
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
အရက်သည် ဓာတုဗေဒအခေါ်အားဖြင့် Ethyl Alcohol သို့မဟုတ် Ethanol ဖြစ်ပြီး ယစ်မျိုးဥပဒေအရ အီသိုင်းအယ်ကိုဟော အလေးချိန်နှင့် ထုထည်အချိုး ၂ မီလီဂရမ် (ရာခိုင်နှုန်း) ထက် ပိုမိုပါဝင်သော အရည်ကို အရက်ဟုခေါ်ကြောင်း သိရသည်။ အရက်တွင် အုပ်စုသုံးမျိုး-ဘီယာအုပ်စု၊ ဝိုင်အုပ်စုနှင့် အရက်ပြင်းဟူ၍ ခွဲခြားထားလေ့ရှိသည်။ ဘီယာအုပ်စုတွင် အရက်စစ်အလေးချိန်နှင့် ထုထည်အချိုး ၃-၁၀ မီလီဂရမ် (ရာခိုင်နှုန်း)၊ ဝိုင်အုပ်စုတွင် ၉-၁၅ မီလီဂရမ်ရာခိုင်နှုန်း၊ အပြင်းစားတွင် ၃၀ မီလီဂရမ်ရာခိုင်နှုန်းနှင့် အထက်ပါဝင်သည်။ အပြင်းစားတွင် ရမ်၊ ဘရမ်ဒီ၊ ဝီစကီ၊ ဂျင်မ် စသည်တို့ပါဝင်ပြီး ထန်းရည်၊ ဓနိရည်များတွင် အရက်ပါဝင်မှု ၂ မီလီဂရမ်ရာခိုင်နှုန်း အထက်ပါဝင်ပါက အရက်ဟု သတ်မှတ်သည်၊၊ အပျော်သောက်သော ဘီယာသည်လည်း အရက်ဖြစ်သည်။
အရက်အစ
ဘိန်းသည် ခရစ်နှစ် ၁၈ဝဝ မတိုင်မီက ပေါ်ပေါက်ခဲ့သော်လည်း အရက်ကမူ အလွန်ရှေးကျသောကာလများကပင် ပေါ်လာခဲ့နိုင်ကြောင်း သိရပါသည်။ ဘီယာနှင့်တူသော အချဉ်ဖောက်ထားသည့် သက်တမ်း နှစ်ပေါင်း ၁၃ဝဝဝ ခန့်ရှိ ယမကာကို အစ္စရေးနိုင်ငံတွင် တူးဖော်ရရှိခဲ့ ကြောင်း၊ ဆန်၊ ပျားရည်၊ သစ်သီးများကို အချဉ်ဖောက်ထားသည့် ယမကာသုံးစွဲသည့် အထောက်အထားများကို တရုတ်နိုင်ငံတွင် တွေ့ရှိ ရကြောင်း၊ ယင်းသည် 7000-6600BCE ကပင် ရှိနိုင်ခဲ့ကြောင်း သိရှိ ရပါသည်။ ယဉ်ကျေးမှုထွန်းကားသော အီဂျစ်နိုင်ငံတွင် အရက်နှင့် တူသော ယမကာများ ဦးစွာသုံးစွဲကြဟန်တူကြောင်း၊ တရုတ်နိုင်ငံတွင် ထိုဘီစီ ၇ဝဝဝ ခန့်၊ အိန္ဒိယနိုင်ငံတွင် ဆန်ကို အချဉ်ဖောက်ချက် လုပ်ထားသော Sura ဆူရာခေါ် အရက်မျိုးကို ဘီစီ ၃ဝဝ နှင့် ၂ဝဝဝ ကြားတွင် သုံးစွဲခဲ့နိုင်ကြောင်း စသည်ဖြင့် လေ့လာတွေ့ရှိကြပါသည်။ ထို့ကြောင့် အရက် သောက်သုံးမှုသည် နှစ်ကာလများစွာကပင် ရှိခဲ့နိုင် ကြောင်း သိနိုင်ပါသည်။ အရက်ဆိုသော မြန်မာစကားသည် အရဗီ စကား araq အရတ်မှအရက်ဟူ၍ ဖြစ်လာကြောင်း၊ ကောက်ညှင်း ဆန်၊ ထန်းလျက်စသည်တို့ကို အချဉ်ဖောက်ပြီး ချက်ထားသည့် အရည် ဟူ၍ မြန်မာအဘိဓာန်တွင် ဖော်ပြထားပါသည်။
ပိဋကတ်တော်လာ အရက်၏ အစမှာ ရှေးသရောအခါ ဗာရာဏသီ ပြည် သဗ္ဗမိတ္တမင်းကြီးမင်းပြုစဉ် ကာသိတိုင်းသား “သူရာ” အမည်ရှိ မုဆိုးတစ်ယောက်သည် ဟိမဝန္တာတောတွင် အမဲလိုက်စဉ် သစ်ရွက် သစ်သီးတို့ ကြွေကျကာ မိုးရေနှင့်ရောပြီး အချဉ်ပေါက်နေသော အရည် ကို သောက်ပြီး မူးယစ်ပျော်ပါးကြသည့် ကျေးငှက်တို့ကို တွေ့ရာမှ အရက်ကို စတင်တွေ့ခဲ့ကြောင်း သိရသည်။ ထိုသေရည်ကို “သူရာ သို့မဟုတ် ဂရုဏ” ဟု ခေါ်ကြောင်း၊ သိကြားမင်းက ထိုသေရည်ကြောင့် လောကကြီး ပျက်စီးမည်ကိုမြင်သဖြင့် “လောကကြီးကို ပျက်စီးစေ မည့် သေရည်အရက်ကို ရှောင်ကြလော့”ဟု လူအများတို့ကို ဆိုဆုံးမခဲ့ ကြောင်းစသည်ဖြင့်လည်း သိရပါသည်။ အရက်၏ မူလအစကား အလွန်ရှေးကျသောကာလများကပင် ရှိခဲ့ဟန်တူပါသည်။
အရက်ကို alcohol ဟုခေါ်ရာ ယင်းသည် “al-koh'l or al-ghawl” ဟူသည့် စကားမှဆင်းသက်လာပြီး အီသနော ethanol ဟူသည့် အချဉ်ဖောက်ရာမှရလာသည့် ယစ်မူးစေသည့် ဓာတ်ကိုဆိုလိုပါသည်။
ဆိုးကျိုးသာပေးသည့် အရက်
အရက်သောက်လိုက်သောအခါ ၈ ရာခိုင်နှုန်းခန့်သည် ဆီးအဖြစ် စွန့်ထုတ်ပြီး အနည်းငယ်က အရေပြားမှတစ်ဆင့် ချွေးအဖြစ်စွန့်ထုတ် ပါသည်။ အများစုက ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်ပြီး ထိခိုက်ပျက်စီးစေပါ သည်။
သွေးအတွင်းရှိအရက်(BAC)
BAC (Blood Alcohol Cotent)ဆိုသည်မှာ သွေးအတွင်းရောက်ရှိ သွားသော အရက်ပမာဏကို ခေါ်ပြီး ယင်းပမာဏပေါ်မူတည်၍ ခန္ဓာကိုယ်ပေါ် သက်ရောက်ပါသည်။ သွေးအတွင်းရှိနေသည့် အရက် ရာခိုင်နှုန်းက အောက်ပါကဲ့သို့ လူ့ခန္ဓာကိုယ်အပေါ် ထိခိုက်စေပါသည်။
BAC: 0.033-0.12 Percent
m လှုပ်ရှားသွားလာမှု ပြောင်းလဲခြင်း (Change in mood)
m ယုံကြည်မှု လွန်ကဲခြင်း (Higher self-confidence)
m စိုးရိမ်မှု လျော့နည်းခြင်း (Less anxiety)
m မျက်နှာနီမြန်းခြင်း (Flushing of the face)
m အာရုံစူးစိုက်မှု လျော့နည်းခြင်း (Shorter attention span)
m အနုစိတ် လှုပ်ရှားမှုများ မလုပ်နိုင်ခြင်း စာရေးခြင်း၊ ကွန်ပျူတာ ရိုက်ခြင်း စသည်များ။ (Lack of fine motor coordination)
m စဉ်းစားဆုံးဖြတ်နိုင်မှု မှားယွင်းခြင်း။ (Impairment of judg-ment)
BAC: 0.09-0.25 Percent
m အိပ်ငိုက်ခြင်း (Sedation)
m စဉ်းစားဉာဏ်ပျောက်ဆုံးခြင်း၊ စေ့စပ်သေချာမှု မရှိတော့ခြင်း။ (Loss of memory and lack of comprehension)
m ကြွက်သားလှုပ်ရှားမှုများ နှေးကွေးခြင်း။ (Delayed motor reactions)
m ဟန်ချက် မထိန်းနိုင်ခြင်း၊ လမ်းလျှောက် စကားပြောခက်ခဲလာ ခြင်း။ (Balance problems and ataxia)
m အမြင်မှုန်ဝါးခြင်း၊ ယိုင်လဲခြင်း။ (Blurred vision and sensa-tion impairment)
BAC 0.25-0.40 Percent
m သတိမေ့၊ ပြန်သတိရလိုက် လုံးဝသတိမေ့သွားတတ်ခြင်း။ (In and out of consciousness or complete unconscio-usness)
m ဘာလုပ်၊ ဘာပြောမိမှန်း မသိတော့ခြင်း။
(Amnesia during the events while intoxicated)
m တရွတ်တိုက်လမ်းလျှောက်ခြင်း။ (Staggering gait)
m အန်ခြင်း၊ ပြန်မျိုချခြင်း။ (Vomiting with aspiration)
m အသက်ကောင်းစွာ ရှူမရခြင်း။ (Respiratory depression)
m ဆီးမထိန်းနိုင်ခြင်း။ (Incontinence of urine)
m နှလုံးခုန်နှုန်း နှေးလာခြင်း။ (Slowed heart rate)
BAC 0.35-0.80 Percent
m သတိမေ့မြောသွားခြင်း(သတိပြန်မလည်တော့)။ (Comatose)
m အလင်းရောင်ကို မျက်စိသူငယ်အိမ်က တုံ့ပြန်မှုမရှိတော့ခြင်း။ (Lack of pupillary response to light)
m အသက်အန္တရာယ် ထိခိုက်နိုင်လောက်သော အသက်ရှူခက်ခဲ ခြင်း။ (Life-threatening respiratory depression)
m နှလုံးခုန်နှုန်း ပြင်းစွာနှေးသွားခြင်း။ (Severe decrease in heart rate)
m သေဆုံးခြင်း။ (Death)
အရက်ကြောင့်ရေတိုထိခိုက်မှုများ Short term side-effects.
စကားထစ်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း၊ ပြောဆိုဆက်သွယ်မှုခက်ခဲလာခြင်း၊ ကိုယ်အမူအရာများ ကြမ်းတမ်း လာခြင်း၊ သတိမေ့၊ မမှတ်မိခြင်း၊ အသက်ရှူ နှေးလာခြင်း၊
ရေရှည်ထိခိုက်မှုများ (Longterm side-effects.)
- နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ၊
- အသည်းရောဂါများ။
- ဦးနှောက်နှင့် အာရုံကြောများ ပျက်စီးခြင်း။
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဝင်ရောက်
- လွယ်ခြင်း။
- ကင်ဆာရောဂါများဖြစ်ခြင်း။
- အစာလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်း။
- အာဟာရချို့တဲ့ခြင်း။
ဦးနှောက်
ရုတ်တရက် စဉ်းစားဉာဏ်ပျောက်ဆုံးသွားပါသည်။ မိမိကိုယ်ကို သွားလာလှုပ်ရှားမှု မထိန်းနိုင်တော့သလို စဉ်းစားဆုံးဖြတ်နိုင်စွမ်း လည်း ကင်းမဲ့သွားပါသည်။ လုပ်သင့် မသင့် မချင့်ချိန်နိုင်တော့ပါ။ အရက်စွဲသူများမှာ အရက်၏ ရေရှည်အကျိုးသက်ရောက်မှုကြောင့် ထိုသို့သော ထိခိုက်မှုများ ရင်ဆိုင်လာရတတ်ပါသည်။ Cerebellum, Limbic system, Cerebaral cortex စသည့် ဦးနှောက်၏ အဓိက ဆက်သွယ်ရေးလမ်းကြောင်း ထိခိုက်သွားပါသည်။ ဥပမာ Cerebellum သည် motor skills ခေါ် ကြွက်သားများလှုပ်ရှားမှုများကို ထိန်းချုပ်ရာ နေရာဖြစ်သဖြင့် အရက်သောက်သူသည် ကြံ့ခိုင်မှု ဆုံးရှုံးသွားနိုင်ပါ သည်။ အဆိုပါနေရာများသည် ဟန်ချက်ညီအောင် ထိန်းထားနိုင်မှု၊ မှတ်ဉာဏ်နှင့် စိတ်ခံစားမှုများကိုပါ ထိန်းချုပ်ထားသဖြင့် ယင်းတို့နှင့် ဆက်နွှယ်သော ဆုံးရှုံးမှုများ တွေ့ကြုံနိုင်မည်ဖြစ်ပါသည်။
နှလုံး
အရက်ကြောင့် ထိခိုက်ခံရမှုများတွင် နှလုံးလည်း ပါဝင်သည်ကို သတိပြုစေလိုပါသည်။ နှလုံးကြွက်သားများ၏ ကြံ့ခိုင်မှုကို ထိခိုက်စေ သဖြင့် နှလုံးမှတစ်ဆင့် သွေးညှစ်ထုတ်နိုင်မှု လျော့ကျသွားပါသည်။ ထို့ကြောင့် အားအင်ယုတ်လျော့သွားပါသည်။ အရက်ကြာကြာ သောက်သူတို့တွင် TGL-triglycerides ခေါ် လူကို အန္တရာယ်ပြုသည့် အဆီဓာတ်များ တက်လာတတ်ပါသည်။ ယင်းကြောင့် နှလုံးသွေးကြော ကျဉ်းသွားခြင်း၊ ပိတ်ခြင်းများဖြစ်လာနိုင်ပါသည်။ ထို့ပြင် အင်ဆူလင် ဟော်မုန်းဓာတ်ကိုလည်း ထိခိုက်စေနိုင်သဖြင့် ဆီးချိုရောဂါဖြစ်လာ နိုင်ပါသည်။ အရက်စွဲသူတို့တွင် သွေးပေါင်ချိန်တက်လာခြင်း(သွေးတိုးခြင်း)၊ နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်လာတတ်ပြီး cardiomyopathy ခေါ် နှလုံးကြွက်သားများ ပျက်စီးခြင်း၊ လေဖြတ်ခြင်း (stroke) နှင့် နှလုံးရောဂါကြောင့် ရုတ်တရက်သေဆုံးရခြင်း (sudden cardiac death) တို့ တွေ့ကြုံရတတ်သည်ကို တွေ့ရပါသည်။
အသည်းထိခိုက်ခြင်း
အရက်ကြောင့် အသက်အန္တရာယ်ဆုံးရှုံးစေနိုင်သည်အထိ အသည်း ထိခိုက်ပျက်စီးစေနိုင်ပါသည်။ အရက်က ခန္ဓာကိုယ်ထဲရောက်သည်နှင့် အသည်းတွင် ချေဖျက်ကာ စွန့်ထုတ်ရပါသည်။
အရက် ethanol ကို အသည်းရှိ alcohol dehydrogenase(ADH)ဓာတ်က acetald-ehyde(CH3CHO)နှင့် ရေအဖြစ်ပြောင်းလဲပါသည်။ acetaldehyde သည် ကင်ဆာဖြစ်စေသော အဆိပ်ဓာတ် carcin-odenic ဖြစ်သဖြင့် အသည်းဆဲလ်များကို ပျက်စီးစေရုံမက ကင်ဆာ ရောဂါအထိ ဖြစ်စေနိုင်ပါသည်။ အရက်များလာလေ ဇီဝယန္တရား ထိခိုက်လာလေဖြစ်ပြီး အသည်းတွင် အဆီဓာတ်များစုလာခြင်း၊ အမာရွတ်များ ဖြစ်လာခြင်း၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်းတို့ ဖြစ်လာစေပါသည်။ ဆီးချိုရောဂါလည်း ဖြစ်လွယ်လာစေပါသည်။ ထိုအခြေအနေတို့ကို ကောင်းစွာမထိန်း ထားနိုင်ပါက အသက်ဆုံးစေနိုင်သည်အထိ ဖြစ်တတ်ပါသည်။
ပန်ကရိယခေါ် မုန့်ချိုအိတ်
ပန်ကရိယသည် အစာအိမ်အနီးတွင် တည်ရှိပြီး အချိုဓာတ်များ၊ ဆဲလ်များအတွင်းသို့ ပို့ဆောင်ပေးသည့် အဓိကဟော်မုန်းဖြစ်ပါသည်။ အရက်ကြောင့် ယင်းသည်လည်း ထိခိုက်ပျက်စီးရပြီး ပန်ကရိယ ရောင်ရမ်းခြင်း (pancreatitis)၊ ပန်ကရိယကင်ဆာ (Ca pancreas) နှင့် ဖော်ပြပါ ဆီးချိုရောဂါဖြစ်ခြင်းများ အပါအဝင် ကျန်းမာရေး ပြဿနာများစွာ ဖြစ်လာစေနိုင်ပါသည်။
စိတ်ပိုင်းဆိုင်ရာရောဂါများ
အရက်စွဲပြီး အရက်မရလျှင် Delirium Tremens ခေါ် အရက်နာကျ အရက်ငန်းဖမ်းခြင်း၊ စိုးရိမ်လွန်ကဲခြင်း (Anxiety)၊ အကြောက်လွန် ခြင်း (Phobia)၊ လွဲမှားသောယုံကြည်ချက်၊ အစွဲဖြစ်ပေါ်ခြင်း(Alcoholic Delusion)၊ သံသယဝင် သမုတ်တတ်ခြင်း(Morbid jealousy)၊ စိတ်ကြွ နေတတ်ခြင်း(Hypomania/mania)၊ စိတ်ကျခြင်း(Depression)၊ စိတ်ကျပြင်းထန်ပါက မိမိကိုယ်ကို အဆုံးစီရင်ခြင်း(Sucide)၊ အရက် ကြောင် စိတ်ဝေဒနာဖြစ်ခြင်း(Alcoholic Psychosis)၊ မှတ်ဉာဏ်ချို့ယွင်းခြင်း(Alcoholic Dementia)စသည်တို့ အပါအဝင် များလှစွာသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ တွေ့ကြုံခံစားရနိုင်ပါသည်။
ထို့ပြင် အရက်ကြောင့် မိမိ၏ ဂုဏ်သတင်းကျဆင်းခြင်း၊ အများ၏ လေးစားယုံကြည်မှုဆုံးရှုံးရခြင်းစသည့် လူ့တန်ဖိုး ကျဆင်းရတတ် ပါသည်။
အရက်နှင့် အမျိုးသမီးများ
အမျိုးသားတို့ထက် အမျိုးသမီးတို့တွင် ရေဓာတ်ထက်၊ အဆီဓာတ် ပိုများနေတတ်သဖြင့် ပိုမူးလွယ်ပါသည်။ အရက်သောက်တတ်သော အမျိုးသမီးကိုယ်ဝန်ဆောင်ပါက ကလေးသေးသေးမွေးခြင်း၊ ကြီးထွား မှု နှေးကွေးခြင်း၊ မွေးရာပါချို့ယွင်းချက်များ ပါလာတတ်ခြင်း၊ ဉာဏ် ရည်မမီခြင်းစသည့် Fetal Alcohol Syndrome ဖြစ်တတ်ကြောင်း သိရပါသည်။ ရင်သားကင်ဆာကဲ့သို့ အမျိုးသမီးတို့တွင် ဖြစ်တတ်သည့် ကင်ဆာရောဂါများ ဖြစ်လွယ်သည်ဟု ဆိုပါသည်။
အရက်သောက်ခြင်း အပြစ်ခြောက်ပါး
ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ
ရောဂါထူပြော၊ ကျော်စောမဲ့တုံ
မလုံအင်္ဂါ၊ ပညာနည်းရှာ
ဤခြောက်ပါးကား၊ သောက်စားသေစာအပြစ်တည်း။
အရက်သောက်ခြင်းသည် လူတိုင်းတစ်ကိုယ်စီကို ပျက်စီးစေ သည်သာမက မိသားစု၊ တိုင်းနိုင်ငံ၊ အဆုံးစွန်လောကကြီးကိုပါ ပျက်စီး စေနိုင်သည့် သေရည် ဖြစ်ပါသည်။ ထိုသေရည်အရက်ကိုအစ မလုပ် မိစေကြဖို့ အရက်မသောက်မိစေကြဖို့ အရက်ကိုရှောင်ကြဖို့ သီလ မြဲကြဖို့ အထူးအလေးထားတိုက်တွန်းအပ်ပါသည်။ ။
ကိုးကား- Alcohol Rehab Guide(6.4.2021).
Effects of Alcohol(WHO).
Alcohol wikopedia.
အရက် ဝီကီပီးဒီးယား။
- Log in to post comments