
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီလျက်ရှိသော အနုပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး
================================================================
နေပြည်တော် ဇန်နဝါရီ ၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ ဇန်နဝါရီ ၆ ရက် ညပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်အသုံးပြု၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီလျက်ရှိ သော အနုပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ရန်ကုန် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အနုပညာရှင်များ၏ ပါဝင်ကူညီ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
သမိုင်းမှတ်တိုင်အဖြစ် ရှိနေမည်
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းလက်တွဲဆောင်ရွက် လျက်ရှိသည့် Stop COVID-19 အဝါရောင် Campaign တွင် အနုပညာရှင်များ၏ ပါဝင်ကူညီဆောင်ရွက်နေမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ အနုပညာရှင်များအနေဖြင့် မည်သူ ၏ တိုက်တွန်းမှုမျှမပါဘဲ ကိုယ်ပိုင်အသိစိတ်ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ပြည်သူများလွတ်ကင်းစေရန်အတွက် ပြည်သူလူထုကြားထဲဆင်းကာ အသိပညာပေးခြင်းများ သည် မေ့ပျောက်၍မရသော သမိုင်းမှတ်တိုင်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပါကြောင်း။
ယခုအခါ ကိုဗစ်-၁၉ ကူးစက်မှုလျော့လာသော်လည်း ကပ်ရောဂါပြီးမြောက်သည်အထိ ဆက်လက်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များ ဆောင်ရွက်နေသကဲ့သို့ ပြည်သူများ၏ လူမှု-စီးပွား ကိစ္စရပ်များ၊ ပြည်သူများ၏ နေထိုင်စားသောက်မှု ထိခိုက် ဆုံးရှုံးမှုနည်းပါးစေရေးလုပ်ငန်းများကို တစ်ပြိုင်နက်တည်း ချိန်ဆလုပ်ကိုင်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများဖြင့် နယူးနော်မယ် (New Normal)၊ နယူး ရန်ကုန် (New Yangon)၊ နယူးမြန်မာ (New Myanmar) ဖြစ်လာစေရန် အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါ ကြောင်း၊ ပြည်သူများ၏ နှလုံးသားကို အနုပညာဖြင့် စည်းရုံး ကာ ကိုဗစ်-၁၉ ကူးစက်မှုမခံရစေရေး မည်သို့နေထိုင်ရမည် ဆိုသည့် ပြောကြားနေမှုများကို ဆက်လက်ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိမိကိုယ်တိုင် အသိစိတ်စေတနာများဖြင့် တက်ကြွစွာပါဝင် ကူညီဆောင်ရွက်နေသည့် အနုပညာရှင်များကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိ ပါကြောင်း၊ ကိုဗစ်-၁၉ သည် ကမ္ဘာတွင် လုံးဝပျောက်ကွယ် သွားမည်မျိုးမဟုတ်ဘဲ ကူးစက်မှုပမာဏ အနည်း/ အများ၊ ရောဂါပြင်းထန်မှု အပြင်း/ အပျော့သာကွာခြားကာ လပေါင်း များစွာ ဆက်လက်ရှိနေဦးမည်ဖြစ်သည့်အတွက် အနုပညာ ရှင်များအနေဖြင့် အရှိန်အဟုန်မလျှော့ဘဲ ယခုကဲ့သို့ပင် ဆက်လက်၍ ကူညီပံ့ပိုးစေလိုပါကြောင်း။
ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို တိတိ ကျကျ လိုက်နာကြမှသာလျှင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုနှေးကွေးသွားပြီး လက်ခံနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိမှသာ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာ ရေးလုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည်လည်ပတ် လုပ်ကိုင်နိုင်မည်ဆိုသည့်အချက်ကို ပြည်သူများအားလုံး သိရှိနားလည်ကြစေရန် အနုပညာရှင်များက နည်းမျိုးစုံ ဖြင့် ဆက်လက်ကူညီပံ့ပိုးပေးစေလိုပါကြောင်း၊ မည်သည့် ကပ်ရောဂါကိုမဆို ထိန်းချုပ်ရာ၌ ပြည်သူများ၏ ပါဝင် ပူးပေါင်းမှုသည် အဓိကကျပါကြောင်း၊ အနုပညာရှင်များ အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ဗဟုသုတ ကြွယ်ဝစေရန်နှင့် ယင်းဗဟုသုတများကို အခြေခံကာ ဆောင်ရန်၊ ရှောင်ရန်ကိစ္စများဆောင်ရွက်စေရန် လှုံ့ဆော် ပေးစေလိုပါကြောင်း။
ထူးခြားသော လက္ခဏာတစ်ရပ်ဖြစ်
ကိုဗစ်-၁၉ ကို အချိန်တိုကာလအတွင်း အောင်မြင်စွာ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ၏ အပြုအမူအလေ့ အကျင့်ကို ပြောင်းလဲစေရန် အနုပညာရှင်များ၏ ဆောင်ရွက် မှုအခန်းကဏ္ဍသည် ပို၍အရေးကြီးပါကြောင်း၊ ပြည်သူများ အနေဖြင့် အနုပညာရှင်များအား ချစ်ခင်လေးစားခြင်း၊ နှစ်ခြိုက်ခြင်း၊ လိုလားခြင်းရှိသဖြင့် အနုပညာရှင်များ၏ ပြောစကားကို ပိုမိုလိုက်နာဆောင်ရွက်သည်ဆိုသည့်အချက် မှာ ကမ္ဘာ၌ သုတေသနတွေ့ရှိချက်များအရ သိရှိရပါကြောင်း၊ လက်တွေ့မြေပြင်တွင်လည်း ဤအချက်မှာ သက်သေပြစရာ မလိုဘဲ မှန်ကန်လျက်ရှိသည်ကို မိမိတို့သိရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု မစခင်ကတည်းကပင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အနု ပညာရှင်များ ဝိုင်းဝန်းကူညီနေကြသည့်အတွက် ပြည်သူများ ၏ ပါဝင်မှု အတိုင်းအတာတစ်ခုအထိ ရရှိလာသဖြင့် ဆောင်ရွက်ပေးမှုများကို အထူးကျေးဇူးတင်ရှိ အသိအမှတ် ပြုပါကြောင်း၊ အနုပညာရှင်များ ပံ့ပိုးကူညီဖန်တီးပေးသည့် သီချင်းများ၊ ဗီဒီယိုများ၊ ရုပ်ပြကာတွန်းများ၊ သတင်းစကား ပြောကြားချက်များကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများထံ ပေးပို့ပြီး အသုံးပြုမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အနုပညာရှင်များ၊ အလှူရှင်များနှင့် ပရဟိတစေတနာရှင် များအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေ မှုများကို တွေ့ရှိရခြင်းသည် မြန်မာနိုင်ငံ၏ ထူးခြားသော လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း။
ယခု ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်နေသည့် Stop COVID-19 အဝါရောင် Campaign တွင် အနုပညာရှင် များ အားတက်သရော ဆက်လက်ပါဝင်ဆောင်ရွက်ပေးနေ ခြင်းသည် ရောဂါကူးစက်မှုကွင်းဆက် ဖြတ်တောက်ခြင်း အတွက် အကျိုးရှိပါကြောင်း၊ ဝန်ကြီးဌာနမှ လက်ကိုင် အသံချဲ့စက် (handheld speaker)များ အသုံးပြုကာ မြို့နယ်၊ ရပ်ကွက်များတွင် အဆင်သင့် အသံသွင်းထားသော ကိုဗစ်-၁၉ ကာကွယ်ရေးအသိပေးနှိုးဆော်ချက် (prerecorded message) များကိုဖွင့်၍ ကျန်းမာရေးပညာပေးဖြန့်ဝေလျက် ရှိသည့်ကိစ္စ၌ အနုပညာရှင်များအနေဖြင့် ရောဂါကာကွယ် ရေးအချက်များကို ပြောကြားအသံသွင်းပေးပါက ပိုမို ထိရောက်မည်ဖြစ်ပါကြောင်း။
ယခုလက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ သည် အနည်းငယ်လျော့နည်းလာသော်လည်း (လုံးဝ) ပေါ့ဆ ၍ မရပါကြောင်း၊ ရောဂါလက္ခဏာ မပြဘဲရှိနေသူများသည် (၆၀ မှ ၈၀) ရာခိုင်နှုန်းအထိရှိခြင်း၊ ကူးစက်မှုအလွန်မြန်သော ဗိုင်းရပ်စ်ဖြစ်ခြင်း၊ လူတိုင်းသည် အမြဲတမ်း အသက်ရှူ ရသဖြင့် ရောဂါပိုးရှိသူတစ်ဦးထံမှ ရောဂါပိုးကို အသက်ရှူ ရာမှတစ်ဆင့် ကူးစက်နိုင်ခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ ရောဂါအခံရှိသူများနှင့် အသက်ကြီး သူများသည် သေဆုံးသူများ၏ ၈၀ ရာခိုင်နှုန်းရှိခြင်း၊ ဗိုင်းရပ်စ်၏ မျိုးဗီဇသည် တစ်ချိန်လုံးပြောင်းလဲနိုင်ခြင်း၊ ဆေးရုံသို့ ရောဂါကျွမ်းကာ နောက်ကျမှရောက်ရှိသူများသည် သေဆုံးမှု အလားအလာများခြင်း၊ လူတစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် စားသောက်ခြင်းနှင့် စုဝေးစားသောက်ခြင်း တို့သည် ကူးစက်မှုအများဆုံးဖြစ်နိုင်ခြင်း၊ အများဆုံး ကူးစက်နိုင်သည့်နေရာများမှာ နေရာစုံမှလူများလာရောက် ရာ ဈေးများဖြစ်ခြင်း အစရှိသည့်အချက်များကို ပုံစုံအမျိုးမျိုး ဖြင့် ပြည်သူများအား အသိပညာပေးစေလိုပါကြောင်း။
အထူးသတိထားရမည့်ကာလဖြစ်
ကမ္ဘာ့နိုင်ငံ ၃၃ ခုခန့်တွင် ကူးစက်မြန်မျိုးဗီဇပြောင်း လဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ် မျိုးကွဲသစ်ကူးစက်မှုများ တွေ့ရှိနေရပြီဖြစ်သဖြင့် အထူးသတိထားရမည့်ကာလဖြစ် ကြောင်း၊ လေဆိပ်မှ ဝင်ရောက်လာသူများကို နှစ်ပတ်တာ အသွားအလာကန့်သတ်၍ RT PCR နည်းလမ်းဖြင့် နှစ်ကြိမ် ဓာတ်ခွဲကာ ရောဂါစစ်ဆေးလျက်ရှိပါကြောင်း၊ ယခု ပေါ်ပေါက်လျက်ရှိသော အလွန်ကူးစက်မြန်သည့် မျိုးဗီဇ ပြောင်းလဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲသစ်ရှိသူ တစ်ဦးလွတ်ထွက်သွားပါက မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှု ပိုမိုများလာနိုင်သဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးသတိပြု၍ ထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို အထူး အလေးထားလိုက်နာရန်သည် လွန်စွာအရေးကြီးပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း တရားမဝင် ပြည်ပမှဝင်ရောက် လာသူများကို တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ ကြစေလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်း များ၊ အနုပညာရှင်များ ပူးပေါင်းလက်တွဲ ဆောင်ရွက်နေမှု များကို အထူးအားရကျေနပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် အနုပညာနယ်ပယ်အသီးသီးမှ သရုပ်ဆောင်များ၊ တေးရေးများ၊ အဆိုတော်များ၊ ရိုက်ကူး ရေးနှင့် အစီအစဉ်တင်ဆက်မှု ပညာရှင်များ၊ အလှူရှင်များ နှင့် ပရဟိတအဖွဲ့များက ပံ့ပိုးလုပ်ဆောင်ပေးလျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ပါဝင်မည့် အခန်းကဏ္ဍနှင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အကြံပြုချက်များကို ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အနုပညာရှင်များ ၏ အကြံပြုချက်များကို ပြန်လည်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အနုပညာရှင်များ ၏ ပြောကြားချက်များ၊ အကြံပြုချက်များသည် ပြည်သူ့ ကျန်းမာရေးနှင့် ကပ်ရောဂါနှိမ်နင်းရေးရှုထောင့်မှ အလွန် အကျိုးရှိမည့်အချက်များဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ မထင်မှတ်သော အမြင်ရှုထောင့်မှ ပြောကြားသည့် အပြင် ထိုပြောကြားချက်များသည် မိမိတို့ဝန်ကြီးဌာန အတွက် အလွန်တန်ဖိုးရှိပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးအလေးထားကာ ကိုဗစ်-၁၉ ထိန်းချုပ်ရေး လုပ်ငန်း များကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ပါကြောင်း။
နောက်ခံထား ဆောင်ရွက်မည်
ကိုဗစ်-၁၉ သည် "ကိုယ်ဖြစ်ကိုယ်ခံသာမဟုတ်ဘဲ၊ ကိုယ်ဖြစ်ပါက အခြားသူများပါခံရသည်" ဟု အနုပညာရှင် တစ်ဦးက ပြောကြားခဲ့သည်မှာ အလွန်မှန်ကန်ပါကြောင်း၊ အနုပညာရှင်များက ကိုဗစ်-၁၉ နှင့်ပတ်သက်၍ လူမှုရေး ရှုထောင့်အမြင်များ၊ အလုပ်အကိုင်ရှားပါးမှုနှင့် စီးပွားရေး ရှုထောင့်မှအမြင်များ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကျဆင်းမှု ရှုထောင့်အမြင်များနှင့် ကဏ္ဍပေါင်းစုံမှ အနုပညာရှင်များ ပူးပေါင်း၍ တပေါင်းတစည်းတည်း ဆောင်ရွက်ပါက ပိုမိုအကျိုးရှိမည့် ရှုထောင့်အမြင်များ၊ ဘာသာရေးရှုထောင့် မှအမြင်များကို နောက်ခံထား၍ သုံးသပ်ကြသည်ကို တွေ့ရှိ ရသဖြင့် အနုပညာရှင်များ၏ အတွေးအခေါ်၊ ဗဟုသုတနှင့် အတွေးအမြင်များအား မိမိအထူးလေးစားပါကြောင်း၊ ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းများကို လုပ်ဆောင်ရာ၌ ဤ အချက်များကို နောက်ခံထားကာ ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တစ်ဦး ချင်း၊ တစ်ယောက်ချင်းမှသည် စုပေါင်းအင်အား ဖြစ်လာ သည်ဖြစ်သဖြင့် တစ်ဦးချင်း စည်းကမ်းလိုက်နာမှုများမှ တစ်ဆင့် အားလုံးစည်းကမ်းလိုက်နာကြခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့တွင် အနုပညာနယ်ပယ်မှ ပညာရှင်များအား တွေ့ဆုံသကဲ့သို့ နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်
- Log in to post comments