
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
အိမ်တွင်းလေထုညစ်ညမ်းမှု
လူတိုင်း၏ နေ့စဉ်အချိန်အများစုကို နေအိမ်များတွင်သာ ကုန်ဆုံးနေရလေ့ ရှိပါသည်။ ပျမ်းမျှတစ်နေ့လျှင် ၁၀ နာရီ ခန့်သည် မိမိတို့ အိမ်တွင်းနေထိုင်နေ ကြလေ့ ရှိပါသည်။ နေအိမ်တို့သည် အိမ်သားတို့အတွက် နေထိုင်နားခိုရန် သာမဟုတ်ဘဲ အိမ်သားတို့၏ ကျန်းမာ ရေးအတွက်ပါ အရေးပါလှပါသည်။ အိမ်တွင်းလေထု ညစ်ညမ်းမှုများ ကြောင့် ကမ္ဘာတစ်ဝန်း နှစ်စဉ်လူပေါင်း ၄ ဒသမ ၃ သန်းခန့် သေဆုံးနေရသည် ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်ထားပါသည်။ မကြာမီ လေ့လာမှုတစ်ခုအရ နှစ်စဉ်လူပေါင်း နှစ်သန်းခန့် အခန်းတွင်း လေထု ညစ်ညမ်းမှုများကြောင့် သေဆုံးနိုင်မည် ဟု ခန့်မှန်းပါသည်။ အဓိကမှာ တိုက် ခန်းနေ လူဦးရေ များပြားလာခြင်း ကြောင့် ဖြစ်သည်။ တိုက်ခန်းများအတွင်း မီးဖိုအမျိုးမျိုး သုံးစွဲမှုများ၊ တိုက်ခန်း ဆောက်လုပ်သည့်ပစ္စည်းများ၊ အိမ် တွင်း ထားသိုပြင်ဆင်သည့် ပစ္စည်းများ စသည်တို့မှ ထုတ်လွှင့်သော ဓာတုဗေဒ နှင့်အခြားပစ္စည်းများကြောင့် နေထိုင်သူ တို့၏ ကျန်းမာရေးကို ထိခိုက်စေခြင်း ဖြစ်ပါသည်။ အိမ်တွင်းဆေးလိပ်သောက် မှုများကလည်း ကြီးမားသောအန္တရာယ် ဖြစ်စေနိုင်ပါသည်။ Asbestoses ခေါ် ကျောက်ဂွမ်း၊ ဖော်မယ်လ်ဒီဟိုက်၊ ရေဒွန်၊ ဆေးလိပ်အငွေ့၊ အိမ်တွင်းရှိ ကူးစက်စေနိုင်သည့် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးများ၊ အခြားဓာတုပစ္စည်း များသည် အိမ်တွင်းကျန်းမာရေး အန္တရာယ်ကို ဖြစ်နိုင်ပါသည်။
အိမ်များနှင့် လေထု
ယခုအခါ လေထုအရည် အသွေးသည် ရှိသင့်သည်ထက် ပိုမို ညစ်ညမ်းလာနေသည်။ ဖွံ့ဖြိုးပြီး နိုင်ငံ များနှင့် မြို့နေလူတန်းစားတို့၏ အချိန် အများစု၊ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကိုအဆောက်အအုံများထဲတွင်သာ ကုန်ဆုံး နေစေလေ့ရှိသည်။ မိမိတို့၏ နေအိမ်များ အတွင်းတွင် အချိန်၏ ၇၀ ရာခိုင်နှုန်း ကို ကုန်ဆုံးနေကြသည်။ ယင်းတွင် အဓိကထိခိုက်နိုင်သူများမှာ သက်ကြီး ရွယ်အိုများနှင့် အသက်ငါးနှစ်အောက် ကလေးငယ်များဖြစ်ကြသည်။ နေအိမ် များအတွင်းသို့ ပြင်ပမှလေအဝင်လွယ် သော်လည်း ပြန်အထွက်ခက်သည့် သဘောတွေ့ရသည်။ ပြင်ပလေသည် အမှုန်အမွှား များစွာပါ၀င်လေ့ရှိသည်။ ထိုအမှုန်အမွှားတို့သည် နေအိမ်များ အတွင်းသို့ ၀င်ရောက်လာပါက ပါ၀င် သည့်အမှုန်များ ပမာဏလျော့သွား တတ်သည်။ ဥပမာ-ဖုန်ပိဿာတစ်ရာ ဝင်ပါက ၂၀ မှ ၈၀ ကျပ်သားခန့်အထိ နေအိမ်များအတွင်း ကျန်ရစ် နေတတ်သည်။ ထိုအမှုန်အမွှားတို့တွင် ခဲ၊ ဗေနေဒီယမ်၊ အခြား ဆာလ်ဖတ် ဒြပ်ပေါင်းများစွာတို့ ပါ၀င်လေ့ရှိပြီး ယင်းတို့သည် အဆုတ်၏ လေပြွန်ငယ် လေးများထဲအထိ ၀င်ရောက်သွားတတ် သည်။ အခြား အန္တရာယ်ရှိသည့် ဓာတ်ငွေ့တစ်မျိုးမှာ ရေဒွန်ဖြစ်သည်။ ယင်းသည် ယူရေနီယမ်၊ ဖော့စဖိတ် မိုင်းတွင်းများတွင် အများအပြား စုပုံ နေတတ်သည်။ အဆောက်အအုံများ ဆောက်လုပ်ရာ မြေပြင်များမှာလည်း ထွက်လာလေ့ရှိသည်။ အဆောက်အအုံ များ ဆောက်လုပ်ရာတွင် အင်္ဂတေ၊ ကျောက်၊ သုံးထပ်သား၊ ငါးထပ်သား၊ ကြိတ်သား၊ ဘုတ်ပြား၊ မီးခံသား၊ မီးဘေး ကာကွယ်ရေးပစ္စည်းများ၊ ကော်၊ ပတ်တီး၊ သုတ်ဆေးမျိုးစုံတို့မှ ဓာတုပစ္စည်းများစွာ ထွက်လာပါသည်။ မီးဖုတ်ထားသော အုတ်၊ ထုံး၊ ကျောက်တုံးစသည့် မြေသား၊ ကျောက်သားများမှ ရေဒွန်ဓာတ်ငွေ့ ထွက်လာတတ်သည်။ ကြိတ်သား၊ ကော်ကပ်အထပ်သားများတွင် သုံးသော ကော်မှ ဖော်မယ်လ်ဒီဟိုက် ဓာတ်ငွေ့ ထွက်လာတတ်သည်။ ယင်းသည် အသည်း ကို ထိခိုက်ပျက်စီးစေတတ်သည်။ မျက်နှာကြက်၊ ကြမ်းခင်းကျောက်ပြား၊ အင်္ဂတေ၊ ရေနွေးငွေ့ပိုက်၊ အပူကာပစ္စည်း၊ အသံလုံအပူကာ ပစ္စည်းစသည်တို့မှ ကျောက်ဂွမ်း ခေါ် အက်စ်ဘက်စ်တော့စ် ဓာတ်များ ထွက်လာတတ်သည်။ ယင်း သည် အဆုတ်ကင်ဆာရောဂါ ဖြစ်စေ တတ်သည်။ သုတ်ဆေးများသည် တော်လျူရင်း၊ ဇိုင်လင်းန်စသည့် ဓာတ် ငွေ့များ ထွက်လာကာ ယင်းတို့သည် ကင်ဆာဖြစ်စေတတ်သည့် ဓာတ်ပစ္စည်း များဖြစ်ကြသည်။ လေအေးပေးစက်၊ လေလှည့်စက်၊ လေလှည့်စက် စကာ၊ တရုတ်ကပ်စသည်တို့မှာ ဖုန်များ၊ ပိုးမွှား များ ကပ်ငြိနေတတ်သည်။ ချောင်းဆိုး ရင်ကျပ်ရောဂါ အပါအဝင် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများကို ဖြစ် စေတတ်သည်။
ပရိဘောဂများကြောင့် နေအိမ်
တွင်းလေထုညစ်ညမ်းစေခြင်း
ကြမ်းခင်း၊ ကော်ဇော၊ နံရံကပ်စက္ကူ၊ ဆိုဖာ၊ ကူရှင်(သိုးမွေး၊ ရှမွိုင်း) စသည်တို့ မှ အငွေ့ပျံလွယ်သော ဓာတုဓာတ်ငွေ့ များ ထွက်လာတတ်ကြသည်။ ဆိုဖာ၊ ခန်းစီးတို့မှ အော်ဂဲနစ်ဖုန်နှင့် ဖိုက်ဘာအမှုန် များ ထွက်လာတတ်သည်။ ပိတ်စဗီရို၊ ကန့်လန့်ကာတို့မှ VOC Volatile Organic Compounds ခေါ် အငွေ့ပျံလွယ်သော ဓာတုဒြပ်ပေါင်းများ ထွက်လာတတ်သည်။ မိတ္တူကူးစက်တို့မှလည်း ကာဗွန်အမှုန် လေးများ ထွက်လာတတ်ပါသေးသည်။ ရေခဲသေတ္တာများမှ ဖရီယွန်ဓာတ်ငွေ့ များ ထွက်လာတတ်သလို အမိုးနီးယား ဓာတ်ပုံ ကူးစက်လိုစက်မျိုးမှ အက်ဇစ် တစ်ဓာတ်ငွေ့များ ထွက်လာနိုင်ပါသည်။
မီးဖို၊ ပန်ကာ၊ လေအေးစက်စသည့်အိမ်တွင်းအသုံးအဆောင်များမှ ကာဗွန် ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ ဆာလ်ဖိတ်ဓာတ်များ၊ နိုက်ထရိုဂျင် အောက်ဆိုက်ဓာတ်ငွေ့များ ထွက် လာတတ်သည်။ ထို့ပြင် လေသန့်ဆေး၊ အနံ့ပျောက်ဆေး၊ ပရုတ်လုံး စသည် တို့တွင် နက်ဖ်သလင်း၊ ပါရာဒိုင်ကလိုဘင် ဇင်းန်စသည့်ဓာတ်များ ပါ၀င်ပါသည်။ ယင်းတို့သည် အူလမ်းကြောင်းကို လှုံ့ဆော် တတ်ပါသည်။ နက်ဖ်သလင်းဓာတ်သည် သွေးနီဥများနှင့် ကျောက်ကပ်တို့ကို ထိခိုက်စေနိုင်ပါသည်။ အရေပြားများ ကိုလည်း လှုံ့ဆော်ထိခိုက်စေတတ်ပါ သည်။ နက်ဖ်သလင်းဓာတ်က ပိုမို အဆိပ်ပြင်းပါသည်။ ယင်းသည် ပရုတ် လုံးတွင် အဓိက ပါ၀င်ပါသည်။ ပရုတ်လုံး ကိုစားမိ၊ အငွေ့ကို ရှူမိပါက သွေးနီဥ များကို ထိခိုက်စေနိုင်ပါသည်။ အထူး သဖြင့် ကလေးငယ်များ ထိုသို့ မလုပ်မိ စေရန် သတိပြုသင့်ပါသည်။ ပရုတ်လုံး ကြောင့် ကလေးငယ်များ တက်သည့် အခြေအနေများကိုလည်း တွေ့ရပါ သည်။ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ၀မ်းပျက်ခြင်း၊ အသားဝါလာခြင်း၊ ဆီးဝါ လာခြင်း၊ ဆီးမသွားနိုင်ခြင်း၊ သတိလစ် ခြင်း စသည်များဖြစ်တတ်ပါသည်။ သေချာ စွာမကုသနိုင်ပါက အသက်ဆုံးသည်အထိ ဖြစ်စေနိုင်ကြောင်း တွေ့ရပါသည်။ စာရေး သူ၏ အတွေ့အကြုံတစ်ခုကို တင်ပြလိုပါ သည်။ ရဟန်းတစ်ပါးသည် ညှင်းပေါက် နေသဖြင့် ပျောက်စေရန် ပရုတ်လုံးသုံးလုံး မြိုချလိုက်သည်ကို တွေ့ဖူးပါသည်။ ကပ္ပိယတစ်ဦးက အကြံပေးသောကြောင့် ဖြစ်သည်။ သုံးရက်ကြာမှ ဆေးရုံရောက်လာ ပါသည်။ ဝမ်းဗိုက်တစ်ခုလုံး ရောင်ရမ်း နေသည်ကို တွေ့ရပါသည်။ ဆေးရုံတွင် သေချာစွာကုသသော်လည်း peritonitis ခေါ် ဝမ်းဗိုက်အတွင်း ရောင်ယမ်းမှု ပြင်းထန်လှသဖြင့် ပျံတော်မူသွားသည် ကို ကိုယ်တိုင်တွေ့ခဲ့ရပါသည်။ အိမ်တွင် ကလေးငယ်တစ်ဦးဦးက ပရုတ်လုံးကို မြိုချလိုက်မိပါက ရေများများ တိုက်ပေးပါ။ ရေအေးအေးများများ သောက်စေလိုပါ သည်။ မြိုချပြီး နှစ်နာရီ၊ သုံးနာရီအတွင်း နို့ (သို့မဟုတ်) အဆီပါသည့် အစားအစာ များ မကျွေးသင့်ပါ။ တစ်နည်းနည်းနှင့် အန်အောင်လုပ်ပေးပါ။ ယင်းတွင် သီးသန့် ဖြေဆေးမရှိဟု သိရပါသည်။ ဆေးရုံသို့ အမြန်ပို့ပြီး အလျင်အမြန်ကုသပေးရန် လိုအပ်ပါသည်။ ကျောက်ကပ်၊ အသည်း တို့ကို ထိခိုက်ပျက်စီးစေနိုင်သောကြောင့် ဖြစ်ပါသည်။
အိမ်တွင်း အန္တရာယ်ပေးနိုင်သည့် ပစ္စည်းတစ်မျိုးမှာ အမွှေးတိုင်ဖြစ်သည်။အမွှေးတိုင်တစ်တိုင်မှ ဓာတုပစ္စည်းများ ထွက်လာနိုင်မှုသည် စီးကရက် နှစ်လိပ်က ထွက်သည့် ဓာတုပစ္စည်းပမာဏထက် များပြားကြောင်း သိရပါသည်။ ယင်းတွင် particulate bound polycyclic aro-matic hydrocarbons ခေါ်ဟိုက်ဒရို ကာဗွန်ဒြပ်ပေါင်းများပါ၀င်သည်ကို တွေ့ရ ပါသည်။ ထိုင်းနိုင်ငံရှိ ဘုန်းတော်ကြီးကျောင်း များတွင်အမွှေးတိုင်များစွာထွန်းလေ့ရှိ သဖြင့် သာမန်ထက် ၃၈ ဆ များနေ ကြောင်း တွေ့ရပါသည်။ ထိုနေရာအနီး တွင် နေထိုင်သူတို့ ရှူသွင်းသည့် လေထု ထဲတွင် သာမန်ထက် ၁၄ ဆများနေသည် ကိုလည်း တွေ့ရပါသည်။ ယင်းသည် ကျန်းမာရေးအန္တရာယ် ကြီးမားစေနိုင်ပါ သည်။ လေဝင်လေထွက်ကောင်းစေရန် အထူးဂရုပြုခြင်း၊ အမွှေးတိုင်များကို လျှော့သုံးခြင်းတို့ ဆောင်ရွက်သင့်ပါ သည်။
ယခုအခါ တိုက်တာ အဆောက်အအုံ များ၊ အထူးသဖြင့် တိုက်ခန်းများဖြင့် နေထိုင်သည့် အလေ့အထ အထူးများပြား နေပါသည်။ တိုက်ခန်းကြီးများ ဆောက်လုပ်ရာတွင် မြေသားများ တူးဆွ ရာမှ ရေဒွန်ဓာတ်ငွေ့များ ထွက်လာလေ့ ရှိပါသည်။ ရေဒွန်သည် အဆုတ် ကင်ဆာရောဂါ ဖြစ်စေနိုင်သည်ကို တွေ့ ရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ကလည်း ထိုသို့ တွေ့ရှိထားသဖြင့် တိုက်ခန်းများတွင် နေထိုင်သူများအနေ ဖြင့် ထိုအချက်ကို အထူးသတိပြုထား သင့်ကြောင်း တိုက်တွန်းထားပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက The International Radon Project ချမှတ်ဆောင်ရွက်နေပါသည်။ အပြည် ပြည်ဆိုင်ရာရေဒွန်စီမံချက်တွင် ရေဒွန် ဓာတ်ငွေ့နှင့်ပတ်သက်သည့် ကျန်းမာ ရေးပညာအသိပေးမှုများကို တွေ့ရပါ သည်။ ရေဒွန်သည် သဘာဝရေဒီယို သတ္တိကြွ ဓာတ်ငွေ့တစ်မျိုးဖြစ်သော ယူရေနီယမ်သတ္တုဓာတ်နှင့် အတူ တွေ့ရလေ့ရှိပြီး ယူရေနီယမ်ရှိသည့် မြေထုပေါ်တည်ပြီး ရေဒွန်ဓာတ် ပါ၀င်မှု ကွဲပြားလေ့ရှိပါသည်။ အဆုတ် ကင်ဆာ ရောဂါဖြစ်ပွားရမှုတွင် ဆေးလိပ်သောက်မှုကြောင့် ပြီးလျှင် ရေဒွန်ကြောင့် ဖြစ်ပွားရမှုက ဒုတိယ အချက်ဖြစ်ကြောင်း သိရသည်။ အဆုတ်ကင်ဆာ ဖြစ်ပွားသူတို့၏ ၆ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်တို့သည် ရေဒွန်ဓာတ်ကြောင့် ဖြစ်ကြောင်းလည်း သိရသည်။ Ionization Radiation ခေါ် ရေဒွန်ဓာတ် ရောင်ခြည်သင့်မှုလည်း ဖြစ်တတ်သည်။ အိမ်တွင်းမှာနေစဉ် ရေဒွန်နှင့် ထိတွေ့မှုများလေ၊ ထို Ionization ကလည်း ဖြစ်နေလေဖြစ် သည်။ အိမ်တွင်း ရေဒွန်ထိတွေ့နေမှုက ၅၀ ရာခိုင်နှုန်းခန့် ရှိနေတတ်သည်။ နေထိုင်သူသည် ဆေးလိပ်သောက်တတ် ပါက အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများ ပါသည်။ သာမန်ထက် ၂၅ ဆမျှ ပိုများ ကြောင်းလည်း သိရပါသည်။ ထို့ကြောင့် တိုက်ခန်းများမှာ နေထိုင်သူတို့သည် ဆေးလိပ်မသောက်ကြရန် အထူးလိုအပ် ပါသည်။
နိုက်ထရိုဂျင် အောက်ဆိုက် ဓာတ်ငွေ့သည် multifamily home ခေါ် မိသားစုအများစုနေသည့် နေအိမ်များ၊ တိုက်ခန်းများတွင် ပိုမိုတွေ့ရလေ့ရှိ ကြောင်း သိရပါသည်။ အကြောင်းမှာ ဓာတ်ငွေ့မီးဖိုများမှ ထွက်လာတတ် သောကြောင့်ဖြစ်သည်။ ရင်ကျပ် ပန်းနာရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများ ဖြစ်လာတတ်ပါ သည်။ သာမန်ထက် နှစ်ဆမျှ ပိုမို များပြားကြောင်း သိရပါသည်။ ကလေး ကင်ဆာရောဂါဖြစ်ပွားမှုနှင့်ပင် ဆက်စပ် နေနိုင်ကြောင်းပါ သိရပါသည်။
အခြား တွေ့ရလေ့ရှိသော ဓာတ်ငွေ့ မှာ မီသိန်း ဖြစ်သည်။ ယင်းသည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြစ် စေနိုင်ကြောင်း သိရပါသည်။
၁၉၈၀ ပြည့်နှစ်နောက်ပိုင်းကာလ များ အမေရိကန်အာကာသလေ့လာရေး NASA အဖွဲ့ကြီးက အာကာသယာဉ်များ မှာ သာမက လူနေအိမ်များတွင်ပါ စိုက်ပျိုးနိုင်သည့် သစ်ပင်ပန်းပင်အချို့ သည် နေအိမ်အတွင်းရှိ အငွေ့ပျံ အော်ဂဲနစ်ဒြပ်ပေါင်းများကို ဖယ်ရှား နိုင်ကြောင်း သိရပါသည်။ ထို့ကြောင့် မိမိတို့ နေအိမ်များတွင် အောက်ပါ အပင် တို့ကို စိုက်ပျိုးထားနိုင်ကြပါသည်။
၁။ Peace Lily
လီလီပန်း။
ထိုပန်းပင်သည် လေထုထဲရှိ ဖော်မယ်လ်ဒီဟိုက်၊ ဘင်ဇီး၊ ထရိုင် ကလိုရိုအက်သလင်း စသည့်အန္တရာယ် ရှိ VOC တို့ကို ဖယ်ရှားပေးနိုင် ပါသည်။
၂။ Heart leaf philodendron
ထိုအပင်ကိုစားရန် မသင့်ပါ။ အဆိပ် ရှိတတ်ပါသည်။ သို့သော် လေထုထဲရှိ VOC များကို ဖယ်ရှားနိုင်ပါသည်။ အဓိကအားဖြင့် ဖော်မယ်လ်ဒီဟိုက်ဓာတ် များကို ဖယ်ရှားနိုင်ပါသည်။ ထိုအပင်တို့ သည် အကြမ်းခံပြီး သဘာဝအလျောက် ရှင်သန်နေနိုင်ကြသည်။
၃။ Bambo plam
ထိုအပင်ကို reed palm ဟုလည်း ခေါ်သည်။ အရိပ်ကိုကြိုက်သည်။Ben-zene,trichloroethylene,formaldeh-yde တို့ကို ဖယ်ရှားနိုင်ပါသည်။ ပရိ ဘောဂများအနီးတွင် စိုက်ထားနိုင် သည်။ မက်စီကိုနှင့် အလယ်ပိုင်း အမေရိကတွင် စတင်တွေ့ရသည့် ထန်းပင်အုပ်စုဝင် ဖြစ်သည်။ စိုထိုင်းမှု၊ အလင်းရောင်တို့ကို နှစ်သက်သည်။
၄။ Chinese Evergreen
အလွယ်တကူ စိုက်ထားနိုင်သည့် ဂမုန်းနွယ်ဝင်တစ်မျိုးဖြစ်သည်။ လေထု ထဲမှ အဆိပ်အတောက်များကို စုပ်ယူ ဖယ်ရှားနိုင်ပါသည်။ အပူပိုင်းဒေသများနှင့် အထူးသင့်တော်သည်။
၅။ Warneck dracenae
အကြမ်းခံအပင်တစ်မျိုးဖြစ်သည်။ နေရောင်အနည်းငယ်မှာ ရှင်သန်နိုင်သည်။ လေထုထဲမှ အဆိပ်အတောက်များစွာကို စုပ်ယူဖယ်ရှားနိုင်သည်။
၆။ English Ivy
ဖော်မယ်လ်ဒီဟိုက်နှင့် Airborne faecal- matter particles လေထဲရှိ အညစ်အကြေးတို့ကို ဖယ်ရှားနိုင်သည်။ပန်းခြံများတွင်ပါ စိုက်ပျိုးနိုင်သည်။ လေထုကို တံမြက်လှည်းသလို သန့်စင် ပေးနိုင်သည်။ စိုထိုင်းမှုကို နှစ်သက်သည်။ ပန်းအိုးငယ်ဖြင့် အိမ်တွင်းမှာစိုက်ပျိုးနိုင် သည်။
၇။ Azalea
အိမ်တွင်းပရိဘောဂနှင့် အခြား အိမ်သုံးဓာတုပစ္စည်းများမှ ထွက်သော ဖော်မယ်လ်ဒီဟိုက်ဓာတ်များကို ဖယ်ရှား နိုင်ပြီး အလှအပလည်းပေးနိုင်သည့် ပန်း ကလေးများဖြစ်သည်။ ၆၀-၆၅ ဒီဂရီ အအေးဓာတ်ကို နှစ်သက်သည်။ အိမ် တွင်းမှာ ခြောက်သွေ့နေလျှင် ထိုပန်းပင် ကလေးများကို ရေမှန်မှန်လောင်းပေးခြင်း ဖြင့် လေထုအေးမြလာနိုင်သည်။
၈။ Weeping fig
ကော်ဇောများ၊ ပရိဘောဂများမှ ထွက်သော ဖော်မယ်လ်ဒီဟိုက်ဓာတ် fbenzene,trichloroethylene ဓာတ်များ ကို ဖယ်ရှားနိုင်သည်။ ရေနှင့် အလင်း ရောင်ကို ကြိုက်သည်။
၉။ Red-edged dracaena
အရွက်မှာအနီရောင်အနားသတ်လိုင်း ကလေးများရှိပြီး ထူးခြားသည်။ Xylene, formaldehyde, trichloroethylene တို့ကို ဖယ်ရှားနိုင်သည်။ ၁၅ ပေအထိ ရှည်နိုင်သဖြင့် အမိုးမြင့်နေအိမ်များ အတွက် သင့်တော်သည်။
၁၀။ Chrysanthemum
လှပသော ဂန္ဓမာပန်းမျိုးဖြစ်သည်။ အခန်းတွင်းကို တောက်ပနေစေမှာ ဖြစ် သည်။ ပလတ်စတစ်၊ ကော်၊ သုတ်ဆေး၊ အရောင်တင်ဆေးစသည်တို့တွင် ပါ၀င် သော ဘင်ဇီးဓာတ်ကို ဖယ်ထုတ်နိုင် သည်။
၁၁။ Golden pothos
နွယ်ပင်တစ်မျိုးဖြစ်ပြီး ဖော်မယ်လ် ဒီဟိုက်ဓာတ်များကို ဖယ်ရှားနိုင်သည်။ ခြင်းကလေးများဖြင့် ချိပ်ဆွဲထားနိုင်သည်။ ကားဂိုဒေါင်ထဲတွင်လည်း ဆွဲထားနိုင် သည်။ အလင်းရောင်ကြိုက်ပြီး ရေသင့် သလောက်သာလိုသည်။
၁၂။ Snake plant
Mother-in-law’s tongue ယောက္ခမ လျှာပန်းဟုလည်း ခေါ်ရမည်ထင်သည်။ သန့်စင်ခန်း၊ ကော်ဇော၊ အခြားအိမ်တွင်း သုံးပစ္စည်းများတွင်ရှိနေသော ဖော်မယ်လ် ဒီဟိုက်ဓာတ်ကို အကောင်းဆုံးဖယ်ရှား ပေးနိုင်သည်။ အလင်းရောင်နည်းနည်း၊စိုထိုင်းမှုများများ ကြိုက်သည်။
၁၃။ Gerbera daisy
Trichloroethylene ကို ဖယ်ထုတ် ပေးနိုင်သော လှပအရောင်တောက်သည့် ဒေစီပန်းကလေးများဖြစ်သည်။ မင်များ မှထွက်သော ဘင်ဇီးဓာတ်ကို ဖယ်ရှားနိုင် သည်။ အိပ်ခန်း၊ အဝတ်လျှော်ခန်းတို့ တွင်ထားပါက အရောင်လင်းပြီး သန့်ရှင်း နေစေမည်။ နေ့စဉ်ခြောက်နာရီမျှ တိုက် ရိုက်နေရောင်ထိတွေ့မှုကို နှစ်သက် သည်။
၁၄။ Spider plant
ဘင်ဇီး၊ ဖော်မယ်လ်ဒီဟိုက်၊ ကာဗွန် နောက်ဆိုက်၊ ဇိုင်လင်းစသည်တို့သည် သားရေ၊ ရော်ဘာ၊ အခြားသုတ်ဆေးများ တွင်ပါ၀င်လေ့ရှိရာ ယင်းတို့ကို ထိုအပင် က ကောင်းစွာဖယ်ရှားနိုင်သည်။ အိမ်မွေး ခွေး၊ ကြောင် စသည်တို့မှ ထွက်သော ညစ်ညမ်းစေမှုများကိုလည်း သန့်စင်စေ သည်။
၁၅။ Aloe vera
Aloe vera ရှားစောင်းပင်သည် အိမ် တွင်းသန့်စင်ဆေးအမျိုးမျိုးရှိ ဖော်မယ်လ် ဒီဟိုက်နှင့် ဘင်ဇီးဓာတ်တို့ကို ဖယ်ရှားနိုင် သည်။ အိမ်တွင်းလေသန့် စေနိုင်သလို အစေးကလည်း အနာများကို ကျက်စေ နိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ ကျော်ကတည်းက အသက်ရှည် မသေ ဆေးအဖြစ် သုံးခဲ့ကြသည်။
အထက်ပါ နှစ်သက်ဖွယ်အပင် ကလေးများကို မိမိတို့ နေအိမ်များတွင် စိုက်ပျိုးထားနိုင်ကြပါသည်။
အောက်ဆီဂျင်ဓာတ်ငွေ့ ထုတ်ပေး နိုင်သော အိမ်တွင်းစိုက်နိုင်သည့် အပင်များ
အောက်ဆီဂျင်ဓာတ်ငွေ့ကို သိသာစွာ ထုတ်ပေးနိုင်သော၊ အိမ်တွင်းစိုက်ပျိုးနိုင် သည့် အပင်များမှာ- The Weeping Fig Plant, Aloe Vera, Pothos Plant, Spider Plant, Areca Palm, Snake Plant, Tulsi, Bamboo စသည်တို့ ဖြစ်ကြောင်း သိရသည်။ ထိုအပင် ငယ်တို့ကို မိမိတို့၏ ဘုရားခန်း၊ အိမ်တွင်း၊ ဧည့်ခန်းတွင်း၊ အိပ်ခန်း စသည်တို့တွင် စိုက်ပျိုးထားနိုင်ပါ သည်။
ယင်းတို့တွင် Aloe Vera plant ရှားစောင်းလက်ပပ် အပင်ငယ်တို့ သည် အိမ်တွင်းအောက်ဆီဂျင်ဓာတ်ငွေ့ အတွက် အသင့်တော်ဆုံးဖြစ်သည် ဟု သိရသည်။ နာဆာအဖွဲ့ကြီး၏ လေ့လာမှုအရ Aloe vera သည် ညအချိန်တွင် အောက်ဆီဂျင်ဓာတ် ကောင်းစွာ ထုတ်ပေးနိုင်ပြီး သက်ရှည် ကျန်းမာရေးအတွက် အထောက်အကူ ပေးနိုင်ကြောင်း ဖော်ပြထားပါသည်။သစ်ပင်ကလေးများသည် ညအချိန်တွင် ယင်းတို့၏ အစာချက်လုပ်မှု photo-synthesis (photo= အလင်းရောင်၊ synthesis = တည်ဆောက်ထုတ်လုပ်မှု)ကိုရပ်နားလေ့ရှိကြသည်။ ထိုအချိန် တွင် သူတို့က အောက်ဆီဂျင်ကို စုပ်ယူ ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို ပြန် ထုတ်လေ့ရှိကြသည်။
Orchids ၊ Succulents,Epiphytic bromeliads စသည်တို့ကမူ ညအချိန်တွင် မူလအတိုင်း အောက်ဆီဂျင်ကိုသာ ထုတ်ပြီး ကာဗွန် ဒိုင်အောက်ဆိုက်ကို စုပ်ယူတတ်ကြ သည်။
သို့သော် အပင်ကလေးများမှ ထုတ် သောကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ သည် အနည်းငယ်မျှသာဖြစ်ပြီး အန္တရာယ်ကင်းပါသည်။ မိမိ၏ အိပ်ခန်း အတွင်း အိမ်မွေးတိရစ္ဆာန်များထား အိပ်ခြင်းကြောင့် လူက ထုတ်သော ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ယင်း တို့ကထုတ်သော ကာဗွန်ဒိုင်အောက် ဆိုက်တို့ပေါင်းပြီး သိသာသော ပမာဏဖြစ်သွားနိုင်ပါသည်။ မိမိ အိပ်ခန်းအတွင်း အဆိုပါ အပင်ငယ် လေးများ စိုက်ပျိုးထားခြင်းကြောင့် ကောင်းစွာ အိပ်ပျော်စေနိုင်ခြင်း၊ လေသန့်စင်စေခြင်း၊ အောက်ဆီဂျင် ရရှိခြင်း၊ မျက်စိ ပသာဒဖြစ်စေခြင်းတို့ ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ယခုလို ကိုဗစ်- ၁၉ ကပ်ရောဂါကာလကြီးတွင် တစ်ဖက် တစ်လမ်းမှ အကျိုးပြုနိုင်မည့် လှပ နှစ်သက်ဖွယ် အပင်ကလေးများကို တင်ပြအပ်ပါသည်။ ။
ကိုးကား-
1.Healthy indoor House
plants(WHO).
2. Fernspetals(Author-Tanyasood
10.8.2019).
- Log in to post comments