
တာရာ
====
ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်ပုံလို့ ဆိုစမှတ်ပြုရလောက်အောင် စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဆန်ရေစပါး၊ ကောက်ပဲသီးနှံတို့ ဖူလုံပြည့်စုံခဲ့သလို ဆီစားသုံးမှုကလည်း များပြားခဲ့ပါတယ်။ အသားငါးဟင်းဆိုရင် ဆီပြန်လေးမှ၊ အသီးအရွက်ကြော်ဆိုရင် ဆီလေးရွှဲမှ အရသာရှိတယ်လို့ ထင်ခဲ့ကြပါတယ်။
ကိုယ်တိုင်စိုက်ပျိုးကြိတ်ခွဲရတဲ့ ခေတ်အခါက ဆီ စားသုံးမှုများပြားခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုး တွေက မသိသာလှသော်လည်း ယနေ့ခေတ်ကာလ လို ဈေးကွက်တွေမှာ ရောင်းချနေတဲ့ စားသုံးရန် မသင့်တဲ့၊ မမှန်ကန်တဲ့၊ ရောနှောထားတဲ့၊ အရောင်၊ အနံ့တို့ ထည့်သွင်းပြုပြင်ထားတဲ့ဆီတွေ ပေါများ လာချိန်မှာတော့ ဆီစားသုံးမှုများပြားလွန်ကဲခြင်းက ကျန်းမာရေးအတွက် ကြောက်ခမန်းလိလိ အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို တွေ့မြင်လာရ ပါတယ်။
သုံးမျိုးရှိ
စားသုံးဆီလို့ဆိုရာမှာ အခြေခံအားဖြင့်ကျန်းမာ ရေးအရ သင့်တင့်စွာစားသုံးနိုင်တဲ့ မပြည့်ဝဆီ၊ တတ်နိုင်သမျှလျှော့၍ စားသုံးသင့်တဲ့ ပြည့်ဝဆီ နဲ့ လုံးဝမစားသုံးသင့်တဲ့ အသွင်ပြောင်းဆီဆိုပြီး သုံးမျိုးရှိပါတယ်။
မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရတဲ့ အဆီ တွေက မပြည့်ဝဆီတွေဖြစ်ပြီး သင့်တင့်စွာစားသုံး ခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ သွေးတွင်းအဆီဓာတ် (HDL)ကို မြင့်တက်စေနိုင်ပြီး မကောင်းတဲ့အဆီဓာတ်(LDL)ကို လျှော့ချပေးခြင်း ဖြင့် နှလုံးရောဂါနဲ့ အမျိုးအစား(၂) ဆီးချိုရောဂါ စတဲ့ မကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။
စားအုန်းဆီ၊ ဒိန်ခဲနဲ့ အမဲသား၊ ဝက်သားစသဖြင့် တိရစ္ဆာန်မှရတဲ့ အဆီတွေကတော့ ပြည့်ဝဆီတွေ ဖြစ်ပြီး လွန်ကဲစွာစားသုံးခြင်းကြောင့် သွေးတွင်း အဆီဓာတ် (LDL)ကို လွန်ကဲစွာ မြင့်တက်စေကာ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးကြော နံရံတွေမှာ အဆီတွေကပ်ခဲကာ သွေးကြောတွေ ကျဉ်းလာပြီး နှလုံးသွေးကြောပိတ်ရောဂါနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်မှာ ဖြစ်ပါတယ်။
အသွင်ပြောင်းဆီက အစားအသောက်တွေ ပိုမို ကြာရှည်ခံပြီး အရသာရှိစေဖို့ ပုံမှန်အသုံးပြုတဲ့ဆီမှာ ဟိုက်ဒရိုဂျင်ဓာတ် ထည့်ပေါင်းထားတဲ့ဆီဖြစ်ပါ တယ်။ အသင့်စားအစားအစာတွေဖြစ်တဲ့ အာလူး ကြော်၊ ကြက်ကြော်၊ စမူဆာ၊ ပဲကပ်ကြော်၊ ကိတ် မုန့်၊ ပေါင်မုန့်တွေမှာပါဝင်တဲ့ ဆီတွေထဲမှာ အများ စုက အသွင်ပြောင်းဆီတွေဖြစ်ပါတယ်။ အသွင် ပြောင်းဆီကို စားသုံးတဲ့အခါ ပြည့်ဝဆီစားသုံးခြင်း ကြောင့် ရရှိနိုင်တဲ့ဆိုးကျိုးတွေအပြင် သွေးတွင်းဆီ (Triglycerides) ကို ပိုမိုတက်စေခြင်း၊ ကောင်းမွန် တဲ့ သွေးတွင်းအဆီဓာတ် (HDL) ကို ကျစေခြင်းနဲ့ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုတွေကို ထပ်တိုးပြီး ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါကြောင့် ပြည့်ဝဆီကို တတ်နိုင်သမျှ လျှော့စား ပါ။ မပြည့်ဝဆီ သင့်တင့်စွာစားပါ။ အသွင်ပြောင်းဆီ ပါဝင်တဲ့ အစားအစာတွေစားသုံးမှုကို လုံးဝ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် မည်သည့် ဆီကိုမဆို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ် ရမှာဖြစ်ပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ဆီကို ဖောဖောသီသီထည့်လေ့ရှိ
ဆီစားသုံးမှု များပြားခြင်းကြောင့် ဖြစ်ပေါ်လာ နိုင်တဲ့ နောက်ဆက်တွဲရောဂါတွေကို ကြားသိလာ ရပြီး သက်ရှည်ကျန်းမာဖို့ စားသုံးဆီကို တတ်နိုင် သမျှလျှော့စားစို့ဆိုတဲ့ သတိပေးနှိုးဆော်မှုတွေကို တွေ့မြင်လာရတော့ မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးလို့ ခေါ်တဲ့ဒေသမှာ မွေးဖွားကြီးပြင်းလာသူ၊ ဆီကြိုက် တဲ့စာရေးသူရဲ့အဘွားကို သတိရမိပါတယ်။ အဘွား က ဟင်းလျာတွေကို စီမံချက်ပြုတ်ရာမှာ ဆီကို ဖောဖောသီသီထည့်လေ့ရှိပါတယ်။ ရေကြည်ရာ မြက်နုရာရှာဖွေရင်း ရန်ကုန်ကို ပြောင်းရွှေ့လာရ တော့ ကိုယ်တိုင်ကြိတ်ခွဲစားသုံးနေရာက ဈေးကွက် တွေထဲက ဝယ်ယူစားသုံးသူ ဖြစ်လာခဲ့ရပါတယ်။
ဈေးကွက်တွေမှာ တွေ့ရလေ့ရှိတဲ့ စားသုံးဆီ အမျိုးမျိုးထဲကမှ စစ်မှန်မယ်ထင်တာကို အဘွား က ရွေးချယ်ဝယ်ယူလေ့ရှိပါတယ်။ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ပဲနံ့၊ နှမ်းနံ့ပါတဲ့ဆီတွေကို ခံတွင်း မတွေ့လှသော်လည်း အဘွားရဲ့ ဆီစားသုံးမှုကတော့ လျော့ကျမသွားခဲ့ပါဘူး။ အသားငါးဟင်းမဆိုထား နဲ့ မျှစ်ကြော်မယ်ဆိုရင်တောင် အဘွားက မျှစ်ဆိုတာ ဝါးကဖြစ်တာလေ။ ဘာအရသာရှိတာမို့လို့လဲ၊ ဆီ များမှ ကောင်းမှာပေါ့ စသဖြင့် ဟင်းလျာတွေမှာ ဆီများများထည့်ရခြင်းက အဘွားမှာ အကြောင်းပြ ချက်မျိုးစုံရှိသလို ထည့်မြဲလည်း ထည့်လျက်ရှိ ပါတယ်။
အကျင့်ဆိုတာကလည်း အရိုးစွဲလာတော့ ဖျောက်ဖျက်ဖို့ ခက်သားလား။ တစ်နေ့ တစ်ရက် တည်းမဟုတ်။ အချိန်ကာလကြာမြင့်လာတော့ ဆီစားသုံးမှုများပြားခြင်းရဲ့ နောက်ဆက်တွဲအဖြစ် ကျန်းမာရေးကို ခြိမ်းခြောက်လာပြီး ချူချာလာပါ တော့တယ်။ မောပါတယ်။ ရခဲလှတဲ့လူ့ဘဝမှာ တရား ထူးရအောင် ကြိုးစားအားထုတ်ချင်တဲ့၊ သက်ရှည် ကျန်းမာစိတ်ချမ်းသာစွာနဲ့ ဘဝကို ဖြတ်သန်းလိုတဲ့ အဘွားဟာ အသက် ၅၀ ဝန်းကျင်မှာ ရောဂါစုံလာခဲ့ပါ တယ်။ အသည်းအဆီဖုံးပါတယ်။ သွေးတိုးပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ခံစားလာရပါတယ်။
ဒီလို ဝေဒနာတွေကြောင့် ရန်ကုန်မြို့က နာမည် ကျော် ဆေးရုံ၊ ဆေးခန်းနဲ့ ကောင်းနိုးရာရာ သမား တော်လည်း စုံသလောက်ဖြစ်ခဲ့ရပါတယ်။ ပိုးသာ ကုန်၍ မောင်ပုံ စောင်းမတတ်ဆိုသလို အချိန်၊ လူအား၊ ဥစ္စာတို့သာကုန်ပြီး သက်တမ်းစေ့မနေရဘဲ သူချစ်ခင် တဲ့သားသမီးနဲ့ မြေးတွေကို စွန့်ခွာခဲ့ရပါတယ်။
လူတစ်ယောက် အသက်ရှင်သန်ဖို့ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရားလေးပါး အပေါ်မှာ တည်မှီနေပြီး ကံကြောင့်လည်း အသက် ရှင်သန်မှု ကုန်ဆုံးနိုင်သလို စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရားတွေကြောင့်လည်း အရွယ်မတိုင်ခင် ကြွေလွင့်နိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးတွေကိုသာ ရရှိစေမှာဖြစ်
အစာအာဟာရလို့ဆိုရာမှာ မိမိတို့နေ့စဉ် သုံးစွဲ နေတဲ့ အစားအသောက်တွေမှာ အာဟာရဖြစ်စေတဲ့ အစားအသောက်တွေကို အလွန်အကျွံစားသုံးခြင်း သို့မဟုတ် အာဟာရချို့တဲ့စေတဲ့အထိ အနည်းငယ် မျှသာစားသုံးခြင်းက အာဟာရဆိုင်ရာ ဘေးထွက် ဆိုးကျိုးရောဂါတွေကို ဖြစ်ပွားစေပါတယ်။ အချို့ တွေက အလွန်အကျွံစားသုံးသလို အချို့က အနည်း ငယ်မျှသာ စားသုံးနေတာကို တွေ့မြင်နေရပြီး ဒီလိုစားသုံးမှုတွေက ကျန်းမာရေးကောင်းမွန်ဖို့ အထောက်အကူမဖြစ်စေနိုင်သလို ဘေးထွက် ဆိုးကျိုးတွေကိုသာ ရရှိစေမှာ ဖြစ်ပါတယ်။
အာဟာရချို့တဲ့မှုက လူနည်းစုသာ ဖြစ်လေ့ ဖြစ်ထရှိပြီး အစာအာဟာရ အလွန်အကျွံစားသုံးမှု၊ ကျန်းမာရေးနဲ့မညီတဲ့ စားသောက်နေထိုင်မှုပုံစံတွေ ကြောင့် မလိုလားအပ်တဲ့ ရောဂါတွေဖြစ်ပြီး လူမှု ဘဝတွေမှာ အတိဒုက္ခတွေ ရောက်ကြရပါတယ်။
အစားအစာတွေကို စီမံချက်ပြုတ်ရာမှာ မပါ မဖြစ်တဲ့ဆီကို စားသုံးသင့်တဲ့ ပမာဏထက် ကျော်လွန်စားသုံးခြင်း၊ အရည်အသွေးမပြည့်မီတဲ့ ဆီတွေစားသုံးခြင်းတို့ကြောင့် နှလုံးရောဂါ၊ နှလုံး သွေးကြောပိတ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုး ရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်ခြင်း၊ အသည်း အဆီဖုံးခြင်း၊ လေဖြတ်ခြင်းစတဲ့ ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးများစွာကို ခံစားရစေနိုင်ပါတယ်။
ဒီလို ကျန်းမာရေး ယိုယွင်းလာတာနဲ့အမျှ နေ့စဉ်ဆောင်ရွက်နေကျ လုပ်ငန်းဆောင်တာတွေ ကို လုပ်ဆောင်ဖို့ ပျက်ကွက်လာမှာ ဖြစ်ပါတယ်။ မိသားစုမှာ ဦးစီးဦးဆောင်ပြု စီးပွားရှာနေသူဖြစ်ရင် မိသားစုစားဝတ်နေရေးအတွက် ငွေကြေးရှာဖွေ မပေးနိုင်တော့ရုံသာမက မိမိကိုပြုစုရတဲ့ ဝန်ထုပ် ဝန်ပိုး၊ ဆေးကုသစရိတ် ငွေကြေးကုန်ကျမှုတွေ လည်း ရှိလာမှာဖြစ်တဲ့အတွက် မိမိရဲ့မိသားစုမှာ စီးပွားရေး၊ လူမှုရေးဆိုင်ရာထိခိုက်မှုတွေကို တွေ့ကြုံရမှာဖြစ်ပါတယ်။
ဒီလိုဆိုးကျိုးတွေ၊ ထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်တဲ့ အပြင် ပြည်တွင်းမှာ စားသုံးဆီမလုံလောက်မှု ကြောင့် နိုင်ငံခြားမှ တင်သွင်းရတဲ့အတွက် နိုင်ငံ အတွက်လည်း နိုင်ငံခြားငွေအမြောက်အမြား သုံးစွဲ နေရပါတယ်။
ဆီစားသုံးမှုက လွန်စွာများပြား
ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပမှ စားအုန်းဆီတန်ချိန် ရှစ်သိန်းကျော် တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၈၃၀ ကျော်တန်ဖိုးရှိပါတယ်။ လူတစ်ယောက်ကို ခြောက် ပိဿာနှုန်းစားမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဆီလိုအပ် ချက်က တန်ချိန် ငါးသိန်းပဲရှိပါတယ်။ တကယ်လို့ ခုနစ်ပိဿာနှုန်းနဲ့ စားမယ်ဆိုရင် ဆီလိုအပ်ချက်က ၅ ဒသမ ၈ သိန်းရှိမှာဖြစ်ပြီး ရှစ်ပိဿာနှုန်းနဲ့ စားမယ်ဆိုပါက ဆီလိုအပ်ချက် ၆ ဒသမ ၆ သိန်း ရှိပါတယ်။ ယခု ရှစ်သိန်းကျော် သွင်းထားတဲ့အတွက် ဆီစားသုံးမှုက လွန်စွာများပြားနေတယ်လို့ အောက်တိုဘာ ၁၈ ရက်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြည်သူလူထုကို ပြောကြား တဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံတွေ ဖြစ်တဲ့ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ ပဲပုပ်၊ နေကြာ၊ ဆီအုန်းစိုက်ပျိုးမှုတွေ၊ ထုတ်လုပ်မှုတွေလည်း ရှိနေတဲ့အတွက် ဒါတွေနဲ့သာ ပေါင်းလိုက်ပါက ဆီစားသုံးမှုက အတော်များနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ဒီအတွက် ဆီစားသုံးမှု လျှော့ချခြင်းအားဖြင့် တစ်ဖက်ကကျန်းမာရေးအတွက် များစွာအထောက် အကူပြုမှာဖြစ်သလို တစ်ဖက်ကလည်း ပြည်ပက နေ ဆီဝယ်ယူမှုအတွက် သုံးစွဲနေရတဲ့ နိုင်ငံခြားငွေ လည်း များစွာလျှော့ချနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ ဆီစားသုံး မှုကို ကျန်းမာရေးအမြင်အရ သော်လည်းကောင်း၊ နိုင်ငံရဲ့ လိုအပ်ချက်အရသော်လည်းကောင်း ထိန်းသိမ်းစားသုံးကြဖို့ နိုင်ငံတော်ဝန်ကြီးချုပ်က တိုက်တွန်းနှိုးဆော်ထားတာကိုလည်း တွေ့မြင် ရပါတယ်။
ဆီကို လူတစ်ဦးစားသုံးသင့်တဲ့ပမာဏနဲ့ စားသုံးခြင်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့ ချက်ပြုတ်စားသုံးမှုပုံစံကို ရရှိစေမှာဖြစ်ပါတယ်။ အစားအစာတွေ ကြော်လှော်စားသုံးမှုကို ရှောင်ကြဉ် ဖို့နဲ့ ဆီကုန်သက်သာစေရန်ရည်ရွယ်ချက်နဲ့ ထပ်ကာ ထပ်ကာကြော်လှော်ထားတဲ့ ပြန်ကြော်ဆီကို အသုံး ပြုခြင်းက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေတဲ့ အတွက် အထူးရှောင်ကြဉ်သင့်ပါတယ်။
တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်း ဘယ်အရာမဆို သင့်တင့်မျှတအောင် ချင့်ချိန် စားသုံးမှသာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေက လိုအပ်သလောက်ရရှိပြီး သက်ရှည်ကျန်းမာမှာဖြစ်ပါတယ်။ ဒါကြောင့် ဆီစားသုံးမှုကို အတတ်နိုင်ဆုံးလျှော့ချပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးမှုပုံစံကို ပြောင်းလဲကြပါစို့လို့ တိုက်တွန်းလိုပါတယ်။ ။
- Log in to post comments