Type

ဆောင်းပါး
======
ဘယာဂတိမရှိစေချင်
============
ဒေါက်တာခင်မောင်လွင်
============
"အချက်အလက်များကို သိလိုပါသည်၊ ခြိမ်းခြောက်မှုကို မလိုချင်ပါ" ဟူသော အသံများသည် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့်ယှဉ်၍ပေါ်လာသော စကား ဖြစ်ပါသည်။ သို့သော် "ချောက်ချားစရာ အချက်အလက် များ"သည် လက်ခံရရှိသူအတွက် ကြောက်ရွံ့တုန်လှုပ် စရာလည်း ဖြစ်နိုင်ပါသည်။
နှာစေး၊ ချောင်းဆိုး၊ ဖျားနာရသည်ကို လူတိုင်း ကြုံဖူးကြပါသည်။ အချိန်တန်လျှင် ရောဂါပျောက်ပါသည်။ အအေးမိ၍ နှာစေးချောင်းဆိုးရာမှ ရောဂါပိုးဝင်ပြီး ဖျားနာခြင်းလည်း ဖြစ်တတ်ပါသည်။ ထိုရောဂါပိုးမျိုးမှာ အခွင့်အရေးယူ၍ ဝင်လာသော ဘက်တီးရီးယားပိုးများ ဖြစ်ပါသည်။ တုပ်ကွေးဖျားနာခြင်းမှာမူ ဗိုင်းရပ်စ် ပိုး ခေါ် သာမန်မျက်စိဖြင့် မမြင်နိုင်ရုံမက သာမန်ဓာတ်ခွဲ ခန်းထဲမှာပင် စစ်ဆေး၍မရနိုင်သော ပိုးများဖြစ်ပါသည်။ တုပ်ကွေးပိုးဝင်၍ ဖျားနာလာခြင်းသည်ပင် လူ၏ ခန္ဓာကိုယ်မှ ခုခံအားစနစ်ဖြင့် တုံ့ပြန်တိုက်ခိုက်မှု ရလဒ်ပင်ဖြစ်ပါသည်။ ခန္ဓာကိုယ်အပူချိန်မြင့်တက်လာခြင်းဖြင့် ဝင်လာသောရောဂါပိုးများကို နှိမ်နင်းသတ်ဖြတ် ပစ်နိုင်ပေသည်။ ဝင်လာသော ရောဂါပိုးများက အင်အားကောင်းလာသောအခါတွင်လည်းကောင်း၊ ၎င်းခန္ဓာကိုယ် မှ တစ်ခါမှမကြုံမဆုံဖူးသော ပိုးအသစ်ဖြစ်လျှင်သော်လည်းကောင်း သဘာဝကိုယ်ခံအားစနစ်သည် ကျိုးပေါက်၍ ရန်သူရောဂါပိုးကို အရှုံးပေးလိုက်ရပါသည်။ နာတာရှည်ဖြစ်ခြင်း၊ သေခြင်းနှင့် အဆုံးသတ်ရတတ်၏။ ထိုထက်ပိုကဲ၍ လူနာကိုပင် ရောဂါပိုးထုတ်လုပ်ဖြန့်ချိ သော စက်ရုံသဖွယ်အသုံးချကာ အနီးအနားရှိသူများ၊ မိသားစုများမှစ၍ ဆင့်ပွားကူးစက်စေရုံသာမက ကပ်ရောဂါအသွင်ပြောင်း၍ လူသားထုကို နှိပ်စက် သတ်ဖြတ်နိုင်စွမ်းရှိပေသည်။
ကမ္ဘာပေါ်တွင် ဤသို့ ဘေးကပ်ဆိုးများသည် အကြိမ်ကြိမ်ဖြစ်ခဲ့ဖူး၏။ ထို့အတူ လူသားများမှာ ပိုးမျိုးတုံးမသွားဘဲ ရောဂါဒဏ်ခံနိုင်ရည်ရှိသူ လူဦးရေက များသည်ထက်များ၍ ပွား၍လာနေသော သမိုင်းစဉ်ရှိပါ သည်။ ဖွံ့ဖြိုးတိုးတက်မှုသည် လူသားတို့၏ သက်တမ်းကို ပို၍ရှည်စေကြောင်း သုတေသနများက ဆိုပါသည်။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အသက်တွေ ရှည်လာကြပါသည်။ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် အသက်ရှည်ရခြင်း ဟုတ်မဟုတ်မူ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ ရောဂါဖိစီး၍ အသက်ရှည်ခြင်း၊ စိတ် ဖိစီး၍ အသက်ရှည်ရခြင်းများသည် လူသားတို့၏ လူနေမှုအဆင့်အတန်း(Quality of Life)ကို နှိမ်ချိုး ဖြတ်တောက်၍နေသဖြင့် လောကကြီးတွင် "နေပျော်သူ" များရှားပါး၍ လာလေသည်။
မိမိကိုယ်တိုင် မည်မျှကျန်းမာချမ်းသာသည် ဖြစ်စေ၊ ပတ်ဝန်းကျင်တွင် ဘေးဆိုး၊ ကပ်ဆိုးအန္တရာယ်ဆိုးများနှင့်ကြုံလာသည့်အချိန်တွင် နေမပျော်တော့ပါ။ “ဘယ်သူ သေသေ၊ ငတေမာဖို့” ကိစ္စသည် ရှေးရှေးတုန်းက ဖြစ်ချင် ဖြစ်နိုင်သော်လည်း ယခုခေတ်တွင် မဖြစ်နိုင်တော့ပါ။
ဝူဟန်မြို့ကလာသော ကိုရိုနာဗိုင်းရပ်စ်သည် နှစ်လ အတွင်း နိုင်ငံပေါင်းနှစ်ဒါဇင်သို့ ပျံ့နှံ့ခဲ့ပါပြီ။ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်းများစွာသည် ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒကို ကျင့်သုံးလာပါသည်။
ရွာသူရွာသားတွေကလည်း ရွာအဝင်လမ်းကို ပိတ်၍ထားကြ၏။ ကိုယ့်ရပ်ကိုယ့်ရွာကို ပိတ်ဆို့ထားသူ များရှိသလို ဝူဟန်မြို့ကြီးမှလည်း ပြင်ပဆက်သွယ်ရေး မှန်သမျှ ပိတ်ဆို့ခံထားရလျက်ရှိလေသည်။ ရှေးရှေးက ပလိပ်ရောဂါကပ်ဆိုးကြီး “Black Death” ဆိုက်စဉ်က အပြုအမူများသည် သိပ္ပံခေတ်ထဲတွင် ပို၍အစွမ်းပြနိုင် ကြသဖြင့် ထိခိုက်ပျက်စီးနစ်နာမှုများသည် လူအသေ အပျောက်ထက် ပို၍များပြားသည်ကို တွေ့ရ၏။
ဝူဟန်တွင် ပိတ်ဆို့ခံထားရသော မြန်မာလူငယ် ပညာသင်ကလေးများကို အချိန်မီခေါ်ထုတ်ပေးနိုင်သည် ကလည်း မြန်မာနိုင်ငံအတွက် ဂုဏ်တက်စရာဖြစ်ပါ၏။ မှန်ကန်စွာ စဉ်းစားဆုံးဖြတ်ဆောင်ရွက်ပေးသော တာဝန်ရှိ ပုဂ္ဂိုလ်များကိုလည်း ချီးကျူးပါသည်။ အမေရိကန်သည် အမေရိကန်နိုင်ငံသားများအတွက်၊ ဂျပန်သည် ဂျပန် နိုင်ငံသားများအတွက်၊ ပြင်သစ်သည် ပြင်သစ်နိုင်ငံသား များအတွက် ကိုယ်စီတာဝန်ယူ၍ ကယ်ထုတ်ရေးတွင် မြန်မာတို့မှာလည်း တွေဝေနေခြင်းမရှိဘဲ လုပ်နိုင်ခဲသော အလုပ်ကို လုပ်ခဲ့ကြလေပြီ။ ဤသည်ကား သတ္တိကို လက်တွေ့လုပ်ပြနိုင်စွမ်း “ဗျတ္တိ” ပင်ဖြစ်ပါသည်။
ဤလူငယ်ကလေးများကို မန္တလေးကန်တော်နဒီ ဆေးရုံတွင် ဘေးရန်ကင်းစွာထားပြီး ရောဂါကို ထိန်းချုပ် လျက်ရှိပါသည်။ (၂၀၀၈/၂၀၀၉)ဝက်တုပ်ကွေး(H1N1) လူကိုကူးစက်စဉ်ကလည်း ဤသို့ပင်ထိန်းချုပ်ခြင်း (Quarantine) ကိုလုပ်ခဲ့ကြဖူးပါသည်။ နိုင်ငံတကာဥပဒေ နှင့်အညီ ဆောင်ရွက်ကြ၍ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးကလည်း ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်ပါသည်။
သို့ရာတွင် WHO ၏ကြေညာချက်ထဲတွင် အကန့် အသတ်ဖြင့် ထိန်းချုပ်ရန်သာပါရှိပြီး တစ်ဒေသနှင့် တစ်ဒေသ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ လူမှုစီးပွားဆက်သွယ် မှုများ ဖြတ်တောက်ရန် မပါရှိသည်ကိုလည်း သတိပြုမိပါ သည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း ဖြစ်ပွားခဲ့သော အဆုတ်ပလိပ်ရောဂါကူးစက်မှုကြောင့် အိန္ဒိယနိုင်ငံသည် စီးပွားရေးထိခိုက်ဆုံးရှုံးမှုများစွာ ရှိခဲ့ရပါသည်။ ယခုလည်း တရုတ်နိုင်ငံသည် စီးပွားရေးထိခိုက်မှု ကြီးမားလိမ့်မည် အမှန်ပင်။
ကျွန်တော်တို့နိုင်ငံသို့ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်များ ရောက်လာလျှင် မည်သို့ဖြစ်ပွားနိုင်မည်ကို တွေးတော၍ စိုးရိမ်နေကြရပါသည်။ ဤကား လူ့သဘာဝပင် ဖြစ်ပါသည်။ သို့သော် ကမ္ဘာကြီးသည် ရွာကြီးတစ်ခုမျှ ကျဉ်းကျပ်သွားပြီ ဖြစ်ရာ သန်းပေါင်းရှစ်ထောင်မှုသော လူသားများ၏ သောက ကို လည်းကောင်း၊ လှုပ်ရှားမှုများကို လည်းကောင်း ထိန်းချုပ်ရန်လည်း ခက်၊ တားဆီးရန်လည်း မလွယ်ပါ။
ရောဂါက အသစ်ဖြစ်ထွန်းလာသော ဗိုင်းရပ်စ်ပိုးဖြစ်ပြီး ကူးစက်ခံရသော လူတို့အတွက် အစိမ်းသက်သက်ဖြစ် နေချိန်တွင် ခံနိုင်ရည်မရှိဘဲ သေသည်အထိ ဖြစ်နိုင်ပါသည်။ သို့ဖြစ်၍ လောလောဆယ်အချိန်ကာလတွင် ပိတ်ဆို့တား ဆီးနိုင်ရန် အစွမ်းကုန်ကြိုးစားကြဖို့လိုသည်။
အစွမ်းကုန်ကြိုးစားကြဖို့ကိစ္စမှာ ကျန်းမာရေးဌာန တစ်ခုတည်း၏ တာဝန်မဟုတ်တော့ဘဲ အိမ်တိုင်းလူတိုင်း နေရာတိုင်း၊တောရော မြို့ပါ လူကြီးလူငယ်မရွေး ချက်ချင်း ဆောင်ရွက်ကြရမည့် အလုပ်အချို့ရှိနေပါသည်။
အဏုမြူဗုံးသည် ပစ်ချလိုက်သောနေရာတွင်သာ ကွက်၍ အဖျက်စွမ်းအားသက်ရောက်ခဲ့ပါသည်။ မမြင်နိုင် သော လူတို့၏ ဇီဝိန်ကို ခြွေနိုင်သော ဗိုင်းရပ်စ်ပိုးများကား အချိန်တိုအတွင်း ကမ္ဘာပတ်၍ သွားနေကြပါပြီ။ ထိုသို့သော ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်များသည် ကျွန်တော်တို့ ကြုံနေကျ တုပ်ကွေးဗိုင်းရပ်စ်(Influenza A)နှင့် လုံးဝမတူသဖြင့် ပို၍ အန္တရာယ်ကြီးပါသည်။ ၎င်းတို့မှာ တိရစ္ဆာန်များ (အထူး သဖြင့် တောရိုင်းတိရစ္ဆာန်များနှင့် လင်းနို့များ)တွင် တွယ်ကပ် နေရာမှ တစ်နည်းနည်းဖြင့် လူကို ကူးစက်မိလျှင် ကိုယ်ခံအားမရှိသေးသည့်သူများ သေဆုံးရပါသည်။ အိန္ဒိယနိုင်ငံတွင်လည်း ရေတွင်းဟောင်းများတွင် နေထိုင် သော လင်းနို့များမှတစ်ဆင့် နီပါးဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပြီး လူတို့ကို သေကျေဖျားနာစေခဲ့သော်လည်း ကျယ်ကျယ်ပြန့်ပြန့်မဖြစ်ဘဲ ငြိမ်သွားခဲ့ပါသည်။
ထိုနီပါးဗိုင်းရပ်စ်(Nipahvirus)မှာ ကိုရိုနာဗိုင်းရပ်စ် နှင့်လည်း မတူ၊ တုပ်ကွေးဗိုင်းရပ်စ်နှင့် မတူသော်လည်း လူတွင် ပေါ်ပေါက်လာသော ရောဂါလက္ခဏာများမှာ ဆင်တူကြပြီး အန္တရာယ်ရှိပါသည်။ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင်လည်း ရောဂါပျံ့နှံ့ဖြစ်ပွားခဲ့ဖူးပါသည်။ ၂၀၁၄ ခုနှစ်က စတွေ့ခဲ့သော်လည်း ယခုထက်ထိ မငြိမ်သက်သေးပါ။ ထိုဗိုင်းရပ်စ်များမှာ ဝက်များတွင် ဖြစ်ပွား၍ လူကိုကူးစက်စေသဖြင့် ဝက်အပြင်းဖျားရောဂါ (H1 N1 Swine Flu) ကဲ့သို့ပင် ရောဂါပိုးသစ်များဖြစ်စေတတ်ကြောင်းတွေ့ရသဖြင့် တိရစ္ဆာန်များနှင့် နီးကပ်စွာ ထိတွေ့မနေသင့်ကြောင်း အကြံပြုထားကြပါသည်။
ဖေဖော်ဝါရီ ၃ ရက်နေ့ကရရှိသော WHO ၏စာစောင် တွင်လည်း မွေးမြူရေးတိရစ္ဆာန်များ(သို့) တောရိုင်း တိရစ္ဆာန်များနှင့် အကာအကွယ်မဲ့ထိတွေ့ကိုင်တွယ်ခြင်း မှ ရှောင်ကြဉ်ပါဟူ၍ တိုက်တွန်းထားသည်ကို တွေ့နိုင်ပါ သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာကို စိုးရိမ်၍ လူတို့သည် လေရှူရမှာပင် ကြောက်လန့်နေကြရ၏။ လေမရှူဘဲ နေ၍မရသဖြင့် ရနိုင်သမျှ နှာခေါင်းစည်း၊ ပါးစပ်စည်း များကို အလုအယက်ဝယ်ကာ တပ်နေကြရာ ဝူဟန်မြို့ သာမက အခြားမြို့ပြများပါ လူခြေတိတ်၍ နေ့နေ့ညည ချောက်ချားနေကြရ၏။ ထိုမှတစ်ဖန် လင်းနို့များမှ ရောဂါပိုးသယ်လာပြီး လူနှင့်အနီးကပ်တိရစ္ဆာန်များမှတစ်ဆင့် လူကိုကူးစက်ရောဂါရပြီး သေဆုံးစေနိုင်သည် ဟု ဆိုသောအခါ လူတို့၏တုံ့ပြန်မှုများ ပြင်းထန်လာခဲ့ တော့၏။
ဆိုရှယ်မီဒီယာထဲတွင် အနားရှိရှိသမျှ တိရစ္ဆာန် များကို ငါးရက်အတွင်း ရှင်းပစ်ဖို့အမိန့်ထုတ်ကြောင်း၊ မရှင်းနိုင်လျှင် တာဝန်ရှိသူတို့လာ၍ ရှင်းလင်းပစ်မည်ဟု ဆိုကြောင်း၊ သို့ဖြစ်၍ ချစ်သော ခွေးကလေး၊ ကြောင် ကလေးများအတွက်ပါ စိတ်သောကရောက်နေကြောင်း သိရလေသည်။ ထိုမီဒီယာထဲတွင်ပင် WHO က ခွေးနှင့် ကြောင်များမှ မကူးကြောင်းလည်း ပညာပေး၍နေကြ သည်ဟု ဆိုပါသည်။
တိုးတက်လာသောကမ္ဘာကြီးတွင် ကျန်းမာရေး အန္တရာယ်တစ်စုံတစ်ခုဖြစ်လာလျှင် နေစရာမရှိ။ ကိုယ့် နေရာကိုယ်ကျန်းမာစေဖို့ ဖန်တီးရန်လိုတော့၏။
- Log in to post comments