတုပစ္စည်းများ ထွက်လာပြီး အစာအဆိပ်သင့်ခြင်းကို ဖြစ်စေသည်။ အချို့အပင်နှင့် သတ္တဝါများတွင် (ဥပမာ - မြေပဲ၊ ပဲပုပ်၊ နို့နှင့် နို့ထွက်ပစ္စည်း၊ ဂျုံ၊ ပင်လယ်စာများ စသည်တို့တွင် သဘာဝအဆိပ်အတောက်ပစ္စည်း များပါဝင်ပြီး ၎င်းတို့ကိုစားသုံးမိပါက အစာအဆိပ် သင့်စေပါသည်။ သို့သော်လည်း ဓာတ်မတည့်မှု လက္ခဏာသည် အချို့လူများတွင် ဖြစ်ပွားလေ့ရှိပြီး တချို့တွင် ဖြစ်ပေါ်လေ့မရှိပါ။ ဤကဲ့သို့ အစားအစာ ဓာတ်မတည့်မှုများ (Food Allergies) ပါဝင်သော စားသောက်ကုန်များကို ထုတ်လုပ်ရာတွင် ထုတ်ကုန်နှင့်ပတ်သက်၍ ဓာတ်မတည့်ကြောင်း ဖော်ပြချက်ကို အသိပေးဖော်ပြခြင်းဖြင့် စားသုံး သူများက ရွေးချယ်ဝယ်ယူခွင့်ရှိသောကြောင့် ဓာတ်မတည့်သူများသည် အစာအဆိပ်သင့်ခြင်းမှ ကင်းဝေးမည်ဖြစ်ပါသည်။
“အစာလည်းဆေး ဆေးလည်းအစာ” ဆိုသည့် မြန်မာစကားပုံအတိုင်း သန့်ရှင်း လတ်ဆတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို စားသုံးသူမိဘပြည်သူ တစ်ဦးတစ်ယောက်စီက ရွေးချယ်ဝယ်ယူစားသုံးနိုင်ကြပါစေကြောင်း မျှဝေ လိုက်ရပါသည်။ ။
n
- Log in to post comments