တင်ထက်ထက်ဇော်
အင်္ဂလန်တွင် ပန်းကန်၊ ခွက်ယောက်များအပါအဝင် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ အသုံးပြုခြင်းကို ပိတ်ပင်တားမြစ်လိုက်သည့် “ပလတ်စတစ် စစ်ပွဲ”ဟု အမည်ရသော အစီအစဉ်တစ်ရပ်ကို ဗြိတိန်အစိုးရက သြဂုတ်လ ၂၇ ရက်နေ့တွင် ကြေညာလိုက်ပြီဖြစ်သည်။ ယင်းအစီအစဉ်သည် သမုဒ္ဒရာအတွင်းရှိ အမှိုက်သရိုက် များနှင့် ပလတ်စတစ်ပမာဏကိုလျှော့ချရန် အထောက်အကူ ဖြစ်လိမ့်မည်ဖြစ်ကြောင်း ဗြိတိန်အစိုးရအဖွဲ့ဝန်ကြီးများက ပြောသည်။ အဆိုပါတားမြစ်ချက်တွင် ပါဝင်သည့် အခြားသောပစ္စည်းများနှင့်ပတ်သက်၍ အစိုးရက ပယ်ချခြင်းမရှိသော်လည်း ဆောင်းဦးရာသီတွင် မူဝါဒဆိုင်ရာဆွေးနွေးမှုပြုမည် ဖြစ်ကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများကမူ အဆိုပါအစီအစဉ်တွင် ယခုထက်ပို၍ ကျယ်ပြန့်သည့်အစီအစဉ်များ လုပ်ဆောင်ရန် လိုအပ်သည်ဟု တိုက်တွန်းထားကြောင်း သိရသည်။ စကော့တလန်၊ ဝေးလ်နှင့် မြောက်အိုင်ယာလန်တို့သည် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ အသုံးပြုခြင်းကို တားမြစ်သည့် အစီအစဉ်မှာ ရှိနှင့်ပြီးဖြစ်ပြီး အီးယူကလည်း အလားတူအစီအစဉ်ကို ဇူလိုင်လတွင် စတင်ခဲ့ကာ အင်္ဂလန်၌လည်း တားမြစ်ပိတ်ပင်ရန် ဖိအားပေးခဲ့သည်။
ပလတ်စတစ်ညစ်ညမ်းမှု (Plastic Pollution)၏ အဓိကပြဿနာမှာ ပလတ်စတစ် သည် စက္ကူ၊ သစ်ရွက်မှိုက်၊ သစ်၊ ဝါး စသည့်အော်ဂဲ နစ်ပစ္စည်းများကဲ့သို့ ဆွေးမြည့်ကွယ်ပျောက်ခြင်း မရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေခြင်းကြောင့် ဖြစ်သည်။ ထိုမျှသာမက ယင်းပလတ်စတစ်သည် မြေကြီးထဲ၊ ရေထဲမှ ဓာတ်များနှင့် ဓာတုဗေဒ တုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက် စေနိုင်သည့် ဓာတုဒြပ်ပေါင်းများ ထွက်ရှိလာခြင်း၊ ရေထဲတွင် ရေနေသတ္တဝါများသေဆုံးကာ ဂေဟ စနစ်ပျက်စီးခြင်းများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပင်လယ် သမုဒ္ဒရာအတွင်း ပလတ်စတစ်များ ရောက်ရှိနေမှု ကို မထိန်းချုပ်နိုင်ပါက ၂၀၅၀ ပြည့်နှစ်အရောက် တွင် ပင်လယ်သမုဒ္ဒရာနေသတ္တဝါမျိုးစိတ် ပမာဏ ထက် ပလတ်စတစ်ပမာဏက ပိုများနေလိမ့်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာ ရှင်များက သတိပေးထားသည်။
ကမ္ဘာကို ခြောက်လှန့်နေသော ပလတ်စတစ်အန္တရာယ်
အမေရိကန်သိပ္ပံပညာရှင်များ၏ တွက်ချက်မှု အရ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်အတွင်း ကမ္ဘာ ပေါ်တွင် လူသားများအနေဖြင့် ထုတ်လုပ်သုံးစွဲလာ သော ပလတ်စတစ်အလေးချိန်သည် တန်ချိန်ပေါင်း ၈ ဒသမ ၃ ဘီလီယံ အလေးချိန်ရှိနေပြီဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သောနှစ်ပေါင်း ၆၅ နှစ်ခန့်မှစ၍ ကမ္ဘာတစ်ဝန်း ထုတ်လုပ်သုံးစွဲလာခဲ့သည့် ပလတ် စတစ်ပမာဏသည် ဆင်အကောင် သန်းတစ်ထောင် ခန့်နှင့် အလေးချိန်ညီမျှနေပြီး ကမ္ဘာကြီးသည် ပလတ်စတစ်ဂြိုဟ်ကြီးကဲ့သို့ ဖြစ်လာနေပြီ ဖြစ်ကြောင်း စိုးထိတ်ဖွယ် လေ့လာသိရှိရပါသည်။ ယနေ့ခေတ်လူသားတို့ ထုတ်လုပ်သုံးစွဲလိုက်သမျှ ပလတ်စတစ်ပစ္စည်း ၇၀ ရာခိုင်နှုန်းကျော်သည် အလေအလွင့်ဖြစ်သွားပြီး မြစ်ချောင်းအင်းအိုင် များနှင့် ပင်လယ်သမုဒ္ဒရာများထဲသို့ ရောက်ရှိကုန် ကြောင်း၊ ထုတ်လုပ်သမျှ ပလတ်စတစ်ပစ္စည်း ၁၂ ရာခိုင်နှုန်းကိုသာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြပြီး ကျန် ၈၀ ရာခိုင်နှုန်း ကျော်ခန့်က ကမ္ဘာအနှံ့ပျံ့နှံ့သွား ကြောင်း သိရသည်။
ဖော်ပြပါနှုန်းအတိုင်း ဆက်လက်ဖြစ်ပေါ် နေမည်ဆိုပါက လာမည့် အနှစ် ၃၀ ခန့်မှာ ပလတ် စတစ်ပစ္စည်း စွန့်ပစ်မှုပမာဏ တန်ချိန်ပေါင်း ၁၂ ဘီလီယံခန့် ရှိလာမည်ဖြစ်ကြောင်း သိရသည်။ ပလတ်စတစ်အိတ်မှ လေယာဉ်ကိုယ်ထည်အထိ ထုတ်လုပ်နိုင်ခဲ့သမျှသော ပလတ်စတစ်ပစ္စည်း အားလုံးသည် သဘာဝနည်းဖြင့် ပြန်လည်အသွင် ပြောင်းယူ၍ မရဘဲ မီးရှို့ဖျက်ဆီးပစ်မှသာ ဖျက်ဆီး ၍ရနိုင်မည် ဖြစ်သည်။ သို့သော် ထိုသို့မီးရှို့ခြင်းက အီသိုင်လင်း အောက်ဆိုက်နှင့် ဒိုင်အောက်စင် စသည့် အန္တရာယ်ဖြစ်စေတတ်သော ဓာတ်ငွေ့များ ထွက်ရှိ လာသဖြင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ယင်း အငွေ့များကို ရှူရှိုက်မိသည့်လူ၏ သွေးနှင့်ဆီးထဲကို ရောက်ရှိပြီး ကင်ဆာရောဂါ ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ် သုံးစွဲမှုသည် အလွန်စိုးရိမ်ရသည့် ကိစ္စတစ်ရပ် ဖြစ်လာပြီး အစားထိုးသုံးစွဲမှုများနှင့် ပြန်လည်သန့်စင် သုံးစွဲရေးအစီအမံများ အလွန်အရေးကြီးလာပြီ ဖြစ်ကြောင်းနှင့် ယနေ့ကမ္ဘာကြီးတွင် လက်ရှိ ထုတ်လုပ်သုံးစွဲပြီးသော ပလတ်စတစ်ပမာဏသည် အာဂျင်တီးနားနိုင်ငံ အကျယ်အဝန်းကိုပင် ဖုံးလွှမ်း၍ ရနေပြီဖြစ်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များက တွက်ချက်သတိပေးထားသည်။ ကင်ညာနိုင်ငံမှာ လည်း တစ်လလျှင် ခန့်မှန်းခြေ ပလတ်စတစ်အိတ် ၂၄ သန်း သုံးစွဲလျက်ရှိရာ ကင်ညာနိုင်ငံအစိုးရက ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှစတင်၍ ပလတ် စတစ်အိတ်သုံးစွဲမှုကို တားမြစ်လိုက်ပြီး ပလတ် စတစ်အိတ် ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် သယ်ဆောင်လာကြောင်း တွေ့ရှိပါက ဒဏ်ကြေးငွေ ကန်ဒေါ်လာ ၃၈ဝဝဝ သို့မဟုတ် ထောင်ဒဏ် လေးနှစ်အထိ ကျခံရမည်ဖြစ်ကြောင်း၊ ထိုသို့ ပလတ် စတစ်သုံးစွဲမှုတားမြစ်ခြင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂက ထုတ်ပြန်ထားသော
ပလတ်စတစ်အမှိုက်များအကြောင်း
နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အတွက် ပလတ်စတစ်အန္တရာယ်နှင့်ပတ်သက် ၍ ကုလသမဂ္ဂက ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန် သော အစီရင်ခံစာတစ်ရပ်အရ အောက်ပါအတိုင်း ဖော်ပြထားကြောင်း လေ့လာသိရှိရပါသည်။
u ယနေ့ကမ္ဘာပေါ်တွင် နှစ်စဉ်ပလတ်စတစ် တန်ချိန် သန်း ၅၀၀ မှ တန်ချိန် သန်းပေါင်း တစ်သန်း (တစ်ထရီလီယံ) အထိ သုံးစွဲလျက် ရှိပြီး မိနစ်တိုင်းတွင် ပလတ်စတစ်အိတ်ပေါင်း တစ်သန်းနီးပါး စွန့်ပစ်နေကြသည်။
u ကမ္ဘာပေါ်တွင် နှစ်စဉ်ကုန်စုံဆိုင်လုပ်ငန်းသုံး အိတ်များကို ငါးထရီလီယံအထိ သုံးစွဲနေပြီး ပလတ်စတစ်အိတ်များကို ပြန်လည်အသုံးပြုမှု မရှိသဖြင့် ကမ္ဘာကြီးသည် အမှိုက်များဖြင့် ပိတ်နေပြီဖြစ်သည်။ ထို့ကြောင့် ရာစုနှစ်ဝက် အရောက်တွင် ပလတ်စတစ်အိတ်တန်ချိန် ၁၂ ဘီလီယံကြောင့် ကမ္ဘာကြီးသည် ရေလွှမ်းမိုးမှု ဒဏ် ခံစားရနိုင်သည်။ ထိုသို့ နှစ်စဉ် ပလတ် စတစ်အိတ် ငါးထရီလီယံ အသုံးပြုနေခြင်း က တစ်မိနစ်လျှင် ပလတ်စတစ်အိတ် ၁၀ သန်းနီးပါး အသုံးပြုခြင်းနှင့် ညီမျှသည်။
u အသုံးပြုပြီး ပလတ်စတစ်အိတ်များကို ပြန်လည်အသုံးပြုမည့်အစား စွန့်ပစ်သဖြင့် အသုံးပြုပြီး ပလတ်စတစ်အိတ် ၇၉ ရာခိုင် နှုန်းသည် အမှိုက်အဖြစ် အဆုံးသတ်သွား သည်။
u ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများသည် အန္တရာယ် ရှိသောပစ္စည်းများ စွန့်ပစ်မှုအတွက် အသုံး ပြုခံနေရပြီး ရေနေသတ္တဝါများမှာလည်း အမှိုက်သရိုက်များကြောင့် အသက်ရှင်ရန် ခက်ခဲလာကာ အချို့ရေကြောင်းနေရာများ သည် ပလတ်စတစ်စွပ်ပြုတ်ကဲ့သို့သော နေရာအဖြစ် ပြောင်းလဲလာသည်။ ပလတ် စတစ်ပစ္စည်းအများစုသည် ရေကြောင်းကို ပိတ်စေပြီး ကောက်ရိုး၊ ပလတ်စတစ်အိတ် နှင့် ဇွန်း၊ ခက်ရင်း အစရှိသောပစ္စည်းများက အမှိုက်ပုံတစ်ခုကဲ့သို့ ဖြစ်လာသည်။
u ပလတ်စတစ်အိတ်များသည် ရေဆိုးပိုက် များကို ပိတ်နေသဖြင့် ရောဂါပိုးမွှားများ ပျံ့နှံ့ကူးစက်နိုင်ပြီး တိရစ္ဆာန်များ၏ အစား အစာထဲသို့ ပါသွားပါက အသက်ဆုံးရှုံးနိုင် သည်။ အိန္ဒိယနိုင်ငံ၌ သေဆုံးသွားသော နွားများ၏ဝမ်းဗိုက်အတွင်း ပလတ်စတစ် အိတ်များ တွေ့ရှိရပြီး ထိုင်းနိုင်ငံ၌ ဝေလငါး တစ်ကောင်သည်လည်း အသုံးပြုပြီး ပလတ်စတစ်အိတ်များ စားသုံးမိသဖြင့် သေဆုံးခဲ့သည်။
ပလတ်စတစ်အသုံးအဆောင်များ၏
ဘေးအန္တရာယ်
ပလတ်စတစ် (ကြွပ်ကြွပ်အိတ်)တွင် ပါရှိ သည့် ခဲဓာတ်၊ အဆိပ်ဓာတ်၊ ဆိုက်ဇာနှင့် စတိုင် ရင်းဓာတ်များသည် ဓာတုပစ္စည်းများနှင့် ဆိုးဆေးများဖြစ်၍ အပူဓာတ်နှင့်ဖြစ်စေ၊ ဆီပါသော အစားအသောက်များနှင့်ဖြစ်စေ ထိတွေ့မိပါက ၎င်းဓာတုပစ္စည်းများက အစားအသောက်များ ထဲကို ဓာတ်ပြုပျော်ဝင်သွားကာ လူကိုများစွာ အန္တရာယ်ဖြစ်စေနိုင်သည်။ ထိုနည်းတူ ကလေး နို့ဘူးပြုလုပ်သည့် PVC ပလတ်စတစ်နှင့် ပလတ် စတစ်ရေပိုက်များတွင် မိုနိုမာ (ခေါ်) အလွန်အဆိပ် ပြင်းသည့် ဓာတ်တစ်မျိုးပါဝင်နေသည်။ ထို့ကြောင့် ကင်ဆာရောဂါဖြစ်စေသည့် ပလတ်စတစ်ပစ္စည်း များကို ကျန်းမာရေးသတိ၊ အသိစိတ်ဖြင့် ရှောင်ရှား သင့်ပါသည်။ ထို့ပြင် မယ်လမင်း(ဖိုက်ဘာ) ပစ္စည်း များကလည်း အပူနှင့်ထိတွေ့ပါက ဓာတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများ ကို ဖြစ်ပွားစေတတ်သည်။ ထို့ကြောင့် ဖန်ထည်၊ ကြွေထည်များဖြင့် ပြုလုပ်ထားသောပစ္စည်းများ ကိုသာ သုံးသင့်ပါသည်။ ကလေးနို့ဘူးကိုလည်း ဖန်နှင့်ပြုလုပ်ထားသည့် ပစ္စည်းသုံးခြင်းက ကလေးကို ပလတ်စတစ်ထဲမှာပါဝင်သော ဓာတု ပစ္စည်းများအန္တရာယ်မှ ကာကွယ်ပေးရာ ရောက်ပါ သည်။
သြစတြေးလျသုတေသီများ၏ လေ့လာမှု မှတ်တမ်းများအရ ပလတ်စတစ်တွင် phthalates (ခေါ် ) ဓာတုပစ္စည်းတစ်မျိုးကို မကြာခဏ ဆိုသလို တွေ့ရလေ့ရှိပြီး ၎င်းဓာတုပစ္စည်းက ပလတ် စတစ်ကို ကြည်လင်စေရန်၊ ပျော့ပျောင်း စေရန်၊ တာရှည်ခံစေရန် ပြုလုပ်ထားကြောင်း၊ ထိုဓာတု ပစ္စည်းအုပ်စုကို အစားအစာထုပ်ပိုးမှုများ၊ ဆေးဝါး ထည့်ပစ္စည်းများ၊ ကလေးကစားစရာများနှင့် ဆေးဘက်ဆိုင်ရာကိရိယာများတွင် အသုံးပြုမှု ပိုများကြောင်း၊ ထို phthalates ဓာတုပစ္စည်းများ နှင့် ထိတွေ့မှုများသူများတွင် အမျိုးအစား-၂ ဆီးချို ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါနှင့် သွေးတိုးရောဂါများဖြစ်နိုင်ကြောင်း သုတေသီများ က လေ့လာတွေ့ရှိခဲ့ကြသည်။
အထူးသဖြင့် အမျိုးသမီးမျိုးပွားခြင်း၊ သန္ဓေ တည်ခြင်းကို အနှောင့်အယှက်ပေးနိုင်သည့် (EDC) ဓာတုပစ္စည်းများသည် ပလတ်စတစ်ဘူး၊ ခွက်များ တွင် ပါဝင်မှုများကြောင်း ဂျာမနီသုတေသီများက ဆိုသည်။ ပလတ်စတစ်ပစ္စည်းထဲတွင် ပါရှိသော ဓာတုပစ္စည်း ၂၄၅၂၀ ခန့်အနက် DEHF ဒြပ်ပေါင်းက လူ့ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းကို ကစဉ့်ကလျား ဖြစ်စေနိုင်သည်။ အကျိုးဆက်အဖြစ် ခန္ဓာကိုယ် ဆဲလ်များ ဖွံ့ဖြိုးမှုမမှန်မကန်ဖြစ်သွားကာ ဆဲလ် ပျက်စီးခြင်းနှင့် ၎င်း၏နောက်ဆက်တွဲဆိုးကျိုး အဖြစ် ကင်ဆာဖြစ်ပွားလာနိုင်ကြောင်း သုတေသီ များက သတိပေးထားသည်။ ထို့ပြင် မွေးဖွားလာ သော ကလေးတွင် အင်္ဂါမစုံခြင်း၊ နှလုံးရောဂါ၊ အစာအိမ်နာခြင်းများ ဖြစ်ပွားနိုင်သည်။
အမေရိကန်နိုင်ငံ၏ Castle ဆေးရုံမှ အကျိတ် ဗေဒပါရဂူများ၏ လေ့လာဆန်းစစ်ချက်များအရ ကားထဲရှိ ပလတ်စတစ်သောက်ရေသန့်ဘူးများ သည် အချိန်ကြာလာသည်နှင့်အမျှ အပူပြန်လာပြီး ပလတ်စတစ်ဘူးခွံ၏ ဓာတုပစ္စည်းများက အဆိပ် အဖြစ် ရေထဲကိုရောက်သွားကြောင်း လေ့လာ တွေ့ရှိရသည်။ ထိုအဆိပ်က ရင်သားကင်ဆာ တစ်သျှူးများကို ပိုမိုအပွားမြန်စေ၍ အမျိုးသမီးများ မသောက်သင့်ပေ။ ထို့ကြောင့် ကားထဲမှာ ပလတ် စတစ်သောက်ရေသန့်ဘူးကို မထည့်ဘဲ စတီးလ် ရေဘူး သို့မဟုတ် ဖန်ပုလင်းတို့ကိုသာ သုံးသင့် ကြောင်း ဆေးရုံမှ တာဝန်ရှိပုဂ္ဂိုလ်များက သတိပေး လျက်ရှိသည်။ ထိုပါရဂူများ၏အဆိုကို အမေရိကန် ပြည်ထောင်စုရှိ Walter Reed Army Medical Center က ထောက်ခံထားပြီး ရေခဲသေတ္တာများနှင့် မိုက်ကရိုဝေ့ဖ်မီးဖိုများထဲမှာလည်း ပလတ်စတစ် ပစ္စည်းများ ထည့်မထားသင့်ကြောင်း၊ ထိုသို့ပြုမူခြင်း သည် ၎င်းပစ္စည်းထဲက dioxins (ခေါ်) အန္တရာယ် ဓာတ်ပြုဓာတုပစ္စည်းများ ထွက်ရှိလာပြီးနောက် ခန္ဓာ ကိုယ်ထဲရှိဆဲလ်များကို အဆိပ်သင့်၍ ကင်ဆာဖြစ်စေ ကြောင်း၊ အထူးသဖြင့် အမျိုးသမီးများ ရင်သား ကင်ဆာရောဂါဖြစ်စေကြောင်း ထပ်လောင်းအကြံပြု ထားသည်။
အချို့သူများက သွားတိုက်တံကို မိုက်ကရိုဝေ့ဖ် မီးဖိုတွင် အပူပေး ပိုးသတ်လေ့ရှိကြသည်။ ထိုနည်းက လွန်စွာမှားယွင်းနေပါသည်။ သွားတိုက်တံများကို ပလတ်စတစ်၊ စီလီကွန်၊ နိုင်လွန်ပစ္စည်းများဖြင့် ပြုလုပ်ထားကြပြီး ၎င်းတို့ကို မီးဖိုတွင်အပူငွေ့ ပေးလိုက်ရာ bisphenol-A(BPA) ခေါ် ဓာတုပစ္စည်း တစ်မျိုးထွက်ရှိလာသည်။ ထိုဓာတ်က ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်စေသည့်အပြင် ကျား၊ မ မြုံခြင်းကိုပါ ဖြစ်စေနိုင်သည်။ အကောင်းဆုံးနည်းမှာ သွားတိုက်တံ တစ်ချောင်းကို အများဆုံး သုံးလထက်ပို၍ မသုံးဘဲ အသစ်လဲလှယ်ပါ။ မိမိကိုယ်ပိုင် သီးသန့်သွားတိုက် တံသုံးပါ။ ဖြစ်နိုင်လျှင် သွားတိုက်တံမသုံးမီ ရေ ခပ်နွေးနွေး၊ ဆပ်ပြာတို့ဖြင့် စိမ်၍ သန့်စင်ဆေးကြော ပြီးမှသုံးပါ။
ကြွပ်ကြွပ်အိတ်လျှော့ချသုံးစွဲရေး
ပညာပေးဆွေးနွေး
ဓာတုနည်းပညာဖြင့် ပြုလုပ်ထားသော ကြွပ်ကြွပ်အိတ်များ အသုံးပြုခြင်းကြောင့် နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်နေမှုများမှာ တစ်နေ့ထက်တစ်နေ့၊ တစ်နှစ်ထက်တစ်နှစ် ကြောက်ခမန်းလိလိ တိုး၍နေသည်။ ထို့ကြောင့် ၎င်းဖြစ်ရပ်များ လျော့နည်းကျဆင်းစေပြီး သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ မြန်မာပြည်အနှံ့ရှိ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် အသီးသီးတွင် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ကကြီးမှူးကာ ပြည်သူများ ကြွပ်ကြွပ်အိတ် လျှော့ချသုံးစွဲရေး အသိပညာပေးဆွေးနွေးပွဲများ၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုအစား သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် ထုပ်ပိုးပစ္စည်းများအဖြစ် အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာစက္ကူအိတ်များ ပေးဝေ ခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်း စသည့်ပုံစံအမျိုးမျိုးဖြင့် အသိပညာပေး ဆွေးနွေးလျက်ရှိပါသည်။
အချုပ်အားဖြင့်ဆိုသော် ပလတ်စတစ် ထုတ်ကုန်များသည် ဈေးသက်သာပြီး ထုပ်ပိုးရန် လွယ်ကူသော်လည်း ကျန်းမာရေးဆိုင်ရာ ပြဿနာ များကို ဖြစ်ပေါ်စေခြင်း၊ ဆွေးမြည့်ရန် မလွယ်ကူ ခြင်း၊ ဂေဟစနစ်ကို ပျက်စီးစေခြင်း စသည့်ဆိုးကျိုး များကိုသာ ဖြစ်ပေါ်စေသည်။ အထက်တွင် ဖော်ပြ ထားသည့်အတိုင်း ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှုများမှာ လူသားတို့၏ စည်းကမ်းမဲ့၊ ဆင်ခြင်တုံတရားမဲ့မှုတို့ကြောင့် ဖြစ်လာရသည်။ ပြုပြင်ထိန်းသိမ်းမှု၊ တားဆီးကာကွယ်ထိန်းချုပ် မှုများကို အချိန်မနှောင်းမီပြုလုပ်ကြရန် လူတိုင်း ကိုယ်စီ အသိတရားများဖြင့် “ပလတ်စတစ်စစ်ပွဲ” တွင် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်နေပြီ ဖြစ်ပါ သည်။ ထို့ကြောင့် အများပြည်သူတို့အနေဖြင့် ပလတ်စတစ်အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း၊ ဈေးဝယ်ထွက်လျှင် ဈေးဝယ်အိတ်၊ ဆွဲခြင်းများ အသုံးပြုခြင်း၊ အလွယ်တကူဆွေးမြည့်နိုင်သော ထုပ်ပိုးပစ္စည်းများကိုသာ အသုံးပြုခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချရန်လိုအပ် ပါကြောင်းနှင့် အညစ်အကြေး ကင်းစင်သန့်ရှင်း သည့် ပတ်ဝန်းကျင်ကို လူတိုင်းကိုယ်စီ တည်ဆောက်နိုင်ကြပါစေကြောင်း တိုက်တွန်း လိုက်ရပါသည်။ ။
- Log in to post comments