ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်

Type
888

 

 

ထက်လျှံ

 

စီးပွားရေးလုပ်ငန်း စတင်လုပ်ဆောင်ရာ၌ ရရှိနိုင်မည့် အရင်းအမြစ်နှင့် စုပေါင်းဆောင်ရွက်ခြင်းစနစ်ကို အသုံးပြု ခြင်းဖြင့် ပြဿနာများ ကိုင်တွယ်ဖြေရှင်းနိုင်ပုံနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွား ရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ် ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၃၀ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး ။ ။ ဒီအစီအစဉ်မှာ စီးပွားရေးလုပ်ငန်း

တစ်ခု စတင် လုပ်ကိုင်မယ်ဆိုရင် ရရှိနိုင်မယ့် ပံ့ပိုးကူညီမှုတွေနဲ့ စုပေါင်းဆောင်ရွက်မှုစနစ်ကို ဘယ်လိုအသုံးပြုပြီး ဘယ်လိုပြဿနာတွေကို ဖြေရှင်းပေး နိုင်သလဲ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားမယ့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အစီ အစဉ်ကနေ ကြိုဆိုပါတယ်။

ဒီနေ့အစီအစဉ်မှာ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ အောင်သူရနဲ့ ThaMarDaw.Com ၏ Founder & CEO ဦးအောင် ကိုကိုသက် တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး မေးခွန်းအနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခု၊ ပရောဂျက်တစ်ခုကို စတင်လုပ်ကိုင်ခဲ့မယ်ဆိုရင် ဘယ်လို ပံ့ပိုးကူညီနိုင်မယ့် အရင်းအမြစ်တွေ ရှိနိုင်သလဲဆိုတာကို ဒေါက်တာအောင်သူရ က ရှင်းပြပေးပါဦး။

ဒေါက်တာအောင်သူရ ။ ။ ဒီခေတ် ဒစ်ဂျစ်တယ်စီးပွား

ရေးစနစ်မှာ စီးပွားရေး လုပ်ငန်းတစ်ခု၊ ပရောဂျက်တစ်ခုလုပ်မယ်ဆိုရင် ဘယ်လို လုပ်ကိုင် ဆောင်ရွက်သွားရမယ်ဆိုတာကို ပြောပြချင် ပါတယ်။ ဥပမာ - ယခင်တုန်းက ပရောဂျက်တစ်ခု သို့မဟုတ် ရုပ်ရှင်တစ်ခု ရိုက်မယ်၊ သီချင်း အခွေထုတ်မယ် ဆိုရင်ဖြစ်ဖြစ်၊ သို့မဟုတ် Product တစ်ခုကို ထုတ်မယ် ဆိုရင်ဖြစ်ဖြစ် နမူနာကောင်းတစ်ခု ထွက်လာတဲ့အဆင့် အထိ ရောက်လာတဲ့အချိန်မှာ အဲဒီအဆင့်ကနေ ဆက်ပြီး သွားနိုင်ဖို့ထက် ရပ်သွားတဲ့အဖြစ်က များပါတယ်။

ကိုယ်က နာမည်ကြီး အဆိုတော်လည်း မဟုတ်ဘူး၊ ရုပ်ရှင်ဒါရိုက်တာလည်း မဟုတ်ဘူးဆိုရင် ဒါက ပရောဂျက် တစ်ခုကို ဆက်ပြီးသွားနိုင်ဖို့က မလွယ်ပါဘူး။ ဒီနေရာမှာ ဘာလုပ်ရသလဲဆိုရင် အရင်တုန်းက စတူဒီယိုတွေ ရှာရ မယ်၊ Music Label တွေ၊ ကိုယ့်ကိုအားပေးမယ့် အဖွဲ့ အစည်းတွေ ရှာရမယ်။ စာအုပ်တစ်ခု ထုတ်မယ်ဆိုရင် တောင် အဲဒီ စာအုပ်ကို ကိုယ်ကရေးမယ်ဆိုရင် များသော အားဖြင့် အဲဒီစာအုပ်ကို ထုတ်နိုင်ဖို့အတွက် စာအုပ်တိုက် တစ်ခုကို ရှာဖို့ဆိုတာ တော်တော်လေး မလွယ်ပါဘူး။

ယခင်ခေတ်က ဒီလိုအခက်အခဲတွေ အများကြီး ကြုံခဲ့တော့ ကိုယ့်ပရောဂျက်တွေ တကယ် အောင်မြင်သွား ဖို့၊ လူတွေက ကိုယ့်ရဲ့ ပရောဂျက်ကို ကြိုက်နိုင်ရင်တောင် လူတွေလက်ထဲကို ရောက်သွားနိုင်တဲ့အထိကို အခက်အခဲ တစ်ခုရှိပါတယ်။

နောက်ပိုင်းမှာ ဒစ်ဂျစ်တယ်နည်းစနစ်တွေ ထွက်ပေါ် လာတဲ့အချိန်မှာ ဘာလုပ်လို့ရသလဲဆိုတော့ ကိုယ့်ရဲ့ ပရောဂျက်ကို စတူဒီယိုအကြီးကြီးတွေက ဖြစ်ဖြစ်၊ စာအုပ်တိုက်အကြီးကြီးတွေက ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံ ပေးမယ့်အဆင့်တွေ မရောက်ခင်အချိန်မှာ အများက ကိုယ့်ရဲ့ ပရောဂျက်ကို လက်ခံနိုင်မယ့်သူတွေကို တင်ပြပြီး သူတို့ကို ဖြန့်ပေးနိုင်တဲ့အဆင့် တစ်ခုရှိပါတယ်။

ကိုယ်က ပရောဂျက်တစ်ခု စမယ်ဆိုရင် များသော အားဖြင့် လိုတာက နှစ်မျိုးရှိတယ်။ တစ်ခုက ငွေကြေး လုံလုံလောက်လောက် မရှိတာ။ ဒီပရောဂျက်ကို စတင် နိုင်ဖို့အတွက် ငွေကြေးကိုယ့်မှာ လုံလုံလောက်လောက် ရှိမယ်ဆိုရင်တောင် ပရောဂျက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နိုင်ဖို့၊ ကုန်ပစ္စည်းတွေ ထုတ်နိုင်ဖို့၊ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ကိုယ့်မှာ လုံလုံလောက်လောက် အင်အားမရှိတဲ့ အခါမှာ တစ်ခုက ဘာပေါ်လာသလဲဆိုရင် Crowd Funding ဆိုတာ ပေါ်လာတယ်။

Crowd Funding ဆိုတာက လူအများစုဆီက နည်းနည်းစီ၊ နည်းနည်းစီကို ကိုယ့်ကိုအားပေးပြီး ငွေထည့် ပေးတဲ့ စနစ်တစ်ခုပါ။ ဒီနေရာမှာ ငွေထည့်တယ်ဆိုတာ အမျိုးမျိုးဖြစ်နိုင်တယ်။ အကြောင်းအရာ အမျိုးမျိုးကြောင့် လည်း ဖြစ်နိုင်ပါတယ်။ တချို့က ချေးပြီးထည့်တာရှိတယ်။ တချို့က ရှယ်ယာလိုချင်လို့ ထည့်တာရှိတယ်။ တချို့က ကိုယ့်ကိုအားပေးချင်လို့ ထည့်တာရှိတယ်။ တချို့ကျတော့ ကိုယ့်ထုတ်ကုန်ကို သူများထက်ဦးပြီးရနိုင်လို့ ထည့်တာမျိုး လည်း ရှိတယ်။ ဒီနေရာမှာ အကြောင်းမျိုးစုံကြောင့် ကိုယ့်ကို ငွေကြေးထည့်ဝင်ပေးကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူက အရင်ဘဏ်က ချေးငွေရတာ တို့၊ ရှယ်ယာရင်းနှီးတာနဲ့ ဘာကွာသွားသလဲဆိုရင် တစ်ယောက်စီ၊ တစ်ယောက်စီက နည်းနည်းစီ၊ နည်းနည်း စီ၊ ကိုယ်တတ်နိုင်သလောက် ထည့်တယ်။ ထည့်တဲ့သူတွေ ကလည်း တကယ့်ကျွမ်းကျင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ဖို့ မလိုဘူး။ ဘဏ်တွေလိုမျိုး သေချာသုံးသပ်ပြီး လုပ်တာမျိုးလည်း မဟုတ်ဘူး။ သူတို့က များသောအားဖြင့် ကိုယ်တင်ပြတဲ့ ပရောဂျက်ကို ကြိုက်လို့၊ သူတို့အနေနဲ့ ဒါကို စိတ်ဝင်စားလို့၊ သူတို့အနေနဲ့ ကိုယ့်ကို အားပေးချင်လို့၊ တစ်ယောက်ကို နည်းနည်းစီ ထည့်ပေးကြတာပါ။

ဒါက ပရောဂျက်တစ်ခုစမယ်ဆိုရင် အဓိက ငွေကြေး လိုအပ်တယ်။ ဒုတိယတစ်ပိုင်းက ငွေကြေးဘက် မဟုတ် ပါဘူး။ တခြားအရင်းအမြစ်တွေ လိုပါတယ်။ ဥပမာ - နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးမှု လိုအပ်ပါတယ်။ Marketing Agency တစ်ခုကို ကိုယ့်ရဲ့ Logo တစ်ခု ဆွဲပေးပါလို့ အလုပ်အပ်လိုက်တာထက် အင်တာနက်ကနေ လူအများစုကို ကိုယ်က ဆက်သွယ်နိုင်ပြီး ဘယ်သူက Logo တစ်ခုဆွဲပေးနိုင်သလဲ၊ ဘယ်အပိုင်းမှာ ကူညီပေး နိုင်သလဲဆိုတဲ့ အများစုဆီက ပြန်စုပြီး ကူညီထောက်ပံ့မှု တစ်ခုရတာကို Crowd Sourcing လို့ခေါ်ပါတယ်။

အရင်ခေတ်က ပရောဂျက်တစ်ခု စလုပ်မယ် ဆိုရင် အကူအညီကို တစ်နေရာတည်းက ရနိုင်တယ်။ ကိုယ့်တိုင်းပြည်မှာလည်း တစ်ခါတလေကျရင် ရှိချင်မှ ရှိမယ်။ မြန်မာပြည်မှာ လုံလုံလောက်လောက် ဒါမျိုးကို စိတ်ဝင်စားလို့ အားပေးတဲ့အဖွဲ့အစည်းဆိုတာ ရှိချင်မှ ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်နည်းပညာကို အသုံးပြုသွားတဲ့အခါ ဥပမာ - ကိုယ်က Documentary တစ်ခုရိုက်ချင်တယ်။

မြန်မာပြည်က ချင်းပြည်နယ်မှာ နေထိုင်မှုပုံစံ ပရောဂျက်တစ်ခုကို Documentary ရိုက်မယ်။ မြန်မာ ပြည်မှာ ဒါကို ငွေကြေးစိုက်ထုတ်ကုန်ကျခံမယ့် အဖွဲ့ အစည်းက ရှိချင်မှရှိမယ်။ ဒါပေမယ့် တခြားနိုင်ငံခြား အဖွဲ့အစည်းတွေက စိတ်ဝင်စားပြီး သူတို့ကူညီပေးချင် တယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ လုပ်ပေးတာမျိုးတွေ ရှိနိုင်တယ်။

အစီအစဉ်မှူး ။ ။ အခြားနိုင်ငံတွေမှာ ကျယ်ပြန့်စွာ

အသုံးပြုနေပေမယ့် မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အသုံးမပြုနိုင်သေးတဲ့ တချို့ အရာတွေလည်း ရှိပါတယ်။ မကြာမီ မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်တာတွေက ဘာတွေရှိနေသလဲဆိုတာကို ဆွေးနွေးပေးပါဦး။

ဒေါက်တာအောင်သူရ ။ ။ အများစုက ချေးငွေဆိုရင်

မိတ်ဆွေ၊ ကိုယ့်အသိုင်း အဝိုင်းက ချေးတာ တစ်ခုရှိမယ်။ နောက်တစ်ခုက ဘဏ်က ချေးငွေ ချေးတယ်ဆိုတာပဲ သိပါတယ်။ ဒါပေမယ့် Crowd Lending ဆိုတာ ကိုယ့်ပရောဂျက်ကို တင်ပြလိုက်တယ်။ ကိုယ့်ပရောဂျက်က ဒီလိုပုံစံမျိုးရှိတယ်။ ဒါမျိုးလုပ်ချင် တယ်။ ဒီအတွက် ဘယ်သူက ချေးမလဲဆိုပြီး တင်ပြ လိုက်တယ်။

ချေးတဲ့ပလက်ဖောင်းတစ်ခုကို တင်ပြလိုက်တဲ့အချိန် မှာ ချေးချင်တဲ့သူတွေက တစ်ဦးစီလည်း ဖြစ်နိုင်တယ်။ အဖွဲ့အစည်းတွေလည်း ဖြစ်နိုင်တယ်။ အကုန်လုံးက ပရောဂျက်ကို ကြိုက်လို့ နည်းနည်းချေးချင် ချေးမယ်။ များများချေးချင် ချေးမယ်။ မျှပြီးချေးသွားတာကို Crowd Lending လို့ ခေါ်ပါတယ်။ ဥပမာ - သိန်းတစ်ထောင်တန်တဲ့ ပရောဂျက်ကို တစ်ယောက်က သိန်းငါးဆယ် ထည့်တယ်။ တစ်ယောက်က သိန်းနှစ်ဆယ်ထည့်မယ်။ နောက် တစ်ယောက်က သိန်းသုံးဆယ် ထည့်မယ်။ တဖြည်းဖြည်းနဲ့ အကုန်လုံးပေါင်းလိုက်တဲ့အချိန်မှာ ဒီပရောဂျက်အတွက် Financing တစ်ခုကို ရသွားတယ်။

ဒါပေမယ့် ချေးငွေဆိုရာမှာ နိုင်ငံတိုင်းက အစိုးရဘက် ကနေ ဒီချေးငွေနဲ့ပတ်သက်ပြီး Regulation ဆိုတာလည်း ရှိပါတယ်။ အတိုးနှုန်းဘယ်လောက်အထိ ဖြစ်ခွင့်ရတယ်။ ဘယ်လိုပုံစံနဲ့ ချေးခွင့်ရတယ်။ ဘာကို လုပ်ခွင့်ရတယ်။ ဘာကိုလုပ်ခွင့် မရဘူးဆိုတဲ့ ကန့်သတ်ချက်တွေရှိပါတယ်။ Crowd Lending ဆိုတာရှိပေမယ့် ချေးငွေနဲ့ ပတ်သက် ရင် လိမ်လည်မှုတွေ၊ ပရောဂျက်တွေ မဟုတ်ဘဲနဲ့ ပြသွား ပြီး ချေးငွေကို လိမ်သွားတာမျိုး မဖြစ်အောင် Regulation တွေ လိုအပ်ပါတယ်။ ဒါက လာမယ့်နှစ်တွေမှာ အခြားနိုင်ငံ တွေလုပ်တဲ့ လမ်းကြောင်းအတိုင်း မြန်မာနိုင်ငံမှာ Crowd Lending ဆိုတာပေါ်လာဖို့ မျှော်လင့်ထားပါတယ်။

နောက်တစ်ခုကတော့ Crowd Lending တင်မကဘူး။ Equity Crowd Funding ဆိုတာ ကိုယ်က ပရောဂျက်တစ်ခု ပြလိုက်တယ်ဆိုရင် ကိုယ့်ပရောဂျက်ထဲကို ချေးငွေအနေနဲ့ ထည့်တာ မဟုတ်ဘဲ ရှယ်ယာအနေနဲ့ ထည့်တာဖြစ်ပါ တယ်။ အများကစုပြီး နည်းနည်းစီ ရှယ်ယာထည့်သွား တာရှိပါတယ်။

ဒါပေမယ့် ရှယ်ယာထည့်တဲ့အခါမှာလည်း သူ့ရဲ့ Regulation တွေ ရှိပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကို လိမ်လည်မှုတွေ မဖြစ်အောင်၊ ပရောဂျက်တွေ ဗန်းပြပြီး ပိုက်ဆံတွေကို ထုတ်သွားတာမျိုးတွေ မဖြစ်အောင် အစိုးရ ဘက်က ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို သေချာလုပ်ရ ပါတယ်။ တိုင်းပြည်တိုင်း၊ တိုင်းပြည်တိုင်းမှာ Crowd Funding တွေ ရှယ်ယာထည့်နိုင်ဖို့ လုပ်ထုံး၊ လုပ်နည်း တွေကို အတိုင်းအတာတစ်ခုအထိ ပြင်ရပါတယ်။

ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တိုင်းလိုလိုမှာ ပုဂ္ဂလိကကုမ္ပဏီဆိုရင် ရှယ်ယာရှင် အရေအတွက် ဘယ်လောက် ဖြစ်ခွင့်ရတယ်ဆိုတဲ့ ကန့်သတ်ချက်တွေ အများကြီးရှိပါတယ်။ ဘယ်လောက်အထိ အများဆုံးခေါ်လို့ ရတယ်။ ဥပမာ - လူ ၅၀ အထိခေါ်လို့ရတယ် စသဖြင့် ဒီလိုမျိုး ကန့်သတ်ထားပါတယ်။ ဒါပေမယ့် Equity Crowd Funding လုပ်တဲ့အခါ ရင်းနှီးမြှုပ်နှံတာ ၅၀ မကဘူး၊ ရာနဲ့ လည်း ချီသွားနိုင်ပါတယ်။

ပုဂ္ဂလိကကုမ္ပဏီအဖြစ် ပြောင်းလဲလောက်အောင် အနေအထားက မကြီးဘူးဆိုတော့ လုပ်ထုံးလုပ်နည်း တစ်ခုကိုပြင်ပြီး လူအများစုက ရင်းနှီးမြှုပ်နှံတဲ့ ပုဂ္ဂလိက ကုမ္ပဏီရဲ့ စည်းကမ်းချက်တွေလောက် မတင်းကျပ်ဖို့ လိုပါတယ်။ အခြားတိုင်းပြည်၊ နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ နည်းလမ်းတွေက ဘာတွေလဲ၊ ဘယ်လိုပြင်လိုက်ရင် ပိုကောင်းသွားမလဲဆိုပြီး လေ့လာလို့ရပါတယ်။ လုပ်လို့ ရတဲ့ အပိုင်းတွေက Reward-based Crowd Funding ပါ။ Reward-based Crowd Funding ဆိုတာ ကိုယ့်ပရောဂျက်ကို တင်ပြလိုက်တယ်။

ပရောဂျက်ထဲကို ထည့်လိုက်တဲ့သူက ချေးငွေအနေနဲ့ ထည့်တာမျိုး မဟုတ်ဘူး။ ရှယ်ယာအနေနဲ့ ထည့်တာ မဟုတ်ဘူး။ သူတို့အနေနဲ့ ဒီပရောဂျက်ကိုကြိုက်လို့ သူတို့ ထည့်ပေးလိုက်ရင် လက်ဆောင်လေး ဘာပြန်ပေးမလဲ ဆိုတာ ကိုယ်ကနေ ကတိပြုပေးရပါတယ်။ ဥပမာ - ရုပ်ရှင် တစ်ခု ရိုက်တယ်ဆိုရင် ဒီရုပ်ရှင်ကို ကျန်တဲ့သူတွေကို မပြခင် ရင်းနှီးမြှုပ်နှံသူကို အရင်ပြရပါမယ်။ ဒါမှ မဟုတ် တစ်ယောက်က ဒီပရောဂျက်ကို ရင်းနှီးမြှုပ်နှံထားတယ် ဆိုရင် တစ်ပိုင်းတစ်စလောက်မှာ ဇာတ်ပို့အနေနဲ့ ပါခွင့်ပေး ရမယ်။

ရုပ်ရှင်ထဲမှာ တစ်နေရာဝင်ပြီး တစ်ခန်းလောက် ရိုက်ခွင့်ရတာ ရှိချင်ရှိမယ်။ ဒါမျိုးက ရင်းနှီးမြှုပ်နှံတာလည်း မဟုတ်ဘူး။ ချေးငွေလည်း မဟုတ်တဲ့အတွက် မြန်မာနိုင်ငံ မှာ အကျုံးဝင်တဲ့ ကန့်သတ်ချက်တွေ မရှိလောက်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီလိုမျိုးပါပဲ Crowd Sourcing ဆိုတာ အများစုဆီက အကူအညီတောင်းတဲ့ သဘောမျိုးပါ။ မြန်မာပြည်သာမက တစ်ကမ္ဘာလုံးကနေ အကူအညီတစ်ခု တောင်းနိုင်တဲ့အတွက် ဒါကကန့်သတ်ချက်တွေ မရှိ လောက်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။

ဒါပေမယ့် ပရောဂျက်တစ်ခု စမယ်ဆိုရင် သေချာ စဉ်းစားဖို့လိုပါတယ်။ ဘာတွေက အကျုံးဝင်တယ်။ ဘာတွေက ဥပဒေနဲ့ငြိနိုင်တယ်။ ဘာတွေက ခွင့်ပြုထား တယ်ဆိုတာကို နည်းနည်းလေး ကြည့်ပြီး သုံးသပ်ပြီးတော့ မှ စတင်စေချင်ပါတယ်။

အစီအစဉ်မှူး ။ ။ စုပေါင်းဆောင်ရွက်ခြင်း စနစ်ရဲ့

အကြောင်းနဲ့ စုပေါင်းဆောင်ရွက် ခြင်းစနစ်ကို ဘယ်သူတွေအတွက် အသုံးချလို့ ရနိုင် သလဲဆိုတာ ရှင်းပြပေးပါဦး။

ဦးအောင်ကိုကိုသက် ။ ။ စုပေါင်း ဆောင်ရွက်ခြင်း

စနစ်ကို အင်္ဂလိပ်လို Crowd Sourcing လို့ ခေါ်ပါတယ်။ “စုပေါင်းဆောင်ရွက်ခြင်း”နဲ့ “စနစ်” ဆိုပြီး နှစ်ပိုင်းခွဲကြည့်လို့ရမယ် ထင်ပါတယ်။ ဘယ်သူတွေအတွက် အသုံးဝင်တယ်ဆိုတာကို မပြောခင် မှာ စုပေါင်းဆောင်ရွက်တဲ့ အသွင်တွေကို ပြောပါမယ်။

Crowd Sourcing အမျိုးကွဲတွေ အမျိုးမျိုး သတ်မှတ်လို့ ရတယ်။ Crowd Voting ဆိုတာ ရှိတယ်။ တစ်ခုခုနဲ့ ပတ်သက်ရင် စုပြီး Vote လုပ်တဲ့ကိစ္စတွေ၊ Creative Work, Art Work တွေ Crowd Sourcing လုပ်တဲ့ကိစ္စ တွေ စသဖြင့် အမျိုးမျိုးရှိပါမယ်။

မြန်မာနိုင်ငံမှာ ရှေးတုန်းကတည်းက စုပေါင်း ဆောင်ရွက်တယ်ဆိုတဲ့ အသွင်တွေက ရှိပြီးသား ဖြစ် ပါတယ်။ အသစ်တော့ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှိတာ အများစုကို အင်္ဂလိပ်လို Implicit Crowd Sourcing လို့ ခေါ်လို့ရမယ် ထင်ပါတယ်။ သီးခြားသတ်မှတ်ထားတာ မရှိပါဘူး။ ဒါပေမယ့် ကိုယ်ဘာသာကိုယ် လုပ်ကြပါတယ်။ ဥပမာ- စာအုပ်ထုတ်ပြီး ရောင်းတယ်ဆိုတဲ့ကိစ္စ၊ ငယ်ငယ် တုန်းက ကဗျာစာအုပ်ထုတ်တဲ့ကိစ္စ၊ အခုအလှူငွေစုပြီး လှူတဲ့ကိစ္စ ဒါတွေအကုန်လုံးက Crowd Sourcing ထဲမှာ အကုန်လုံး အကျုံးဝင်ပါတယ်။ စုပေါင်းဆောင်ရွက်ခြင်း စနစ်တစ်ခုမှာ အခြေခံအားဖြင့် ရှုထောင့် ငါးခုနဲ့ ခွဲကြည့် လို့ ရပါတယ်။

နံပါတ်တစ်ရှုထောင့်က ဦးဆောင်စတင်သူ ရှုထောင့် ပါ။ သူက Idea တစ်ခုရှိမယ်။ ဒါက လုပ်သင့်တယ်။ ကောင်း တယ်။ တစ်ယောက်တည်း မနိုင်ဘူး။ ဒါဆိုရင် ငွေအား၊ လူအား၊ ပညာအား တစ်ခုခု လိုအပ်နေတယ်ဆိုတဲ့ကိစ္စကို သူက စားပွဲပေါ်ကို ယူလာတဲ့သူ ဖြစ်ပါတယ်။

ဒုတိယရှုထောင့်က ပါဝင်ဆောင်ရွက်ထည့်ဝင်သူ ရှုထောင့်ပါ။ အိုင်ဒီယာ (Idea) ကို ကြိုက်လို့၊ ခေါင်းဆောင် ကို ကြိုက်လို့၊ စနစ်ကိုယုံလို့ ငွေအား၊ လူအား၊ ပညာအားနဲ့ ပါဝင်ဆောင်ရွက်သူပါ။

တတိယရှုထောင့်က ချိတ်ဆက်ဆောင်ရွက်စီစဉ် ပေးသူ ရှုထောင့်ပါ။ ဦးဆောင်စတင်သူနဲ့ ချိတ်ဆက် ဆောင်ရွက်စီစဉ်သူက သူငယ်ချင်းတွေ ဖြစ်နေရင် ချိတ်ဆက်ဆောင်ရွက်စီစဉ်သူ မလိုပါဘူး။ ဒါပေမယ့် တကယ်လို့ ကြီးကြီးမားမားနဲ့ လူအများကြီးလုပ်ဖို့ လိုအပ် မယ်ဆိုရင် ချိတ်ဆက်ဆောင်ရွက်စီစဉ်သူ လိုပါမယ်။ သူက ပတ်ဝန်းကျင်ကို Crowd Sourcing Project အကြောင်း သတင်းဖြန့်ပေးတာကအစ လိုအပ်ရင်၊ လိုအပ်သလို ဘယ်သူက ဘယ်နေရာမှာ လုပ်ဖို့လိုနေပါတယ်ဆိုပြီး ဦးဆောင်တဲ့သူနဲ့ အဖွဲ့ဝင်တွေကို ပြန်ပြီးသတိပေးတာ မျိုးတွေ ရှိပါမယ်။

နံပါတ်လေးရှုထောင့်က ကြပ်မတ်ကွပ်ကဲတဲ့သူ ရှုထောင့်ပါ။ အလုပ်တွေကို တရားမျှတအောင် ထိန်းချုပ် ကြပ်မတ်ကွပ်ကဲပြီး ဥပဒေအရ တရားမျှတအောင် လုပ်ပေးတဲ့သူလည်း လိုပါမယ်။

နံပါတ်ငါးရှုထောင့်က ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချပြီးစီစဉ်ပေးတဲ့သူ ရှုထောင့်ပါ။ ဒစ်ဂျစ်တယ် ခေတ်စားလာတာက အင်တာနက်ပေါ်လာတဲ့အချိန်မှာ Crowd Sourcing စုပေါင်းဆောင်ရွက်ခြင်းစနစ်ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သွားလို့ ရလာပါတယ်။ အရင်တုန်း က ကျွန်တော်တို့က သူငယ်ချင်းအချင်းချင်းအကြားမှာ၊ လုပ်ငန်းစုတစ်ခုတည်းမှာ၊ ဒါမှမဟုတ် လုပ်ငန်းစု နှစ်ခု / သုံးခုကြားမှာ ဖြစ်တယ်ဆိုပေမယ့်၊ အခုအင်တာနက် ပေါ်လာချိန်မှာ ရန်ကုန်မြို့က လူတွေက မန္တလေးက လူတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့လည်း ရလာပါတယ်။ မြန်မာပြည်ကနေ စင်ကာပူနဲ့ အမေရိကတို့ကို ပေါင်းပြီး လုပ်ဆောင်လည်း ရလာပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာ ကို အသုံးပြုပြီး အလိုအလျောက် စနစ်တကျအဆင်ပြေ သွားအောင် တည်ဆောက်စီမံပေးမယ့် ဆော့ဖ်ဝဲလ်သမား တွေလည်း လိုလာပါတယ်။

အခုပြောခဲ့တဲ့ ရှုထောင့်အားလုံးကို အချိတ်အဆက်မိ ပြီး အစီအစဉ်ကျအောင် စနစ်တကျ ဖန်တီးတဲ့အခါ Crowd Sourcing စုပေါင်းဆောင်ရွက်ခြင်းစနစ်တွေ ဖြစ်လာ ပါတယ်။ သာမန်နားလည်အောင်ပြောရရင် Crowd Sourcing ဆိုတာ အင်တာနက်ကို အခြေပြုပြီးဖန်တီး ထားတဲ့ Facebook, Google လိုမျိုး Digital Software စနစ်တွေပါ။

ဒီဆော့ဖ်ဝဲလ်တစ်ခုမှာ ဦးဆောင်သူကလည်း သူလိုချင်တဲ့ Idea ကိုသွားပြီး တင်ထားလိုက်မယ်။ ပါမယ့် သူကလည်း စာရင်းသွင်းထားလိုက်မယ်။ စီစဉ်ပေးတဲ့သူက အဲဒီလူတွေကို လိုက်ကြည့်ပြီး ဘယ်နေ့မှာစမယ်၊ ဘယ်နေ့ မှာ ဆုံးမယ်၊ ပိုက်ဆံတွေကို ဘယ်လိုဝေမယ် ဒါတွေကို စီမံပေးတဲ့သူ လည်းရှိမယ်။ ကြပ်မတ်ကွပ်ကဲသူက တရား ဥပဒေဘောင်ထဲမှာ ရှိသလား၊ တရားမျှတမှု ရှိသလား၊ ငွေမည်းတွေလား ဒါတွေကို လိုက်စစ်ဆေးတာဖြစ်ပါတယ်။ အစိုးရလိုမျိုး ဖြစ်ပါတယ်။ ဒီဟာကို ဆော့ဖ်ဝဲလ်နဲ့စုပြီး အွန်လိုင်းပေါ်မှာ သွားနေတာ ဖြစ်ပါတယ်။

ဒါက Crowd Sourcing စနစ်တွေရဲ့ အခြေခံဖြစ် ပါတယ်။ ရှေးတုန်းက သာမန် စုပေါင်းဆောင်ရွက်ခြင်း ဆိုတာကို ပိုပြီးတစ်မူထူးတဲ့အသွင်နဲ့ အခုဒစ်ဂျစ်တယ် ခေတ်မှာ ပိုပြီးကျယ်ပြန့်ထိရောက်အောင် ဆောင်ရွက်ပေး ထားတဲ့စနစ်မျိုးကို Crowd Sourcing စုပေါင်းဆောင်ရွက် ခြင်းစနစ်လို့ ခေါ်ပါတယ်။ စာအုပ်ထုတ်ပြီး ရောင်းတယ် ဆိုတဲ့ကိစ္စ၊ ငယ်ငယ်တုန်းက ကဗျာစာအုပ်ထုတ်တဲ့ ကိစ္စ၊ အခုအလှူငွေစုပြီးလှူတဲ့ကိစ္စ စတာတွေကအစ မိမိ ပတ်ဝန်းကျင်နဲ့ နိုင်ငံအတွက်အကျိုးရှိဖို့ အသွင်သစ်နဲ့ ပိုပြီးထိရောက်အောင်၊ ပိုပြီးကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်ချင်သူတိုင်းအတွက် Crowd Sourcing စုပေါင်း ဆောင်ရွက်ခြင်းစနစ်တွေ ရှိနေပါတယ်။

အစီအစဉ်မှူး ။ ။ စုပေါင်းဆောင်ရွက်ခြင်း စနစ်ကို

အသုံးပြုရင် မြန်မာနိုင်ငံမှာ ဘယ်လို ပြဿနာတွေကို ဖြေရှင်းပေးနိုင်သလဲဆိုတာ ဆွေးနွေး ပေးပါဦး။

ဦးအောင်ကိုကိုသက် ။ ။ လက်တွေ့မှာ တစ်ဦးတည်း၊

တစ်ယောက်တည်း လုပ်ရင် အခက်အခဲတွေ အများကြီးရှိပါတယ်။ တစ်ခါတလေ ကျရင် ဒါက မိမိ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းနဲ့ နိုင်ငံ အတွက် အကျိုးရှိမယ့်ကိစ္စဆိုရင် ဒါမျိုးတွေကို ကိုယ်ထူ ကိုယ်ထစနစ်နဲ့ စုပေါင်းဆောင်ရွက်ခြင်းက ပြဿနာကို ပြေလည်စေတာ မှန်ပါတယ်။

ဒါပေမယ့် စုပေါင်းဆောင်ရွက်ခြင်းနဲ့ စနစ်ဆိုပြီး နှစ်ခု ခွဲရင် စုပေါင်းဆောင်ရွက်ခြင်းမှာ ပြဿနာတွေ အများကြီး ရှိနိုင်ပါတယ်။ နံပါတ်တစ် ပြဿနာက ဦးဆောင်စတင်သူပါ။ သူ့ရဲ့ ကောင်းတယ်ဆိုတဲ့ကိစ္စ၊ Idea, Concept ကို အများ နားလည်အောင် တင်ပြဖို့ ခက်ပါတယ်။ ဘယ်လိုပုံစံနဲ့ တင်ပြမလဲ၊ ဓာတ်ပုံတွေ ဘယ်လိုပြမလဲ၊ ဒါမှမဟုတ် Plan တွေ ရေးပြမလား ဒါက ခက်ပါတယ်။

ဒုတိယဖြစ်တဲ့ ပါဝင်ဆောင်ရွက်သူတစ်ယောက် အနေနဲ့ သူဘာလုပ်ရင် ဘာဖြစ်မယ်၊ ငွေထည့်ရင် ဘာထွက်လာမယ်၊ သူ့ရဲ့ အလုပ်နဲ့ ရလဒ်တွေကို ရှင်းလင်းစွာသိမြင်ဖို့ ခက်ပါတယ်။ နံပါတ်သုံးက ချိတ်ဆက် ဆောင်ရွက်စီစဉ်သူအတွက် အချိတ်အဆက်မိမိနဲ့ ထိရောက်အောင် ဆောင်ရွက်ပေးဖို့က ခက်ပါတယ်။ ဒီလိုပဲ ကြပ်မတ်ကွပ်ကဲသူ အစိုးရအနေနဲ့ မျက်ကွယ်မှာ ဘာတွေ ဖြစ်တယ်ဆိုတာ မသိဘူးဆိုရင်၊ အချက်အလက်တွေနဲ့ မြေပြင်အခြေအနေကို မသိဘူးဆိုရင် သူ့အနေနဲ့ စနစ် တကျဖြစ်အောင် စီစဉ်ပေးရတာ ခက်ပါလိမ့်မယ်။

ဘယ်သူက သာစေ၊ နာစေ ဆုံးဖြတ်ပေးရတာ ခက်ပါ လိမ့်မယ်။ အချက်အလက်တွေနဲ့ မြေပြင်အခြေအနေကို သိဖို့က ကြပ်မတ်ကွပ်ကဲသူက ခက်ပါတယ်။ ဒီလိုပဲ ဆော့ဖ်ဝဲလ်ရေးတတ်ရုံနဲ့ လုပ်လို့ မရပါဘူး။ နည်းပညာကို အသုံးချစီမံပေးမယ့်သူကလည်း အထက်က လေးယောက် အတွက်ကို အဆင်ပြေစေမယ့် စနစ်တစ်ခုကို Support လုပ်ပေးဖို့ ခက်ပါတယ်။

တခြားနိုင်ငံတွေနဲ့ တခြားနေရာတွေမှာ Crowd Sourcing သုတေသနတွေနဲ့ လက်တွေ့ စမ်းသပ်တာတွေ ကိုလည်း အမျိုးမျိုးလုပ်ကြပါတယ်။ နောက်ဆုံးထွက်လာ တဲ့ ရလဒ်အနေနဲ့ လွယ်ကူရိုးရှင်းထိရောက်တဲ့ Crowd Sourcing စနစ်တွေ ဖြစ်လာပါတယ်။

ဒီစနစ်တွေကို ကျွန်တော်တို့က တစ်ခါတည်း ယူသုံး လိုက်ခြင်းဖြင့် ခုနပြောတဲ့ ပြဿနာတွေကို တစ်ခါတည်း ဖြေရှင်းလိုက်ပြီးသား ဖြစ်ပါတယ်။ ဒီတော့ ပြောချင်တာက နှစ်ခုပါ။ တစ်ခုက ရှေးကနဲ့မတူတဲ့ အသွင်နဲ့ ပိုမိုမြန်ဆန် လွယ်ကူအောင် အလုပ်တွေကို ပြီးမြောက်အောင် ဆောင်ရွက်လို့ ရလာပါတယ်။ နံပါတ်နှစ်က ဒီလိုဆောင်ရွက် တဲ့အခါ ရှိတဲ့အခက်အခဲတွေကို နိုင်ငံတကာမှာ ခေတ်စား နေပြီးသား ဖြေရှင်းပုံနည်းစနစ်တွေနဲ့ ကျွန်တော်တို့က ဖြေရှင်းဖို့အတွက် အဆင်သင့်် ရလာပါတယ်။ ဒီနှစ်ခုကြောင့် မြန်မာနိုင်ငံမှာ မိမိပတ်ဝန်းကျင်နဲ့ နိုင်ငံအတွက် အကျိုးရှိ ဖို့ အသွင်သစ်နဲ့ ပိုပြီးထိရောက်အောင်၊ ပိုပြီးကျယ်ပြန့် ထိရောက်စွာ ဆောင်ရွက်ချင်သူတိုင်းအတွက် ရှေးကထက် စုပေါင်းလုပ်ကိုင်ခြင်းရလဒ်ကို အခွင့်အရေး ပိုရှိလာတယ် လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။