မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်တဲ့အတွက်ကြောင့် ကိုယ်ရတဲ့အခွင့်အရေး အလှည့်ကျပေးလာတဲ့ ကာကွယ်ဆေးကို ထိုးကိုထိုးသင့်တယ်၊ ဒီလို ထိုးလို့လည်း ကိုယ့်အတွက် ဘာမှ ဆိုးကျိုးမရှိဘူး

Type

ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တတိယလှိုင်းကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သက်သာပျောက်ကင်းလာသူနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်၍ ထိုးနှံကြသော အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၏ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်အောင် ကျန်းမာရေးဂရုတစိုက်နေထိုင်ကြမှုနှင့် ကာကွယ်ဆေးထိုးခြင်း၏ အကျိုးများကို သိရှိစေရေးအတွက် ၎င်းတို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်။ 


ဒေါ်ဥမ္မာဦး(ဒလမြို့နယ်၊ ရခိုင်ချောင်ကျန်းမာရေးဌာန)
သားဖွားဆရာမ
ကျွန်မက ကိုဗစ်ရောဂါ ကူးစက်ခံရပြီးတော့ ပြန်ကောင်းလာ တာပါ၊ သြဂုတ်လ ၁ ရက်နေ့က စစ်လိုက်တာ Positive ထွက်သွား တာ၊ အဲဒီကာလမှာ ကိုဗစ်ရောဂါမဖြစ်ခင်က လူနာတွေနဲ့ ထိတွေ့ သွားလာနေရတယ်၊  Positive  စင်တာတွေလည်း  စောင့်ရတယ်၊ ပြီးတော့ ကိုယ်ဝန်ဆောင်သည်တွေနဲ့ နို့တိုက်မိခင်တွေ ကြည့်ရတယ်၊ ကလေး  ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွေလည်း  လုပ်နေရတဲ့ အတွက်   ဂရုတစိုက်  နေထိုင်ခဲ့ရတယ်၊  Positive  ထွက်တော့ ကိုယ့်ကိုယ်ကိုယ် စိတ်အားမငယ်ဘူး၊ စိတ်ဓာတ်မကျအောင် နေထိုင်ခဲ့ တယ်၊ အာဟာရရှိတဲ့ အစားအစာတွေ စားတယ်၊ အိပ်တယ်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခဲ့တယ်၊ ငါကျန်းမာရင် ပြည်သူတွေအတွက်ကို ပြန်ပြီးတော့ အလုပ်လုပ်နိုင်မယ်ဆိုတဲ့ စိတ်နဲ့ ကိုဗစ်ရောဂါကို တွန်းလှန်တိုက် ထုတ်ခဲ့တယ်၊    ခုဆိုရင်   ရောဂါသက်သာပျောက်ကင်းပြီးဖြစ်လို့ လက်ရှိမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးနေရပြီပေါ့၊ ပထမ အကြိမ်နဲ့ အခု ဒုတိယအကြိမ် ကာကွယ်ဆေးတွေ ထိုးနှံပေးနေ တာဖြစ်ပါတယ်။


၈၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်
ကိုဗစ်-၁၉ ရောဂါ ဝေဒနာတွေ ခံစားနေရတဲ့ သူတွေအနေနဲ့ လုံးဝစိတ်ဓာတ်မကျပါနဲ့၊  ကိုယ့်ကိုယ်ကိုယ်  အားရှိအောင်  နေထိုင် စားသောက်ပါ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပါလို့ ပြောချင်ပါတယ်၊ ကျွန်မ အနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါ ခံစားခဲ့ရသူမို့လို့ပါ၊ နောက်တစ်ခု က ကာကွယ်ဆေးထိုးထားတဲ့ အတွက်ကြောင့် ရောဂါကူးစက်ခံရပေ မယ့် ဆေးရဲ့ အာနိသင်ကြောင့် အများကြီးမခံစားရဘူး၊ ၈၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တဲ့အတွက် ပြင်းပြင်းထန်ထန် ရောဂါဝေဒနာ မခံစား ရဘူး၊ အဲဒါကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လာရောက် ထိုးနှံကြပါလို့ မှာချင်ပါတယ်။


ကိုဗစ်-၁၉  တတိယလှိုင်းကာလမှာ ကျွန်မတို့ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့  ရှိတဲ့အင်အားနဲ့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကုသရေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေရတယ်၊ အဲဒီလိုလုပ်နေရင်   အထက်တန်းသူနာပြုဆရာမ   တစ်ဦးဆိုရင် ကိုဗစ်-၁၉ ရောဂါကြောင့် အသက်ပေးခဲ့ရတယ်၊  လူနာတွေအတွက် ကို လုပ်ပေးနေရင်း ဖြစ်သွားခဲ့တဲ့အတွက် အလွန်စိတ်မကောင်း ဖြစ်ရ ပါတယ်၊ ကျန်ရှိတဲ့ဝန်ထမ်းတွေနဲ့ ခုလက်ရှိအချိန်ထိ ပြည်သူတွေကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ဆောင်ရွက်ပေးနေပါ တယ်၊ ပြည်သူတွေဘက်ကလည်း ကာကွယ်ဆေးထိုးပြီးရင် နေချင် သလိုမနေကြဖို့၊ ဆင်ဆင်ခြင်ခြင် နေကြဖို့၊ အပြင်ထွက်တိုင်း ပုံမှန် အတိုင်း  နှာခေါင်းစည်းတပ်ကြဖို့၊  လက်ကို  ခဏခဏ ဆေးပေး ကြဖို့ ကျွန်မတို့အနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်။


ဒေါ်ထွေးထွေးစံ(မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန) 
မြို့မကျန်းမာရေးမှူး
ကိုဗစ်  ပထမလှိုင်းကာလတုန်းက  မြန်မာနိုင်ငံမှာ  ရောဂါ ကူးစက်မှု နည်းသေးတယ်၊ ဒုတိယလှိုင်းမှာ ရောဂါကူးစက်ခံရမှုက တဖြည်းဖြည်းများလာတယ်၊ ခု ကိုဗစ်တတိယလှိုင်းမှာ ဝန်ထမ်း အင်အားနည်းသွားတယ်၊ သို့သော်လည်း ရှိတဲ့အင်အားနဲ့ လုပ်နေရ တာဖြစ်ပါတယ်၊  ကိုဗစ်တတိယလှိုင်းမှာ  မိမိကိုယ်ကို ရောဂါကူးစက် မခံရအောင် ဘယ်လိုနေထိုင်ခဲ့ရလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် အိပ်ရေး ဝအောင်အိပ်တယ်၊  မစားချင်လည်း စားတယ်၊ အသားနဲ့ အသီးအနှံ တွေ စားတယ်၊ ခုခံအားတက်စေမယ့် အားဖြည့်တဲ့ အားဆေးတွေ Vitamin C နဲ့  Zinc ကို မဖြစ်မနေ သောက်တယ်၊ ကိုယ်နဲ့ပတ်သက်တဲ့ သူတွေ၊ ကိုယ်နဲ့နီးတဲ့ ပတ်ဝန်းကျင်က သူတွေကိုလည်း အသိပေး တယ်၊ ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံး အိမ်အပြင်ကို မထွက်ဘဲ  အိမ်မှာပဲနေကြဖို့၊ လူစုလူဝေး အတတ်နိုင်ဆုံးရှောင်ရမယ်၊ မဖြစ်မနေ ကိစ္စရှိလို့ အပြင်ကို ထွက်ခဲ့ရင် နှာခေါင်းစည်းတပ်ရမယ်၊ တစ်ယောက် နဲ့တစ်ယောက် အနည်းဆုံး ခြောက်ပေခြားပြီး ခပ်ခွာခွာနေကြဖို့ ပြောခဲ့ တယ်။


ကျွန်မတို့က  နေ့စဉ်နဲ့အမျှ  အပြင်ကိုလည်း ထွက်နေရတယ်၊ လူနာတွေနဲ့လည်း ထိတွေ့နေရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အတတ် နိုင်ဆုံး ကာကွယ်တဲ့အနေနဲ့ PPE ဝတ်စုံတွေ ဝတ်ဆင်ရတယ်၊ နှာခေါင်း စည်းတပ်တယ်၊ မျက်နှာအကာတပ်ဆင်တယ်၊ တစ်ခါတလေကျရင် တော့ ဒီဟာတွေ မတပ်ချင်တော့ဘူး၊ မဝတ်ချင်တော့ဘူး၊ အတော်စိတ်ကျဉ်း ကျပ်တယ်၊  သို့သော်လည်း  ငါကာကွယ်မှဖြစ်မယ်၊ ကိုယ်ဖြစ်ရင် တစ်ယောက်တည်းမဟုတ်ဘူး၊ ကိုယ့်မိသားစုရှိတယ်၊ ကိုယ်နဲ့ ထိတွေ့ခဲ့ တဲ့ လူနာတွေရှိတယ်၊ ပတ်ဝန်းကျင်က သူတွေရှိတယ်၊ အဲဒီအတွက် ကြောင့်  ကိုယ်မဖြစ်အောင် အတတ်နိုင်ဆုံး ကာကွယ်အောင် နေထိုင်ရ တယ်၊ နောက်တစ်ခုက ကျွန်မတို့အနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံ ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတစ်ခုရှိနေတယ်လို့ ခံစားရတယ်၊ ကာကွယ်ဆေးမထိုးတဲ့သူနဲ့စာရင် ဆေးထိုးထားတဲ့သူက ကာကွယ်မှု စနစ်  ရှိနေမှာပဲ၊  တချို့ကပြောတယ်  ကာကွယ်ဆေးမထိုးချင်ဘူး၊ ထိုးရင်ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာတွေရှိတယ်၊  သို့သော်လည်းပဲ မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်တဲ့အတွက်ကြောင့် ကိုယ်ရတဲ့အခွင့်အရေး   အလှည့်ကျပေးလာတဲ့   ကာကွယ်ဆေးကို ထိုးကို ထိုးသင့်တယ်၊ ဒီလိုထိုးလို့လည်း ကိုယ့်အတွက် ဘာမှ ဆိုးကျိုး မရှိဘူး၊ ထိုးထားတဲ့သူသည် ရောဂါဖြစ်လာခဲ့ရင်တောင်မှပဲ ပြင်းထန်မှု မရှိဘူး။


စနစ်တကျ လုပ်ဆောင်သင့်


ကျွန်မတို့  ကာကွယ်ဆေးထိုးတုန်းက  Covishield ပေါ့၊ အခု Sinopharm ထိုးတယ်၊ တချို့ဆရာမတွေလည်း Positive ထွက်ပါ တယ်၊ ဒါပေမဲ့ ရောဂါပြင်းထန်မှုမရှိဘူး၊ ပြည်သူတွေအနေနဲ့ ကာကွယ် ဆေးထိုးပြီးရင်လည်း အနေအထိုင်ဆင်ခြင်ရမယ်၊ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရမယ့် နည်းလမ်း တွေကို လိုက်နာရမယ်၊ လက်ကို ခဏခဏဆေးရမယ်၊ မလိုအပ်ဘဲ နေအိမ်အပြင်ထွက်တာရှောင်ရမယ်၊ မဖြစ်မနေ အပြင်ထွက်ရင်လည်း နှာခေါင်းစည်းတပ်ဆင်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးနဲ့ညီညွတ် တဲ့ အနေအထိုင်တွေကို စနစ်တကျ လုပ်ဆောင်သင့်ပါတယ်လို့ ပြောချင် ပါတယ်။


ဒေါ်သန်းသန်းဌေး(ဒလမြို့နယ်၊ အံ့ကြီးအရှေ့ရပ်ကွက်)


အဘွားအသက် ၆၉ နှစ် ရှိပါပြီ၊ ကိုဗစ်-၁၉ ရောဂါ စပြီးဖြစ်ပွား တဲ့အချိန်ကစပြီး အဘွားအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင် နေခဲ့ တယ်၊ အဘွားတို့က စောစောထတဲ့အကျင့်ရှိတယ်  ဘုရားရှိခိုးတယ်၊  နံနက်အိပ်ရာထပြီဆို ရေတစ်ခွက်ကို ပုံမှန်သောက်တယ်၊  အာဟာရ ပြည့်တဲ့  အစားအစာကို    စားပေးတယ်၊    ထမင်းစားပြီးတိုင်း ငှက်ပျောသီးတစ်လုံး ပုံမှန်စားတယ်၊ ညဆိုရင် မိုးချုပ်အောင်မနေ ဘူး ညနေ ၄ နာရီ လောက်ဆို  ပုံမှန်ထမင်းစားကြတယ်၊  အဘွားတို့  စားပြီးရင် ပုံမှန်ဘုရားရှိခိုး၊ တရားထိုင်တယ်၊  ခြေလှမ်း ၁၀၀ လောက် ပုံမှန်လမ်းလျှောက်တယ်၊  ပြီးရင်  အနားယူတယ်၊  ပထမအကြိမ်  ကာကွယ်ဆေး   ထိုးပြီးတဲ့နေ့ကစပြီး  ဖျားတာ  နာတာမဖြစ်ဘူး၊ ကိုယ်လည်းမပူဘူး၊ ကာကွယ်ဆေးမထိုးရသေးတဲ့ ရင်းနှီးသူတွေ ကိုလည်း ပြောပြတယ်။ သူတို့က ကြောက်ကြတယ်၊ ဖျားတာနာတာ တို့ ဖြစ်မယ်ဆိုပြီးတော့ အဘွားတို့က ပြောပြတယ်။ ဒါက ဖျားတာ နာတာမဖြစ်ဘူး၊ ဒီဆေးထိုးပြီးရင် ကိုယ်လည်းမပူဘူး၊ ကောင်းတယ်၊ ဒီလို ကာကွယ်ဆေးထိုးခြင်းက ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ရာ လည်းရောက်တယ်၊  ရောဂါဖြစ်ပွားမှုလည်း လျော့နည်းသွားတာပေါ့၊ တိုင်းပြည်အတွက်လည်း ကောင်းတာပေါ့၊  အဲဒါကြောင့် ထိုးကြပါလို့ အကုန်လုံးကို အားပေးပြီးပြောချင်တယ်၊ ဝမ်းလည်းဝမ်းသာတယ်၊ အဘွားတို့အနေနဲ့ ငွေအကုန်အကျခံပြီး ဘယ်လိုလုပ် ကာကွယ်ဆေး ထိုးနိုင်မှာလဲ၊ ခုလို အခမဲ့ ကာကွယ်ဆေးထိုးနှံပေးတဲ့  အစိုးရကို လည်း ကျေးဇူးတင်ပါတယ်။


ဒေါ်အေးအေးမာ(ဒလမြို့နယ် မြို့မ ၃ ရပ်ကွက်)


အသက်က ၆၂ နှစ်ရှိပါပြီ၊ ပထမအကြိမ်တုန်းက ကာကွယ်ဆေး ထိုးနှံပြီးသွားလို့ အခုဒုတိယအကြိမ် လာရောက်ပြီး ကာကွယ်ဆေး ထိုးတာပါ၊ ပထမအကြိမ် ထိုးတုန်းက ဘာမှမခံစားရဘူး၊ ဖျားခြင်း နာခြင်း မရှိဘူး၊ ရောဂါကူးစက်မခံရအောင် အသွားအလာ အနေ အထိုင်ကအစ ဆင်ဆင်ခြင်ခြင် နေထိုင်တယ်၊  ရောဂါမကူးစက်ရ အောင်  ဈေးသွားရင်လည်း  တစ်ပတ်ကို  တစ်ကြိမ်လောက်သွား တယ်၊ ဈေးက ပြန်လာရင်လည်း အဝတ်အစားတွေကို စနစ်တကျ ချွတ်ပြီး  ဆပ်ပြာမှုန့်နဲ့  စိမ်တယ်၊  အတတ်နိုင်ဆုံး  အိမ်ထဲမှာပဲ နေဖြစ်တယ်၊ ကျန်းမာရေးနဲ့အညီ လိုက်နာတယ်၊ အဲဒါကြောင့် ယုံယုံ ကြည်ကြည်နဲ့ ဒီကာကွယ်ဆေးကို လာရောက်ထိုးနှံတာ၊ ဒီကာကွယ် ဆေးက  ကိုဗစ်ရောဂါကို ၈၀ ရာခိုင်နှုန်းအထိ  ကာကွယ်ပေးနိုင် တယ်ဆိုတာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ သိရတယ်၊ ခုလို သက်ကြီးရွယ်အိုတွေကို ဦးစားပေးပြီး ကာကွယ်ဆေးထိုးခွင့်ပေးတဲ့ အတွက် အလွန်ဝမ်းသာတယ်၊ ကာကွယ်ဆေးမထိုးရသေးတဲ့ သက်ကြီး ရွယ်အိုတွေလည်း သားသမီးများအနေနဲ့ လာရောက်ဆေးထိုးပေးကြဖို့ အသိပေးစေလိုပါတယ်၊  တချို့က  ကြောက်ကြတယ်၊  တချို့က  ထိုးချင်ပေမယ့် သားသမီးတွေက လိုက်ပို့ပေးမှ ကာကွယ်ဆေးကို လာရောက်ထိုးနိုင်မှာဖြစ်လို့ပါ၊ မိမိရဲ့ မိဘ၊ ဘိုးဘွားတွေ ကိုဗစ်ရောဂါ မဖြစ်ရအောင်၊ ဖြစ်ရင်လည်း ပြင်းပြင်းထန်ထန် မခံစားရအောင် ကာကွယ်ဆေး လာရောက်ထိုးကြဖို့ကို တိုက်တွန်းပါတယ်။

 

နိုင်လင်းကျော်
(IPRD)