ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

Type
၃၃

 

 

ထက်လျှံ

 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါ သည်။

အစီအစဉ်မှူး။ ။ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါက

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အနှံ့ အပြားမှာ ကူးစက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကူးစက်မှုတွေ လျော့နည်းစေဖို့အတွက် ပြည်သူ လူထုအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေကို ယခုထက် ပိုမိုတိကျစွာ လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

အပတ်စဉ် တင်ဆက်ပေးနေတဲ့ ကိုဗစ် - ၁၉ အကြောင်းသိကောင်းစရာ အမေး / အဖြေ အစီအစဉ်က ပြည်သူတွေသိရှိလိုတဲ့ အကြောင်းအရာတွေကို ပါမောက္ခ ကြီးတွေ၊ သမားတော်ကြီးတွေနဲ့ ပညာရှင်တွေက ဆွေးနွေးတင်ပြလျက်ရှိပါတယ်။

အခုတစ်ပတ်မှာ ပါမောက္ခဒေါက်တာ တင့်တင့်ကြည် [ပါမောက္ခ(ဆေးပညာဌာန)၊ နေပြည် တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး]၊ ဒေါက်တာထွန်းမင်း [ညွှန်ကြား ရေးမှူး၊ တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး]နဲ့ ဒေါက်တာမြင့်ကျော် [ညွှန်ကြား ရေးမှူး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး] တို့က ပါဝင် ဆွေးနွေးကြမှာ ဖြစ်ပါ တယ်။ ပထမဦးဆုံး ဒေါက်တာထွန်းမင်းကို ဦးဆောင် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

ဒေါက်တာထွန်းမင်း ။ ။ ကျွန်တော့်အနေနဲ့ ကုသရေး

နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ကို ဖြေကြားပေးဖို့အတွက် ပါမောက္ခ ဒေါက်တာ တင့်တင့် ကြည်ကို ဖိတ်ခေါ်ပါတယ်။

ပါမောက္ခ ဒေါက်တာ တင့်တင့်ကြည်။ ။ ကျွန်မ အနေ

နဲ့ ကိုဗစ် ရောဂါ ရှာဖွေကုသရေးနဲ့ ပတ်သက်ပြီး အများပြည်သူ မေးမြန်းထားတဲ့ မေးခွန်းတွေကို ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ရောဂါ အခြေအနေက ပိုးဝင်ပြီး ဘယ်နှရက် လောက်ဆို သိသာလာပါသလဲဆိုတဲ့ မေးခွန်းကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။

လူတစ်ဦးက ရောဂါပိုးနဲ့ ထိတွေ့မှုရှိပြီး ၃ ရက်ကနေ ၅ ရက်အတွင်းမှာ ရောဂါလက္ခဏာ စပြီးပြတတ်ပါတယ်။ ရောဂါပျိုးရက်အတွင်းမှာ လက္ခဏာမပြဘဲ သူတစ်ပါးကို ကူးစက်စေနိုင်ပါတယ်။ ၅ ရက်ကနေ ၇ ရက်အတွင်း ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းတစ်ဆို့မှုဖြစ်ခြင်း၊ အနံ့မရခြင်းတွေ ဖြစ်တတ်ပါတယ်။ သွေးအတွင်း အောက်ဆီဂျင်ကျဆင်းမှုကို ၁၀ ရက်ကနေ ၁၁ ရက် အတွင်း သိရတတ်ပြီး ပိုဆိုးတဲ့လက္ခဏာတွေကို ၁၄ ရက် နောက်ပိုင်းကနေ ရက် ၂၀ အထိ တချို့လူတွေမှာ တွေ့ရ တတ်ပါတယ်။ အများစု ၈၀ ရာခိုင်နှုန်းက ၁၀ ရက်အတွင်း မှာ ပြန်လည်ကောင်းမွန်တတ်ပါတယ်လို့ ဖြေကြား လိုပါတယ်။

Rapid Test Kit တွေနဲ့ အမြန်ဆုံးစစ်ဆေးနိုင်ရဲ့သားနဲ့ အာခေါင်တို့ဖတ် ဘာလို့ယူနေရ သလဲဆိုတဲ့ မေးခွန်းနဲ့ စပ်လျဉ်းပြီး Rapid Test Kit နဲ့ စစ်ဆေးမယ်ဆိုရင် ဘယ်လိုဖြစ်ဖြစ်၊ RTCR နဲ့ စစ်စစ်၊ Rapid Test Kit နဲ့စစ်စစ် ကျွန်မတို့အနေနဲ့ ကိုဗစ်ရောဂါပိုး အများဆုံးရှိနိုင်တဲ့ နေရာ ဖြစ်တဲ့ နှာခေါင်းတို့ဖတ်၊ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တို့ အပေါ်မှာ နမူနာယူရတာဖြစ်ပါတယ်။ သွေးကနေ ယူလို့မရ ကြောင်း ဖြေကြားလိုပါတယ်။ နှာခေါင်းထဲကို တုတ်တံနဲ့ ထိုးပြီး ယူရတယ်ဆိုတော့ နာကျင်မှုရှိတာကို ကျွန်မတို့ နားလည်ပါတယ်။ မနာအောင် အထူးဂရုစိုက်ပြီး မနာ အောင် ယူကြရတာဖြစ်ပါတယ်။

တံထွေးကနေ စစ်လို့ရပါသလား ဆိုပြီးမေးထားတာ ရှိပါတယ်။ တံထွေးကနေလည်း စစ်လို့ရပါတယ်။ တံထွေး အရည်မှာလည်း ဗိုင်းရပ်စ်ပိုးတွေကို တွေ့နိုင်ပေမယ့် ရောဂါတွေ့ရှိမှုနှုန်းက အာခေါင်၊ နှာခေါင်း တို့ဖတ်ယူတဲ့ အခါမှာ တွေ့ရှိရတာထက် မများတဲ့အတွက်ကြောင့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကို ယူခြင်းဖြင့်သာ စစ်ဆေးနေရတာဖြစ်ပါတယ်။

သွေးစစ်ကြည့်ရင် ရောဂါအကြောင်း မသိနိုင်ဘူးလား မေးခွန်းနဲ့စပ်လျဉ်းပြီး ရောဂါ ရှိ / မရှိ၊ ရောဂါကို ရှာဖွေ အမည်တပ်ဖို့ဆိုရင် သွေးကိုစစ်ဆေးခြင်း မရှိပါဘူး။ နှာခေါင်းတို့ဖတ်နဲ့ အာခေါင်တို့ဖတ်ကို ယူပြီး စစ်ဆေး လေ့ရှိပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားပြီး နာလန်ထတဲ့ အချိန် သူ့ဆီမှာ ရောဂါပြီးဓာတ်(ပဋိပစ္စည်း) ဘယ်လောက် ရှိတယ်ဆိုတာကို သွေးဖောက်စစ်ဆေးကြည့်ရှုမှ သိနိုင် ကြောင်း ဖြေကြားလိုပါတယ်။

ကိုဗစ်-၁၉ ကြောင့်ဖြစ်တဲ့ မကျန်းမာမှုက ဘဝတစ်ခု လုံးကို ဖြစ်နိုင်ပါသလား မေးခွန်းနဲ့ စပ်လျဉ်းပြီး ကိုဗစ်-၁၉ ရောဂါကို လူတွေဖြစ်ကြတဲ့အခါမှာ ပုံစံ ၃ မျိုးရှိပါတယ်။ တချို့က သိပ်မဆိုးပါဘူး၊ မသိမသာ ခံစားရပါတယ်။ တချို့က ဆိုးပါတယ်။ တချို့က တော်တော်ကို ဆိုးပါတယ်။ ခန္ဓာကိုယ်ရဲ့ ဗိုင်းရပ်စ်ပေါ်မှာ တုံ့ပြန်တဲ့၊ တုံ့ပြန်မှုပေါ်မှာ မူတည်ပြီး လူရဲ့ခန္ဓာကိုယ်က ပြင်းထန်မှုတွေ ခံစားရတဲ့ အခါမှာ အဆုတ်၊ နှလုံးနဲ့ တချို့အာရုံကြောတွေမှာပါ ဗိုင်းရပ်စ်က ထိခိုက်တဲ့အတွက်ကြောင့် နာလန်ထမှာ နောက်ဆက်တွဲ ဝေဒနာတွေ ခံစားကျန်ရစ်နိုင်ကြောင်း ဖြေကြားလိုပါတယ်။ ဒီဗိုင်းရပ်စ်ပိုးက HIV ဗိုင်းရပ်စ်ပိုးလို ခန္ဓာကိုယ်မှာ တစ်သက်လုံး ရှိနေလား၊ မရှိနေဘူးလား ဆိုတာကို အတိအကျ မပြောနိုင်ပါဘူး။ ပြောဖို့အတွက် စောနေသေးတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ကာကွယ်ဆေးထုတ်သူတွေ အမျိုးအစားသတ်မှတ် ထားတဲ့ ဆေး ၂ ကြိမ်ထိုးပြီးတဲ့ လူတစ်ယောက်က အချိန် ဘယ်လောက်အထိ ဒီရောဂါကို ကာကွယ်ထားနိုင်ပါသလဲ မေးခွန်းနဲ့စပ်လျဉ်းပြီး ကာကွယ်ဆေးက ထုတ်လုပ်မှုပုံစံ အပေါ်မှာ မူတည်ပြီး အမျိုးမျိုးရှိပါတယ်။ ဒုတိယအကြိမ် ဆေးထိုးပြီးမှသာ ရောဂါကို ခံနိုင်ရည်ရှိတဲ့ဓာတ်တွေ ထွက်လာတာ ဖြစ်ပါတယ်။ ဒါက ဘယ်လောက်အထိ ခံမလဲဆိုတဲ့ မေးခွန်းအတွက် အထောက်အထားတွေ လုံလောက်စွာ မရှိသေးကြောင်း ဖြေကြားလိုပါတယ်။

ကိုဗစ်ရောဂါဖြစ်သူက နောက်ထပ် မကူးနိုင်တော့ဘူး လား၊ နောက်ထပ် ကူးနိုင်သလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက် ပြီး ကမ္ဘာပေါ်မှာ လူ ၇၆ သန်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး ဖြစ်ပါတယ်။ ဒီထဲမှာ တချို့က ကိုဗစ် ရောဂါပိုး ထပ်မံဝင်ရောက်တဲ့ အထောက်အထားတွေ ရှိပါ တယ်။ အခု အချိန်အထိ ကိုဗစ်ရောဂါပိုး ကူးတဲ့သူတွေကို စောင့်ကြည့်တဲ့ စစ်တမ်းတွေမှာ ရက် ၉၀ အထိ ရောဂါ ခုခံဓာတ်တွေ သူတို့ခန္ဓာကိုယ်ထဲမှာရှိကြောင်း သိရပါ တယ်။ နောက်ဆုံးစစ်တမ်း တစ်ခုက ကျန်းမာရေးဝန်ထမ်း တွေကို စောင့်ကြည့်တဲ့ စစ်တမ်းဖြစ်ပါတယ်။ အဲဒီကျန်းမာ ရေးဝန်ထမ်းတွေ ကိုဗစ်ရောဂါဖြစ်ပြီး နောက်ထပ် ၆ လအထိ သူတို့မှာ ရောဂါပိုး ထပ်မံဝင်ရောက်မှု မရှိ ကြောင်း သိရှိရပါတယ်။

ပန်းနာရင်ကျပ် ရောဂါအခံရှိတဲ့သူ ကိုဗစ်ရောဂါဖြစ်ရင် ပိုဆိုးပါသလား မေးခွန်းနဲ့စပ်လျဉ်းပြီး ပန်းနာရင်ကျပ် ရောဂါအခံရှိတဲ့သူ ကိုဗစ်ရောဂါဖြစ်ရင် ပိုဆိုးတယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ ပိုဆိုးနိုင်တဲ့ အနေအထား အခြေအနေတွေက အသက်ကြီးတဲ့သူတွေ၊ သွေးတိုးနဲ့ ဆီးချို ရောဂါရှိတဲ့ သူတွေ၊ နှလုံးအားနည်းတဲ့သူတွေ၊ သွေးထဲမှာ အဆီဓာတ်များတဲ့သူတွေ၊ အဝလွန်ရောဂါရှိတဲ့ သူတွေ၊ ကင်ဆာရောဂါရှိတဲ့သူတွေ၊ နာတာရှည် ကျောက်ကပ် ရောဂါရှိတဲ့သူတွေ၊ ခန္ဓာကိုယ် အစားထိုး လဲလှယ်ပြီး နာတာရှည်ဆေးသောက်နေရတဲ့သူတွေမှာ သူတို့ရောဂါအခံတွေကြောင့် ကိုဗစ်ရောဂါ ဖြစ်ရင် ပိုမိုဆိုး ရွားတဲ့ အခြေအနေဖြစ်လာတတ်ပါတယ်လို့ ဖြေကြားလို ပါတယ်။

ကိုဗစ်ရောဂါဖြစ်ပြီး ဆေးရုံကနေ ပြန်လာတဲ့သူတွေ ဘာဆက်လုပ်သင့်တယ်၊ ဘာဆေးတွေ သောက်သင့်လဲ ဆိုတာ ဖြေကြားပေးပါ မေးခွန်းနဲ့စပ်လျဉ်းပြီး ကိုဗစ်ရောဂါ ဖြစ်ပြီး ပြန်လာတဲ့သူတွေအတွက် အထူးဆေးအနေနဲ့ ရေရှည်သောက်ဖို့ မရှိပါဘူး။ ဒါပေမယ့် ဆေးရုံကပြန်လာပြီး သာမန်မဟုတ်တဲ့ ရောဂါဆိုးဆိုးရွားရွားဖြစ်ပြီး နာလန် ပြန်ထတဲ့သူတွေအတွက် နာလန်ထ အစီအစဉ်တွေ သေသေချာချာ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒီအထဲမှာ သိသာထင်ရှားတာက အသက်ရှူလေ့ကျင့်ခန်းတွေ၊ ကြွက်သားအားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေး ဖို့ လိုပါတယ်။ နောက် လက်ဆေးခြင်း၊ နှာခေါင်းစည်း အသုံးပြုခြင်း၊ ခပ်ဝေးဝေးနေထိုင်ခြင်းဆိုတဲ့ အပြုအမှုတွေ ကိုလည်း ဆက်လက်ကျင့်သုံးနေဖို့ လိုပါတယ်။

ရောဂါဖြစ်ထားတဲ့အတွက် မိမိမှာ စိတ်အားငယ်တာနဲ့ စိတ်ပူပန်တာတွေလည်း ရှိတတ်တဲ့အတွက်ကြောင့် စိတ်ခွန်အားဖြစ်စေတဲ့ အခြေအနေတွေကိုလည်း ဖန်တီး ပေးရမှာ ဖြစ်ပါတယ်။ မိမိ ဘဝမှာ မိမိ ဘယ်လိုနေထိုင်သွား မလဲဆိုတဲ့ အစီအစဉ်တွေကို ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး စိတ်ခွန်အားတက်အောင် လုပ်ကိုင်ဆောင်ရွက်ပေးကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း ဖြေကြားလိုပါတယ်။

ဒေါက်တာထွန်းမင်း ။ ။ ဆက်လက်ပြီး ပြည်သူ့

ကျန်းမာရေးနဲ့ ကပ်ရောဂါဗေဒ ဆိုင်ရာ မေးခွန်းတွေကို ဖြေကြားပေးဖို့အတွက် ဒေါက်တာ မြင့်ကျော်ကနေ ဖြေကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။

ဒေါက်တာမြင့်ကျော် ။ ။ ကျန်းမာရေး အသိပညာပေး

အစီအစဉ်တွေက အလွန် ကောင်းပါတယ်။ အသိပညာတွေ မျှဝေပေးတဲ့အတွက် ပြည်သူလူထုရဲ့ ကျန်းမာရေးက မြင့်တက်လာမှာလည်း အသေအချာဖြစ်ပါတယ်။ Healthy Life Style ကို ခြုံငုံ သုံးသပ်ပေးစေလိုပါတယ် ဆိုတဲ့ မေးခွန်းနဲ့ စပ်လျဉ်းပြီး ကျန်းမာရေးနဲ့ လျော်ညီတဲ့ လူနေမှုဘဝပုံစံ (Healthy Life Style) က ကျန်းမာခြင်း၊ အသက်ရှည်ခြင်းတို့အတွက် အခြေခံကျပြီး အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီ Healthy Life Style ထဲမှာ ကျန်းမာရေးနဲ့လျော်ညီတဲ့ အစားအစာတွေ၊ အစာအာဟာရတွေကို မျှတစွာစားသုံးဖို့ လိုပါတယ်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အချို၊ အဆီ၊ အငန်၊ ဓာတု ဗေဒဆေးဆိုးထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ကြရ မှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးဆိုတဲ့ အတိုင်း သင့်လျော်တဲ့ လေ့ကျင့်ခန်းတွေကိုလည်း နေ့စဉ် လုပ်ပေးဖို့လိုပါမယ်။ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ ဆေးလိပ်၊ ကွမ်းယာနဲ့ အရက်သေစာ၊ မူးယစ်ဆေးဝါးတွေ ကိုလည်း ရှောင်ကြဉ်ကြရမှာ ဖြစ်ပါတယ်။

ရင်သွေးငယ်တွေကိုလည်း မွေးကင်းစမှ အသက် နှစ်နှစ်အထိ မိခင်နို့တိုက်ကျွေးခြင်းကိုလည်း မြှင့်တင်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ဒီနေ့ကာလက ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါနဲ့ ရင်ဆိုင်ကြရချိန် ဖြစ်တာကြောင့် အသက် ရှည်ခြင်း၊ ကျန်းမာခြင်း၊ ရောဂါဘယကင်းဝေးခြင်းတို့ အတွက် နှာခေါင်းဖုံး၊ ပါးစပ်ဖုံးလို့ခေါ်တဲ့ Mask တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်းနဲ့ လူတစ်ဦးနဲ့ တစ်ဦးအကြား ၆ ပေအကွာနေထိုင်ခြင်းစတဲ့ New Normal လူနေမှု ဘဝသစ်ပုံစံသစ်ကိုလည်း လိုက်နာနေထိုင်ဖို့ အထူး လိုအပ် ပါတယ်လို့ ဖြေကြားလိုပါတယ်။

နောက်ဆုံးအနေနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီး သူကတစ်ဆင့် အခြားသူတွေကို ကူးစက်နိုင်ပါသလား၊ ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာ ကာကွယ်ဆေး နှစ်ကြိမ် ပြည့်သွားရင် Mask ကို ဆက်ပြီး တပ်ဆင်ရမှာလား။ လက်ကိုမကြာခဏ ဆက်ဆေးနေရဦးမှာလား။ လူတစ်ဦး နဲ့ တစ်ဦး အကြား ၆ ပေအကွာ ဆက်နေရဦးမှာလား။ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရတယ်ဆိုတာ ဘယ်လိုပါလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ကိုဗစ် ကာကွယ်ဆေးထိုးထားပြီး သူကတစ်ဆင့် အခြားသူတွေကို ကူးစက်နိုင်သေးသလားဆိုတဲ့ မေးခွန်း အတွက် ကူးစက်နိုင်တယ်၊ မကူးစက်နိုင်ဘူးဆိုတာ ယနေ့

အထိ ရှင်းလင်းတိကျတဲ့ အဖြေ၊ ရှင်းလင်းတိကျတဲ့ သုတေသနတွေ့ရှိချက် မရှိသေးပါဘူး။ ဒါဟာ ကိုဗစ် ကာကွယ်ဆေးထိုးထားပြီးပေမယ့် သူ့ဆီမှာ ပိုးသယ် ဆောင်ထားနိုင်ပြီး ကျန်တဲ့သူတွေကို ကူးနိုင်တယ်ဆိုတာ ကြိုတင် ထင်မြင်ယူဆချက်တွေသာ ဖြစ်ပါတယ်။ တိကျတဲ့ အဖြေရရှိဖို့အတွက်တော့ အချိန်ယူစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံး Mask ကို ဆက်တပ်ရမှာ ဖြစ်ပါ တယ်။ လက်ကို မကြာခဏ ဆက်ဆေးကြရပါမယ်။ လူ တစ်ဦးနဲ့တစ်ဦးလည်း ခပ်ခွာခွာဆက်နေကြရမှာ ဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွမ်းကျင်သူတွေ ကိုယ်တိုင် ကာကွယ်ဆေးဟာ ဘယ်လောက်အစွမ်းရှိတယ်၊ ဘယ် အချိန်၊ ဘယ်ကာလအထိ ကာကွယ်နိုင်တယ်ဆိုတာ လေ့လာဆဲ ဖြစ်ပါတယ်။ ကာကွယ်ဆေးရဲ့ အာနိသင်ဟာ ဘယ်လောက်အထိကြာမယ်လို့ လောလောဆယ်မပြောနိုင် သေးပါဘူး။

ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ Mask ကို ဆက် တပ်ရမှာဖြစ်ပါတယ်။ လက်ကို မကြာခဏ ဆေးကြရမှာ ဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦးလည်း ခပ်ခွာခွာနေဖို့ ဆက်လက်လုပ်ဆောင် ရမှာဖြစ်ပါတယ်။ ကာကွယ်ဆေး အစွမ်း ဘယ်လောက်ရှိတယ်၊ အချိန်ကာလဘယ်လောက် အထိ ကာကွယ်နိုင်တယ်ဆိုတာ သိလာပြီးတဲ့အချိန်၊ လူတွေတော်တော်များများ ကာကွယ်ဆေး ထိုးနှံပြီးပြီလဲ၊ ကူးစက်မှု ဘယ်လောက်လျော့နည်းအောင် ဒီကာကွယ် ဆေးက လုပ်နိုင်ပြီလဲဆိုတာ သိရှိလာတဲ့တစ်နေ့မှာ ဒီအချက်တွေကို ဖြေလျှော့ဖို့ ဆုံးဖြတ်နိုင်မယ်လို့ ပညာရှင် တွေက ဆိုပါတယ်။ လက်ရှိအခြေအနေမှာတော့ ကာကွယ် ဆေးကိုလည်း ထိုးထား၊ လိုက်နာရမယ့် ကိစ္စတွေကိုလည်း ဆက်လက်လိုက်နာ၊ နှစ်ခုစလုံးပေါင်းလုပ်ခြင်းသည်သာ ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးအတွက် အကောင်းဆုံးလို့ ဆိုပါတယ်။

နောက်ထပ် လူအုပ်စုအလိုက် ကိုယ်ခံအား ရခြင်း ဆိုတာကို ကျွန်တော် ဆက်လက်ဆွေးနွေးလိုပါတယ်။ ကာကွယ်ဆေးကြောင့်ပဲရရ၊ ရောဂါဖြစ်ပြီးသွားလို့ပဲ ကိုယ်ခံအားရရ လူတွေကို ရောဂါပိုးက ဆက်လက်မပြန့် နိုင်တော့တဲ့ အခြေအနေကို လူအုပ်စုအလိုက် ကိုယ်ခံအား ရခြင်း Herd Immunity လို့ခေါ်ပါတယ်။ ဒီလို လူအုပ်စု အလိုက် ကိုယ်ခံအားရခြင်းကို ရောက်သွားရင်တော့ ဒီရောဂါပိုးဟာ ဆက်လက်မကူးစက်၊ မပျံ့နှံ့နိုင်ပါဘူး။

လူအုပ်စုအလိုက် ကိုယ်ခံအား ရခြင်း Herd Immu-nity ကိုရပြီးတဲ့ လူအုပ်စုအတွင်းမှာ ဒီလူအုပ်စုအတွင်းမှာရှိ တဲ့ ရောဂါမဖြစ်သေးတဲ့သူတွေဟာ ရောဂါမကူးနိုင်ပါဘူး။ ဒါပေမယ့် ဒီအခြေအနေ ဘယ်တော့ရောက်မလဲဆိုတာကို ဘယ်ကျွမ်းကျင်ပညာရှင်ကမှ တိတိကျကျ မပြောနိုင် ပါဘူး။ လူတွေရဲ့ ဘယ်နှရာခိုင်နှုန်းလောက် ရောဂါဖြစ်ပြီး သွားတဲ့အချိန်ကျမှ လူအုပ်စု ကိုယ်ခံအားရခြင်း အခြေ အနေကို ရောက်တယ်ဆိုတာကလည်း ရောဂါတစ်ခုနဲ့ တစ်ခု မတူပြန်ပါဘူး။ ဒီအချက်အလက်တွေကြောင့် ကျွန်တော်တို့ လူသားအားလုံးက လက်ရှိကာလမှာ လူ့ အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ စားဝတ်နေရေး၊ အသက်ရှင်ရပ်တည်ရေးအတွက် နေ့စဉ်ဘဝတွေကို ဖြတ် သန်းရင်း ကိုဗစ်-၁၉ နဲ့အတူ ယှဉ်တွဲနေထိုင်ကြရမှာ ဖြစ်ပါ တယ်။

ကျွန်တော်တို့အားလုံး ကာကွယ်ဆေးကို စောင့်ရင်း၊ ကိုဗစ်ကာကွယ်ရေးအတွက် Mask ကို ဆက်တပ်ကြပါဦး၊ လက်ကိုလည်း မကြာခဏဆက်ဆေးကြပါဦး၊ လူတစ်ဦးနဲ့ တစ်ဦးလည်း ခပ်ခွာခွာဆက်နေကြပါဦး၊ ဒီလိုလိုက်နာရ မယ့် အချက်တွေကို ကျွန်တော်တို့ ကိုယ်စီလိုက်နာဖို့ လိုသလို အခြားသူတွေ လိုက်နာနိုင်ဖို့အတွက် ဒီအသိ တွေကို ဆက်လက်ဖြန့်ဝေပေးကြပါဦး၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မလိုက်နာသူတွေ တွေ့တဲ့အခါလည်း လိုက်နာကြဖို့ သတိဆက်ပြီးပေးကြပါဦးလို့ တိုက်တွန်း နှိုးဆော်လိုပါတယ်။ မြန်မာပြည်တစ်ဝန်း၊ ကမ္ဘာတစ်ဝန်း မှာရှိတဲ့ ပြည်သူလူထုအပေါင်း ကိုဗစ်ကပ်ဘေးအန္တရာယ်မှ ကျော်လွှားနိုင်ကြပါစေ။

ဒေါက်တာထွန်းမင်း ။ ။ ဆက်လက်ပြီး ယာဉ်မောင်း

ချိန် တိုးမြှင့်ပေးရန် ရှိ / မရှိ နဲ့ ဆေးစစ်ချက် အဖြေရရန် ၁၀ နာရီကြာ စောင့်ဆိုင်းရတာ၊ Lockdown နဲ့ဆိုတော့ ၂၂ နာရီ အလဟဿ ဖြစ်နေတယ် ဆိုပြီး မေးမြန်းထားတာ ဖြစ်ပါတယ်။

ယာဉ်မောင်းတွေကို RDT (Rapid Diagnostic Test) နဲ့စစ်ဆေးပြီးချိန်ကစပြီး ၃ ရက်အထိ ပေးထားပါတယ်။ RDT နဲ့ စစ်ဆေးပြီး အဖြေရရှိဖို့အတွက် စစ်ဆေးချိန် ၂ နာရီ ကနေ ၃ နာရီလောက်အထိ စောင့်ရပါတယ်။ ဒါပေမယ့် ယာဉ်အသွားအလာများတဲ့ လမ်းကြောင်းနဲ့ ယာဉ်မောင်း တွေ၊ ယာဉ်နောက်လိုက်တွေများတဲ့ စစ်ဆေးရေးဂိတ် တွေမှာ အလှည့်ကျ တန်းစီစောင့်ရတဲ့အတွက် အချိန် အနည်းငယ် ကြာနိုင်ပါတယ်။

နောက်ထပ်မေးခွန်းက ရန်ကုန်ကနေ နယ်ကို နေ့ချင်းပြန်သွားလာခွင့် မည်သည့်ရက်မှာ သွားလာနိုင် မယ်ဆိုတာကို သိရှိလိုပါတယ်။ ကွာရန်တင်းဝင်ရန် လို/မလိုကိုလည်း သိရှိလိုပါတယ်လို့ မေးထားပါတယ်။ လက်ရှိ အခြေအနေမှာ ရန်ကုန်ကနေ နယ်ကို နေ့ချင်းပြန် သွားလာခွင့်ကို ခွင့်မပြုပါဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေကို သွားရောက်ရင် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် တိုင်းဒေသကြီးတွေက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ကွာရန်တင်း ဝင်ရမှာဖြစ်တဲ့ အတွက် နေ့ချင်းပြန် သွားခွင့်မပြုသေးကြောင်း ဖြေကြား လိုပါတယ်။

နောက်မေးခွန်းက လက်ရှိ Stay at Home သတ်မှတ် ထားတဲ့ မြို့နယ်တွေရဲ့ စာရင်းကို မေးမြန်းထားပါတယ်။ လက်ရှိ Stay at Home သတ်မှတ်ထားတာက ရန်ကုန် တိုင်းဒေသကြီးမှာ ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်မြို့ နယ်တွေမှာဆိုရင် ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ရပ်ကွက် ၆ ခု၊ တွံတေးမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၈ ခု၊ ကွမ်းခြံကုန်းမြို့နယ်မှာဆိုရင် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၁ ခုနဲ့ ကျန်တဲ့မြို့နယ်အားလုံးကို Stay at Home အဖြစ် သတ်မှတ်ထားပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ ၇ မြို့နယ်ကို သတ်မှတ် ထားပါတယ်။ ပဲခူးတိုင်းဒေသကြီးမှာ ပဲခူးမြို့၊ ဧရာဝတီ တိုင်းဒေသကြီးမှာ ပုသိမ်မြို့နယ်နဲ့ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်လုံးကို သတ်မှတ်ထားပါတယ်။ ကချင် ပြည်နယ် ဖားကန့်မြို့နယ်မှ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၈ ခုကို Stay at Home မြို့နယ်တွေအဖြစ် သတ်မှတ်ထား ကြောင်း ဖြေကြားလိုပါတယ်။

နောက်တစ်ခုက ခရီးသွားချင်လို့ မြစ်ကြီးနားကို သွားလို့ရပါသလား။ ကိုဗစ်စစ်ရင် ဘယ်မှာ စစ်ရမှာလဲလို့ မေးထားတာဖြစ်ပါတယ်။ မြစ်ကြီးနားကို လေကြောင်း ခရီးနဲ့သွားလိုပါက လေယာဉ် မစီးမီ ၃၆ နာရီကြိုတင် RDT နဲ့ စစ်ဆေးပြီး အဖြေ Negative ရမယ်ဆိုရင် သွားရောက်နိုင်ပါတယ်။ ရန်ကုန်မြို့က သွားရောက်မယ့်သူ တွေအတွက် အောင်မင်္ဂလာအဝေးပြေးယာဉ်ဝင်းမှာရှိတဲ့ ဒေသန္တရ ကျန်းမာရေးဌာနနဲ့ ဆူးလေဘုရားအနီးမှာရှိတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းရုံးတွေမှာ စစ်ဆေးပေးနေပါ တယ်။ မန္တလေးမြို့မှာ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးတွေမှာ စစ်ဆေးပေးလျက်ရှိ ကြောင်း ဖြေကြားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကပြောတဲ့ လက်ရှိ ရပ်ကွက်ကျေးရွာအလိုက် Stay at Home ဆိုတာ ဘာလိုဆိုလိုတာလဲ၊ ဘယ်လိုလုပ်မှာလဲ၊ အခုရော လုပ်နေ ပြီလားဆိုပြီး မေးမြန်းထားပါတယ်။ ရပ်ကွက်ကျေးရွာ အလိုက် Stay at Home ဆိုတာ တချို့မြို့နယ်တွေမှာ ရောဂါကူးစက်ဖြစ်ပွားမှုက တစ်မြို့နယ်လုံးဖြစ်ပွားတာ မဟုတ်ဘဲ ရပ်ကွက် သို့မဟုတ် ကျေးရွာအချို့မှာသာ ကူးစက်မှုဖြစ်ပွားတာဖြစ်ပါတယ်။

ဒီကူးစက်မှုဖြစ်နေတဲ့ ရပ်ကွက်ကျေးရွာကိုသာ Stay at Home အဖြစ်သတ်မှတ်ပြီး ကျန်တဲ့ကူးစက်မှုမရှိတဲ့ ရပ်ကွက်၊ ကျေးရွာတွေကို ပုံမှန်အတိုင်း နေထိုင်သွားလာ လုပ်ကိုင်ခွင့် ပေးထားခြင်း ဖြစ်ပါတယ်။ ကူးစက်မှုမရှိတဲ့ အခြားရပ်ကွက်မှ လူတွေက သူတို့ရဲ့နေ့စဉ်လူနေမှုဘဝနဲ့ စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်မှုလျော့နည်းစေဖို့ ရည် ရွယ်ပြီး ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒါကို အချို့ သော မြို့နယ်တွေမှာ ကျင့်သုံးလျက်ရှိပါတယ်။

နောက်မေးခွန်းတစ်ခုက Positive လူနာကို အိမ်မှာ ထားပြီး ကုသမယ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုပြီး မေးထားပါ တယ်။ လက်ရှိအခြေအနေမှာ Positive ထွက်တဲ့လူနာ မှန်သမျှကို သက်ဆိုင်ရာ ပြည်သူ့ဆေးရုံတွေနဲ့ အသစ် တိုးချဲ့ဖွင့်လှစ်ထားတဲ့ ကိုဗစ်-၁၉ ကုသရေးစင်တာတွေမှာ လက်ခံပြီး ကုသပေးလျက်ရှိပါတယ်။ လက်ရှိအခြေအနေ မှာတော့ အိမ်မှာထားရှိပြီး ကုသခြင်းမျိုးကို ဆောင်ရွက် ခြင်း မရှိပါဘူး။

အစားအသောက်ကုန်ပစ္စည်းကနေ ကူးစက်နိုင် သလားဆိုပြီး မေးထားပါတယ်။ လက်ရှိ သုတေသနပြုချက် တွေအရ စားသောက်ကုန်ပစ္စည်းကနေ တိုက်ရိုက်ကူးစက်မှု ကို ခိုင်လုံတဲ့ အထောက်အထားတွေ မတွေ့ရှိရသေးပါဘူး။ ဒါပေမယ့် အစားအသောက်ကို ထုပ်ပိုးထားတဲ့ပစ္စည်းတွေ မှာ ရောဂါပိုးရှိသူက ကိုင်တွယ်ထိတွေ့မှုရှိရင် ထုပ်ပိုးပစ္စည်း ကနေ ကူးစက်နိုင်ခြေရှိတယ်လို့ ဖြေကြားလိုပါတယ်။

နောက်မေးခွန်းက ပိုက်ဆံကိုင်ပြီးရင် လက်ဆေးရင် ကောင်းသလား၊ အရက်ပြန်နဲ့ဆေးရင် ကောင်းသလား ဆိုပြီး မေးထားပါတယ်။ ရောဂါပိုးရှိသူက ပိုက်ဆံကို ကိုင်တွယ်ပြီးတော့ ရောဂါပိုး ပါလာနိုင်တဲ့အတွက် ပိုက်ဆံ ကို ကိုင်တွယ်ပြီးတဲ့အခါ လက်ကို ဆပ်ပြာ၊ ရေနဲ့သော် လည်းကောင်း၊ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့်စင်ဆေးရည်နဲ့ ဆေးကြောနိုင်ကြောင်း ဖြေကြား လိုပါတယ်။

နောက်တစ်ခုက ကိုဗစ်ရောဂါကို နှာခေါင်းထဲထည့်ပြီး စစ်တဲ့ကိရိယာနဲ့ စစ်တာ တိကျပါသလားဆိုပြီး မေးထား ပါတယ်။ ကိုဗစ်-၁၉ အတွက်ကို နှာခေါင်းနဲ့ အာခေါင်တို့က တို့ဖတ်နမူနာရယူပြီး စစ်ဆေးတဲ့အခါ RT PCR လို့ခေါ်တဲ့ စနစ်နဲ့စစ်ဆေးမယ်ဆိုရင် ပိုပြီးတိကျမှန်ကန်တဲ့အဖြေကို ရရှိနိုင်ပါတယ်။ အချို့နေရာတွေမှာ Rapid Diagnostic Test Kit ကို အသုံးပြုပြီး စစ်ဆေးမယ်ဆိုရင် လတ်တလော ရောဂါကူးစက်မှုရှိနေတဲ့သူတွေမှာဆိုရင် ပိုပြီးစစ်ဆေးတွေ့ ရှိနိုင်ကြောင်း ဖြေကြားလိုပါတယ်။

နောက်မေးခွန်းတစ်ခုက ခရီးသွားမော်တော်ယာဉ် လိုင်းများ ဘယ်တော့ဖွင့်မလဲ သိချင်ပါတယ်၊ New Normal နဲ့ခရီးသွားရရင် ဘယ်လိုလုပ်ရမှာပါလဲဆိုပြီး မေးမြန်းထား ပါတယ်။ အခုအခါမှာ ပြည်တွင်းလေကြောင်းလိုင်းတွေကို ဒီဇင်ဘာ ၁၆ ရက်ကစပြီး သတ်မှတ်ထားတဲ့၊ ထုတ်ပြန် ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ပြေးဆွဲပေးနေပြီး ခရီးသည်တွေလည်း ခရီးသွားလာနေပြီဖြစ်ပါတယ်။ ရောဂါ ကူးစက်မှုအခြေအနေကိုစောင့်ကြည့်ပြီး ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့ကျလာတာနဲ့အမျှ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး ဗဟိုကော်မတီရဲ့ လမ်းညွှန်ဆုံးဖြတ်ချက်တွေနဲ့အညီ ခရီးသွားယာဉ်လိုင်း တွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

New Normal နဲ့ခရီးသွားတဲ့အခါမှာ အမြဲတမ်း Mask တပ်မယ်၊ ခရီးသည်တစ်ဦးနဲ့ တစ်ဦး လည်း သတ်မှတ်ထား တဲ့အကွာအဝေး ထိုင်မယ်။ ကားပေါ်မှာလည်း လက်သန့် ဆေးရည်တွေနဲ့ ဆေးမယ်။ ရောက်တဲ့နေရာတွေမှာလည်း လက်ဆေးမယ်။ ကားရပ်နားတဲ့စားသောက်ဆိုင်တွေမှာ လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ စားသောက် ပြီး ခရီးသွားလာရမှာဖြစ်ပါတယ်လို့ ဖြေကြားလိုပါတယ်။