ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

Type
23

 

 

ထက်လျှံ

 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၂၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး ။ ။ မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၀၀၀၀ ကျော် ရှိနေ

ပြီး သေဆုံးသူ ၂၀၀၀ ကျော်အထိရှိနေပြီဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကိုဗစ် - ၁၉ ရောဂါကို မိမိ ကိုယ်တိုင် ရော၊ မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပါ မကူးစက်စေဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား တဲ့ ညွှန်ကြားချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

အပတ်စဉ် တင်ဆက်ပေးနေတဲ့ ကိုဗစ် - ၁၉ အကြောင်းသိကောင်းစရာ အစီအစဉ်က ပြည်သူတွေ သိရှိလိုတဲ့ အကြောင်းအရာတွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေနဲ့ ပညာရှင်တွေက ဆွေးနွေးတင်ပြ လျက်ရှိပါတယ်။

အခုတစ်ပတ်မှာ ပါမောက္ခဒေါက်တာအေးအေးချစ် [ပါမောက္ခ/ ဌာနမှူး (ဆေးပညာဌာန)၊ ဆေးတက္ကသိုလ် (မန္တလေး)]၊ ဒေါက်တာအောင်ငွေစံ [ညွှန်ကြားရေးမှူး၊ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး] တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ဒေါက်တာ သောင်းလှိုင် [ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး] က ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဒေါက်တာသောင်းလှိုင်ကို ဖိတ်ခေါ် ပါတယ်။

ဒေါက်တာသောင်းလှိုင် ။ ။ ဒီတစ်ပတ် မေးခွန်းတွေ ထဲမှာ ကိုဗစ်ရောဂါ

လက္ခဏာနဲ့ ပတ်သက်ပြီး မေးထားတဲ့ မေးခွန်းတချို့နဲ့ ရောဂါကူးစက်မှု ကိုယ်ခံစွမ်းအားအခြေအနေတို့ကို မေးမြန်းထားတဲ့အပေါ်မှာ ပါမောက္ခဒေါက်တာ ဒေါ်အေးအေးချစ်က ဖြေကြားပေးဖို့အတွက် ဖိတ်ခေါ် ပါတယ်။

ပါမောက္ခဒေါက်တာအေးအေးချစ် ။ ။ မေးခွန်းရှင် တွေ မေးမြန်း

ထားတဲ့ မေးခွန်းတွေက နံပါတ် (၁) ကိုဗစ်ရောဂါ လက္ခဏာနဲ့ပတ်သက်တဲ့ မေးခွန်းတွေ၊ နံပါတ် (၂) အိမ်မှာနေပြီး ဆေးကုချင်တဲ့သူတွေ၊ Quarantine Center တွေကို မသွားချင်တဲ့သူတွေ၊ ဆေးရုံ/ ဆေးခန်း မသွားချင် တဲ့သူတွေ မေးထားတဲ့ မေးခွန်းတွေ၊ နံပါတ် (၃) ရောဂါ ဖြစ်ပြီးတဲ့သူတွေ ပြန်ဖြစ်နိုင်သလားဆိုပြီး မေးထားတဲ့ မေးခွန်းတွေ၊ နံပါတ် (၄) သွေးအုပ်စုနဲ့ပတ်သက်ပြီး ကိုဗစ်နဲ့ သွေးအုပ်စုနဲ့ ဘယ်လိုပတ်သက်မှုရှိလဲ ဆိုတဲ့ မေးခွန်းတွေ၊ နံပါတ် (၅) ကိုဗစ်ရဲ့ ဖြစ်ပွားနှုန်းတွေ ကျဆင်းလာပြီး သေဆုံးနှုန်းတွေ များလာတယ်၊ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေကို ခြုံငုံပြီးဖြေကြား သွားမှာ ဖြစ်ပါတယ်။

နံပါတ် (၁) မေးခွန်းဖြစ်တဲ့ ကိုဗစ်ရောဂါ လက္ခဏာနဲ့ ပတ်သက်ပြီး ဖြေကြားရရင် တချို့က ဖျားမှ၊ ချောင်းဆိုးမှ၊ အနံ့မရမှလို့ ကိုဗစ်ရောဂါလို့ ထင်ကြပါတယ်။ အဖျား လည်း မရှိဘူး၊ အနံ့လည်း မပျောက်ဘူး။ ဒါပေမယ့် ခေါင်းတွေက မူးတယ်၊ ကိုယ်တွေလက်တွေက ညောင်း ကိုက်တယ် ဒါ ကိုဗစ်ဖြစ်နိုင်သလားဆိုရင် ခေါင်းမူးတယ်၊ ညောင်းကိုက်တယ်ဆိုတာက အတွေ့ရများတဲ့ လက္ခဏာ ပါ။

ဘယ်ရောဂါတွေမှာတွေ့ရလဲဆိုရင် ကိုဗစ်ရောဂါမှာ တွေ့နိုင်သလို၊ ကိုဗစ်ရောဂါ မဟုတ်တာတွေမှာလည်း တွေ့နိုင်ပါတယ်။ မေးခွန်းရှင်တွေကို ပြောချင်တာက အခု ကိုဗစ်ကာလဖြစ်တဲ့အတွက် ဒီလက္ခဏာတွေသည် မဖျားလည်း၊ နှာခေါင်းပိတ်တယ်၊ အရသာခံလို့ မရဘူး၊ အနံ့မရဘူး၊ ခေါင်းကိုက်တယ်ဆိုတာတွေက ကိုဗစ် ရောဂါရဲ့ သံသယလက္ခဏာတွေ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့ ဆက်သွယ်ပြီး ကုသမှု ခံယူဖို့ လိုပါတယ်။

နောက်မေးခွန်းဖြစ်တဲ့ ကိုဗစ်လက္ခဏာရဲ့ ရောဂါ ပျိုးချိန်၊ ရောဂါဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီးရင် လက္ခဏာ ဘယ်အချိန်မှ ပြသလဲဆိုတဲ့ မေးခွန်း နဲ့စပ်လျဉ်းပြီး ဖြေကြားရရင် အကြမ်းဖျင်းအနေနဲ့ တစ်ပတ်အတွင်း၊ တိတိကျကျဆိုရင် လေးရက်နဲ့ ခုနစ် ရက်မှာ ရောဂါလက္ခဏာပြတဲ့သူတွေက အများစုပါ။ အထောက်အထားတွေအရ အနိမ့်ဆုံးရောဂါလက္ခဏာ ပြချိန်က နှစ်ရက်အတွင်းဖြစ်ပြီး အများဆုံးက ၁၄ ရက် အတွင်း ရောဂါလက္ခဏာတွေ ပြတာကိုလည်း တွေ့ရပါ တယ်။ တချို့က ဘာလက္ခဏာမှ မရှိဘူး၊ ဒါပေမယ့် Test က Positive ထွက်တယ်။ တချို့က လက္ခဏာရှိတယ်၊ Test က Negative ထွက်တယ်။ တချို့က လက္ခဏာလည်း ရှိတယ်၊ Test က Positive ထွက်တယ်။

ဒီတော့ လက္ခဏာ မရှိဘဲနဲ့ Test က Positive ဖြစ်နိုင် သလားဆိုတော့ ဖြစ်နိုင်ပါတယ်။ ဒါကို Asymptomatic လို့ခေါ်ပါတယ်။ လက္ခဏာမပြဘူး၊ ပိုးရှိတယ်။ လူနာတွေ မှာ လက္ခဏာပြခြင်း၊ မပြခြင်းက အချက်နှစ်ချက်ရှိပါတယ်။ နံပါတ် (၁) ကူးစက်ခံရတဲ့လူရဲ့ ကိုယ်ခံအားဖြစ်ပါတယ်။ အသက်ကလည်း ငယ်မယ်၊ ကျန်းမာရေးကလည်း ကောင်းတယ်၊ အခံရောဂါကလည်း မရှိဘူး၊ အစား အသောက်ကလည်း မှန်တယ်၊ အအိပ်အနေလည်း မှန်တယ်ဆိုတဲ့သူမှာ ရောဂါပိုးဝင်ရောက်သော်လည်း အဲဒီလူတွေမှာ ရောဂါလက္ခဏာ မပြပါဘူး။ နံပါတ် (၂) ရောဂါပိုးဘက်ကကြည့်ရင် ကိုယ့်ခန္ဓာကိုယ်ထဲကို ဝင်လာ မယ့် ဗိုင်းရပ်စ်ပိုးရဲ့ ပမာဏ များများဝင်သွားရင် အဲဒီလူက ဘယ်လိုမှ မခံနိုင်ဘူး ရောဂါလက္ခဏာပြမှာ ဖြစ်ပါတယ်။

ဘယ်လိုအခါမျိုးမှာ ရောဂါပိုး များများဝင်နိုင်သလဲ ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် Mask မတပ်ဘဲ စကားပြောတဲ့အခါ ရောဂါပိုးပမာဏ ဝင်တာများသွားရင် လည်း ရောဂါလက္ခဏာတွေ ပြတာများပါတယ်။ နောက်တစ်ခုက နီးနီးကပ်ကပ်ရှိရင် အသက်ရှူလမ်း ကြောင်းထဲကို ဝင်သွားမယ်၊ ရောဂါ အမှုန်အမွှားတွေရဲ့ ပမာဏက များတယ်ဆိုရင် ရောဂါလက္ခဏာပြတာ များမယ်။

နောက်ပြီး တချို့လူနာက ပထမကူးစက်နိုင်တဲ့ တစ်ပတ်၊ ၁၀ ရက်အတွင်း ရောဂါက သူများကို ကူးစက် နှုန်းများပါတယ်။ ဒါကျော်သွားရင် လူနာထဲမှာ ရောဂါ ပိုးရှိနေသော်လည်း ကူးစက်နှုန်းက နည်းသွားတယ်။ ကိုယ်နဲ့ထိတွေ့တဲ့လူက ပထမ ၁၀ ရက်အတွင်းမှာ ထိတွေ့လိုက်တယ်ဆိုရင် သူက ရောဂါကူးစက်နှုန်းများတဲ့ အချိန်မှာတွေ့တာဖြစ်တဲ့အတွက် ပိုကူးနိုင်ပါတယ်။ ဒါကျော်မှဆိုရင် ထိတွေ့သော်လည်း Mask လည်း တပ်ထားမယ်၊ ခပ်ခွာခွာလည်း နေမယ်ဆိုရင် သူတို့က ရောဂါကူးစက်တာလည်း နည်းမယ်၊ ရောဂါလက္ခဏာပြ တာလည်း နည်းမယ်။ ဒါက ရောဂါလက္ခဏာနဲ့ ပတ်သက် တာတွေပါ။

နံပါတ် (၂) မေးခွန်းဖြစ်တဲ့ အိမ်မှာနေပြီး ဆေးကုလို့ ရလားဆိုတဲ့ မေးခွန်း နဲ့စပ်လျဉ်းပြီး ဖြေကြားရရင် သူ့မှာ ကိုဗစ်ရောဂါ သံသယလက္ခဏာတွေရှိတယ်။ သွားပြီး မစစ်ချင်ဘူး။ ဘာလို့ မစစ်ချင်တာလည်းဆိုရင် အိမ်မှာ လူက နှစ်ယောက်တည်းရှိတယ်။ ကလေးက ရှိတယ်။ Quarantine Center ကိုသွားလို့ အဆင်မပြေဘူး။ ဒါပေမယ့် ကိုဗစ် - ၁၉ ရောဂါက မိမိကနေတစ်ဆင့် မိမိရဲ့ မိသားစုဝင်တွေ၊ အသက်ကြီးတဲ့သူတွေ၊ ငယ်တဲ့သူတွေမှာ၊ အနီးကပ်နေတဲ့သူတွေမှာ ရောဂါကူးစက်ဖို့ ရာခိုင်နှုန်း များတဲ့အတွက် သံသယလက္ခဏာတွေ ရှိပြီဆိုတာနဲ့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေ၊ ဆေးရုံတွေကိုသွားပြီး စစ်ဆေးဖို့လိုပါတယ်။ စောစောစီးစီး ကုသမှုခံယူဖို့ လိုပါတယ်။

နောက်မေးခွန်းတစ်ခု ကျွန်မတို့က ရောဂါလက္ခဏာ လည်း သိပ်မဆိုးပါဘူး။ အိမ်မှာ ဘာဆေးသောက်ပြီး နေရင်ကောင်းမလဲဆိုတဲ့ မေးခွန်းတွေရှိပါတယ်။ ကိုဗစ် ရောဂါက ပိုးဝင်ရောက်တဲ့ ပမာဏများတဲ့အခါ ရုတ်တရက် ချက်ချင်း ရောဂါလက္ခဏာ ဆိုးသွားတာတွေ ရှိပါတယ်။ ဒီနေ့ကောင်းနေပေမယ့်၊ မနက်ဖြန် တအားဆိုးချင် ဆိုးသွားတာတွေရှိတယ်။ ဒါကြောင့် အိမ်မှာနေဖို့ကို ကျွန်မတို့က အားမပေးပါဘူး။ ဘာဆေးသောက်ရမလဲ ဆိုရင် တကယ်ရောဂါလက္ခဏာပြရင် အဖျားသက်သာ အောင်၊ ချောင်းဆိုးရင် ချောင်းဆိုးသက်သာအောင်၊ ကိုယ်ခံအားကောင်းအောင် ဆေးတွေပေးပါတယ်။ ဒီလောက်ပဲရှိတယ်။

အဓိက ဘာလဲဆိုရင် အောက်ဆီဂျင် ကျပြီဆိုတာနဲ့ သက်ဆိုင်ရာ ဆေးရုံ/ ဆေးခန်းမှာ အောက်ဆီဂျင် အမြန်ဆုံးရှူဖို့ လိုပါတယ်။ သက်ဆိုင်ရာ ဆရာဝန်ကြီး တွေက ဆက်ပြီးကုသမှုပေးသွားမှာ ဖြစ်ပါတယ်။ မိမိနဲ့ ပတ်ဝန်းကျင်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါဖြစ်တဲ့အတွက် အိမ်မှာနေပြီး ကုသမှုခံယူဖို့ကို အခုအချိန်အထိ ကျွန်မတို့ က အားမပေးပါဘူး။

နံပါတ် (၃) မေးခွန်းက ရောဂါဖြစ်ပြီးတဲ့ လူနာတွေ အကြောင်းမေးထားတဲ့ မေးခွန်းတွေပါ။ အခုဆိုရင် ကိုဗစ်ရောဂါဖြစ်ပွားမှုကလည်း နှစ်ပတ်လည်ဖြစ်လာပြီ၊ ရောဂါဖြစ်ပြီးလို့ ဆေးရုံကနေ ဆင်းလာတဲ့ လူနာတွေက လည်း များလာပြီ၊ လူနာတွေ စိတ်ထဲမှာလည်း ဆေးရုံက ဆင်းလာခဲ့ပြီးပြီ ဘယ်တော့အပြင်သွားလို့ရသလဲဆိုပြီး မေးထားတာတွေ ရှိပါတယ်။

ဘယ်တော့အပြင်သွားလို့ရသလဲဆိုရင် ဆေးရုံကနေ ဆင်းလာပြီးတဲ့ လူနာမှ မဟုတ်ပါဘူး၊ အားလုံးကို ကာကွယ်မှုအနေနဲ့ ကျွန်မတို့က တတ်နိုင်လို့ရှိရင် အိမ်မှာ နေကြပါ၊ အပြင်ကို မထွက်ပါနဲ့၊ မဖြစ်မနေ ထွက်ရမယ် ဆိုရင်လည်း မြန်မြန်သွားပြီး မြန်မြန်ပြန်လာပါ။ သွားတဲ့ အခါမှာလည်း Mask တပ်ပါ ဒီလိုတွေ ပြောပါတယ်။ ဆေးရုံမှာ နှစ်ပတ်ကျော်နေပြီး ဆင်းလာတဲ့သူတွေကို အိမ်မှာ တစ်ပတ်နေခိုင်းပါတယ်။ သူတို့အနေနဲ့ မဖြစ်မနေ သွားရမှာဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ Mask တပ်ပါ၊ ခပ်ခွာခွာနေပါ၊ မြန်မြန်သွားပါ၊ မြန်မြန် ပြန်လာပါဆိုပြီး ဆေးရုံဆင်းတဲ့သူရော၊ ပြည်သူ လူထုကိုရော အဓိက မှာကြားလိုပါတယ်။

ရောဂါဖြစ်ပြီး ဆေးရုံဆင်းလာတဲ့သူအနေနဲ့ နောက်ထပ် ရောဂါထပ်မံ ကူးစက်နိုင်သလား၊ သူ့ကို Positive ဘယ်အချိန်အထိ ဖြစ်နိုင်သလဲဆိုပြီး မေးထား တာ ရှိပါတယ်။ ဒါတွေကလည်း သာဓကတွေ အများကြီး ရှိပါတယ်။ ဒီရောဂါအကြောင်းကို သိပ္ပံပညာရှင်တွေ၊ သုတေသနပညာရှင်တွေက အမျိုးမျိုးလေ့လာနေကြတဲ့ အခါမှာ နောက်ဆုံးရရှိထားတဲ့ သာဓက က ရောဂါဖြစ်ပြီး သုံးလအတွင်း စစ်ဆေးရင် Test တွေအနေနဲ့ Positive ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါသည် ဗိုင်းရပ်စ်ပိုးရဲ့ အပိုင်း အစတွေက ခန္ဓာကိုယ်ထဲရှိ သွေးထဲမှာ ကျန်နေတဲ့အတွက် သူက Positive ပြတာပါ။

နောက်တစ်ခါ ကိုဗစ် - ၁၉ ပြန်ဖြစ်နိုင်သလားဆိုတဲ့ မေးခွန်းတွေလည်း မေးကြပါတယ်။ ဗိုင်းရပ်စ်ပိုးတွေရဲ့ သဘာဝက ကြာရင် Minor မျိုးရိုးဗီဇတွေ ပြောင်းသွား ပါတယ်။ ပြောင်းသွားတဲ့အတွက် တစ်ခါဖြစ်ဖူးတဲ့သူက လည်း နောက်ထပ်ဖြစ်ဖို့ ရာခိုင်နှုန်း ရှိပါတယ်။ အားလုံးက ကာကွယ်တဲ့ နည်းလမ်းတွေကို လိုက်နာကြရမှာ ဖြစ်ပါ တယ်။ ဒါကြောင့် Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာ နေပါ ဆိုတာတွေကို ထပ်ခါတလဲလဲ ပြောနေရခြင်း ဖြစ်ပါတယ်။

နံပါတ် (၄) မေးခွန်းက သွေးအုပ်စုနဲ့ ကိုဗစ်က ဘယ်လိုပတ်သက်ပါသလဲဆိုပြီး မေးထားပါတယ်။ နိုင်ငံတကာမှာလည်း ဒါကို အပြောများလာကြပါတယ်။ အခုအချိန်အထိ ကျွန်မတို့မှာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ဘယ်သွေးအုပ်စု “A” လား၊ “B” လား၊ “O” လား ဘယ်ဟာက ပိုဖြစ်စေသလဲ၊ ဖြစ်ရင်လည်း ဘယ်သွေးအုပ်စုက ပိုးဆိုးသလဲ၊ သေဆုံးမှုက ဘယ်သွေး အုပ်စုက ပိုးများသလဲဆိုတာ မရှိသေးပါဘူး။

နောက်ဆုံးအနေနဲ့ ပြည်သူလူထုတွေရော အားလုံး လည်း စိတ်ဝင်စားကြပါတယ်။ ကိုဗစ်က တဖြည်းဖြည်း နဲ့ ဖြစ်ပွားနှုန်းတွေက လျော့လာပြီလားလို့မေးရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ် - ၁၉ Dashboard ကို ကြည့်လိုက်ရင် တဖြည်းဖြည်း နည်းလာ ပါပြီ။ ဘာလို့လဲဆို‌တော့ ကျွန်မတို့အတွက် ဝမ်းသာ စရာကောင်းတာက ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အားကောင်းလာတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ဖက် ကလည်း နိုင်ငံတော်က ပြည်သူလူထုကို Stay Home နေဖို့တွေ ပြောပါတယ်။ လိုအပ်ရင် Temporary Lockdown တွေလုပ်တယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကျန်းမာရေးအသိပညာပေးတွေကို အစဉ်တစိုက် လွှင့်တင်ပေးတာတွေကြောင့်လည်း ဖြစ်ပွား နှုန်းက နည်းလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆုံးသွားတဲ့လူနာတွေ ကို လေ့လာတဲ့အခါ နံပါတ်တစ်က အသက်အရွယ်ကြီးရင့် သူတွေ သေဆုံးမှုနှုန်းများပါတယ်။ အသက် ၇၀ ၊ ၈၀ ဆိုရင် သေဆုံးမှုနှုန်းများတယ်။ နောက်တစ်ခုက သူတို့မှာ အခံရောဂါရှိတယ်။ တချို့လူနာတွေဆို အခံရောဂါ သွေးတိုးဆိုရင် သွေးတိုးတစ်ခု၊ တချို့မှာ အခံရောဂါ တစ်ခုထက်ပိုပြီးရှိတဲ့ လူတွေမှာလည်း သေဆုံးနှုန်းက ပိုများတယ်။

နောက်တစ်ချက်က လူထုကြားထဲမှာ ကိုဗစ်လို့ ပြောလိုက်ရင် ကြောက်တာက အလွန်များနေပါတယ်။ စိတ်ပူမှုတွေများတယ်။ ကြောက်ရွံ့မှုတွေ များတယ်။ သေဆုံးတဲ့သူတွေကို လေ့လာတဲ့အခါ သူတို့ဆေးရုံလာတာ နောက်ကျတယ်။ အိမ်မှာကျိတ်ပြီး ဆေးမြီးတိုနဲ့ကုတယ်။ ကုသမှုကို ဆောဆောလျင်လျင် မရတာတွေကြောင့် သေဆုံးနှုန်းတွေက မြင့်လာတာဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်မတို့အားလုံးက စနစ်တကျ နှာခေါင်း ရော၊ ပါးစပ်ရော လုံအောင် Mask တပ်ပါ။ ခပ်ခွာခွာနေပေး ရပါမယ်။ လက်ကိုလည်း စက္ကန့် (၂၀)အကြာ မကြာခဏ စနစ်တကျ ဆေးရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက် အချင်းချင်းသတိပေးရမယ်။ လူနာစောင့်တွေဆိုရင်လည်း စိတ်ပူနေကြတော့ Mask မတပ်ကြတာတွေရှိတယ်။ ဒီတော့ ကျွန်မတို့က Mask တပ်ပါလို့ ပြောရတယ်။ သူတို့ တပ်လိုက်ပြီဆိုရင်လည်း ကျွန်မတို့က လက်မထောင်ပြီး ဂုဏ်ပြုပေးပါတယ်။ ပြည်သူလူထုရော၊ မေးခွန်းမေးတဲ့ သူတွေရော ဒီလိုစည်းကမ်းချက်တွေကို လိုက်နာပြီး ကိုဗစ်ကာလမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာ ခြင်းနဲ့ ကျော်ဖြတ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက် ပါတယ်။

ဒေါက်တာသောင်းလှိုင် ။ ။ ဆက်လက်ပြီး ကျန်ရှိတဲ့ မေးခွန်းတွေကို ဖြေကြား

ပေးဖို့အတွက် ချင်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံကို ဖိတ်ခေါ်ပါတယ်။

ဒေါက်တာအောင်ငွေစံ ။ ။ ဒီနေ့ ကိုဗစ် - ၁၉ အမေး အဖြေကဏ္ဍမှာ မေးလာတဲ့

မေးခွန်းတွေထဲမှာ မေးထားတဲ့ မေးခွန်းတစ်ခုက ကိုဗစ် - ၁၉ Positive ဖြစ်တယ်။ Positive ဖြစ်တဲ့အတွက် ဆေးရုံမှာ တက်ရောက်ကုသမှုခံယူတယ်။ ဆေးရုံက ဆင်းပြီးတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့အတိုင်း အိမ်မှာနေထိုင်တယ်။ ပြီးရင်ကာယကံရှင်အနေနဲ့ ခရီး သွားလာခွင့် ရှိ/ မရှိ၊ သွားလို့ ရ/ မရ၊ သက်ဆိုင်ရာ ဒေသန္တရ သတ်မှတ်ချက်တွေအရ ကွာရန်တင်းဝင်ရန် လို/ မလို ဆိုပြီး မေးထားပါတယ်။

ကိုဗစ် - ၁၉ Positive ဖြစ်လို့ ဆေးရုံတက်ပြီး ကုသမှု ခံယူပြီးပြီ။ သတ်မှတ်တဲ့ဆေးရုံက ရောဂါ သက်သာလို့ ဆေးရုံဆင်းပြီးတဲ့အခါ မိမိအိမ်မှာ သတ်မှတ်ကာလ အတွင်း၊ သတ်မှတ်စည်းကမ်းတွေနဲ့ Home Quarantine နေထိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ ကာယကံရှင်က ခရီးသွားလာချင်တဲ့ဆန္ဒရှိပါတယ်။ ကျွန်တော့်အနေနဲ့ အကြံပြုချင်တာက ကျွန်တော်တို့နိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါကူးစက်မှု တွေ့ရှိနေရသေးတဲ့အတွက် ခရီးသွားလာ မှုတွေကို တတ်နိုင်သရွေ့မပြုကြဖို့ အသိပေးပန်ကြားလို ပါတယ်။

ကာယကံရှင်အနေနဲ့ မဖြစ်မနေ ခရီးသွားလာရမယ် ဆိုရင် ကျွန်တော့်အနေနဲ့ အကြံပြုချင်တာက ဆေးရုံ တက်ရောက်ကုသမှုခံယူထားတဲ့ အထောက်အထားတွေ ပြည့်စုံစွာယူသွားရပါမယ်။ မိမိအိမ်မှာ သတ်မှတ်ကာလ အတွင်း၊ သတ်မှတ်စည်းကမ်းအတိုင်း နေထိုင်တယ်ဆိုတဲ့ အထောက်အထားတွေကို ယူသွားသင့်ပါတယ်။ ခရီးသွား လာပြီး သက်ဆိုင်ရာဒေသကို ရောက်ရှိတဲ့အခါ သက်ဆိုင် ရာ ဒေသမှာရှိတဲ့ ကျန်းမာရေးအရာရှိ၊ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ပြသပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို ခံယူရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာဒေသမှာရှိတဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီအသီးသီးရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အလေးထားလေးစားရမှာ ဖြစ်ပါတယ်လို့ ဖြေကြားလိုပါတယ်။

တစ်ဆက်တည်းမှာ ဒီလိုကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုလည်း ရှိပါတယ်။ တိုက်ခန်းတစ်ခန်းမှာ ရေချိုးခန်း၊ အိပ်ရာသီးခြားစီရှိတဲ့ Master Bedroom နဲ့နေတဲ့ ပုဂ္ဂိုလ်တွေ၊ Standard Room နဲ့ နေတဲ့သူတွေ ရှိကြပါတယ်။ Master Bedroom နဲ့နေတဲ့ တစ်ယောက်က ကိုဗစ် - ၁၉ Positive ဖြစ်လို့ ဆေးရုံတက်ကုသမှုခံယူ ရတယ်။ Standard Room နဲ့နေတဲ့ တစ်ယောက်က သူ သည် ဒီတိုက်ခန်းတစ်ခန်းထဲမှာ သူတစ်ယောက်တည်း နေတဲ့အတွက် တိုက်ခန်းမှာရော ကွာရန်တင်းဝင်လို့ မရဘူးလား။ ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ ကွာရန်တင်းစင်တာတွေမှာ သွားနေရမလားဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ရောဂါပိုးကူးစက်နိုင်စွမ်း အခြေ အနေကို အခြေပြုပြီးဖြေလိုပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ပိုးရှိတဲ့သူရဲ့ ပါးစပ်၊ နှာခေါင်းက ထွက်လာတဲ့ အမှုန်အမွှား ထဲမှာ ကိုဗစ် - ၁၉ ရောဂါပိုး ပါရှိပါတယ်။ ကိုဗစ် - ၁၉ ရောဂါပိုးဟာ Positive လူနာဖြတ်သန်းသွားတဲ့ နေရာမှာ ရှိတဲ့ သက်ရှိ / သက်မဲ့ မျက်နှာပြင်တွေအကုန်လုံးပေါ်မှာ ကျရောက်နိုင်ပါတယ်။ စားပွဲ၊ ကုလားထိုင်၊ ဆက်တီ၊ အိပ်ရာတွေ၊ တံခါးလက်ကိုင်တွေ၊ တံခါးကျည်းပေါင်၊ ပြတင်းပေါက်ကျည်းပေါင် အစစမှာ ရောဂါပိုးကပ်ငြိနေနိုင် ပါတယ်။

ဒီရောဂါပိုးကို အခြားသူတစ်ဦးက လက်နဲ့ထိတွေ့ ကိုင်တွယ်မိတာကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒီအတွက်ကြောင့် Positive လူနာနေထိုင်ခဲ့တဲ့နေရာကို ရောဂါပိုးသန့်စင်ခြင်း၊ Disinfection ဆိုတဲ့ လုပ်ငန်း ဆောင်ရွက်ရပါတယ်။ အခုလောလောဆယ် ကျွန်တော်တို့ သဘောတူ၊ အတည်ပြုထားတာက ကလိုရင်းဖျော်ရည်နဲ့ ပိုးမွှားသန့်စင်ခြင်းလုပ်ငန်း လုပ်ဆောင်ရတာဖြစ်ပါတယ်။

ဒီကိစ္စကိုလုပ်တဲ့အခါ သက်ဆိုင်ရာကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်း၊ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ် တွေက ဒီ Disinfection စနစ်ကို လုပ်နိုင်ပါတယ်။ ဒါကြောင့် ကျန်တဲ့သူကို ရောဂါပိုးကူးစက်မှုကာကွယ်နိုင် ဖို့အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနက သတ်မှတ် ပေးထားတဲ့ ကွာရန်တင်း စင်တာမှာ ဝင်ရောက်ခြင်းဟာ အန္တရာယ်အကင်းဆုံးဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်။

နောက်မေးခွန်းတစ်ခုက အစားအသောက်တွေကို Delivery နဲ့ မှာစားလေ့ရှိတယ်။ လောလောဆယ် သူလေ့လာသုံးသပ်မိတာက လမ်းဘေးမှာ တွန်းလှည်း တွေနဲ့ ဗယာကြော်တွေ၊ အကင်တွေကို ပြန်ရောင်းလာကြ တာတွေ့ရပါတယ်။ ဒီဆိုင်တွေမှာ ရောဂါပိုးရှိတဲ့သူတွေဟာ Mask မတပ်ဘဲ လာဝယ်တဲ့အခါ ဒီအစားအသောက်တွေ ကရော ရောဂါပိုးမကူးစက်နိုင်ဘူးလားလို့ မေးလာတဲ့ မေးခွန်း ဖြစ်ပါတယ်။

ခုနက ဖြေခဲ့တဲ့အဖြေနဲ့ဆက်စပ်ပြီး ပြောရရင် ရောဂါပိုးရှိတဲ့သူရဲ့ ပါးစပ်၊ နှာခေါင်းက ထွက်တဲ့ အမှုန်ဟာ သက်ရှိ/သက်မဲ့တွေရဲ့ မျက်နှာပြင်ပေါ်ကျရောက်ပြီး ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အခုကာလမှာ ဈေးသည်တွေ၊ ဈေးဆိုင်တွေ အသီးသီးကို ဈေးရောင်းတဲ့သူလည်း Mask တပ်ဖို့၊ ဈေးဝယ်သူလည်း Mask တပ်ဖို့ အထူးသတိပေး ပန်ကြား မေတ္တာရပ်ခံနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဖြေကြားအကြံပြုလိုတာက လတ် တလောကာလမှာ စည်းကမ်းနဲ့အညီ ရောင်းချမှုမရှိတဲ့ ဆိုင်တွေကနေ ဝယ်ယူခြင်း၊ စားသုံးခြင်း မပြုသင့်သေး ပါကြောင်း ဖြေကြားအပ်ပါတယ်။

နောက်ထပ်မေးခွန်းတစ်ခုက သူကနိုင်ငံခြားကို သွားရမယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ စစ်လိုက်တဲ့ အခါ Positive ဖြစ်တဲ့အတွက် ကုသမှုခံယူပါတယ်။ သတ်မှတ်ကာလပြည့်လို့ ဆေးရုံက ဆင်းလာပြီး အိမ်မှာ ရှိနေပါတယ်။ ဘယ်အချိန်မှာ ကိုဗစ် - ၁၉ ရောဂါပိုးအတွက် ထပ်မံစစ်ဆေးရမလဲဆိုပြီး မေးလာတဲ့မေးခွန်း ဖြစ်ပါ တယ်။

ဒီမေးခွန်းနဲ့ပတ်သက်လို့ ကာယကံရှင်သွားရောက် မယ့် နိုင်ငံရဲ့ ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ မူဝါဒ၊ သတ်မှတ် ချက်တွေအပေါ်မှာ မူတည်ပါမယ်။ သူဖြတ်သန်းသွားလာ မယ့် နိုင်ငံတွေရဲ့ ကိုဗစ် - ၁၉ ရောဂါ မူဝါဒ၊ သတ်မှတ် ချက်တွေအပေါ်မှာ မူတည်မယ်လို့ ရှေးဦးစွာဖြေကြား လိုပါတယ်။ နိုင်ငံဖြတ်ကျော်ဆိုပြီး သွားရောက်ကြတဲ့အခါ လောလောဆယ်ကာလမှာ ကိုဗစ် - ၁၉ Negative ဖြစ်တယ်ဆိုတဲ့ Covid - 19 Clearance Factor ဓာတ်ခွဲ စစ်ဆေးမှုက မဖြစ်မနေပါရမယ့်အချက်တစ်ချက်ဖြစ် တယ်လို့ လက်ခံထားပါတယ်။

ကျွန်တော်တို့ နိုင်ငံထဲကနေ ပြည်ပနိုင်ငံကိုသွားမယ်။ ကာယကံရှင်က Positive ဖြစ်ထားတယ်။ ဆေးရုံဆင်းပြီး အိမ်မှာရှိတယ်။ ဘယ်အချိန်စစ်ရမလဲ။ ကျွန်တော့်အနေနဲ့ ချင်းပြည်နယ်ရဲ့ အတွေ့အကြုံနဲ့ နည်းနည်းဖြေချင်ပါ တယ်။ မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါပိုး First Case ဆိုတာ ချင်းပြည်နယ်က အစပြုခဲ့တာဖြစ်ပါတယ်။ First Wave ကာလ ချင်းပြည်နယ်မှာ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ ၁၈ ဦးရှိပါတယ်။ အဲဒီ ၁၈ ဦးက ဆေးရုံတက်ရောက်ချိန်ကနေ ဆေးရုံဆင်းချိန် ကာလဟာ ကိုဗစ် - ၁၉ ရောဂါပိုး နှစ်ကြိမ်ဆက်တိုက် Clear ဖြစ်မှ ဆေးရုံဆင်းခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။

ဒီ ၁၈ ယောက်ကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ ကိုဗစ် - ၁၉ ရောဂါပိုး Clearance အတိုဆုံးသည် ၁၅ ရက်ဖြစ်ပါတယ်။ အကြာဆုံးတစ်ယောက်သည် ၆၇ ရက် ကြာခဲ့ပါတယ်။ Swab ကို ၁၁ ကြိမ် တိတိယူပြီး စစ်ဆေးခဲ့ ရတာတွေ ရှိပါတယ်။ ဒီအတွက်ကြောင့် နိုင်ငံခြားသွား မယ်ဆိုရင် ကျွန်တော့် အနေနဲ့ လတ်တလောသိထားတာက ကိုဗစ် - ၁၉ Negative ဖြစ်တယ်ဆိုတဲ့ Clearance Letter ပါရမယ်။ ချင်းပြည်နယ်ရဲ့ အတွေ့အကြုံက အမြန်ဆုံး ၁၅ ရက်၊ အကြာဆုံး ၆၇ ရက်အထိ စစ်ဆေးခဲ့ရတဲ့ အနေအထားရှိတဲ့အတွက် ဒီလိုအခြေအနေတွေကို ချိန်ဆပြီး စစ်ဆေးဆောင်ရွက်သင့်ပါကြောင်း ကျွန်တော့် အနေနဲ့ ဖြေကြားတင်ပြလိုပါတယ်။

ဒေါက်တာသောင်းလှိုင် ။ ။ ဒီတစ်ပတ်အတွက် ပြည်သူ တွေအနေနဲ့ ကိုဗစ် - ၁၉

ဆိုင်ရာ ကျန်းမာရေးဗဟုသုတွေကို ပြည့်ပြည့်စုံစုံရသွားပြီလို့လည်း ထင်ပါတယ်။ ကိုဗစ်ရောဂါပိုးတွေ ဘာကြောင့် ခဏခဏ ဗီဇပြောင်းနေရသလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက် ပြီး အထူးသဖြင့် ဗိုင်းရပ်စ်ပိုးတွေက ခဏခဏမျိုးရိုးဗီဇ ပြောင်းလဲတတ်တာ သဘာဝပါ။ ဒီပြောင်းလဲမှု ဖြစ်စဉ် အပေါ်မှာမူတည်ပြီး တစ်ခါတစ်ရံမှာ ရောဂါကူးစက်မှု အနှေးအမြန်ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရောဂါ ပိုပြင်းထန်သွားတယ်ဆိုတဲ့ အထောက်အထား တော့ မတွေ့သေးပါဘူး။ ဒါက သုတေသန ဆက်လက်လုပ် ဆောင်ရမယ့်ကိစ္စတွေလည်း ဖြစ်ပါတယ်။

ကိုဗစ်ရောဂါကို ဘယ်လောက်အထိ ရင်ဆိုင်ရမလဲ၊ ဘာတွေဆက်လုပ်ရမလဲဆိုတဲ့ မေးခွန်းက ကိုဗစ်ရောဂါပိုး နဲ့ပတ်သက်လို့ ကမ္ဘာ့နိုင်ငံအသီးသီးအနေနဲ့ သူတို့ သက်ဆိုင်ရာအလိုက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ အခက်အခဲမျိုးစုံကြုံပြီး ကြိုးစား ဆောင်ရွက်နေကြပါတယ်။ ဒါပေမယ့် ကိုဗစ်ကို အလုံးစုံထိန်းချုပ်နိုင်တယ်ဆိုတဲ့ နိုင်ငံတော့မရှိသေးပါဘူး။ အမြဲတမ်း Alert နဲ့ စောင့်ကြည့်နေရပါတယ်။ ပျောက်သွား တယ်ဆိုတဲ့၊ ပထမဦးဆုံးစတဲ့ တရုတ်နိုင်ငံတောင်မှ အမြဲတမ်းသူတို့ရဲ့ Border တွေကို စောင့်ကြည့်နေရ ပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ်တွေဖြစ်တဲ့ နှာခေါင်းစည်း တပ်တာ၊ လက်ကို စနစ်တကျစက္ကန့်(၂၀)ဆေးတာ၊ လူစုလူဝေးရှောင်တာ၊ တစ်ဦးနဲ့ တစ်ဦး ခြောက်ပေခွာပြီး ပြောဆိုဆက်ဆံတာ၊ ရောဂါဖြစ်ပွားတဲ့သူကို သီးခြားထားပြီး ထိရောက်စွာ ကုသပေးတာ စတဲ့ လုပ်ငန်းတွေက နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စေတနာ့ဝန်ထမ်း တွေ၊ ပြည်သူတွေနဲ့ အားလုံးပူးပေါင်းကြိုးစား ဆောင်ရွက် နေတာက အဓိကပါ။

ရောဂါထိန်းချုပ် ကာကွယ်ရာမှာ အရေးပါတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ ကာကွယ်ဆေးတွေ ရဖို့လည်း အဆင့်ဆင့်ကြိုးစားဆောင်ရွက်နေတာကို ရှင်းပြပြီးသွား ပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေးကို ကမ္ဘာနဲ့အဝန်း သတ်မှတ်ပမာဏထိုးပြီးရင်ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့် ရပါတယ်။

တစ်ပြိုင်နက်တည်းမှာ မျိုးရိုးဗီဇပြောင်းလို့ခေါ်တဲ့ လူတုပ်ကွေးလို၊ H1N1 လို တစ်နှစ်နဲ့တစ်နှစ် တစ်ရာသီ လောက်ပဲခံတဲ့ ကာကွယ်ဆေးဖြစ်နေမလားဆိုတာ ဒါတွေကလည်း သိပ္ပံပညာရှင်တွေ အမြဲတမ်းလေ့လာပြီး ဆက်လက်ဆောင်ရွက်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကို ပြောရတာ ခက်ပါတယ်။

အချုပ်အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့ လမ်းညွှန်ချက်ကို ပြည်သူတွေက တစ်တပ် တစ်အားကိုယ်တိုင်၊ အစုအဖွဲ့အလိုက်၊ အကုန်လုံး ပါဝင်ကြဖို့၊ အချင်းချင်း သတိပေးတာမျိုး၊ ဥပမာ - Mask မတပ်ထားတဲ့ ဈေးသည်၊ Mask တပ်မထားတဲ့ စားပွဲထိုး ကပ်လာတာမျိုးဆိုရင် အဲဒီဆိုင်တွေက လုံးဝဝယ်မစားကြ နဲ့ဆိုတဲ့ အနေအထားမျိုး ကိုယ့်အချင်းချင်း သတင်းပေး ရမယ်၊ သတိပေးရမယ်။ ကိုယ့်ဝန်ထမ်းတွေ Mask တပ်ထားရင် ဂုဏ်ပြုတာ၊ မတပ်ထားရင် ချက်ချင်း တပ်ပါလို့ သတိပေးတာမျိုးတွေ ပြုလုပ်ကြမယ်ဆိုရင် ပြည်သူအားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကိုဗစ်ရောဂါ ကို ထိန်းချုပ်သွားနိုင်မယ်လို့ ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။