
တွေ့ဆုံမေးမြန်း-သီသီမင်း၊ မင်းသစ်(MNA)/ဓာတ်ပုံ-ဥဂ္ဂါဖြိုး
ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တစ်ဦးကိုတစ်ဦး အချင်းချင်း အသိပေး၊ သတိပေးခြင်း မိသားစုစီမံချက်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ တစ်ဦးကိုတစ်ဦး အချင်းချင်း အသိပေး၊ သတိပေးခြင်း မိသားစုစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တွေ့ဆုံ မေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။
မေး ။ ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို
ထိန်းချုပ်ဖို့ တစ်ဦးကိုတစ်ဦး အချင်းချင်း အသိပေး၊ သတိပေးခြင်း မိသားစုစီမံချက် ဆောင်ရွက် သွားမယ့် အခြေအနေကို သိချင်ပါတယ်။
ဖြေ ။ ။ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ
ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းရဲ့ တာဝန်လို့ မယူဆစေလိုပါဘူး။ ပြည်သူလူထုတစ်ရပ်လုံး ကလည်း ကိုယ်ပိုင်အရေးလိုပဲ တာဝန်တစ်ရပ်လို့ ယူဆပြီး အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်မှပဲ ကိုဗစ်-၁၉ ကပ်ရောဂါကို အမြန်ဆုံးထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေအားလုံးရော၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ အားလုံးရော၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေရော၊ လူမှုရေးအဖွဲ့ တွေရော၊ ကုမ္ပဏီတွေရော၊ ပရဟိတအဖွဲ့တွေရော ဒါတွေမှာရှိတဲ့ ဝန်ထမ်းမိသားစုတွေအားလုံးက တက်တက် ကြွကြွနဲ့ ကိုယ့်အရေးလိုပဲ သဘောထားပြီး ပါဝင်ပူးပေါင်း ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလိုပူးပေါင်းပါဝင်ပြီးတော့ တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်း မိသားစု စီမံချက်ကို အမျိုးသားအဆင့် ကျန်းမာရေးလှုပ်ရှားမှု အသွင်နဲ့ ဆောင်ရွက်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကနေပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြခဲ့ ပါတယ်။ ဒီလိုတင်ပြတဲ့အခါ ဆောင်ရွက်ဖို့ ဝန်ကြီးဌာနကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ခွင့်ပြုခဲ့တဲ့အတွက်ကြောင့်မို့လို့ တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်း မိသားစု စီမံချက် ဖြစ်ပေါ်လာတာပါ။ ဒီဟာကို အမူအကျင့်အနေနဲ့ ပြောင်းလဲသွားဖို့ အမျိုးသားအဆင့် ကျန်းမာရေးလှုပ်ရှားမှု အသွင်နဲ့ အနည်းဆုံး နှစ်လလောက် ဆောင်ရွက်နိုင်ဖို့ အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ညွှန်ကြားထားပါတယ်။ ဒါကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူးတွေနဲ့ ကြပ်မတ်ဆောင်ရွက်သွားဖို့ ဖြစ်လာတာပါ။ ကနဦး တင်ပြရရင် တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်း မိသားစု စီမံချက်ပါ။ ဒါကို ဆောင်ရွက်ဖို့အတွက်လည်း ကျွန်တော်တို့ရဲ့ ဝန်ကြီးဌာနက ကျွန်တော်တို့ကို ဇန်နဝါရီ ၁၄ ရက်နေ့က အကြောင်းကြားလာတာဖြစ်ပါတယ်။
မေး ။ ။ တစ်ဦးကိုတစ်ဦး အချင်းချင်း အသိပေး၊
သတိပေးခြင်း မိသားစုစီမံချက်ကို ဘယ်လို ရည်ရွယ်ပြီး ဆောင်ရွက်တာလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ မိသားစုအဆင့်ကနေ အစပြုပြီးတော့ မိတ်ဆွေ
သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ၊ အိမ်နီးနားချင်း တွေ၊ လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပေး၊ သတိပေး ပြောကြားခြင်း ဖြင့် အဖွဲ့အစည်းတွေ၊ ဌာနတွေ၊ လူ့ပတ်ဝန်းကျင် ဒီဟာ တွေကို ရောဂါကာကွယ်ရေး အမူအကျင့်ကောင်းတွေ အဆင့်ဆင့် ပျံ့နှံ့ရောက်ရှိပြီးတော့ အဲဒီကနေတစ်ဆင့် တစ်နိုင်ငံလုံး ပျံ့နှံ့လွှမ်းခြုံပြီး ပြည်သူလူထုကလည်း အမူအကျင့်ပြောင်းလဲလာမှုတို့နဲ့အတူ ကိုဗစ်-၁၉ ရောဂါကို အမြန်ဆုံး ကာကွယ်ထိန်းချုပ်နိုင်ဖို့ဆိုပြီးတော့ ရည်ရွယ်ပြီး ဒီစီမံချက်ကို ဆောင်ရွက်တာဖြစ်ပါတယ်။
မေး ။ ။ တစ်ဦးကိုတစ်ဦး အချင်းချင်း အသိပေး၊
သတိပေးခြင်း မိသားစုစီမံချက်ကို ဘယ်လို ပုံစံနဲ့ ဆောင်ရွက်မှာလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ပြည်ထောင်စုဝန်ကြီးရုံးတွေ၊ ဌာနအဆင့်အဖွဲ့
အစည်းတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက လုပ်ငန်းတွေ၊ ကုမ္ပဏီတွေ၊ စက်ရုံ၊အလုပ်ရုံ အကုန်ပါပဲ။ အဲဒါတွေမှာရှိတဲ့ ဝန်ထမ်းတွေက ကိုယ့်မိသားစုဝင်တွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေ ဒါတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လူမှုကွန်ရက် စာမျက်နှာနဲ့ အင်တာနက် စာမျက်နှာတွေမှာ ဖော်ပြထားတဲ့ အသိပေး၊ သတိပေး ပြောကြားရမယ့် အချက် ၈ ချက်ရှိပါတယ်။ ဒီ ၈ ချက်ကို မျှဝေပြောကြား ရမှာဖြစ်ပါတယ်။ ဒီလို အစုတွေက အဖွဲ့အစည်းတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်မယ်ဆိုရင် အဲဒီအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေကို ဖော်ပြတဲ့ အချက် ၈ ချက်ကို အသိပေးခြင်း၊ လိုက်နာမှု မရှိဘူးဆိုရင် ဒါတွေကို အသိပေးခြင်းဆောင်ရွက်တာ အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ လူမှု ကွန်ရက်စာမျက်နှာနဲ့ အင်တာနက်စာမျက်နှာတွေကို မပျက်ကြည့်ရှုလေ့လာစေဖို့ သတိပေးခြင်းကို ပြည်သူလူထု တစ်ဦးဟာ သူ့ရဲ့တာဝန်တစ်ရပ်အနေနဲ့ကို ဆောင်ရွက်ကြ ရမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါက ကိုယ်ဖြစ်ကိုယ်ခံ ရောဂါမဟုတ်ဘူး။ ကိုယ်ဖြစ်လို့ရှိရင်လည်း ကိုယ့်ရဲ့အနီး ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကို ကူးစက်နိုင်တယ်ဆိုတဲ့ အချက်ကို ပြည်သူတွေအားလုံး မိသားစုဝင်တွေအားလုံး သိရှိနားလည်ပြီးတော့ ကောင်းမွန်တဲ့ခံယူချက်တွေနဲ့ တစ်ဦးကနေအများ ရောဂါကူးစက်ခံရမှု မရှိစေရေးက အလွန်အရေးကြီးပါတယ်။ ဒီနေရာမှာ အချင်းချင်း အသိပေး၊ သတိပေး ပြောကြားရမယ့်အချက်တွေကို ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။ ပြီးရင်လည်း မျှဝေရမှာဖြစ်ပါတယ်။ ဒီလို ကိုယ်တိုင် လိုက်နာခြင်း၊ မျှဝေခြင်းတွေကို အမျိုးသားရေးအသွင်နဲ့ အင်တိုက်အားတိုက် ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလိုသာ ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကို အမြန်ဆုံး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
မေး ။ ။ တစ်ဦးကိုတစ်ဦး အချင်းချင်း အသိပေး၊
သတိပေးခြင်း မိသားစုစီမံချက်မှာ အသိပေး သတိပေး ပြောကြားရမယ့် အချက် ၈ ချက်ကိုလည်း ရှင်းပြပေးပါ။
ဖြေ ။ ။ (၁) ကိုဗစ်-၁၉ ရောဂါက ပိုးရှိမရှိ အမြင်နဲ့
မသိနိုင်ပါဘူး။ ဒီအချက်ကို အသိပေးရမှာ ဖြစ်ပါတယ်။ ရောဂါပိုး တွေ့တဲ့သူတွေရဲ့ ၆၃ ရာခိုင်နှုန်း လောက်က ရောဂါလက္ခဏာ မပြပါဘူး။ သာမန်အတိုင်း နေထိုင်လို့ကောင်းတယ်။ ကျန်းကျန်းမာမာပါပဲ။ ကြည့်လိုက်ရုံနဲ့တင် အမြင်အားဖြင့် ရောဂါပိုးရှိတယ်လို့ မသိနိုင်ပါဘူး။ မသိနိုင်တဲ့အတွက်ကြောင့် ပိုပြီးအရေးကြီး ပါတယ်။ ရောဂါရှိတဲ့သူတွေကလည်း ကိုယ့်ထံမှာ ရောဂါ ရှိနေပေမယ့်လည်း မသိနိုင်ပါဘူး။ ဒီလိုမသိနိုင်ပါဘူး ဆိုတာကို ပြည်သူလူထုကို အသိပေးတာ ဖြစ်ပါတယ်။ ရောဂါပိုးရှိတယ်ဆိုတာ အမြင်နဲ့ မသိနိုင်ပါဘူးဆိုတာ အသိပေးရမှာ ဖြစ်ပါတယ်။
(၂) ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပုံကို ပြည်သူလူထုကို အသိပေးရမှာ ဖြစ်ပါတယ်။ ဘယ်လို ကူးစက်သလဲဆိုတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးပါတဲ့ အစက်အမှုန်လေးတွေက အသက်ရှူထုတ်ခြင်းကနေတစ်ဆင့် ၅ ပေလောက်အထိ ရောက်နိုင်ပါတယ်။ နောက်တစ်ခါ စကားကျယ်ကျယ် လောင်လောင်ပြောမယ်။ သီချင်းဆိုမယ် ဆိုရင်တော့ ပိုပြီးတော့ကို ကွာဝေးတဲ့ အကွာအဝေးအထိ ရောက်နိုင် တယ်။ ချောင်းဆိုးမယ်ဆိုရင် အဲဒီကနေတစ်ဆင့် တစ်စက္ကန့်ကို ၃၃ ပေနှုန်းနဲ့ ခြောက်ပေခွဲလောက်အထိ နှာချေလိုက်မယ်ဆိုရင် တစ်စက္ကန့်ကို ၁၆၄ ပေနှုန်းနဲ့ ၁၉ပေခွဲခန့်အထိ ပျံ့နှံ့ရောက်ရှိနိုင်ပါတယ်။ အဲဒီလိုရောက် နိုင်တဲ့ အခြေအနေမှာ အလွန်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ခါ ဘယ်လိုအခြေအနေမှာ အထူးသတိထား ရမလဲဆိုတော့ အလုံပိတ်အခန်းတွေ၊ အဲယားကွန်းအခန်း တွေ၊ လေဝင်၊ လေထွက်မကောင်းတဲ့ အခန်းတွေမှာ ရောဂါပိုးက ပိုပြီးလွယ်လွယ်ကူကူ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ နောက်ပြီး ဗိုင်းရပ်စ်ပိုးပါတဲ့ အစက်အမှုန်တွေက ရောဂါပိုး ရှိသူရဲ့ လက်မှာလည်း ကပ်နေနိုင်ပါတယ်။ အသက်ရှူ လမ်းကြောင်းကထွက်ရင်လည်း အဲဒီကနေတစ်ဆင့် အနီး ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေ အများသုံး ပစ္စည်း တွေပေါ်မှာ ကပ်တင်ကျန်ရှိနေပြီးတော့ အဲဒီအရာဝတ္ထု တွေကို ကိုင်တွယ်မိသူတွေ တခြားသူတွေရဲ့ လက်မှာ ဆက်လက်ကပ်ငြိနေမယ်ဆိုရင် စနစ်တကျ လက်မဆေးဘဲ နှာခေါင်းတို့၊ ပါးစပ်တို့၊ မျက်လုံးတို့ ကိုင်တွယ်မိမယ်ဆိုရင် ရောဂါပိုးကူးစက်နိုင်ပါတယ်။ ဒါကိုအသိပေးရမှာ ဖြစ်ပါ တယ်။
(၃)ကိုဗစ်-၁၉ရောဂါ အလွယ်တကူ ကူးစက်နိုင်တဲ့ အခြေအနေကို အသိပေးရမယ်။ Mask မတပ်ဘဲ တစ်ဦးနဲ့ တစ်ဦး ခြောက်ပေအတွင်း နီးကပ်စွာ ပြောဆိုဆက်ဆံခြင်း၊ ဝိုင်းဖွဲ့စကားပြောတာ၊ အတူစုဝေး စားသောက်တာ၊ မျက်နှာချင်းဆိုင် စားသောက်တာ၊ အလုံပိတ်အခန်းထဲ လေဝင် လေထွက် မကောင်းတဲ့အခန်းထဲ တခြားသူတွေနဲ့ နေထိုင်လုပ်ကိုင်တာတွေ လူစုလူဝေးရှိတဲ့နေရာကို သွားရောက်တာတွေ ဒါတွေက ကိုဗစ်-၁၉ ရောဂါ အလွယ် တကူ ကူးစက်နိုင်ပါတယ်။
(၄) ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာ ခံစားရနိုင်သူတွေ ဒါတွေကို အသိပေးထားတာပါ။ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူတွေရဲ့ ၉၂ ရာခိုင်နှုန်းခန့်မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာ စတဲ့ နာတာရှည်ရောဂါ အခံရှိတဲ့သူတွေ ဖြစ်တာကို တွေ့ရပါ တယ်။ အဲဒီသူတွေက ကူးစက်ခံရခြင်းကြောင့် သေဆုံးသူ တွေအနက် သေဆုံးပြီးမှ ဆေးရုံရောက်လာတဲ့သူက ၁၀ ရာခိုင်နှုန်းရှိတယ်။ ဆေးရုံကိုရောက်ပြီး ၂၄ နာရီအတွင်း သေဆုံးသူက ၂၁ ရာခိုင်နှုန်းရှိတယ်။ သေဆုံးသူတွေရဲ့ ၃၁ ရာခိုင်နှုန်းက ဆေးရုံကို အချိန်မီမရောက်တဲ့အတွက် သေဆုံးတာကို တွေ့ရတယ်။ အသက်ကြီးသူတွေနဲ့ ရောဂါ အခံရှိသူတွေ အိမ်ပြင်ကိုတော့ လုံးဝမထွက်ဘူး။ ဒါပေမယ့် အပြင်ထွက်နေတဲ့ အတူနေမိသားစုတွေကနေတစ်ဆင့် သူ့ဆီကို ရောဂါကူးစက်ခံရနိုင်တယ်။ အဲဒီလိုနဲ့ပဲ ရောဂါ ဖြစ်ပွားမှုတွေ တွေ့နေရပါတယ်။ အသက်ကြီးတဲ့သူတွေ၊ ရောဂါအခံရှိတဲ့သူတွေအနေနဲ့ အပြင်အထွက်များတဲ့ အိမ်သားတွေနဲ့ အနီးကပ်မနေသင့်ပါဘူး။ ဒါကို အသိပေး ရမယ်။
(၅) ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တချို့ဟာ အသက်ရှူရ အလွန်ခက်ခဲပါတယ်။ ခက်ခဲတဲ့အတွက် အထူးကြပ်မတ်ကုသဆောင်ထဲမှာ ကုသမှုအမျိုးမျိုး ပေးရပါတယ်။ အောက်ဆီဂျင်ပေးတာတွေ၊ ပိုက်ထည့်ပြီး တော့ အသက်ရှူကူတဲ့စက် တပ်ရတာတွေ၊ သွေးရည်ကြည် ကုထုံး စတာတွေနဲ့ ကုသရတာတွေရှိပါတယ်။ ရောဂါ ပြင်းပြင်းထန်ထန် ခံစားရရင်လည်း အသက်သေဆုံးတဲ့ အထိ ဖြစ်နိုင်တယ်။ ဒီလိုရောဂါ ပြင်းပြင်းထန်ထန် ခံစားရနိုင်တယ်ဆိုတာ ပြည်သူလူထုကို အသိပေးထားဖို့ လိုပါတယ်။
(၆)ကိုဗစ်-၁၉ ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ပေါ့။ ဆိုးကျိုးတွေဆိုရင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူတွေ ထဲကနေ တချို့ ရောဂါကပြန်လည်သက်သာပြီး ကောင်းမွန်လာတယ်။ ကောင်းလာတယ်ဆိုပေမယ့်လည်း ရေရှည်ဆိုးကျိုးအနေနဲ့က နှလုံး၊ အဆုတ်၊ ဦးနှောက်၊ အာရုံကြော၊ သွေးကြောတွေမှာ သွေးခဲတာတွေ၊ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်ခံစားရတာတွေ၊ အလွန်အမင်းမောပန်းတာ တွေ၊ ချောင်းဆိုးတာတွေ၊ နာတာရှည်ကျန်းမာရေးပြဿနာ တွေကို ခံစားနေရတယ်ဆိုတာ နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ တွေ့ရတယ်။ ဒါကိုလည်း အသိပေးရမယ်။
(၇)ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်နိုင်ဖို့ အတွက် ကာကွယ်ရေးနည်းလမ်းတွေကို အသိပေးရမယ်။ တက်နိုင်သမျှအိမ်မှာနေကြပါ။ အပြင်ထွက်ရင် Mask တပ်ကြပါ။ လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့သူတွေ အနေနဲ့ Face Shield ကိုပါ တွဲဖက်ပြီးတော့ အသုံးပြုဖို့ လိုပါတယ်။ Mask နဲ့ Face Shield မတပ်တဲ့ ဈေးရောင်းသူ တွေဆီကနေ ဈေးလုံးဝမဝယ်ပါနဲ့ဆိုပြီး အသိပေးမယ်။ ဈေးမသွားခင် ဈေးဝယ်မယ့်စာရင်းကို အိမ်မှာရေးပြီး စာရင်းလေးနဲ့ ဈေးကိုသွား။ ဈေးသွားတဲ့အချိန်မှာလည်း Mask တပ်ထားမယ်။ ဈေးမြန်မြန်ဝယ်ပြီး ပြန်မယ်။ ဒါတွေ လုပ်ဆောင်ဖို့လိုပါတယ်။ ဒီကာကွယ်ရေးနည်းလမ်းတွေက လိုက်နာရမှာပါ။ ဈေးထဲရောက်ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေအကွာ ခပ်ခွာခွာနေကြဖို့ လိုပါ တယ်။ ဈေးထဲသွားပြီး လူစုလူဝေး မဖြစ်သင့်ဘူး။ ဒါကို တော့ ဘယ်နေရာသွားသွား ရှောင်ကြရမှာဖြစ်ပါတယ်။ လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင် ဆေးကြောတာ ဒါတွေဟာ ကာကွယ်ရေးနည်းလမ်းတွေပါပဲ။ ဒါတွေကို အသိပေးသွားမယ်။
အကယ်၍ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူရ ခက်တာ၊ ရုတ်တရက် အနံ့အရသာ ပျောက်တယ်။ ဒီလို သံသယ လက္ခဏာတွေ ခံစားရမယ်ဆိုရင် ချက်ချင်း နီးစပ်ရာဆေးရုံ သွားရောက်ဖို့လိုပါတယ်။ ပြည်သူလူထု အနေနဲ့ကတော့ မိသားစုဝင်အချင်းချင်း၊ မိတ်ဆွေ အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း တစ်ဦးနဲ့တစ်ဦး အသိပေးပါ။ သတိပေးပါ။
(၈)ကာကွယ်ရေး နည်းလမ်းတွေကို လူတိုင်း မိသားစု တိုင်း ပါဝင်ဆောင်ရွက်နေဖို့ လိုပါတယ်ဆိုတာ ပြည်သူ လူထုကို အသိပေးမယ်။ ဒီလိုကာကွယ်ရေး နည်းလမ်း တွေကို လူတိုင်း မိသားစုတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်ခြင်းမရှိရင် အလွန်တရာ ထိန်းချုပ်ရန် ခက်ခဲတဲ့ အစုလိုက် အပြုံလိုက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတွေ ထပ်ကာထပ်ကာ ကြုံရလိမ့်မယ်။ အဲဒီလို ထပ်ကာထပ်ကာ ကြုံရမယ်ဆိုရင် မိသားစုဘ၀တွေ ထိခိုက်မယ်။ တစ်ဖက်မှာလည်း လူမှုရေးတွေ ထိခိုက်မယ်။ စီးပွားရေးတွေထိခိုက်မယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုက ထိခိုက်တော့မှာပါ။ ဒီဟာကို လူတိုင်း၊ မိသားစုတိုင်း ပါဝင်ဖို့လိုတယ်ဆိုတာကို တစ်ဦးကိုတစ်ဦး အသိပေးဖို့ သတိပေးဖို့ လိုအပ်ပါတယ်။
မေး ။ ။ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာ
ရေးအသိနဲ့ လိုက်နာရမယ့်အချက်တွေ အချင်း ချင်း အသိပေးမယ်ဆိုရင် ဆင့်ကဲဆင့်ကဲ ဘယ်လိုအကျိုး သက်ရောက်မှုတွေ ရရှိနိုင်ပါသလဲ။
ဖြေ ။ ။ ဌာနအဖွဲ့အစည်း အကြီးအကဲဆိုရင် အိမ်မှာ
မိသားစုဝင်တွေရှိမယ်။ ဌာနမှာဆိုရင် အဆင့် ဆင့် ဝန်ထမ်းတွေရှိမယ်။ အကြီးအကဲက သူ့ရဲ့ မိသားစု ဝင်တွေ၊ ဝန်ထမ်းတွေကို ပြောလိုက်မယ်ဆိုရင် ဒီဝန်ထမ်း တွေထဲမှာလည်း လူပျို၊ အပျို ဝန်ထမ်းလည်းရှိမှာပဲ။ အိမ်ထောင်သည် ဝန်ထမ်းလည်းရှိမှာပဲ။ သူတို့ကနေ လက်ဆင့်ကမ်းလိုက်မယ်ဆိုရင် သူတို့ရဲ့ မိဘတွေ၊ သား၊ သမီး၊ တူ၊ တူမတွေ၊ မိသားစုဝင်တွေ ဆီရောက်သွားမယ်။ သူတို့ကနေထပ်ပြီး လက်ဆင့်ကမ်းမယ်ဆိုရင် သူငယ်ချင်း၊
အပေါင်းအသင်း၊ မိတ်ဆွေတွေဆီ ရောက်သွားမယ်။ သူတို့ကနေ ဒီ ၈ ချက်ကို ဖြန့်ဝေသွားမယ်။ ဒီလို ဖြန့်ဝေ သွားမယ်ဆိုရင် ဆင့်ကဲဖြစ်စဉ်ကြီး ပေါ်လာမယ်။ အကယ် ၍သာ ဆွေမျိုးတွေက အသင်းအဖွဲ့တစ်ခုမှာ အဖွဲ့ဝင် ဖြစ်နေမယ်ဆိုရင် ကျန်တဲ့အဖွဲ့ဝင်တွေကိုလည်း ဆက်ပြော နိုင်မယ်ဆိုရင် ဆင့်ကဲဖြစ်စဉ်က ပြည်သူလူထုကြားထဲမှာ ဆက်တိုက်ဆက်တိုက် စိမ့်ဝင်သွားပြီး အမူအကျင့် ပြောင်းလဲလာမယ့်ဖြစ်စဉ်ကြီး ပေါ်ထွန်းလာမယ်လို့ ယူဆပါတယ်။
မေး ။ ။ အရင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို
ထိန်းချုပ်ဖို့ ကျန်းမာရေးဆိုင်ရာ လူထု လှုပ်ရှားမှုတွေ၊ Stop Covid-19 အဝါရောင် ကမ်ပိန်းတွေ ဆောင်ရွက်ခဲ့တာ ထိရောက်မှုရှိလားဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ကိုဗစ်-၁၉ လူနာတွေ ထောင်နဲ့ချီ တွေ့နေတဲ့
အချိန်မှာပဲ ပြည်သူ့ကျန်းမာရေး လုပ်ငန်း တွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့ လိုတယ်လို့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ညွှန်ကြားပါတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း ပြည်သူ့ကျန်းမာရေးအမြင်ရှုထောင့်အရ ဒီဟာကို ပြည်သူလူထုအတွင်းမှာ ထိန်းချုပ်ရမှာဖြစ်ပါ တယ်။ ပြည်သူလူထုပါမှ ထိန်းချုပ်လို့ရမယ်ဆိုတာကို သိပါတယ်။ သိတဲ့အတွက်ကြောင့် ပြည်သူလူထုတစ်ရပ်လုံး ပါလာအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်မှုကို နာခံပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုနဲ့ လူထု လှုပ်ရှားမှု Mask၊ Face Shield တပ်ဆင်ရေး ကမ်ပိန်း ဆောင်ရွက်ပါတယ်။ နောက်ပြီး Stop Covid-19 အဝါရောင် ကမ်ပိန်းမှာလည်း အဝတ်အစားတွေကအစ အဝါရောင် တီရှပ်တွေရိုက်တယ်။ အင်္ကျီပေါ်မှာလည်း Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ တစ်ဦးကိုတစ်ဦး အသိပေး ပါ။ သတိပေးပါဆိုတဲ့ ပြည်သူလူထုကိုပေးချင်တဲ့ အဓိက အချက်ကို ရိုက်နှိပ်တယ်။ ပြီးတော့ မြေစိုက် ပိုစတာတွေ၊ လက်ကမ်းစာစောင်တွေလုပ်ပြီး နေရာအနှံ့မှာ ပြည်သူ လူထုကို အသိပေးတယ်။
အဝါရောင်ကို မြင်လိုက်တာနဲ့ ပြည်သူလူထုက ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းတွေကို သိသွားမယ်။ ပြည်သူလူထု အမူအကျင့်ပြောင်းလဲလာဖို့ နည်းလမ်း ပေါင်းစုံ၊ နေရာပေါင်းစုံမှာ လုပ်တယ်။ နောင်မှာဆိုရင် ကိုဗစ်-၁၉နဲ့ နေသွားဖို့ရှိပါတယ်။ အဲဒါကြောင့် ပုံမှန် စီးပွားရေးတွေ ပြန်လည်ပတ်လာစေရေး၊ စာသင်ကျောင်း တွေ ပြန်ဖွင့်နိုင်ရေး၊ ဈေးတွေပြန်ဖွင့်နိုင်ရေး စသည် အားဖြင့် ဒါဆိုရင် New Normal နဲ့ သွားမှရမယ်။ New Normal မှာဆိုရင်တော့ Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါဆိုတာ အလွန်အရေးကြီးပါတယ်။ ဒါကို တစ်နိုင်ငံလုံးလည်း လိုက်လုပ်မှရမယ်။ အဲဒါကြောင့် တိုင်းဒေသကြီနဲ့ ပြည်နယ်အစိုးရတွေအပါအဝင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွေအားလုံး အဝါရောင်တီရှပ်တွေ ပေးပို့ပြီး ကမ်ပိန်းမှာပါဝင်လာရေး ပြည်သူလူထုကို လှုံ့ဆော်ပါတယ်။ အားလုံးပူးပေါင်း ပါဝင်လာတဲ့အခါ အခုချိန်မှာ တစ်နေ့တစ်နေ့ ပိုးတွေ့ရှိမှုနှုန်းက တစ်ရာ၊ တစ်ခါတလေ တစ်ရာအောက် အဲဒီလောက်ကိုရောက် လာပြီ ဖြစ်ပါတယ်။ အဲဒီလို ရောက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ ကိုဗစ်-၁၉ ကုသရေးစင်တာတွေ သိသိ သာသာ လျော့လာပါပြီ။ အခုဆိုရင် ခုနစ်နေရာလောက်ပဲ ရှိတော့ပါတယ်။ အရင် လူနာသောင်းဂဏန်း ရှိရာကနေ အခုဆို တစ်နေ့တစ်နေ့ ကျဆင်းလာတာ ဖြစ်ပါတယ်။ ထိစပ်ခဲ့တဲ့သူတွေလည်း အရင်အများအပြားထားစရာ မရှိလောက်တဲ့အခြေအနေကနေ အခုဆိုရင် တော်တော်ကို လျော့ကျလာပြီး ထောင်ဂဏန်းအောက်ကို ကျလာပြီဖြစ် ပါတယ်။ အဲဒီလိုမျိုးအခြေအနေအထိကို Mask ကမ်ပိန်း ကလည်း အောင်မြင်ခဲ့ပါတယ်။ Mask ကမ်ပိန်းကို အရှိန် မြှင့်ပြီးဆောင်ရွက်တဲ့ အဝါရောင်ကမ်ပိန်းကလည်း အောင်မြင်မှုပါပဲ။ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်မှု အားကောင်းပါတယ်။ ဒီဟာကိုဆောင်ရွက်တာ အလွန် အောင်မြင်တဲ့ ကမ်ပိန်းလို့ ပြောလို့ရပါတယ်။
မေး ။ ။ ဖြည့်စွက် ပြောကြားစရာရှိရင် ပြောကြား
ပေးပါ။
ဖြေ ။ ။ လူတိုင်း၊ မိသားစုတိုင်း Mask ကို စနစ်တကျ
တပ်ကြပါ။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင် ကြပါ။ လက်ကို မကြာခဏဆေးကြောကြပါ။ တစ်ဦးကို တစ်ဦး အသိပေးပါ၊ သတိပေးပါ ဆိုတာကတော့ မိသားစု တိုင်း လိုက်နာဆောင်ရွက်ဖို့ရော၊ အချင်းချင်း အသိပေး၊ သတိပေးနေဖို့ပါ လိုအပ်ပါတယ်ဆိုတာ ပြည်သူလူထုကို တင်ပြချင်ပါတယ်။
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
- Log in to post comments