
နံနက်စောစော အဖေနဲ့ အမေ နှစ်ယောက်သား အပြန်အလှန်စကားဆိုသံကြောင့် ကျွန်မ ပြုံးမိပါ တယ်။ “လက်ကို ခဏခဏဆေးပါ၊ လူစုလူဝေး ရှောင်ရှားပါ၊ နှာစေးချောင်းဆိုးရင် အုပ်ထားပါ" ဆိုတဲ့ ကိုဗစ် အသိပညာပေးသီချင်းတစ်ပိုင်းတစ်စ ကို အဖေက ဆိုပါတယ်။ ဒီလိုဆိုတော့ “အမေက သိပါတယ်တော်၊ ဆရာမလုပ်နဲ့၊ အကုန်ကြားဖူးပြီး သား”ဟု ဆိုပြန်ပါတယ်။ သူတို့ အတိုင်အဖောက်နဲ့ သူတို့။
အဖေက ကာကွယ်ဆေးထိုးပြီးသား။ အမေက အခုမှ ထိုးရမှာမို့ အဖေက အမေ့ကို ဆရာလုပ်တယ်။ အမေကလည်း မခံ၊ သူသိတဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ ရှောင်ရန်၊ ဆောင်ရန်တွေတောင် တရစပ် ပြန်ပြော ပြနေလိုက်သေးတယ်။ အမေ့အပြောကို အဖေက တော့ ပြုံးပြုံးကြီး နားထောင်လို့။
သူ ပြောချင်တာတွေ တစ်ဝကြီးပြောပြီး နှာခေါင်းစည်းတပ်၊ Face Shield တပ်၊ ရေမလို လက်သန့်ဆေးရည်ဘူးကိုင်ပြီး ကာကွယ်ဆေးထိုး သွားဖို့ အမေက ပြင်ဆင်ပါတယ်။ ကျွန်မက မှာမလို့ ကြံကာရှိသေး၊ အဖေက “ခြောက်ပေအကွာ သိတယ် မဟုတ်လား၊ အရင်လို တွေ့တဲ့သူနဲ့ လေမပေါနဲ့”လို့ အမေကို ဆိုပါတယ်။ အမေကတော့ အဖေကို မျက်စောင်းနဲ့သာ နှုတ်ဆက်ပြီး ကျွန်မကိုတော့ “သမီးရေ အမေ သွားလိုက်ဦးမယ်” ဆိုကာ ကာကွယ်ဆေးထိုးရပ်ဆီ သွားပါတော့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ မိသားစုတိုင်း ဟာ ကိုဗစ်အကြောင်း နောကျေဖို့ လိုနေပြီမလား။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို သိရှိလိုက်နာပြီးတော့ ကိုဗစ် ကို အနိုင်ယူဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ကိုဗစ်ကို အနိုင်ယူနိုင်ဖို့ သူ့အကြောင်းသိဖို့ လိုသလို ကာကွယ်ဆေးလွှမ်းခြုံမှု ရာခိုင်နှုန်းအပြည့်ရှိဖို့ လည်း လိုအပ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကာကွယ်ဆေး ရာနှုန်းပြည့် လွှမ်းခြုံမှုရှိအောင် ကြိုးပမ်းနေတာကို တွေ့ရပါတယ်။ အဖေနဲ့ အမေလို အသက် ၆၀ ကျော် လူကြီးပိုင်းအုပ်စုတွေဟာ ရောဂါ အခံ အများစုရှိကြပါတယ်။
“သမီးရေ... ကာကွယ်ဆေးက အခုတစ်ခါ လူဘယ်လောက်ထိုးပေးမှာလဲ”လို့ အဖေက စကား ဆက်မေးပါတယ်။ တရုတ်အစိုးရက လှူတဲ့ ကာကွယ် ဆေးနှစ်သန်းနဲ့ ဝယ်တဲ့ တစ်သန်း စုစုပေါင်း သုံးသန်းထိုးပေးမှာလို့ သတင်းတွေထဲမှာ ဖတ်ရ တယ်။ အဖေနဲ့ အမေလို လူကြီးပိုင်းတွေ အပါအဝင် လိုအပ်တဲ့ အုပ်စုအလိုက် ဦးစားပေးထိုးနှံသွားမယ်။ အခုဆေး သုံးသန်းကို လူဦးရေ သုံးသန်း ပထမ အကြိမ် ထိုးပေးပြီးတော့ နောက်ထပ်ရောက်လာမယ့် ဆေးကိုကျတော့ ဒုတိယအကြိမ် ထိုးပေးမယ်လို့ သိရတယ်။ နောက်ထပ်ဆေးတွေက ဩဂုတ်လဆို ရောက်ပြီလို့ ကျွန်မကြားသိသမျှ ပြောပြရပါ တယ်။
“အေးပါကွယ်။ သာဓု သာဓု သာဓုပါ။ အားလုံး ကျန်းမာချမ်းသာပြီး ကပ်ရောဂါဘေး ကင်းဝေးကြ ပါစေ”လို့ အဖေက ဆုတောင်းစကားဆိုကာ ညည်း အမေ ဒေါ်ပွစိ ပြန်မလာခင် အေးအေးဆေးဆေး စာဖတ်ဦးမယ်ဆိုကာ အိပ်ခန်းထဲ ဝင်သွားပါတော့ တယ်။ ကျွန်မတို့ မိသားစုစကားဝိုင်းလေးနဲ့ ဆက်စပ် ပြီး ပြည်သူတစ်ယောက်အနေနဲ့ တင်ပြလိုတာရှိပါ တယ်။ အဓိကတော့ ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေးရရှိမယ့် ပြည်သူတိုင်း ကာကွယ်ဆေး လွှမ်းခြုံမှု ခံယူစေချင်တာပါ။
ကျွန်မတို့နိုင်ငံမှာ အခုဖြစ်နေတဲ့ ကူးစက်မြန် ကိုဗစ်ကြောင့် ဆုံးရှုံးမှုတွေ များနေပြီမဟုတ်လား။ ဆွေရင်းမျိုးရင်းထဲ၊ အသိမိတ်ဆွေထဲ ဆုံးရှုံးတာတွေ ကြားရတော့ ဒီရောဂါမရှိစေချင်တော့တာ အမှန် ပါ။ ကမ္ဘာ့ကပ်ရောဂါအသွင်နဲ့ ဖြစ်နေပေမယ့် ကာကွယ်ဆေး လွှမ်းခြုံမှုမြင့်မားတဲ့နိုင်ငံတွေက ဖြစ်ပွားမှု လျော့နည်းသွားတာ၊ ကိုဗစ် သတ်မှတ်ချက် တွေ ဖြေလျှော့မှုပေးတာတွေ အားကျသလို မုဒိတာ လည်း ပွားရပါတယ်။ ဘောလုံးပွဲတောင် အုပ်စုလိုက် ကြည့်နိုင်၊ ခရီးတွေသွားနိုင်၊ လူစုလူဝေးနဲ့ ပျော်ပွဲတွေ ကျင်းပနိုင်တဲ့ အခြေအနေတွေ ရှိနေပါပြီ။ ကိုယ့်နိုင်ငံ လည်း အဲဒီလိုအခြေအနေ အမြန်ဆုံး ပြန်ရောက် ချင်ပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယ လှိုင်းဆိုပြီး အမျိုးမျိုးလာနေတဲ့ ကိုဗစ်နဲ့ပတ်သက် တဲ့ ရှောင်ရန်၊ ဆောင်ရန်ကတော့ လူတိုင်းနီးပါး သိနေကြပါပြီ။ ဒါကြောင့် ကာကွယ်ဆေးအစီအစဉ် ကို လက်လွတ်မခံဖို့ဘဲ ကျန်ပါတော့တယ်။
ကိုဗစ်ကပ်ရောဂါအတွက် ကာကွယ်ဆေး ထိုးနှံမှုက ထွက်ပေါက်ဖြစ်ပါတယ်။ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးထားရင် ရောဂါကူးစက်မှု ၈၀ ရာခိုင်နှုန်းအထက် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့် ကိုဗစ်ကူးစက်မှု ကင်းစင်တဲ့ ရပ်ရွာအဖြစ် ရှင်သန်နိုင်ဖို့ ဦးစားပေးအစီ အစဉ်နဲ့ ထိုးနှံပေးမယ့် ကာကွယ်ဆေးလွှမ်းခြုံမှုမှာ ပါဝင်ထိုးနှံကြရမှာဖြစ်ပါတယ်။
ဒီလို ကာကွယ်ဆေး လွှမ်းခြုံမှုရှိအောင် အစိုးရ အနေနဲ့ ပြည်ပနိုင်ငံတွေက မှာယူတင်သွင်းနေသလို လှူဒါန်းရရှိထားတဲ့ ကာကွယ်ဆေးတွေ အမြန်ဆုံး ထိုးနှံနိုင်ရေးကို စီစဉ်လျက်ရှိတာကို တွေ့ရပါတယ်။ ထို့အတူပဲ လိုအပ်တဲ့ ဆေးဝါးအထောက်အကူပြု ပစ္စည်းတွေ တင်သွင်းတဲ့ လုပ်ငန်းတွေကို လွယ်ကူ လျင်မြန်အောင် သက်ဆိုင်ရာဌာနတွေက ပိတ်ရက် မရှိ ပေါင်းစပ်ဆောင်ရွက်ပေးနေပါတယ်။ ကုသရေး အတွက် အသုံးပြုတဲ့ အောက်ဆီဂျင်အလုံအလောက် ရရှိရေးကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အလိုက် စီမံလျက်ရှိပါတယ်။ အောက်ဆီဂျင် လိုအပ်ချက်မဖြစ်ရအောင် ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ကနေ အောက်ဆီဂျင်အရည်နဲ့ အောက်ဆီဂျင်အိုး တွေကို နယ်စပ်ကုန်သွယ်ရေးစခန်းတွေက တစ်ဆင့် တင်သွင်းပေးလျက်ရှိပါတယ်။
ဒီလို အင်တိုက်အားတိုက်ဆောင်ရွက်ရာမှာ အာဆီယံနိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ စတာ တွေနဲ့ ပူးပေါင်းအစီအစဉ်တွေလုပ်ပြီး တိုးမြှင့်သွားဖို့ စီမံနေတာကိုလည်း သိရှိရပါတယ်။ အစိုးရအနေနဲ့ ပြည်သူအားလုံး ကာကွယ်ဆေးလွှမ်းခြုံမှု မြန်မြန် ဆန်ဆန်ရရှိဖို့အတွက် ပုဂ္ဂလိကကဏ္ဍကနေ တင်သွင်းပြီး ထိုးနှံနိုင်ဖို့အတွက် အစီအမံတွေထားရှိ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာပဲ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့လည်း ကြိုးပမ်းနေပါ တယ်။ ကာကွယ်ဆေးကို ပြည်တွင်းမှာ ထုတ်လုပ် နိုင်ဖို့ ရုရှားနိုင်ငံနဲ့ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အစီအစဉ်တွေ၊ တခြားနိုင်ငံတွေက ကမ်းလှမ်းထားတဲ့ အခြေအနေတွေလည်း ရှိနေ ပြီဖြစ်ပါတယ်။
အစိုးရအနေနဲ့ ကိုဗစ်−၁၉ ကပ်ရောဂါ ကုသရေးလုပ်ငန်းစဉ်ကို ထိရောက်မှုရှိစေဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တိုးမြှင့်လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ ပြည်သူ ကြားမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်လူနာတွေများလို့ ဆေးရုံမှာ လူနာကျပ်သည်ဆိုတာကို ဆေးရုံကဲ့သို့ နေရာမျိုး ကြားခံဖန်တီးဖြေရှင်းနိုင်ဖို့၊ ဌာနဆိုင်ရာ အထက်အောက် တင်ပြမှုတွေကြောင့် ကြန့်ကြာမှုမရှိ အောင် ချက်ချင်း ဆုံးဖြတ်ဆောင်ရွက်ပေးနိုင်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ တာဝန်ရှိသူ တွေကို မှာကြားပြီး ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “ဥပမာ - ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ဆေးရုံကြီး ဒါလူတွေကျပ်တယ်လို့ပြောတယ်။ အဲဒီ တော့ ကျွန်တော်တို့က ဆေးရုံမှာ လက်မခံနိုင်ဘူး ဆိုရင် ဆေးရုံကဲ့သို့ လုပ်နိုင်တဲ့နေရာမျိုးရအောင် ဖန်တီးပေးဖို့ ကြားမှာ ယာယီဖန်တီးပေးရမယ်၊ ကျွန်တော်တို့ Quarantine စင်တာတွေ လုပ်ပေး ထားတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ စင်တာဖွင့်ရုံနဲ့ မရဘူး၊ ကျန်းမာရေးဆိုင်ရာဝန်ထမ်း တွေထားရမယ့်ဟာတွေရှိတယ်။ Quarantine စင်တာရယ်၊ နောက်တစ်ခါ Positive လူနာတွေ ထားမယ့်နေရာရယ်၊ ကုသရေးစင်တာထားမယ့် နေရာ၊ ကုသရေးစင်တာကတော့ ဒါမဖြစ်မနေ ဆရာဝန်တွေထားရမှာပေါ့။ အမြင့်ဆုံးကတော့ ကုသရေးစင်တာပဲ။ အဓိက Density များတဲ့ ရန်ကုန်တိုင်းဒေသကြီးလို၊ မန္တလေးတိုင်းဒေသကြီး လိုဟာမျိုးမှာ ဒီကုသရေးနဲ့ ပတ်သက်ပြီးတော့ စင်တာနဲ့ပတ်သက်ပြီးတော့ ဒီထက်တိုးချဲ့လို့ရမယ် ဆိုရင် တိုးချဲ့မယ်။ တစ်ဖက်ကလည်း လူထပ်ပေးဖို့ လိုလို့ရှိရင် ထပ်ပြီး မျှရမယ့်သဘောရှိတယ်။ အဲဒါ ကို Realtime လုပ်ပါ။ ဟိုတင်ပြ ဒီတင်ပြတာတွေ က ကြာပါတယ်။ ချက်ချင်းဆုံးဖြတ်ပြီး ချက်ချင်း အရေးယူဆောင်ရွက်တာ ကောင်းပါတယ်၊ အဲဒါ လေးလုပ်ပေးပါလို့ ကျွန်တော်ကတော့ အကြံပြုလိုပါ တယ်”လို့ ပြောကြားခဲ့ပါတယ်။
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းရာမှာ အရေးပါတဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေ ဈေးနှုန်းတင်ရောင်းချတာမျိုး၊ သိုလှောင်ပြီး ပစ္စည်း ပြတ်လပ်မှုတွေဖြစ်ပေါ်အောင် လုပ်တာမျိုး၊ အခြေခံ စားသောက်ကုန်တွေကို ဈေးနှုန်းကြီးမြင့်အောင် လုပ်တာမျိုးတွေဟာ ပြည်သူအချင်းချင်း ဒုက္ခပေးတဲ့ လုပ်ရပ်တွေဖြစ်တာမျိုး မတော်လောဘရှိသူတွေ အနေနဲ့ လောဘအတောသတ်ဖို့ လိုအပ်ပါတယ်။ ကပ်ရောဂါကာလမှာ ကိုယ်ကျိုးစီးပွားထက် အများ အကျိုးစီးပွားကို အလေးပေးကြစေလိုပါတယ်။
ကိုဗစ် ကာကွယ်၊ ထိန်းချုပ်ရေး ကြိုးပမ်းမှု တွေမှာ ပြည်သူပူးပေါင်းအားလည်း လိုအပ်ပါတယ်။ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ သတ်မှတ်ချက်တွေကို စနစ်တကျ လိုက်နာဖို့ လိုသလို ကာကွယ်ဆေးထိုးလုပ်ငန်းမှာလည်း ပါဝင်ထိုးနှံကြရမှာဖြစ်ပါတယ်။ လူတိုင်းကာကွယ် ဆေး ထိုးနှံကြရမှာဖြစ်သော်လည်း ကာကွယ်ဆေး ရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးအလိုက် ထိုးနှံကြ ရတာဖြစ်ပါတယ်။
ဒီနေရာမှာ ပြည်သူတွေအနေနဲ့ ဖေ့စ်ဘွတ်က သတင်းတု၊ သတင်းမှားတွေကို နားယောင်ကာ ကာကွယ်ဆေးထိုးနှံခွင့်အခွင့်အရေးကို မဆုံးရှုံးစေ လိုပါ။ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပေါ်တတ်တဲ့ တုံ့ပြန်မှုလက္ခဏာတွေကို ကြောက်ရွံ့မှု မရှိစေလိုပါ။ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အသိပညာပေး အကြောင်းအရာတွေကို ပြည်သူထံ သတင်းမပြတ် ပေးနေတာမို့ ဒီအကြောင်းအရာတွေကို လေ့လာစေ လိုပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ကာကွယ်ဆေးအားလုံးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးအမျိုး အစားတွေဖြစ်တဲ့အတွက် ထိရောက်လုံခြုံမှုရှိတဲ့ ကာကွယ်ဆေးတွေဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ တွေအနေနဲ့ ကာကွယ်ဆေးထိုးနှံပြီး ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းတွေနဲ့အညီ ပြုမူနေထိုင်ပါက ကိုယ့်အတွက် ကာကွယ်သလို အများအတွက်လည်း ကာကွယ်ပေးနိုင်မှာဖြစ်တယ် ဆိုတာ ရေးသားလိုက်ရပါတယ်။ ။
ရတီ
- Log in to post comments