
မောင်သောင်းဝင်း(တမန်ဟောင်း)
ကမ္ဘာ့လူသားတို့သည် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက မမြင်ရ၊ မကြားရသော ကူးစက်ရောဂါပိုးနှင့် စစ်ခင်းခဲ့ရပြီး ယခုအခါ အချိန်ကာလ နှစ်နှစ်ပင်ကျော်လာပြီဖြစ်သည်။ ဇန်နဝါရီလ ၁၄ ရက်အထိ ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ သန်း ၃၂၀ ကျော်နှင့် သေဆုံးသူ ၅၅၃၉၂၀၆ ဦးရှိသွားပြီဖြစ်သည်။ ဗီဇပြောင်း အိုမီခရွန်သည် ကူးစက်နှုန်း မြင့်မားလျက်ရှိပြီး နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။ အိုမီခရွန်ထိန်းချုပ်နိုင်ရေး နိုင်ငံတကာလေကြောင်းခရီးစဉ်များနှင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းထားရကာ မဖြစ်မနေ အပြင်ထွက်ရာတွင်လည်း ရင်တထိတ်ထိတ်ဖြင့် သွားလာ လှုပ်ရှားနေကြရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ် ရောဂါပိုးကူးစက်မှု မခံရစေရေးအတွက် နေထိုင်မှုပုံစံသစ်(New Normal) ဖြင့် နေထိုင်သွားရန် လိုအပ်လာပြီဖြစ်သည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှသာလျှင် အသက်အန္တရာယ် ကျော်လွှားနိုင်မည်ဖြစ်သည်။
ကျေးဇူးအထူးတင်မိ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇန်နဝါရီလ ၉ ရက်အထိ ဝယ်ယူခြင်းမှ ၄၄ ဒသမ ၄ သန်းနှင့် လှူဒါန်းမှုမှ ၁၃ ဒသမ ၄၆ သန်းခန့် စုစုပေါင်း ၅၇ ဒသမ ၈၆ သန်းခန့် ရရှိထားပြီးဖြစ်သည်။၎င်းအပြင် မိတ်ဆွေ ရင်း နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် ဂျပန်နိုင်ငံတို့သည် မြန်မာနိုင်ငံအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ လှူဒါန်းလျက်ရှိသည်။ ထို့အပြင် ဒေသတွင်းနိုင်ငံများမှလည်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း လျက်ရှိသဖြင့် ဝမ်းမြောက်ပီတိ ဖြစ်ရသည်။
အမှန်တော့ ကမ္ဘာ့လူသားအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးမှသာလျှင် ကိုယ်ခံ အားတိုးတက်လာပြီး ဗီဇပြောင်းဗိုင်းရပ်စ်များ၏ အန္တရာယ်ကို ရင်ဆိုင်ကျော်လွှားနိုင်မည် ဖြစ်သည်။ အချို့သောနိုင်ငံများတွင် ထပ်ဆောင်းကာကွယ် ဆေးတတိယအကြိမ် ထိုးနှံလျက်ရှိသော်လည်း အချို့နိုင်ငံများတွင် တစ်ကြိမ်မျှထိုးနှံရခြင်းမရှိသေးပေ။ ကာကွယ်ဆေး သုံးကြိမ် ထိုးနှံထားသည့် တိုင်အောင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး အန္တရာယ်ကို လုံးလုံး လျားလျား ကျော်လွှားနိုင်ဦး မည်မဟုတ်သဖြင့် ကာလရှည်ကြာ အိမ်တွင်းပုန်း လုပ်နေ၍လည်း ရတော့မည်မဟုတ်ပေ။
ကာကွယ်ဆေးထိုးနှံပြီးဖြစ်
အမှန်တော့ နိုင်ငံတော်အစိုးရသည် နိုင်ငံသူ၊ နိုင်ငံသားတိုင်း ကာကွယ်ဆေးထိုးနှံခွင့်ရရှိရေး အတွက် ဦးတည်ချက်အုပ်စုများသတ်မှတ်ကာ အပူတပြင်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့ဝန်ထမ်း များ၊ သက်ကြီးရွယ်အိုများ၊ ဆရာတော်၊ သံဃာ တော်များ၊ အကျဉ်းသားများ၊ ဟိုတယ်ဝန်ထမ်းများ စသည့် ဦးစားပေးအဆင့်အလိုက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ ယခုဆိုလျှင် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများကို ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်သည်။ ထို့အပြင် တက္ကသိုလ် ကျောင်းသား ကျောင်းသူများကိုလည်း ကာကွယ် ဆေးထိုးသွားရန် စီစဉ်လျက်ရှိသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူ အများစုသည် ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ် များသို့ သွားရောက်ကာ ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ကြသည်။
စင်စစ်အားဖြင့် နိုင်ငံတော်အစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ် မှတ်၍ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ ၁၁ ရက် အထိ လူဦးရေစုစုပေါင်း ၂၁၁၅၉၂၃၃ ဦးကို ထိုးနှံ ပေးပြီးဖြစ်သည်။ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁၆၉၉၆၈၀၈ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄၁၆၂၄၂၅ ဦးရှိပြီဖြစ်သည်။ ထို့ကြောင့် ၁၁-၁-၂၀၂၂ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၃၈၁၅၆၀၄၁ ကြိမ် ထိုးနှံပြီးဖြစ်သည်။
ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံလျက်ရှိသည်။ ထို့ကြောင့် ပြည်သူ များအနေဖြင့် မိမိရပ်ကွက်၊ ကျေးရွာအလိုက် ကာကွယ်ဆေး ထိုးနှံပေးသည့် စုရပ်များသို့ မပျက် မကွက်သွားရောက်ကာ ကာကွယ်ဆေးထိုးနှံမှု ခံယူ စေချင်ပါသည်။ မဟုတ်မမှန် ဝါဒဖြန့်လှုံ့ဆော်မှုများ ကို ယုံကြည်ကာ မိမိ၏အသက်ဖြင့် လောင်းကြေး မထပ်မိဖို့ အထူးသတိထားသွားသင့်ပေသည်။အထူး သဖြင့် အဖျက်သမားများ၏ သွေးထိုးလှုံ့ဆော်မှုများ ကို နားမယောင်မိဖို့ လိုပါသည်။
မျှဝေပေးသွားစေလို
လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း၌ ကာကွယ် ဆေးတစ်ကြိမ် ထိုးနှံပြီးသူ ၅၉ ဒသမ ၃ ရာခိုင်နှုန်း၊ နှစ်ကြိမ် ထိုးနှံပြီးသူ ၅၀ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးသူမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိသေးသည်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီး ဆင်းရဲတွင်း နက်နေသော နိုင်ငံများတွင် တိုင်းပြည်လူဦးရေ၏ ၉ ဒသမ ၅ ရာခိုင်နှုန်းသာလျှင် ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံမှုခံယူရသေးသည်။ စိတ်မကောင်း စရာပင်ဖြစ်သည်။
ထို့ကြောင့် ကမ္ဘာတစ်ဝန်း၌ လူအုပ်စုလိုက် ကိုယ်ခံစွမ်းအား (Herd Immunity) ရရှိနိုင်ရန် အတွက် ကာကွယ်ဆေးလွှမ်းခြုံမှု များစွာလိုအပ် နေဆဲပင်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့လူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့် ကာကွယ်ဆေးထိုးနှံမှသာလျှင် အုပ်စုလိုက် ကိုယ်ခံစွမ်းအားရရှိနိုင်မည့် အလား အလာရှိသည်ဟု ပညာရှင်များက သုံးသပ်ထား သည်။ ချမ်းသာသောနိုင်ငံများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနေသည်ထက် ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံရခြင်း မရှိသေးသော ဆင်းရဲတွင်းနက်နေသည့် နိုင်ငံများရှိ ပြည်သူများကိုလည်း ကာကွယ်ဆေး မျှဝေလှူဒါန်း သွားစေလိုပါသည်။ ကမ္ဘာ့လူသားအားလုံး ကိုယ်ခံအားရှိနေမှသာလျှင် ကိုဗစ်-၁၉ ကပ်ရောဂါ ကြီးကို မောင်းထုတ်နိုင်မည်ဖြစ်သည်။
စည်းကမ်းလိုက်နာရန်လည်းလို
ထို့အပြင် ပြည်သူများအနေဖြင့် ကာကွယ်ဆေး ထိုးထားသော်လည်း ပေါ့ပေါ့ဆဆ နေ၍ရမည် မဟုတ်ချေ။ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ အကြံပြုချက်များနှင့် တိုက်တွန်း ချက်များကို ယခင်အတိုင်း လိုက်နာဆောင် ရွက်သွားရန် လိုအပ်ပေသည်။ ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင် ပေါ့ပေါ့ဆဆနေသောကြောင့် ရောဂါကူးစက်ခံရလျှင် ထိုးထားသောဆေးသည် အဟောသိကံဖြစ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ Face Shield တပ်ဆင်ခြင်း၊ လက်မှန်မှန်ဆေးကြောခြင်း၊ ခပ်ခွာ ခွာနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တတ် နိုင်ပါက အိမ်မှာပင် နေထိုင်ခြင်း၊ အာဟာရပြည့်၀ အောင်စားသုံးခြင်း၊ အိပ်ရေး၀အောင် အိပ်စက်အနား ယူခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဆောင် ခြင်း၊ လေကောင်းလေသန့်ရှူရှိုက်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကို တိတိ ကျကျ လိုက်နာသွားသင့်ပေသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ ကာကွယ်ဆေးထိုးနှံကြပါစို့
အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါ ခံစားနေရသူများသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု မပျက်မကွက်ခံယူသွားရန် လိုအပ်သည်။ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် ရောဂါအခံရှိသည့် အသက် ၅၀ ကျော်အရွယ်များသည် ကိုဗစ်-၁၉ ကူးစက်ခံရလျှင် အောက်ဆီဂျင်ကျလာပြီး အသက်ပါဆုံးရှုံးရနိုင်သည်။ နိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံးနီးပါး ကာကွယ်ဆေးထိုးနှံပြီးမှသာ လျှင် အုပ်စုလိုက် ကိုယ်ခံစွမ်းအားများ ရရှိလာပြီး ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကို ကျော်လွှားသွား နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် CRPH ၊ NUG နှင့် PDF စသည့်အကြမ်းဖက် အဖွဲ့အစည်းများ၊ NLD အစွန်းရောက်များနှင့် ပြည်တွင်း ပြည်ပမှ အဖျက်သမားများ၏ သွေးထိုး လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ၊ သတင်းတု၊ သတင်း မှားများကို နားယောင်မနေတော့ဘဲ အချိန်မီ ကာကွယ်ဆေးထိုးနှံမှု ခံယူသွားမည်ဆိုလျှင် ကိုဗစ်-၁၉ ရောဂါဆိုးကြီးအန္တရာယ်မှ ကျော်လွှား နိုင်မည့်အပြင် ကျန်းမာသက်ရှည်ပြီး မိမိချစ်သော မိသားစုများနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင် သွားနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းအကြံပြု အပ်ပါသည်။ ။
- Log in to post comments