ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ အကြိုဂုဏ်ပြုဆောင်းပါး

Type
၁

ဆောင်းပါး

======

 

ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ အကြိုဂုဏ်ပြုဆောင်းပါး

=================================

 

 

လေဖြတ်ရောဂါကာကွယ်ရေး၊ ကိုယ်လက်လှုပ်ရှား ကစားပေး

 

====================================

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်နေ့သည် “ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့” ဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့အတွက် ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေးအဖွဲ့ချုပ် (WSO) ၏ ဆောင်ပုဒ်မှာ “Don’t be the one: Join the Movement” ဖြစ်ပြီး ၎င်းနှင့်ဆီလျော်အောင် ဘာသာပြန်ဆိုထားသော ဆောင်ပုဒ်မှာ “လေဖြတ်ရောဂါကာကွယ်ရေး၊ ကိုယ်လက် လှုပ်ရှားကစားပေး” ဟူ၍ ဖြစ်ပါသည်။

လေဖြတ်ခြင်း၏အရေးပါပုံ

လေဖြတ်ခြင်းသည် အချိန်မရွေး၊ နေရာမရွေး၊ လူမရွေးဘဲ ဖြစ်နိုင်ပါသည်။ လူလေးယောက်တွင် တစ်ယောက်သည် ၎င်းတို့၏ ဘဝသက်တမ်းတစ်လျှောက် တွင် လေဖြတ်ခြင်းကို ခံစားရနိုင်ပါသည်။ လေဖြတ်ခြင်း သည် သေဆုံးမှုကိုဖြစ်စေသော အကြောင်းများတွင် ဒုတိယအများဆုံးသော အကြောင်းတရားတစ်ခုဖြစ်ပြီးမသန်စွမ်းဖြစ်ကျန်ရစ်သော အကြောင်းတရားများတွင် လည်း အဓိကဦးဆောင်နေသော ရောဂါတစ်ခုလည်း ဖြစ်ပါသည်။

သို့သော်လည်း ယခုနှစ် WSO အဖွဲ့ကြီး၏ ထုတ်ပြန် ထားသော အညွှန်းကိန်းများအရ လေဖြတ်ခြင်းကို ၉၀ ရာခိုင်နှုန်း ကာကွယ်၍ရပါသည်။ ယခုအချိန်တွင် တစ်နှစ် လျှင် လေဖြတ်ရောဂါဖြစ်သည့် လူဦးရေမှာ ၁၄ ဒသမ ၅ သန်း ရှိနေပါသည်။ ထိုအထဲမှ ၅ ဒသမ ၅ သန်းသည် လေဖြတ်ရောဂါဖြင့် သေဆုံးနေပါသည်။ မှန်ကန် ထိရောက်သော ကာကွယ်ကုသခြင်းများ မပြုလုပ်လျှင် နှစ်စဉ် ၆ ဒသမ ၇ သန်းအထိ သေဆုံးမှုနှုန်း မြင့်တက်လာ နိုင်ပါသည်။ ကမ္ဘာ့ဝင်ငွေနည်းသော တိုင်းပြည်များတွင် လူဦးရေ သုံးယောက်တွင် နှစ်ယောက်သည် လေဖြတ် ရောဂါကို ခံစားနေကြရပါသည်။

ကမ္ဘာနှင့်တစ်ဝန်းတွင် လေဖြတ်ပြီး အသက်ရှင် ကျန်ရစ်သော လူနာသည် သန်း ၈၀ ခန့် ရှိပါသည်။ ထိုသို့ အသက်ရှင် ကျန်ရစ်သော လူနာများသည် ခန္ဓာကိုယ် မသန်မစွမ်းဖြစ်ခြင်း၊ စကားပြောခက်ခဲခြင်း၊ ၎င်းတို့၏ စဉ်းစားနိုင်မှုစွမ်းရည်နှင့် စိတ်ခံစားမှုများ ပြောင်းလဲ သွားခြင်း၊ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ဝင်ငွေဆုံးရှုံးခြင်း၊ လူမှုဘဝဆုံးရှုံးခြင်းများ စသည့်ခက်ခဲသော စိန်ခေါ်ခြင်း များကို ရင်ဆိုင်နေကြရပါသည်။ ထို့ကြောင့် လေဖြတ်ခြင်း သည် ကြီးမားသော၊ အရေးပါသော၊ အထူးဂရုပြု၍ ကာကွယ်ကုသရမည်ဖြစ်သော ရောဂါတစ်ခု ဖြစ်နေခြင်း ဖြစ်ပါသည်။

ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့သည် ကမ္ဘာ တစ်ဝန်းရှိ ပြည်သူများအား လေဖြတ်ရောဂါသည် သေဆုံးမှုအများစု၏ အဓိကအကြောင်းရင်းဖြစ် ကြောင်း သတိထားမိစေရန်နှင့် ကာကွယ်ကုသ၍ ရကြောင်း၊ မည်သို့ကာကွယ်ရမည်ဖြစ်ကြောင်းကို ထိရောက်စွာသတိပေးသည့် နေ့တစ်နေ့ ဖြစ်ပါသည်။ ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ကို နှစ်စဉ်ဆောင်ပုဒ် များ ချမှတ်ကျင်းပခဲ့ရာတွင် ယခုနောက်ပိုင်းနှစ်များတွင် ကာကွယ်ခြင်းကို ပိုမိုဦးစားပေးလာသည်ကို တွေ့ရပြီး လေဖြတ်ခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းတရား များကို ထိန်းချုပ်ထားခြင်းဖြင့် လေဖြတ်ခြင်းကြောင့် အသက်ဆုံးရှုံးမှုကို ထိရောက်စွာ လျှော့ချနိုင်ကြောင်းကို အများပြည်သူများအား အသိပညာပေးလို၍ ရည်ရွယ်ပြီး ကျင်းပကြကြောင်းကို တွေ့ရှိရပါသည်။

လေဖြတ်ခြင်း အမျိုးအစားနှင့် လေဖြတ်ခြင်းကို ဖြစ်စေသော အကြောင်းတရားများ

လေဖြတ်ခြင်းအမျိုးအစား နှစ်မျိုးရှိပါသည်။ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း ၈၅ ရာခိုင်နှုန်း နှင့် ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်း ၁၅ ရာခိုင်နှုန်းတို့ ဖြစ်ပါသည်။

ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းကို ဖြစ်ပေါ် စေသော အဓိကဖြစ်စဉ်မှာ Atherosclerosis ဟုခေါ်သော ဦးနှောက်အတွင်းရှိ သွေးကြောနံရံများတွင် အဆီများ စုပုံ လာ၍ သွေးကြောများမာလာပြီး ကျဉ်းလာခြင်း ဖြစ်ပါသည်။ ထို Atherosclerosis ကို ဖြစ်ပေါ်စေသော အဓိကကျသည့် အကြောင်းရင်းများမှာ ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက် သုံးခြင်း (ကွမ်းထဲတွင် ဆေးရွက်ကြီးထည့်စားခြင်း အပါ အဝင်)၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စားသောက်ခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများနှင့် နှလုံးခုန် စည်းချက် မမှန်ခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်း၊ အရက်အလွန် အကျွံသောက်ခြင်း အဝလွန်ခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့ဖြစ်ပြီး ၎င်းတို့မှာ ပြုပြင်ပြောင်းလဲ၍ရသော အကြောင်း တရားများ ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲ၍ မရသော အကြောင်းတရားများမှာ အသက်အရွယ်ကြီးရင့်လာသည် နှင့်အမျှ လေဖြတ်နှုန်းသိသာစွာ မြင့်တက်လာခြင်း၊ ယောက်ျားဖြစ်ခြင်း၊ မျိုးရိုးလိုက်ခြင်း တို့ဖြစ်ပါသည်။

ထိုလေဖြတ်ခြင်းကို ဖြစ်စေသော အကြောင်းတရား နှစ်မျိုးတွင် ပြုပြင်ပြောင်းလဲ၍ရသော အကြောင်းတရား များကို အဓိကဇောင်းပေး၍ သတိပြုရှာဖွေပြီး မှန်မှန်ကုသ ထားသင့်ပါသည်။ သင့်တွင် လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့်တိုင်ပင်၍ ကုသမှုများ၊ အကြံပြုချက်များကို ရယူသင့်ပါသည်။

လေဖြတ်ရောဂါ၏လက္ခဏာများ

လေဖြတ်ရောဂါ၏ လက္ခဏာများဖြစ်သော ရုတ် တရက် မျက်နှာတစ်ခြမ်းရွဲ့သွားခြင်း၊ စကားပြောမပီမသ ဖြစ်ခြင်းနှင့် ခန္ဓာကိုယ်တစ်ခြမ်းအားနည်းသွားခြင်း၊ ထုံကျဉ် သွားခြင်းတို့ကို ခံစားရလျှင် အရေးပေါ်လျင်မြန်ထိရောက်၊ မှန်ကန်သောကုသမှုကို စောစီးစွာရရှိရန် လိုအပ်ပါသည်။ ထိုသို့ရရှိခဲ့သောလူနာများနှင့် မရရှိခဲ့သောလူနာများ နှိုင်းယှဉ်လျှင် အသက်ဆုံးရှုံးမှုနှင့် နာတာရှည် မသန်မစွမ်း ဖြစ်မှုတို့တွင် လျင်မြန်ထိရောက်သော ကုသမှုကို ရရှိခဲ့သည့် လူနာများ၌ ကြီးမားသောအကျိုးရှိမှုကို တွေ့ရှိရမည် ဖြစ်ပါသည်။

ကိုဗစ်-၁၉ နှင့် လေဖြတ်ရောဂါကုသခြင်း

ယခုအချိန်အခါသည် ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ခံစားနေရပါသည်။ လေ့လာတွေ့ရှိချက် များအရ ကိုဗစ်-၁၉ ကပ်ရောဂါသည် လေဖြတ်ခြင်းကို ဖြစ်ပွားစေနိုင်သကဲ့သို့ လေဖြတ်ရောဂါခံစားနေရသော လူနာများတွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ လျင်မြန်စွာ ကူးစက်ခြင်းကို ခံစားနေကြရပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် ခန္ဓာကိုယ်အတွင်းရှိ သွေးများကို ပြစ်စေပြီး သွေးကြောများရောင်ရမ်းခြင်း၊ သွေးကြောများ ပိတ်ခြင်း၊ သွေးကြောများမှ သွေးယိုစိမ့်ခြင်းတို့ကို ဖြစ်ပေါ် စေသဖြင့် ဦးနှောက်အတွင်းရှိ သွေးကြောများကိုလည်း ထိခိုက်နိုင်ပြီး လေဖြတ်ရောဂါကိုဖြစ်ပွားစေကြောင်း တွေ့ရှိရပါသည်။ အသက်ကြီးသူများတွင် ပိုမိုဖြစ်ပွားပြီး အသက်ငယ်သောသူများတွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် လေဖြတ်ခြင်းကို ဖြစ်ပွားစေနိုင်ကြောင်း တွေ့ရှိရပါ သည်။ လေဖြတ်ရောဂါခံစားနေရသော လူနာများတွင် လည်း ကနဦး သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်ရောဂါ အခံများ ရှိခြင်းကြောင့်လည်းကောင်း၊ ကိုယ်ခံအား လျော့နည်းနေသောကြောင့်လည်းကောင်း ကိုဗစ်-၁၉ ကပ်ရောဂါ လျင်မြန်စွာ ကူးစက်ပြီး ရောဂါပြင်းထန်ကာ အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါသည်။ ယခုအခါ လေ့လာတွေ့ရှိချက်များအရ ကျွန်ုပ်တို့နိုင်ငံအပါအဝင် အခြား ကမ္ဘာ့နိုင်ငံများတွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် အိမ်အတွင်း နေထိုင်ခြင်း၊ ဆေးရုံလာလျှင် လူအများနှင့် တွေ့ထိပြီး ရောဂါ ကူးစက်မည်ကို စိုးရိမ်ခြင်း၊ သွားလာရေးခက်ခဲခြင်း စသည်တို့ကြောင့် လေဖြတ်ရောဂါလူနာများ ဆေးရုံတက် နှုန်း လျော့ကျလာသည်ကို တွေ့ရှိရပါသည်။ သို့သော် လည်း ကျွန်ုပ်တို့ ဦးနှောက်နှင့် အာရုံကြောဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်းများအားလုံးသည် ကျွန်ုပ်တို့၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးစား၍ လုပ်ကိုင်ဆောင်ရွက်နေသည်နှင့်တစ်ပြိုင်နက် တည်း ကျွန်ုပ်တို့သည် အခြားဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ ရောဂါများအပြင် လေဖြတ်ရောဂါကိုလည်း အဓိကထားပြီး ပြုစုစောင့်ရှောက်ကုသပေးလျက် ရှိနေ ပါသည်။ ထိုသို့ကုသရာတွင် လုံခြုံစိတ်ချရ၍ ကူးစက်မှု နည်းနိုင်သမျှ နည်းစေသော နည်းလမ်းများဖြင့် လေဖြတ် ရောဂါကုသခြင်းလုပ်ငန်းများကို guideline များချမှတ်၍ ဆောင်ရွက်လျက်ရှိနေပါသည်။ ပြည်သူများကလည်း ချမှတ်ထားသော စည်းကမ်းများကို အထူးလိုက်နာရန် လိုအပ်လှပါသည်။

ထို့ကြောင့် မည်သည့်အချိန်တွင်မဆို လေဖြတ် ရောဂါလက္ခဏာများကို ခံစားရလျှင် နီးစပ်ရာ ဆေးရုံ/ ဆေးခန်းသို့ အချိန်မီ အမြန်ဆုံးအရောက်လာ၍ နားလည် တတ်ကျွမ်းသော ဆရာဝန်များ၏ ထိရောက်သောကုသမှုကို စနစ်တကျ အမြန်ဆုံးခံယူသင့်ပါသည်။ သို့မှသာ လေဖြတ် ခြင်းကြောင့် အသက်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ခြင်း၊ မသန်မစွမ်းဖြစ်ကျန်ရစ်မှုလည်း အနည်းဆုံးဖြစ်ခြင်းနှင့် ပုံမှန်ဘဝသစ်ကိုရရှိပြီး ပျော်ရွှင်စွာနေထိုင်နိုင်ခြင်း စသည့် အကျိုးတရားများကို ခံစားရမည် ဖြစ်ပါသည်။

v စာမျက်နှာ ၂၂ မှ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းကို နည်းနိုင်သမျှ နည်းပါး စေရန်အတွက် လူနာတစ်ယောက်လျှင် လူနာစောင့် တစ်ယောက်သာ စောင့်သင့်ပါသည်။ ထိုလူနာစောင့်သည် လည်း သက်ဆိုင်ရာ Ward သို့ အမည်စာရင်းပေးသွင်း ထားပြီး ၎င်းတစ်ဦးတည်းသာ နေ့စဉ်စောင့်ခြင်းဖြင့် လည်း ကောင်း၊ ဆေးရုံအတွင်းမှ အပြင်ထွက်ခြင်းကို နည်းနိုင် သမျှ နည်းအောင်နေခြင်းဖြင့်လည်းကောင်း ကျွန်ုပ်တို့၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီကြရန် အထူးလိုအပ်ပါသည်။

လေဖြတ်ရောဂါကာကွယ်ခြင်း

လေဖြတ်ရောဂါခံစားရသော လူနာလေးယောက် တွင် တစ်ယောက်သည် နောက်တစ်ကြိမ် လေဖြတ်နိုင် ခြေရှိနေပါသည်။ ထိုသို့ နောက်တစ်ကြိမ် လေထပ်မဖြတ် အောင် ကာကွယ်ရန် အထူးလိုအပ်ပါသည်။ Secondary Prevention ဟုခေါ်ပါသည်။ ဆေးရုံမှဆင်းသွားသော်လည်း အိမ်တွင် ညွှန်ကြားထားသော ဆေးများကို မှန်မှန်သောက် သုံးနေရန် လိုအပ်ပါသည်။ သို့မှသာ နောက်တစ်ကြိမ် လေဖြတ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ သွေးပေါင် ထိန်းညှိဆေး၊ သွေးတွင်းအဆီချဆေး၊ ဆီးချိုဆေး၊ သွေးကျဲဆေးများဖြစ်သော Aspirin ဆေးများ၊ နှလုံးခုန် မမှန်ခြင်းကြောင့်ဖြစ်သော လေဖြတ်ရောဂါများတွင် သောက်ရသော Warfarin ဆေးများ အစရှိသည်တို့သည် ဆရာဝန်က အတိုး၊ အလျှော့ပြုလုပ်ပေးရန်၊ ထိန်းညှိပေးရန် လိုအပ်ပါသည်။ ဆရာဝန်ပြန်မပြဘဲ ဆက်တိုက် သောက်နေလျှင် သွေးယိုစီးခြင်းစသော ဘေးထွက်ဆိုးကျိုး များကို ခံစားရမည်ဖြစ်ပြီး ဆေးဖြတ်ထားလျှင် နောက်တစ်ကြိမ် လေဖြတ်ခြင်းကို ခံစားရနိုင်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ ဆရာဝန် နှင့် Tele communication ဟုခေါ်သော လူမှုဆက်သွယ်ရေး နည်းလမ်းများဖြစ်သည့် ဖုန်း၊ ဗိုက်ဘာ၊ ဗီဒီယို စသည်တို့ဖြင့် ဆေးရုံသို့သွား၍သော် လည်းကောင်း၊ မိမိအိမ်မှနေ၍သော်လည်းကောင်း ဆက်သွယ်ပြီး ကုသမှုကို ဆက်လက်ခံယူသင့်ပါသည်။

WSO အဖွဲ့ကြီးသည် လေဖြတ်ကာကွယ်ခြင်း လုပ်ငန်းများကို ဇောင်းပေး၍ လုပ်ဆောင်နေရာ ၂၀၃၀ ပြည့်နှစ် တွင် လေဖြတ်ရောဂါဖြစ်ပွားနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဟု မျှော်မှန်းထားပါသည်။ လေဖြတ်ခြင်းကို ကာကွယ်ရန်အတွက် လေဖြတ်ခြင်းကို ဖြစ်စေသည့် အဓိက အကြောင်းရင်း (၁၀)ချက်ကို ရှာဖွေ၍ ကာကွယ်ထားရန်နှင့် တွေ့ရှိပါက ကုသထားရန် အထူးလိုအပ်ပါသည်။ သို့မှသာ Primary Prevention ဟုခေါ်သော လေမဖြတ်အောင် ကြိုတင်ကာကွယ်နိုင်ပြီး Secondary Prevention ဟုခေါ် သော လေဖြတ်လူနာများ နောက်တစ်ကြိမ် လေထပ်မဖြတ် အောင် ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ယင်း ၁၀ ချက်မှာ

(၁) သွေးပေါင်ထိန်းညှိခြင်း၊

(၂) ကိုယ်လက်လှုပ်ရှားကစားခြင်းကို မှန်မှန် ပြုလုပ်ခြင်း၊

(၃) ကျန်းမာရေးနှင့် ညီညွတ်စွာစားသောက်ခြင်း၊

(၄) ခန္ဓာကိုယ်အလေးချိန်ထိန်းခြင်း၊

(၅) နှလုံးခုန်မမှန်ခြင်းကိုကုသခြင်း၊

(၆) ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

(၇) အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ် ခြင်း၊

(၈) သွေးတွင်းအဆီဓာတ်ထိန်းညှိခြင်း၊

(၉) ဆီးချို၊ သွေးချို ထိန်းညှိခြင်း၊

(၁၀) စိတ်ဖိစီးမှုကိုလျှော့ချခြင်းနှင့် စိတ်ဓာတ်ကျခြင်း ကို ကုသခြင်းတို့ဖြစ်ပါသည်။

အထက်ပါလေဖြတ်ခြင်းကို ကာကွယ်နိုင်သော အကြောင်းတရားများထဲမှ ရိုးစင်းသော၊ လူတိုင်းလည်း လိုက်နာလုပ်ဆောင်နိုင်သော ကိုယ်လက်လှုပ်ရှား ကစား ခြင်းသည် အကုန်အကျနည်းသည်နှင့်အမျှ ရရှိမည့် အကျိုး အမြတ်သည် ကြီးမားလှပါသည်။ ထို့ကြောင့် ကိုယ်လက် လှုပ်ရှားကစားခြင်းကို အဓိကထား၍ ယခုနှစ် ကမ္ဘာ့လေဖြတ် ရောဂါကာကွယ်ရေးနေ့အတွက် ဆောင်ပုဒ်ကို သတ်မှတ် ထားခြင်း ဖြစ်ပါသည်။

ကိုယ်လက်လှုပ်ရှားကစားခြင်းကို မှန်မှန်ပြုလုပ်ခြင်း

နှစ်စဉ် လေဖြတ်လူနာ တစ်သန်းခန့်သည် ကိုယ်လက် လှုပ်ရှားမှုနည်းခြင်းနှင့် ဆက်စပ်နေကြောင်းတွေ့ရှိ ရပါသည်။ လေ့ကျင့်ခန်း တစ်ကြိမ်လုပ်လျှင် မိနစ် ၂၀ မှ ၃၀ ခန့်နှင့် တစ်ပတ်လျှင် ငါးကြိမ်ခန့် ပြုလုပ်လျှင် လေဖြတ်ခြင်းကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါသည်။

နှစ်စဉ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကမ္ဘာ့ လေဖြတ်ရောဂါကာကွယ်ရေးနေ့ အခမ်းအနားများကို မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပ ခဲ့ကြသော်လည်း ယခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်- ၁၉ ဖြစ်ပွားနေသဖြင့် အွန်လိုင်းမှသာ ကျင်းပကြမည်ဖြစ်ပါသည်။

လူလေးယောက်တွင် တစ်ယောက်သည် လေဖြတ် နိုင်သဖြင့် ထိုလေဖြတ်နိုင်ခြေကို လျှော့ချနိုင်ရန်အတွက် ကိုယ်လက်လှုပ်ရှားကစားရန် လိုအပ်ကြောင်း WSO မှ မီးမောင်းထိုးပြထားပါသည်။ အသက်အရွယ်ကြီးသည်ဖြစ် စေ၊ ငယ်သည်ဖြစ်စေ လေဖြတ်ထား၍ ခန္ဓာကိုယ် အစိတ် အပိုင်းများ မသန်စွမ်းနေသည်ဖြစ်စေ ၎င်းတို့ လှုပ်ရှားနိုင် သမျှ လှုပ်ရှားမှုပြုအောင် အားပေးရမည် ဖြစ်ပါသည်။

 

အချုပ်အားဖြင့်ဆိုသော် လေဖြတ်ခြင်းသည် အသံ တိတ် လူသတ်သမားဖြစ်သည်။ သို့သော် “ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်” ဆိုသော ဆိုရိုးစကားအတိုင်း အသံတိတ် လူသတ်သမား ဖြစ်သော လေဖြတ်ခြင်းကို ကာကွယ်နိုင်ရန်အတွက် “လေဖြတ်ရောဂါ ကာကွယ်ရေး၊ ကိုယ်လက်လှုပ်ရှား ကစားပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျွန်ုပ်တို့အားလုံး ကိုယ်လက်လှုပ်ရှားကစားကြပါစို့ဟု တိုက်တွန်းနှိုးဆော် ရင်း ယခုနှစ် “ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေးနေ့” ကို ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။ ။