ကိုဗစ်-၁၉ ရောဂါက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာတွေကို ထိခိုက်ပါတယ်၊ ကျန်းမာခြင်းရဲ့ အင်္ဂါရပ် သုံးခုစလုံးကို ထိခိုက်စေတာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီရောဂါ မဖြစ်တာ အကောင်းဆုံးပါ

Type

အစီအစဉ်မှူး။    ။    နိုင်ငံတစ်ဝန်း ကိုဗစ်-
            ၁၉ တတိယလှိုင်း  ဖြစ်ပွား နေတာနဲ့ပတ်သက်ပြီး  ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန  ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။


ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားပြီးသူတွေအနေနဲ့ ပြန်လည်ကျန်းမာအောင်     ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာကို   အကြံပြုပြောကြား ပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး။    ။    ကိုဗစ် - ၁၉ရောဂါ 
        ဖြစ်ပွားတဲ့သူတွေ အနေနဲ့ ပြန်ပြီးနေကောင်းတာတောင် တချို့ရောဂါ လက္ခဏာတွေ ဆက်လက်ခံစားရတာ၊    တချို့က ပြန်နေကောင်းပြီး     နာလန်ထတဲ့အချိန်ကျမှ ရုတ်တရက် သေဆုံးသွားတာမျိုးတွေကို တွေ့မြင် ကြားသိနေရပါတယ်။ ဒါက မြန်မာနိုင်ငံတစ်ခုတည်း သာမက ကမ္ဘာပေါ်မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ပညာရှင်တွေအကြားမှာ ဆွေးနွေးနေတဲ့ကိစ္စတွေ၊ လေ့လာနေတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက် ပြီး ကျွန်တော် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဒီနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကနေ ပြန်လည်ပြီးကောင်းမွန်လာတဲ့ လူဦးရေ ၁၈၉ သန်းကျော်ရှိတဲ့အတွက် ပြန်လည်နေကောင်း တာကလည်း     အတော်များနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဆေးရုံဆင်းခွင်ရတဲ့ လူဦးရေ နှစ်သိန်းကိုးသောင်းကျော်ရှိနေပြီ   ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါရဲ့ နောက်ဆက်တွဲ ခံစားရတာ တွေ နဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ကမ္ဘာပေါ် မှာ လေ့လာထားတဲ့ သုတေသနတွေ့ရှိချက်တွေနဲ့ စပ်ဆက်ပြီး ဆွေးနွေးတင်ပြလိုပါတယ်။


ဆက်ပြီးရှိနေ


ပထမဦးဆုံးအနေနဲ့ ဆေးပညာဂျာနယ်ဖြစ်တဲ့ JAMA Network Open မှာ ဖေဖော်ဝါရီလ ၂၀၂၁ မှာ တင်ပြလာတဲ့ အချက်အလက်တွေအရ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားတဲ့လူတွေရဲ့ ၃၀ ရာခိုင်နှုန်းခန့် က ဆက်လက်ပြီး ညောင်းညာတာ၊ ဘာပဲလုပ်လုပ် အားမရှိဘဲ နုံးချည့်နေတာ၊ အနံ့ဆက်ပျောက်နေ တာ၊ အရသာဆက်ပျောက်တာ၊ တချို့ဆို အသက် ရှူရ ခက်ခဲတာကို ဆက်ပြီးတွေ့ရှိနေရတဲ့အကြောင်း နဲ့ ဒီလက္ခဏာတွေက ဘယ်လောက်အထိ ဆက်ရှိ နိုင်သလဲဆိုရင် ပိုးပြန်စစ်ကြည့်လို့   ပိုးမတွေ့တာ တောင်  နောက်ထပ်အနည်းဆုံး   လေးပတ်အထိ ဆက်ပြီးရှိနေတယ်ဆိုတာမျိုး တွေ့ရပါတယ်။
နောက်တစ်ခု   အမေရိကန်ပြည်ထောင်စုမှာ FAIR Health အင်န်ဂျီအိုကနေ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ လူဦးရေ ၁ ဒသမ ၉ သန်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လအထိ တစ်နှစ်ကြာ စောင့်ကြည့်တဲ့အခါ လူဦးရေ လေးသိန်းခွဲ ကျော်ကျော်က နေကောင်းပြီးတာတောင် ဆေးခန်း ပြန်သွားနေရတာမျိုး တွေ့ရှိရပါတယ်။ 
ယူကေနိုင်ငံမှာလုပ်ထားတဲ့ သုတေသနတွေ့ရှိ ချက်အရ လူ ၁၀ ဦးမှာ တစ်ဦးအထက်က ကိုဗစ်ရောဂါ နောက်ဆက်တွဲ လက္ခဏာတွေကို ခံစားရတယ်ဆိုတာ မျိုး တွေ့ရပါတယ်။ လူ ၁၀ ဦးမှာ တစ်ဦးနှုန်းနဲ့တွေ့တယ် ဆိုရင် ပြန်ကောင်းလာတဲ့လူက ကမ္ဘာတစ်ဝန်းလုံးမှာ ၁၈၉ သန်းအထက်ရှိတဲ့အတွက် ပြန်ကောင်းလာတဲ့ လူဦးရေ ၁၉ သန်းနီးပါးက ကိုဗစ်ရောဂါ နောက်ဆက် တွဲ လက္ခဏာတွေ ဆက်လက်ခံစားနေရတယ်ဆိုတာ က ကမ္ဘာတစ်ဝန်းလုံးအနေနဲ့၊ မြန်မာနိုင်ငံအနေနဲ့ လျှော့တွက်လို့မရတဲ့ ပြည်သူ့ကျန်းမာရေး ပြဿနာ တစ်ခုအသွင် စတင်ပြီးဆောင်လာတဲ့သဘောရှိပါတယ်။


လေ့လာမှုတွေလုပ်စေ


ဒါနဲ့ပတ်သက်ပြီး    ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူသိများတဲ့    သုတေသနအဖွဲ့အစည်းအနေနဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ The National Institutes of Health(NIH)ဖြစ်ပါတယ်။  သူက ကိုဗစ်-၁၉ နောက်ဆက်တွဲ ရောဂါတွေကို ဆက်ပြီး လေ့လာတဲ့ အခါ Post-Acute Sequelae of SARS-CoV-2 infection (PASC)ဆိုပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံ ထောက်ပံ့ပေးကာ လေ့လာမှုတွေလုပ်စေ ပါတယ်။   ဒီလိုထောက်ပံ့ပေးတာက  နောက်ထပ် လေးနှစ်အထိ ကိုဗစ်ရောဂါကနေ ပြန်ကောင်းလာတဲ့ သူတွေမှာ ဘာတွေဖြစ်လဲဆိုတာမျိုး ဆက်လက် လေ့လာနေတယ်လို့ သိရပါတယ်။ အခုတင်ပြခဲ့တာ တွေက ကိုဗစ်-၁၉ ရောဂါရဲ့ နောက်ဆက်တွဲ ရောဂါ တွေနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းလုံးက တွေ့ရှိချက် တွေနဲ့ သုတေသနဆောင်ရွက်ချက်တွေကို ရှေးဦးစွာ တင်ပြခြင်းဖြစ်ပါတယ်။
ဒီလိုနောက်ဆက်တွဲရောဂါတွေ ဘာကြောင့်ဖြစ် တာလဲ၊ နေကောင်းပြီး ရောဂါပိုး မတွေ့တာတောင်မှ ဘာဖြစ်လို့ ဒီလိုလက္ခဏာတွေ ခံစားနေရသလဲဆိုတာ ကလည်း  ဆေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေ အလွန်စိတ်ဝင်စားတဲ့ကိစ္စပါ။ ပညာရှင်တွေ ယူဆတာ က ကိုဗစ်-၁၉ ရောဂါအနေနဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို အဓိက ကစဉ့်ကလျားဖြစ်စေပြီး ခန္ဓာကိုယ် အနှံ့    ရောင်ရမ်းမှုတွေဖြစ်စေပြီး   ဦးနှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။ ဦးနှောက်နှင့် အာရုံကြောစနစ်အပြင် ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ ကိုဗစ် - ၁၉ ရောဂါပိုးဝင်လို့ရတဲ့ ACE2 Receptor ရှိတဲ့ ဆဲလ်တွေက ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ရှိနေပါ တယ်။  ဒီဆဲလ်တွေ  ဝင်ရောက်ပြီး  ရောင်ရမ်းမှုတွေ ဆက်လက် ဖြစ်စေတဲ့အခါ နှလုံးနှင့် သွေးကြောစနစ်၊ အသက်ရှူလမ်းကြောင်းစနစ်၊ အစာအိမ်နှင့် အူလမ်း ကြောင်းစနစ်စသဖြင့် အများကြီးပါပဲ။ ဒါတွေအကုန် လုံးကို   ထိခိုက်စေပါတယ်။    ဒီလို ရောင်ရမ်းမှုတွေ ခန္ဓာကိုယ်အနှံ့မှာ         ဆက်ပြီးကျန်နေတာက နောက်ဆက်တွဲခံစားရတဲ့ ရောဂါဝေဒနာတွေ ဖြစ်စေ တဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ 


နောက်ထပ်အကြောင်းရင်းတစ်ခုက  ကိုဗစ်- ၁၉ ရောဂါ  ကုသပေးတဲ့   ဆေးတွေပါ။ ဥပမာ - Dexamethasone လို ဆေးတွေပေးရင် သွေးချို ပိုတက်စေတာမျိုး၊      သွေးပေါင်တက်စေတာမျိုး စသဖြင့် တွေ့ရပါတယ်။ ရောဂါကုသတဲ့ဆေးဝါးတွေရဲ့ သဘောက     တစ်ဖက်မှာကောင်းကျိုးဖြစ်စေသလိုတစ်ဖက်မှာ သူရဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။  
ဒီလိုမျိုးအကြောင်းရင်းတွေနဲ့    လူနာရဲ့   ရောဂါ အခံရှိမှု၊    အသက်အရွယ်     စသဖြင့်   စုပေါင်းပြီး နောက်ဆက်တွဲ ရောဂါဝေဒနာတွေ အမျိုးမျိုးဖြစ်ပွား တယ်လို့   ကောက်ချက်ချ  ယူဆထားကြပါတယ်။ နောက်ပိုင်းသုတေသန တွေ့ရှိချက်တွေကို ဒီထက်ပို ပြီး စုံစုံလင်လင်တွေ့လာရရင် ဒီဖြစ်ပွားရတဲ့ အကြောင်း ရင်းတွေ ပိုပြီး သိရှိလာမှာဖြစ်ပါတယ်။ 
ကိုဗစ်-၁၉ ရောဂါက  တော်တော်ဆိုးရွားတဲ့ ရောဂါလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖြစ်ပွားတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအနေ နဲ့  အသက်ရှူမဝ အောက်ဆီဂျင်ကျတာကနေပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ တစ်ဖက်က စိတ်ပိုင်းဆိုင်ရာအနေနဲ့ ပြန်ကောင်းလာခဲ့ရင်တောင် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ နောက်တစ်ခု လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ် စေပါတယ်။
အနက်အဓိပ္ပာယ် ဖွင့်ဆိုထား
လူတစ်ယောက်သည်  ကျန်းမာရေးနဲ့   ပြည့်စုံ တယ်လို့ သတ်မှတ်ဖို့အတွက် ကျန်းမာခြင်းရဲ့အနက် အဓိပ္ပာယ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖွင့်ဆိုထား တာရှိပါတယ်။ ဒါက “လူတစ်ယောက်သည် ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ဒီသုံးခု လုံးမှာ ပြည့်စုံပြီး ကောင်းမွန်တဲ့အခါကျမှ ကျန်းမာ ခြင်းနဲ့ပြည့်စုံတယ်” ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျန်းမာခြင်းရဲ့   အနက်အဓိပ္ပာယ်   ဖွင့်ဆိုထားပါ တယ်။  


ကိုဗစ် - ၁၉ ရောဂါက ရုပ်ပိုင်းဆိုင်ရာ၊  စိတ်ပိုင်း ဆိုင်ရာနဲ့   လူမှုရေးပိုင်းဆိုင်ရာတွေကို  ထိခိုက်ပါ တယ်။ ကျန်းမာခြင်းရဲ့အင်္ဂါရပ် သုံးခုစလုံးကို ထိခိုက် စေတာဖြစ်ပါတယ်။   ဒါကြောင့် ဒီရောဂါမဖြစ်တာ အကောင်းဆုံးပါ။ ဒါကြောင့်မဖြစ်အောင် ကာကွယ်ကြ ပါ။ မက်စ်တပ်ခြင်း၊ လက်ဆေးခြင်း၊   ခပ်ခွာခွာနေ ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာနေထိုင်ခြင်း      ဒါတွေကို မဖြစ်မနေဆောင်ရွက်ပြီး ရောဂါမဖြစ်အောင် ကာကွယ် တာက အကောင်းဆုံးပါ။ ရောဂါဖြစ်ပြီးတဲ့နောက်မှာ  နောက်ဆက်တွဲရောဂါတွေ  ရှိလာနိုင်ပါတယ်။


ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားပြီးနောက် မိမိခန္ဓာ ကိုယ်မှာ ရောဂါအသစ် ထပ်ပေါ်လာတာရှိနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ဒီရောဂါကို စတွေ့ချိန်ကစလို့ တစ်နှစ် ကျော်/ နှစ်နှစ်ကာလထဲကို ရောက်လာတဲ့ ကာလ ဖြစ်တာတောင် သူ့နောက်ဆက်တွဲက  ဘာတွေဖြစ် နိုင်လဲဆိုတာ အကုန်မသိနိုင်သေးပါဘူး။ ရှေ့မှာ တင်ပြခဲ့သလို သုတေသနတွေ အများကြီး ဆက်လုပ် နေရတဲ့  အနေအထားဖြစ်ပါတယ်။  ဒါကြောင့် ရောဂါမဖြစ်တာ    အကောင်းဆုံးဖြစ်ပါတယ်။ ကာကွယ်ခြင်းသာ  အကောင်းဆုံးဆိုတာ  ဒီနေရာက နေ ဦးစွာပထမ အသိပေးတင်ပြလိုပါတယ်။


ဒါဆိုရောဂါကြောင့်  ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာတွေကို ထိခိုက်စေ ပါတယ်။  ၁၀ ဦးမှာ တစ်ဦးအထက်က ဒီလိုမျိုး နောက်ဆက်တွဲရောဂါ လက္ခဏာတွေ ခံစားရတတ် တယ်ဆိုတော့ ပထမဦးဆုံးတင်ပြလိုတာက ရုပ်ပိုင်း ဆိုင်ရာမှာ တွေ့ရတဲ့လက္ခဏာတွေအနေနဲ့ အသက် ရှူလို့ သိပ်မကောင်းတာ ဖြစ်ပါတယ်။ နည်းနည်း နေကောင်းလာတာတောင်     အသက်ရှူရတာ သိပ်မကောင်းဘူး၊  ရင်ခေါင်းမှာ တစ်ဆို့ဆို့ကြီး ဖြစ်နေတယ်။ 
ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ


နောက်ထပ်လက္ခဏာတစ်ခုက ဘာပဲလုပ်လုပ် အားမရှိဘူး၊  နွမ်းနေတယ်၊   နုံးချည့်နေတယ်၊  အားကုန်နေတယ်ဆိုပြီး ဖြစ်ပါတယ်၊ ဒီနှစ်ခုက အများဆုံးတွေ့ရတာပါ။ နောက်ထပ်တွေ့ရတာက ချောင်းဆိုးမပျောက်ဘူး၊ လည်ချောင်းက ယားလာ တယ်၊ ချောင်းကဆက်တိုက်ဆက်တိုက်  ဆိုးချင်နေ တာ ဖြစ်ပါတယ်။  နောက်ထပ်လက္ခဏာတွေက ခေါင်းကိုက်တယ်၊   ရင်တုန်တယ်၊ ရင်ထဲကနေ တစ်လှပ်လှပ်နဲ့ တုန်လာတယ်၊ ရုတ်တရက်ထိုင်နေ ရတာကနေ ထလိုက်တဲ့အခါကျရင် မူးသွားတယ်၊ အနံ့ပျောက်တာကလည်း  မကောင်းဘဲ    အနံ့က ဆက်ပြီးပျောက်နေတယ်၊   တစ်ခါတလေကျရင် အရသာပါ  ဆက်ပြီးပျောက်နေတယ်။   မျက်စိ ကြည့်လို့မကောင်းတာ၊ ဝါးတားတားဖြစ်နေတာ နှစ်ထပ်မြင်တာတွေရှိတယ်။       သွေးပေါင်တွေ တက်လာတာတွေ့ရတယ်။ တချို့လူနာတွေမှာ ဆေးရုံမတက်ခင်က သွေးတိုးရောဂါမရှိဘူး၊ ဆေးရုံ ဆင်းတော့မှ သွေးတိုးရောဂါရှိလာတာတွေ့ရတယ်။ အရေပြားပေါ်မှာ   အကွက်တွေ ထွက်လာတာ၊ နောက်တစ်ခုက အမျိုးသမီးတွေမှာ ဓမ္မတာတွေ မမှန်တော့တာ စသဖြင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာ တွေ တွေ့ရတတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ပြီး လက္ခဏာတွေ ဖြစ်ပွားတာလည်း အများကြီးတွေ့ရပါတယ်။ အဖြစ် အများဆုံးက စဉ်းစားလို့ဘာမှမရဘူး။ ခေါင်းထဲမှာ ဘာမှမရှိဘူး။  Brain Fog  လို့ ခေါ်ကြပါတယ်။ ဦးနှောက်ထဲမှာ အခိုးအငွေ့တွေနဲ့ မှိုင်းနေသလို ဘာမှစဉ်းစားလို့   မထွက်တာမျိုးဖြစ်နေတယ်။ လေးလေးနက်နက် စဉ်းစားလေ ပိုပြီးမထွက်လေ၊ စိတ်ရှုပ်လေဖြစ်တာမျိုးတွေရှိပါတယ်။ စိတ်က ဘာမှ စဉ်းစားလို့မရဘူး၊        စိတ်အားကုန်သွားတယ်။ ဦးနှောက်ထဲမှာ Block ဖြစ်သွားတယ် ဆိုတာကို တွေ့ရပါတယ်။ 


နောက်တစ်ခုက စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု (Mood changes) ပါ။ အရင်က စိုးရိမ်စိတ်တွေ မရှိ ဘူး။ အခု တစ်ခုခု ကြားလိုက်တယ်ဆိုရင် ထိတ်ခနဲ စိုးရိမ်စိတ်နဲ့   လန့်သွားတာမျိုး (Anxiety)တွေ၊ စိတ်ဓာတ်တွေကျပြီး ဘာမှမလုပ်ချင်၊ မကိုင်ချင် ဖြစ်တာမျိုး(Depression)တွေ တွေ့လာရပါတယ်။ အရင်က ဒါမျိုးတွေမရှိပေမယ့် ပြန်ကောင်းလာတဲ့ အချိန်မှာ  ဖြစ်လာတာမျိုးတွေ တွေ့ရပါတယ်။
နောက်တစ်ခု ဆေးရုံတက်ပြီး ဆေးရုံအထူး ကြပ်မတ်ကုသဆောင်(ICU)မှာ ကြာကြာနေရပါ တယ်။ မိမိခန္ဓာကိုယ်မှာလည်း  ပိုက်တွေပေါင်းစုံ တပ်ထားရတယ်။ တစ်ဖက်မှာ ကိုယ့်ခုတင်နားက လူနာတွေ ဆုံးသွားတာတွေကို မြင်ခဲ့ရတယ်။ ဒီလို မြင်ကွင်းတွေ၊    စိတ်ထဲမှာ ခံစားရတာတွေက မပျောက်တော့ဘူး။ မျက်စိမှိတ်လိုက်တာနဲ့ ဒီမြင်ကွင်း တွေ မြင်နေတယ်။  နောက်ပိုင်းမှာ  အိပ်မက်ဆိုး တွေ မက်တာတွေရှိလာပါတယ်။ 


‌r စာမျက်နှာ ၁၀ မှ
ဒါတွေက Post-Intensive Care Syndrome (PICS) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။ ဒါတွေသိပ်ပြီး ပြင်းထန်လာရင် တွေးခေါ်ဆုံးဖြတ်တဲ့အပိုင်းတွေမှာ လွဲမှားလာတာ၊ ထစ်ခနဲဆို စိတ်တိုပြီး တစ်ခုခုလုပ်မိတာတွေ ရှိလာ တယ်၊ ဒါကို Post-Traumatic Stress Disorder (PTSD) လို့ ခေါ်ပါတယ်။    ဒီလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ တော်တော်များများ ဖြစ်တတ်ပါ တယ်။ ဒါကနဦးအနေနဲ့  တွေ့ရှိချက်တွေဖြစ်ပါ တယ်။  နောက်ပိုင်းမှာ    ဒီထက်များလာစရာရှိပါ တယ်။   ဘာတွေဆက်ပြီး   ဖြစ်နိုင်တယ်ဆိုတာ သုတေသနပြုလေ့လာရဦးမှာဖြစ်ပါတယ်။ 
နောက်ပြီး လူမှု‌ရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တယ်။  အလုပ်နဲ့ပတ်သက်ပြီး  ထိခိုက်မှုတွေ၊ ဝင်ငွေနဲ့ပတ်သက်ပြီး ထိခိုက်မှုတွေ ဒါတွေရှိနိုင်ပါ တယ်။ မိတ်ဆွေအပေါင်းအသင်းတွေ ဆုံးရှုံးတာ  ရှိနိုင်တယ်။    မိသားစုဝင် တစ်ယောက်ယောက် ဆုံးရှုံးတာ၊  အိမ်မှာအဓိက  ဝင်ငွေရှာပေးနေတဲ့ အိမ်ထောင်ဦးစီးလိုမျိုး ဆုံးရှုံးတာမျိုးဆိုရင်လည်း မိသားစုစီးပွားရေး၊ ဝင်ငွေရလမ်းနဲ့ ဘဝရပ်တည်မှု အပေါ် ထိခိုက်နိုင်တာတွေ ရှိပါတယ်။
ပြန်ပြီးခြုံငုံပြောရရင် ကိုဗစ် - ၁၉ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိပါတယ်။ အနည်းနဲ့ အများသာ ကွာခြားပါတယ်။ ပြန်ကောင်းလာသူ ၁၀ ဦးမှာ တစ်ဦးနှုန်းထက် ပိုပြီးခံစားရနိုင်ပါတယ်။ အချို့က  သက်သက်သာသာနဲ့  ပြန်ကောင်းသွား တယ်။ အချို့က ဆက်ပြီးခံစားနေရတယ်။ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေက ပုံမှန် အားဖြင့်   ရက်သတ္တ  သုံးပတ်၊  လေးပတ်ဆိုရင် ပြန်ကောင်းရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့မှာ ခြောက်လလောက်အထိကို    ပြန်မကောင်းဘူး။ အချို့ဆို တစ်နှစ်လောက်အထိ မကောင်းဘူးဆိုတဲ့ လူတွေလည်းရှိပါတယ်။ များသောအားဖြင့် သုံးလ လောက်နေရင် ပြန်ကောင်းသင့်ပါတယ်။ ဒီထက် ကြာရှည်နေရင်   ဂရုစိုက်ရမယ်။   ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ပြသပြီး ဆေးကုသမှုခံယူရပါမယ်။ 
အချက်ရှစ်ချက်
ကိုဗစ်-၁၉ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုး တွေ လျော့ပါးသက်သာစေရေး ကိုဗစ် - ၁၉ ရောဂါ ပြန်ကောင်းလာသူတွေအနေနဲ့ လိုက်နာရမယ့် အချက် ရှစ်ချက်ကို တင်ပြလိုပါတယ်။ နံပါတ် (၁) အချက်က စိတ်ဓာတ်ကျတာ၊ စိုးရိမ်ထိတ်လန့်တာ တွေက အိပ်ရာထဲမှာ လှဲနေရင် ပိုဆိုးပါတယ်။ လူက မလှုပ်လေလေ ခန္ဓာကိုယ်က သန်စွမ်းမှုအင်အား ကို ပြန်လည်တည်ဆောက်ရ ခက်လေလေ ဖြစ်ပါ တယ်။ အိပ်ရာထဲလှဲမနေဘဲ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ လမ်းလျှောက်တာ၊ အိမ်မှုကိစ္စလုပ်တာ တွေကို တတ်နိုင်သမျှ စတင်လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။ နောက်ပြီး တစ်နေ့တာအတွင်း လှုပ်ရှားမှု အကြိမ်ရေ၊      တစ်ခါလှုပ်ရှားရင် ကြာမြင့်ချိန်၊ ပြင်းထန်မှု စသဖြင့် တတ်နိုင်သလောက် မိမိဘာသာ သတိပြုပြီး တဖြည်းဖြည်းချင်းတိုးပြီး လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်။ 
နာလန်ထ လူမမာအတွက် အရေးကြီးတာ က အသက်ရှူလေ့ကျင့်ခန်းဖြစ်ပါတယ်။ အလွယ် ဆုံးလည်းဖြစ်၊ အရင်ဆုံး စပြီးလုပ်သင့်တာလည်း ဖြစ်ပါတယ်။ အဆုတ်က လေပူဖောင်းလိုဖြစ်လို့ ကြွက်သား တွေမရှိပါဘူး၊ အဆုတ်ကို ကြွက်သား တွေလို သန်မာအောင်လုပ်လို့မရပါဘူး။ ဒါပေမယ့် လူအသက်ရှူတဲ့အခါမှာတော့  ကြွက်သားတွေ မဖြစ်မနေ  ပါဝင်ပြီးလှုပ်ရှားရပါတယ်။   အဓိက လှုပ်ရှားရတာ ဝမ်းဗိုက်ကန့်လန့်ကာ ကြွက်သား (Diaphragm)၊ ပြီးတော့ နံရိုးကြားမှာရှိတဲ့ ကြွက် သားတွေ၊  လည်ပင်းမှာရှိတဲ့  ကြွက်သားတွေက ဝိုင်းပြီး အလုပ်လုပ်ပေးရတာဖြစ်ပါတယ်။ 
လေ့ကျင့်ပေးတာနဲ့အမျှ   အသက်ရှူတဲ့ ကြွက်သားတွေက သန်မာလာတယ်။ အလွယ်ကူဆုံး နည်းက အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက် တယ်။ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ဖို့ပါ။ ငါးစက္ကန့်၊ ခြောက်စက္ကန့်လောက် ဖြည်းဖြည်းချင်း ရှူသွင်းလိုက် မယ်၊  ပြီးရင် ခုနစ်စက္ကန့်၊   ရှစ်စက္ကန့်ကြာအောင် ဖြည်းဖြည်းချင်း နှုတ်ခမ်းလေးစူပြီး လေပြန်ထုတ် မယ်၊ ဒါမျိုးတစ်ရက်ကို အနည်းဆုံး လေး၊ ငါးကြိမ် လောက်  လုပ်ပေးလိုက်ရင်  စိတ်လည်းတည်ငြိမ် တယ်၊ အသက်ရှူတဲ့ ကြွက်သားတွေကို လေ့ကျင့် ပေးရာ ရောက်ပါတယ်။ သိပ်မပြင်းထန်တဲ့ ကိုယ်လက် လှုပ်ရှားမှုတွေနဲ့ အသက်ရှူလေ့ကျင့်ခန်းကို တွဲလုပ် သင့်ပါတယ်။       တစ်ကြိမ်တစ်ခါတည်းလုပ်ပြီး ဆက်မလုပ်ဘဲနေလို့ မရပါဘူး။ ပြန်ကောင်းလာတဲ့ ကာလမှာ   နေ့စဉ်ဆက်တိုက်   ကိုယ်တတ်နိုင် သလောက်လုပ်ဖို့ အရေးကြီးပါတယ်။ 
ရည်ရွယ်စားသောက်သင့်
နံပါတ် (၂) အချက်က အစားအသောက် ဝဝ လင်လင် ပြန်စားပေးဖို့ပါ။ အချို့က နုံးနေတာ၊ မလှုပ် ချင်တာကြောင့် အစားအသောက် မစားဖြစ်ဘူး။ အနံ့အရသာပျောက်နေရင်လည်း အစာမစားချင် တော့ဘူး။ ဒီလိုမျိုးတွေ ဖြစ်တယ်ဆိုရင်လည်း အောင့် အည်းသည်းခံပြီး  စားဖို့လိုပါတယ်။  စားတဲ့အခါမှာ အာဟာရပြည့်ဝဖို့၊ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းနေ တာတွေကျဖို့ ရည်ရွယ်ပြီး စားသောက်သင့်ပါတယ်။  အရောင်အသွေးစုံလင်တဲ့ သဘာဝအသီးအနှံတွေ၊ ဥတွေ၊ အသားတွေ၊ များများစားပေးဖို့လိုပြီး အဓိက ပရိုတိန်းဓာတ်နဲ့ ဗီတာမင်ဓာတ်တွေကို ပြန်ဖြည့် ပေးဖို့ လိုပါတယ်။   ခန္ဓာကိုယ်က   ခုခံအားစနစ် ပြန်တည်ဆောက်တဲ့အခါ အသားဓာတ်တို့၊ ဗီတာမင် တို့ အများကြီး လိုပါတယ်။   ဒီတော့ သူတို့ကို များများစားပေးဖို့ လိုပါတယ်။ 
ရှောင်ရမယ့် အစားအသောက်တွေရှိပါတယ်။ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုတွေဖြစ်စေတဲ့ အစား အသောက်တွေ၊  ခန္ဓာကိုယ်အတွက်  ဘေးထွက် ဆိုးကျိုးများမယ့် အစားအသောက်တွေ ဒါတွေကို ရှောင်ရမှာဖြစ်ပါတယ်။  အထူးသဖြင့် အသင့်စား အစားအသောက်တွေမှာ ပါဝင်တဲ့ အသွင်ပြောင်း ဆီပါတဲ့ အစားအသောက်တွေကို လုံးဝမစားမိဖို့ လိုပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရောင်ရမ်းမှုတွေ ကို ပိုပြီးဖြစ်စေပါတယ်။ လုံးဝရှောင်ရှားရမှာ ဖြစ်ပါ တယ်။ ခဏခဏ ပြန်ကြော်ထားတဲ့ ဆီတွေနဲ့ ကြော်  ထားတဲ့ အစားအစာတွေကို မစားမိဖို့လိုပါတယ်။ 
ဒီအချိန်မှာ  ဆေးလိပ်သောက်တာ၊  အရက် သောက်တာတွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရောင်ရမ်း မှုတွေကို တက်စေပါတယ်။ အသည်းကို ထိခိုက်မှု တွေ ဖြစ်စေတယ်။ ဒါကြောင့် ဒါတွေကို ရှောင်ရှား  ရမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်အားမွေးပြီး ခန္ဓာ ကိုယ်က   အစာနဲ့အရည်ဓာတ်  များများရအောင် စားသောက်ပေးရမှာ ဖြစ်ပါတယ်။ 
နံပါတ် (၃) အချက်က စိတ်ကို အနားပေးရမှာ ဖြစ်ပါတယ်။   စိတ်ရှုပ်စေမယ့်    ဆိုရှယ်မီဒီယာ ကြည့်တာတွေကို ရှောင်သင့်ပါတယ်။  ဖြစ်နိုင်ရင် ဆိုရှယ်မီဒီယာ ခဏအဆက်အသွယ်ဖြတ်ထားပါ။ စိတ်ကိုကြံ့ခိုင်ကျန်းမာစေမယ့် သက်ဆိုင်ရာ ဘာသာ တရားအလိုက်   ပုတီးစိပ်၊   တရားထိုင်တာတွေ လုပ်ဖို့လိုပါတယ်။ စိတ်ချမ်းသာအောင် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စကားပြောတာ၊ တိုင်ပင်  တာ၊ တစ်ခုခု စိတ်ထဲမှာခံစားရရင် မိသားစုတွေနဲ့  ဝေမျှခံစားတာ၊ ကိုယ့်ကို အကြံဉာဏ်ပေးနိုင်မယ့် သူတွေနဲ့ တိုင်ပင်ဆွေးနွေးတာတွေ လုပ်ဆောင်သင့် ပါတယ်။ 
စိတ်ပိုင်းဆိုင်ရာအနေနဲ့ နောက်တစ်ခုအလေး ထားပြီး  လုပ်ရမယ့်ကိစ္စက  မှတ်ဉာဏ်ပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ငယ်သူငယ်ချင်း နာမည် တွေကို စဉ်းစားပြီးရေးချတာ၊ ဖုန်းနံပါတ်တွေ ပြန်ရေး ကြည့်တာ၊ တချို့ပုစ္ဆာဖြေရှင်းတဲ့ ပေါ့ပေါ့ပါးပါး ဂိမ်း(Puzzle game) တွေကို ကစားတာ ဒါမျိုးတွေကို လုပ်ဆောင်ပြီး ဦးနှောက်မှတ်ဉာဏ်ကို ပြန်ကောင်း အောင် လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ လေ့ကျင့်ယူရင် တဖြည်းဖြည်းပြန်ကောင်းလာတဲ့    သာဓကတွေ  အများကြီးရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် စိတ်ထိခိုက်နိုင်တာတွေကို ရှောင်ကြဉ်ပြီး မှတ်ဉာဏ် ပြန်ကောင်းစေမယ့်အရာတွေကို ဆောင်ရွက်သင့်ပါ တယ်။
နံပါတ်(၄) အချက်က နေ့စဉ် ခုနစ်နာရီ၊ ရှစ်နာရီ လောက်    အိပ်ရေးဝအောင်   အိပ်ဖို့လိုပါတယ်။ တစ်ရက်ကို  ၁၂ နာရီ၊ ၁၄ နာရီလောက် အအိပ်မလွန် ဖို့ လိုပါတယ်။  ကိုယ့်အတွက် ကျန်းမာရေးနဲ့ ညီညွတ် အောင် အိပ်ရေးဝဖို့ လိုပါတယ်။  များသောအားဖြင့် အိပ်မပျော်တာတွေ ဖြစ်တာများပါတယ်။ ခန္ဓာကိုယ် ရဲ့ ခုခံအားစနစ်ဆိုတာ များသောအားဖြင့် အိပ်နေတဲ့ အချိန်မှ  ပြန်လည်ပြီး  တည်ဆောက်ရတာဖြစ်ပါ တယ်။ အိပ်ရေးမဝလေလေ၊ အိပ်ရေးပျက်လေလေ ခန္ဓာကိုယ်ရဲ့   ခုခံအားစနစ်က   တည်ဆောက်မှု အားနည်းလေလေဖြစ်ပါတယ်။     ကျွန်တော်တို့ အမြဲတမ်းပညာပေးတဲ့ သတင်းစကားဖြစ်တဲ့ အိပ်ရေး ဝအောင် အိပ်ပါဆိုတာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ကို ကောင်းမွန်စွာ တည်ဆောက်စေလိုတဲ့ သဘောနဲ့ ဖြစ်ပါတယ်။   အိပ်ရေးမဝတဲ့အခါ  ပြန်လည်ပြီး နေကောင်းတာက ကြာမယ့်အပြင် အခြားရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ အများကြီးထိခိုက်မှာ ဖြစ်ပါတယ်။ 
အိပ်ခါနီး  အသက်ရှူ လေ့ကျင့်ခန်းလုပ်တာ၊ တရားမှတ်တာ၊ သီချင်းနားထောင်တာ၊ ကိုယ်စိတ် ဝင်စားတဲ့  စာတစ်ခုခု ဖတ်တာ၊ ကိန်းဂဏန်းတွေ ရေတွက်ပေးတာတွေက အိပ်ပျော်ဖို့ကို အားပေးပါ တယ်။ ဒါတွေလုပ်လို့မှ အိပ်မပျော်ဘူး၊ အိပ်ဆေး တွေ ဆက်တိုက်သောက်နေရတယ်ဆိုရင် ကျွမ်းကျင် တဲ့ ပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။ 
ဖြည်းဖြည်းချင်း အားမွေး
နံပါတ်(၅) အချက်က နေပြန်လည်ကောင်းမွန် တဲ့ ခရီးလမ်းကြောင်း (Recovery Journey) ကို သွားနေတဲ့အချိန်မှာ စိတ်မလောဖို့၊ ဖြည်းဖြည်းနဲ့ မှန်မှန်ဖြစ်ဖို့ လိုပါတယ်။ အချို့က လူငယ်လည်း ဖြစ်တော့   ဆေးရုံဆင်းပြီဆိုရင်  ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်တတ်ကြပါတယ်။  မိမိခန္ဓာကိုယ်က အထဲမှာ တစ်ခုခုဖြစ်နေတာ ရှိနေနိုင်ပါတယ်။ လုံးဝ ကောင်းပြီလို့ မှန်းလို့မရသေးတဲ့အခြေအနေပါ။ ဥပမာ အနေနဲ့ နှလုံးကြွက်သားရောင်နေတယ်၊ ကိုယ်က မသိဘူး၊ လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် လုပ်လိုက် မိရင်  ရုတ်တရက်  နှလုံးခုန်ရပ်သွားတာ၊  နှလုံးခုန်တာ စည်းချက်မမှန်တော့တာမျိုးတွေ     ဖြစ်သွားနိုင် ပါတယ်၊ အသက်အန္တရာယ်အထိ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မလောပါနဲ့။ ကိုယ်သည် လူကောင်း တစ်ယောက်    မဖြစ်သေးဘူး    နာလန်ထခါစ လူမမာဖြစ်တယ်ဆိုတာကို  ခံယူပြီး  ဖြည်းဖြည်း ချင်းပြန်ပြီး အားမွေးယူရမှာ ဖြစ်ပါတယ်။
နံပါတ်(၆)  အချက်က    ကိုယ့်ကိုယ်ကိုယ် စောင့်ကြည့်ရမယ့်      အချက်တွေရှိပါတယ်။ နေကောင်းလာလို့  ဆေးရုံကဆင်းလာပြီ၊  ကိုယ် အသက်ရှူရ အရမ်းခက်နေလား ဒါဆိုရင် အရေး ကြီးလာပြီ။ နောက်တစ်ခုက ရင်ဘတ်အောင့်တာ၊ ရင်ဘတ်အပေါ်က အလေးကြီးတစ်ခုခုနဲ့ ဖိထား သလို ခံစားနေရမယ်ဆိုရင် နှလုံးတိုက်ခိုက်ခံရ တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက စိတ်အရမ်းရှုပ်လာမယ်၊ စကားပြောရတာ မပီချင် တော့ဘူး၊ သတိလစ်ချင်သလို ဖြစ်လာပြီဆိုရင် ချက်ချင်းကျန်းမာရေးဌာနနဲ့       ဆက်သွယ်ပြီး အရေးပေါ်သွားရောက်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး မျက်နှာ၊   နှုတ်ခမ်းတွေ   ပြာလာမယ်ဆိုရင် အောက်ဆီဂျင် ကောင်းကောင်းမရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အောက်ဆီဂျင်တိုင်းတဲ့စက်ရှိရင် ပုံမှန်တိုင်းကြည့်နေရမှာ ဖြစ်ပါတယ်။ အောက် ဆီဂျင်  ၉၄  ရာခိုင်နှုန်းအောက်   ကျနေပြီဆိုရင် နီးစပ်ရာမိသားစုဆရာဝန် (သို့မဟုတ်) ကျန်းမာရေး ဌာနကို ချက်ချင်းအကြောင်းကြား ကုသမှုခံရမှာ ဖြစ်ပါတယ်။ 
ကျန်းမာရေးဌာနကို ချက်ချင်းသွားစရာ မလို ပေမယ့် သတိပြုစောင့်ကြည့်ပြီး ကိုယ့်ဆရာဝန်ဆီ ကို မဖြစ်မနေဆက်သွယ်ရမယ့်အချက်တွေ ရှိပါ တယ်။ ဒါက တစ်ညလုံးအိပ်လို့မပျော်ဘူး၊ အိပ်ပျော် ချိန်က ၁၀ မိနစ်၊ ၁၅ မိနစ်၊ နာရီဝက်လောက်ပဲ အိပ်ပျော်တဲ့ညတွေ   ဆက်တိုက်ဖြစ်လာတယ်။ နောက်တစ်ခုက  ကိုယ်အလေးချိန်  တစ်ပတ်၊ နှစ်ပတ်အတွင်း  သိသိသာသာ  ကျသွားတယ်၊ ဒါမှမဟုတ်  ကိုယ်အလေးချိန်တွေ  သိသိသာသာ တက်လာတယ်။ ဒါမျိုးဆိုရင် ဆရာဝန်နဲ့ တိုင်ပင် ဖို့ လိုပါတယ်။ ဝမ်းပျက်ဝမ်းလျှောလိုမျိုး ဆက်တိုက် ဖြစ်လာရင်လည်း ဆရာဝန်နဲ့ ဆက်သွယ်တိုင်ပင်ဖို့ လိုပါတယ်။ 
တစ်ယောက်တည်းမနေသင့်


နံပါတ်   (၇)အချက်အနေနဲ့   မည်သူမဆို အထူးသဖြင့် အသက်အရွယ်ကြီးတဲ့သူတွေ အနေနဲ့ သိပ်လည်း     နေပြန်မကောင်းသေးဘူးဆိုရင် တစ်ယောက်တည်းမနေသင့်ဘဲ မိသားစုရှိတဲ့နေရာ၊ အရေးပေါ်   ပြုစုစောင့်ရှောက်ပေးနိုင်မယ့်လူတွေအနားမှာ   အနီးကပ်နေတာကောင်းပါတယ်။ ခုနပြောတဲ့        နောက်ဆက်တွဲလက္ခဏာတွေ ပေါ်လာတာ၊ အိပ်မပျော်တာ၊ စားမဝင်တာ၊ စိုးရိမ် ထိတ်လန့်တာ   စသဖြင့်  တစ်ခုခုဆိုရင် တိုင်ပင် ဖော်၊ တိုင်ပင်ဖက် အဖော်လိုပါတယ်။ လုံးဝအရှင်း ပြန်မကောင်းသေးတဲ့ကာလမှာ တစ်ယောက်တည်း နေတာကို ရှောင်ကြဉ်သင့်ပြီး မိမိကို အနီးကပ် စောင့်ရှောက်နေနိုင်မယ့်သူ၊ မိသားစုနဲ့ အတူနေထိုင် သင့်ပါတယ်။ ဆေးရုံ၊ ဆေးခန်းသွားရမယ်ဆိုရင် သူတို့က ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီအချက် က အရေးကြီးပါတယ်။


နံပါတ် (၈) အချက်က လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို လျှော့ချဖို့လိုပါတယ်။ နေပြန် ကောင်းလာပြီ၊ တစ်ယောက်တည်း သီးသန့်ခွဲခြား (Isolation) နေရမယ့် ကာလလည်းပြည့်ပြီဆိုရင် ကိုယ့်လုပ်ငန်းခွင်ရှိတဲ့နေရာကို ပြန်သွားသင့်ပါ တယ်။   ဒီလို သွားတဲ့အခါမှာလည်း  ပါးစပ်နှင့် နှာခေါင်းစည်း(Mask)တပ်၊ လက်ဆေး၊ ခပ်ခွာခွာ နေ၊ လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေ စတာ  တွေအပြင် မိမိတို့လုပ်ငန်းခွင်မှာ လုပ်ငန်းခွင် အလိုက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ နဲ့အညီ သွားလာနေထိုင်လုပ်ကိုင်ဖို့ လိုပါတယ်။ 


အလုပ်ထဲပြန်‌ရောက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊  လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုတွေက သက်သာလာ မယ်၊ ပြန်လည်ကျန်းမာပြီး စိတ်လည်းချမ်းသာမယ်၊ ဝင်ငွေလည်းကောင်းမယ့်သူ တစ်ယောက်အဖြစ် ပြန်လည်ရပ်တည်လာနိုင်မှာဖြစ်ပါတယ်။ 
ကိုဗစ် - ၁၉ ရောဂါ ပြန်ကောင်းလာသူတွေ အနေနဲ့ ဒီအချက် ရှစ်ချက်က လိုက်နာသင့်တဲ့ အချက်တွေဖြစ်ကြောင်း ဒီနေရာကနေ အကြံပြု တင်ပြလိုပါတယ်။ ပြည်သူများလည်း ကိုဗစ် - ၁၉ ရောဂါနဲ့ နောက်ဆက်တွဲခံစားရတဲ့ ရောဂါတွေ အန္တရာယ်က   ကင်းဝေးကြပါစေလို့  ထပ်မံပြီး ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ကျေးဇူး တင်ပါတယ်။