သက်တမ်းစေ့ နေနိုင်ဖို့ စားသုံးဆီကို လျှော့သုံးစို့

Type

အိအိချော
စားသုံးသူရေးရာဦးစီးဌာန
===================

မြန်မာတို့၏ မီးဖိုဆောင်တွင် အဓိကစားသောက်ကုန် အနေဖြင့် “ဆန်” သည် ပထမဖြစ်ပြီး   “စားသုံးဆီ”က ဒုတိယဦးစားပေးနေရာတွင်ရှိသည်။   “ဆန်”ကို “ထမင်း”အဖြစ်သာ စားသုံးရန် အဓိကအသုံးပြုသော် လည်း  စားသုံးဆီကိုမူ  ဟင်းချက်ကြော်လှော်ရန် တစ်မျိုး၊ လက်ဖက်နှင့် ငါးခြောက်ဖုတ်တို့ကဲ့သို့သော အစားအစာများကို ဆီစိမ်ရန်တစ်ဖုံ၊ ဆီစိမ်းဆမ်းရန် တစ်နည်းနှင့် ဆီကျက်ချက်ရန်တစ်သွယ်စသည်ဖြင့် စားသုံးဆီ၏ သဘောသဘာဝများကို သေချာစွာသိရှိ ထားခြင်းမရှိဘဲ နှစ်ခြိုက်စွာ အတိုင်းအဆမဲ့စားသုံး နေခြင်းမှာ အန္တရာယ်ကိုဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေ ပေသည်။
စားသုံးဆီ၏ ဖွဲ့စည်းပုံပျက်
စားသုံးဆီဟု  အမည်တပ်ထားသော်လည်း ဆီထွက်ပင်ရင်းဖြစ်သည့် အစေ့အဆန်နှင့် အသီး တို့၏ သဘာဝကွဲပြားမှုနှင့် ဆီထုတ်လုပ်မှုဖြစ်စဉ် တို့အပေါ် မူတည်၍ အသုံးပြုသင့်သည့်ပုံစံ ကွာခြားကြ သည်။ စားသုံးဆီများကို ၎င်းတို့၏ ရူပဆိုင်ရာ ဝိသေသ လက္ခဏာများမှတစ်ခုဖြစ်သည့်    မီးလောင်မှတ် (Smoke Point)ပေါ်မူတည်၍    ဟင်းချက်ဆီ (Cooking Oil) နှင့်  လက်သုပ်ဆီ (Salad Oil)ဟူ၍ ခွဲခြားထားသည်။  မီးလောင်မှတ်မြင့်သော စားသုံး ဆီများက Deep Fried ဟု သိထားသည့်  “နှစ်ကြော်” အတွက်    သင့်တော်သောကြောင့်  ဟင်းချက်ဆီ အတွက်သုံးကြပြီး မီးလောင်မှတ်နိမ့်သော စားသုံး ဆီများကို လက်သုပ်ဆီအဖြစ်   အသုံးပြုရသည်။ နိမ့်သောအပူချိန်၌သာ  စားသုံးဆီအဖြစ် တည်ရှိ နေနိုင်သည့် ဆီအမျိုးအစားကို နှစ်ကြော်အတွက် အသုံးပြုမိပါက  စားသုံးဆီ၏   ဖွဲ့စည်းပုံပျက်ပြီး စားသုံးသူအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။
မြန်မာနိုင်ငံရှိ  စားသုံးသူတို့  အသုံးများသော ဟင်းချက်ဆီများမှာ     ဆီအရည်ပိုင်းများသော စားသုံးဆီများဖြစ်ရာ   ယေဘုယျအားဖြင့်  အပင် အခြေခံသော ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil)အုပ်စုဝင်   စားသုံးဆီများသာ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်“မပြည့်ဝဆီ”ပါဝင်နှုန်းများသောဆီများဖြစ်ကြပြီး        ပတ်ဝန်းကျင်လေထုရှိ အောက်ဆီဂျင်ကြောင့် ဓာတ်တိုးခြင်း၊ နေရောင်ခြည် နှင့် တိုက်ရိုက်ထိတွေ့ချိန် ကြာမြင့်လာသောကြောင့် အလင်းမှီဓာတ်တိုးခြင်း(Photo oxidation)နှင့် ထုတ်လုပ်မှုဖြစ်စဉ်၊ သယ်ယူပို့ဆောင်မှုတို့တွင် ရေငွေ့ မကင်းစင်မှုတို့ကြောင့် ရေသွင်းဖြိုခွဲမှု (Hydrolysis) ဖြစ်ပေါ်ခြင်းစသည့် အကြောင်းများကြောင့်လည်း ဆီသားတည်မြဲမှု (Oil Stability) လျော့နည်းလာကာ ဆီပျက်များ (Rancid Oil or Damage Oil) ဖြစ်လာ သည်။ စားသုံးဆီတွင် မပြည့်ဝသောဆီအရည်ပိုင်း ပါဝင်နှုန်း မြင့်လာသည်နှင့်အမျှ ဆီသားပျက်စီးမှုနှုန်း မြန်လာပေရာ  ယင်းကဲ့သို့သော ဆီပျက်များသည် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။
ရောဂါကို ပိုက်ဆံဖြင့် ဝယ်ယူနေသကဲ့သို့ဖြစ်နေ
စားသုံးဆီတွင် စားသုံးဆီမဟုတ်သော ပစ္စည်း များ (Contamination)  ပါဝင်လာခြင်းကလည်း ဆီကိုပျက်စီးစေသော အကြောင်းအရာများစွာထဲမှ တစ်ခုဖြစ်သည်။ ဈေးကွက်တွင် ခွက်မှောက်ခွက်လှန် စနစ်ဖြင့်  လက်လီရောင်းချနေသော ဆီဆိုင်များတွင် လုံခြုံစွာဖုံးအုပ်ထားခြင်းမရှိသော   ဆီထည့်ခွက် အတွင်း   ပိုးဟပ်၊  ကြွက်နှင့်  ပုရွက်ဆိတ်များ ဝင်ရောက်နေသော  ဆီ၊ မှိုဆိပ်ပါဝင်မှုရှိနေသော မြေပဲစေ့ကို ဆီကြိတ်ရာမှ ဆီသားအတွင်း မှိုဆိပ် ပါဝင်မှုရှိနေသောဆီ စသည့် စားသုံးဆီများကလည်း ဝယ်ယူစားသုံးသော မိဘပြည်သူများအတွက် ရောဂါ ကို ပိုက်ဆံဖြင့်ဝယ်ယူနေသကဲ့သို့ ဖြစ်နေပေသည်။
စားသောက်ဆိုင်၊   ဟိုတယ်နှင့်  အာလူးကြော် လုပ်ငန်းတို့မှ  စွန့်ပစ်သည့်(Reused Oil) အကြိမ် ကြိမ် ကြော်ပြီးသောဆီများသည် ညစ်ညမ်းဆီ (Waste Vegetable Oil)များဖြစ်ကြပြီး စက်မှု လုပ်ငန်းသုံးဆီ (Industrial Oil)များအဖြစ်သာ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် အသုံး ပြုနိုင်သည်။ မြင့်မားသောအပူချိန်တွင် အကြိမ် ကြိမ် ကြော်ထားရသောကြောင့် ဆီ၏မူလဖွဲ့စည်းပုံမှ သွေဖည်၍ ပုံပြောင်းဆီများအဖြစ်သို့ ပြောင်းလဲ ဖြစ်ပေါ်လာရသည်။  ၎င်းတို့ကို အရောင်ချွတ်၊ အနံ့ချွတ်ပြီး ပြန်လည်ပြုပြင်ထားသောအခါ ဝယ်ယူ စားသုံးမိသူတို့တွင် အရွယ်မတိုင်မီ အိုမင်းရင့်ရော် လာသည့် အန္တရာယ်နှင့် ကြုံတွေ့လာနိုင်သည်။
သုံးတတ်လျှင်ဆေး
ဆီကိုစားသုံး၍    အသားမဖြစ်သော်လည်း ဆီမစား၍လည်း မဖြစ်ပေ။ စားသုံးဆီသည် အင်အား ဓာတ်ကိုဖြစ်စေသော  အစာအုပ်စုတွင် တစ်ခုအပါ အဝင်ဖြစ်ရာ   ဆီကိုစားသုံးမှသာ  လူတို့ လှုပ်ရှား သွားလာနိုင်မည့်စွမ်းအင်ကို ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် ရေတွင်မပျော်ဝင်နိုင်ဘဲ ဆီတွင်သာ ပျော်ဝင် နိုင်သည့် ဗီတာမင်များကိုလည်း ဆီစားသုံးမှသာ ရရှိနိုင်သကဲ့သို့ ဆံပင်ဆံသားနှင့် အရေပြား (အသား အရေ) ကျန်းမာရေးအတွက်လည်း ဆီက အရေးပါလှ သည်။ မည်သို့ပင် အရေးပါလှသည်ဖြစ်စေ လူတစ်ဦး အတွက် အသက်အရွယ်အလိုက် သတ်မှတ်ထားသော ဆီစားသုံးမှုထက်   လွန်ကဲစွာသုံးစွဲပါက  အချိန် ကြာလာသည်နှင့်အမျှ ကိုယ်ခန္ဓာအလေးချိန်တိုးလာ ခြင်းမှ အစပြုသည့် အခြားရောဂါများနှင့် ကြုံတွေ့ လာနိုင်သည်။  ထို့ကြောင့်ပင်  စားသုံးဆီသည် “သုံးတတ်လျှင်ဆေး”ဖြစ်နိုင်သကဲ့သို့ “မသုံးတတ်လျှင် ဘေး” ဖြစ်စေနိုင်ကြောင်းကို သိရှိထားသင့်သည်။
ယခုခေတ်ကာလတွင် ကမ္ဘာကြီးသည် ရွာကြီး တစ်ရွာကဲ့သို့ ဖြစ်လာသော Globalization သည် အရှိန်ကြောင့် မိမိဒေသထွက် မိရိုးဖလာ အစားအစာ များထက် အခြားဒေသ၊ နိုင်ငံအသီးသီးမှ ဝင်ရောက် လာသော အစားအစာ သို့မဟုတ် မိမိဒေသထွက်ကုန် ကို အခြားနိုင်ငံမှ နည်းပညာများဖြင့် ဖန်တီးထား သော အစားအစာများကို ပိုမိုမက်မောစွာ စားသောက် သုံးစွဲမှုများရှိလာကြောင်း     တွေ့ရှိနေရသည်။ အများအားဖြင့် သာဓကပြုရမည်ဆိုလျှင် ဒိုးနတ် မုန့်များ၊ ကြက်ကြော်၊ ခရက်ကာမုန့်ကြွပ်၊ ခေါက်ဆွဲ ခြောက်၊ ချောကလက်နှင့် နို့ထွက်ပစ္စည်းအစားထိုး အစားအစာများ (Non-dairy Product) ကဲ့သို့သော စားသုံးဆီနှင့်မကင်းသည့်   စားသောက်ကုန်များ ဖြစ်ကြသည်။       ၎င်းစားသောက်ကုန်များကို ထုတ်လုပ်သည့်နည်းစဉ်တွင် မုန့်သားပွပြီး လှပစေရန် အတွက်လည်းကောင်း၊   ကြွပ်ကြွပ်ရွရွဖြစ်စေရန် အတွက်လည်းကောင်း၊     မုန့်သားမျက်နှာပြင် အရောင်တက်စေရန်လည်းကောင်း အသုံးပြုရသော စားသုံးဆီပါဝင်မှုကြောင့်   ကိုင်တွယ်ထိန်းသိမ်းမှု အားနည်းပါက   ဆီသားပျက်စီးလာရာမှတစ်ဆင့် မုန့်အရည်အသွေးထိခိုက်လာမည်ဖြစ်ပြီး စားသုံးသူ များကိုလည်း အန္တရာယ်ဖြစ်စေမည်ဖြစ်သည်။
စားသုံးဆီနှင့်တကွ ၎င်းနှင့်ဆက်စပ်နေသော အစားအစာများကြောင့်      ကြုံတွေ့လာနိုင်သည့် အန္တရာယ်များဖြစ်သည့် အဝလွန်ရောဂါ၊ အသည်း အဆီဖုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် သွေးတိုးလေဖြတ်ရောဂါစသည့်  ဆေးကုသစရိတ် မြင့်မားပြီး ကုသရန်ခက်ခဲသော နာတာရှည်ရောဂါ များမှ ကင်းဝေးစေရန်အတွက်-
(က)    စားသုံးဆီကို   အနည်းဆုံးပမာဏအထိ လျှော့ချသုံးစွဲရန်၊
( ခ )    အနံ့ထွက်ပြီး  အရောင်ပျက်နေသော ဆီပျက်များကို သုံးစွဲခြင်းမပြုရန်၊
( ဂ )    အရောင်နီမြန်းပြီး     ကြွပ်ရွနေသော ဆီကြော်မုန့်များကို နေ့စဉ် စားသောက် ခြင်းမပြုရန်၊
(ဃ)    စားသုံးဆီများကို  ဝယ်ယူသုံးစွဲရာတွင် ကုန်အမှတ်တံဆိပ်ပါဝင်ပြီး အာမခံမှုရှိ သည့် ဆီများကိုသာ ဝယ်ယူသုံးစွဲကြရန်၊
( င )    ဆီဘူးများကို  နေရောင်ခြည်တိုက်ရိုက် ကြာရှည်စွာ ကျရောက်မည့်နေရာတွင် မထားဘဲ အေးမြခြောက်သွေ့၍ အလင်း ရောင် မကျရောက်သောနေရာတွင်သာ ထားရှိရန်၊
( စ )    သင့်လျော်သော  ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ရန်၊
(ဆ)    မိမိတို့    နေ့စဉ်စားသောက်မည့်  အစား အစာများတွင်  ဟင်းသီးဟင်းရွက်  မပါ မဖြစ်    စားသောက်ရန်    စသည်တို့ကို လိုက်နာကြရန် လိုအပ်လှသည်။
လူတစ်ယောက်ချင်းစီတိုင်း၏ ကျန်းမာရေး သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ပေါ်တွင် မူတည် နေရာ အာဟာရဖြစ်အောင်  စားသောက်သည့်အခါ “တန်ဆေး၊ လွန်ဘေး”ဆိုသည့်   ဆိုရိုးစကားကို လိုက်နာပြီး စားသုံးဆီ အလွန်အကျွံသုံးစွဲနေခြင်းကို လျှော့ချခြင်းအားဖြင့်   မိမိတို့၏  ကျန်းမားရေး၊ စီးပွားရေး၊ လူနေမှုဘဝများ အဆင့်မြင့်မားလာနိုင် မည်ဖြစ်သည်။   ထို့နည်းတူ  စားသုံးဆီသုံးစွဲမှုကို အိမ်ထောင်စုတစ်ခုမှအစပြု၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် လျှော့ချသုံးစွဲနိုင်မည်ဆိုပါက နှစ်စဉ် စားသုံးဆီတင်သွင်းမှုအတွက်     သုံးစွဲနေရသော နိုင်ငံခြားငွေသက်သာစေမည့်အပြင် နိုင်ငံသားတိုင်း ၏   ကျန်းမာရေးအဆင့်အတန်း  မြင့်မားလာပြီး သက်တမ်းစေ့ နေထိုင်နိုင်ကြမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် စားသုံးဆီကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများနှင့်     စားသုံးသူများ အားလုံးသည်  စားသုံးဆီ၏  သဘောသဘာဝများ အပြင် ၎င်းတို့၏ပျက်စီးတတ်သည့် အကြောင်း တရားများကို သိရှိနားလည်ထားကြပြီး စားသုံးဆီ နှင့် ဆက်စပ်အစားအစာများကို သတိပြုချင့်ချိန် စားသုံးကြခြင်းဖြင့် စားသုံးဆီအလွန်အကျွံသုံးစွဲမှု ကြောင့်    ဖြစ်ပေါ်လာနိုင်သည့်   ရောဂါဆိုးများမှ ကင်းဝေးကာ    လူ့သက်တမ်းစေ့   နေထိုင်သွားနိုင် ကြစေရန်     ရည်သန်၍   ရေးသားတင်ပြလိုက်ရ ပါသည်။     ။