တတိယလှိုင်းအလွန် အရှုံးထဲကအမြတ်

Type

စာချစ်သူ

======

 

မုန်တိုင်းအပြီး ထွက်ပေါ်စနေခြည်သည် လောကကို သာယာလှပါစေသည်။ မျှော်လင့်ချက်တို့ကို   ပိုမို ဝင်းပစေသည်။ နိုင်ငံတော်၏ စနစ်တကျ စီမံခန့်ခွဲမှု၊ နိုင်ငံတော်၊ ပြည်သူ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်း၊ အသင်းအသီးသီး၏   ပူးပေါင်းဆောင်ရွက်မှုတို့ ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး၏ တတိယ လှိုင်းသည် ပစ္စက္ခကာလတွင် အထိုက်အလျောက်   လျော့ပါးသွားခဲ့သည်။


ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကာလ ဇူလိုင်လ။    မြန်မာပြည်အတွက်    ကံဆိုးမိုးမှောင် ကျရောက်ခဲ့ရသည့် နေ့ရက်များဟု ဆိုရမည်။ လူတွေ က တဖြုတ်ဖြုတ်ဆုံးပါးသွားကြသည်။ အချို့ကမိဘ၊ ညီ၊ အစ်ကို၊ မောင်နှမ ဆွေမျိုးသားချင်းများ၊ အချို့ ကား  မိတ်ဆွေသင်္ဂဟများကို   ဆုံးရှုံးခဲ့ကြရသည်။ သက်ဆိုင်သူအားလုံးရဲ့ မျက်ဝန်းမှမျက်ရည်စတွေ နှင့်။ သောက၊ ပရိဒေဝတို့နှင့်အတူ သေသူကို ရှင်သူ ကတသ ကျန်ရစ်ခဲ့ကြရသည်။

အမင်္ဂလာသတင်းဆိုးများကိုသာ ကြားခဲ့


ယခင်က လူချင်းတွေ့လျှင် “နေကောင်းလား၊ စားပြီးပြီလား”ဟူသည့် ပဋိသန္ဓာရ စကားတို့အစား “ဟေ့၊ ကြားပြီးပြီလား၊ ဘယ်သူ ဘယ်ဝှာတော့ ညက ဆုံးသွားပြီ၊ မနက်က ဆုံးသွားပြီ”ဟူသည့် အမင်္ဂလာ သတင်းဆိုးများကိုသာ ကြားခဲ့ကြရသည်။
ဆုံးပါးသွားခဲ့ကြသည့် မိတ်ဆွေသင်္ဂဟများထဲ တွင်   မွေးကတည်းက    သည်ရပ်ကွက်ထဲမှာနေ၊ သည်ရပ်ကွက် သည်လမ်းထဲမှာ အတူတကွကြီးပြင်း လာခဲ့ကြ၊ လည်ပင်းဖက် ပေါင်းသင်းလာခဲ့ကြသော အလွန်ရင်းနှီးချစ်ခင်ခဲ့ရသူများလည်း  ပါသွားကြ သည်။


“ကို-- ဘယ်သူလည်း   မတွေ့တာကြာပြီ၊ နေရောကောင်းရဲ့လားမသိဘူး”
“ဟ၊ ဆုံးသွားပြီလေကွာ၊ တစ်ပတ်လောက်ရှိပြီ”
“ဟင်၊ ကျွန်တော်မသိလိုက်ဘူး၊ ကိုဗစ်ပဲလား”
“ဟုတ်တယ်”
သူကား ကျွန်တော်နှင့် ဟိုးငယ်စဉ်ကတည်းက ရင်းနှီးခင်မင်ခဲ့သူဖြစ်ပါသည်။  ကျွန်တော့်ထက် အသက်ကြီးသည်။ သို့သော် ပျော်တတ်သူများပီပီ အမြဲတမ်းနောက်ပြောင်နေကျ။ စိတ်နှလုံးကိုရွှင်ပြုံး စေတတ်သော မိတ်ဆွေများဖြစ်ကြပါ၏။ သို့တစေ ဖေဖော်ဝါရီလဆန်းနောက်ပိုင်းကစ၍ ကျွန်တော့်ကို သူ  မျက်နှာချင်းဆိုင်တွေ့ပါသော်လည်း   နှုတ်ခွန်း မဆက်တော့။ အံ့အားသင့်စရာဖြစ်ရ၏။ ဘာကြောင့် လဲ၊ ဘာအတွက်လဲ။
နိုင်ငံရေးအယူအဆ၊ သဘောထားရပ်တည် ချက်တို့ကြောင့်လေလား။    သူသည်  အနီရောင် လေနီကြမ်းထဲက သစ်ရွက်တစ်ရွက်လို ဦးတည်ရာ မရှိ၊ ရောက်ရာပေါက်ရာ တိုက်ချင်သည့်အရာဝတ္ထု ကို ဝင်တိုက်နေသကဲ့သို့နှယ်များလား၊ သူ့စိတ်ထဲမှာ စွန်းထင်းနေသော အရောင်တစ်ခုလို မြင်မြင်သမျှ ဒီအရောင်ပဲဖြစ်ရမယ်လို့များ     ထင်မှတ်နေရော့ သလား။ ဪ၊ မိတ်ဆွေသူငယ်ချင်းရယ်၊ ထိုသို့ဆို လျှင် လက်ချောင်းတွေသည်ပင်လျှင် အတို၊ အရှည် မညီကြသည့်သဘာဝကို မေ့လျော့နေလေသလား။
ကျွန်တော်ကတော့ ကိုယ့်လိပ်ပြာကိုယ်သန့်ပါ သည်။ အစွဲအလမ်း မထား။ ဤသည်ကို သူသည် အထင်လွဲကာ သူ့လိုရဲရဲမတောက်ရကောင်းလားဟု စိတ်ကွက်ပြီး ကျွန်တော့်ကို မခေါ်မပြောနိုင်ဖြစ်လေ ရော့သလား မသိ။


မည်သို့ဆိုစေ ယခုအချိန်တွင်  သူ့ကိုကျွန်တော် လွမ်းပါသည်။ နောင်တလည်းရမိသည်။ “ဪ”၊ သူမခေါ်မပြောသည့်တိုင်  “ငါက အငယ်ပဲလေ။ ငါအရင် နှုတ်ဆက်ခေါ်ပြောသင့်တာပေါ့”ဟုလည်း တွေးရင်းဆွေးမိလေသည်။


တကယ်တော့ ဤအဖြစ်သည် ဒီမိုကရေစီစံနှုန်း၊ ဒီမိုကရေစီယဉ်ကျေးမှုတို့နှင့် ကျင့်သားမရသေးသည့် မရင့်ကျက်သေးသည့်   မြန်မာ့လူ့ဘောင်၏ပြယုဂ် တစ်ခုဟု ဆိုရပါမည်။ ကိုယ်ယုံကြည်ရာ နိုင်ငံရေးနှင့် လူမှုဆက်ဆံရေးကို တလည်းသီးပမာ သူ့အကန့်နှင့် သူ ဖြစ်တည်ထားရှိရမည့်အစား အားလုံးကိုရောထွေး ခဲ့ခြင်းကြောင့်ဖြစ်လေသည်။


တကယ်တော့ ကိုယ့်အထင်၊ ကိုယ့်အမြင်များ သည်   အမြဲအစဉ်ထာဝရ   မှန်ကန်နေသည့်အရာ မဟုတ်ပါ။ ကာလ၊ ဒေသ၊ ပယောဂအရ အမြဲပြောင်းလဲ နေတတ်သော အရာများသာဖြစ်သည်။ အယူဝါဒ တစ်ခုကို အစဉ်ထာဝရ မဖောက်မပြန်အမြဲမှန်သည် ဟု  တရားသေဆုပ်ကိုင်၍   ငြင်းခုံနေ၍မရပါ။ “ကမ္ဘာကြီးမြဲသလော”၊  “ကမ္ဘာကြီးမမြဲသလော” ဟူ၍ တက္ကတွန်းများက  သက္ကာယဒိဋ္ဌိအယူအဆ တစ်ခုကို တရားသေဆုပ်ကိုင်ပြီး မြတ်စွာဘုရားရှင် အားမေးမြန်းသော အဖြေမရသည့်ပုစ္ဆာတစ်ရပ်ကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ ကိုယ့်အယူသည် ကိုယ့်အပူ မဖြစ်စေဖို့ အရေးကြီးလှသည်။


နှုတ်မဆက်လိုက်ရလေခြင်း


တကယ်တော့ သူက သူ့ရဲ့ နိုင်ငံရေးအယူအဆ အရ၊ ကျွန်တော်ကတော့ အဓိမာနအရ သူနှင့်ကျွန်တော် လပိုင်းမျှ မခေါ်မပြောဖြစ်ခဲ့ကြ။ ထိုစဉ်က အရေးမပါ ဟု ထင်ကောင်း ထင်မိခဲ့ကြပါမည်ဖြစ်သော်လည်း ယခုလို သူမမျှော်လင့်ဘဲ  ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်သွားတော့ ဘဝတစ်သက်တာ၏ နောက်ဆုံး အချိန်ဝယ် “နှုတ်မဆက်လိုက်ရလေခြင်း”ဟူသော နောင်တနှင့်အတူ    မိတ်ဆွေဝတ္တရားပျက်ကွက်ခဲ့ သည်အထိ  အတိုင်းအတာပမာဏ ကြီးမားသွား လေသည်။


သို့အတွက် ကိုဗစ်-၁၉ တတိယလှိုင်းအလွန် ဝယ် ကျွန်တော်တို့သည် အရှုံးထဲကအမြတ်အနေဖြင့် လက်ရှိလူမှုဆက်ဆံရေးနယ်ပယ်ကို      တစ်ချက် ငဲ့စောင်း ပြန်လည်သုံးသပ်ကြည့်ရပါတော့မည်။ နိုင်ငံရေးအယူအဆ၊   သဘောထားရပ်တည်ချက် အမျိုးမျိုးထက် နှစ်ရှည်လများ ရင်းနှီးကျွမ်းဝင်ခင်မင် ခဲ့ကြသည့် ဖြူစင်သောမေတ္တာတရားကို တန်ဖိုးထား လေးစားကြဖို့လိုသည်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့လိုသည်။   လူနှင့် လူ့ပတ်ဝန်းကျင် အညမညဖြစ်စေဖို့   ယောနိသောမနသီကာရ ကောင်းမွန်မျှတသော စိတ်စေတနာတို့ဖြင့် သာယာ သောလူ့ဘောင်ကို အားလုံးဝိုင်းဝန်းတည်ဆောက် ကြရပါမည်။  ဒီမိုကရေစီ၏သဘောသဘာဝအရ မတူကွဲပြားခြားနားမှုများထဲက စုစည်းညီညွတ်မှု ကို အလေးထားတည်ဆောက်ကြရပါမည်။


ကိုဗစ်-၁၉ တတိယလှိုင်းကာလဝယ် ထူးခြား ချက်က အိမ်တိုင်းလိုလိုတွင် ဆရာတော်၊ သံဃာတော် များ ရွတ်ပွားချီးမြှင့်သော ပရိတ်တရားတော်များကို ကြည်ညိုဖွယ် ကြားနာခဲ့ရခြင်းဖြစ်ပါသည်။ အချို့ အိမ်များက ဓမ္မရုပ်သံလိုင်းများမှ ထုတ်လွှင့်ပေးခဲ့ပါ သော ပရိတ်တရားတော်များကို ဖွင့်လှစ်နာယူကြ သည်။ အချို့ကား   ကိုယ်တိုင်ရွတ်ပွားပူဇော်ကြ သည်။ အထူးသဖြင့် ရတနသုတ်ပရိတ်တော်။


စိတ်သည်လုံခြုံလာ


နိုင်ငံတော်ကထုတ်ပြန်ထားသည့် Stay at Home ညွှန်ကြားချက်ကြောင့်    လမ်းများသည် အသွားအလာ လူသူကင်းမဲ့လျက် ခြောက်သွေ့နေ လေသည်။ လူအများစုတို့၏ စိတ်နှလုံးတို့သည်လည်း တုန်လှုပ်ချောက်ချားနေကြသည်။   ကိစ္စတစ်ခုခု ကြောင့် မထွက်မဖြစ် အပြင်သို့ထွက်လာခဲ့ရသည့် ကျွန်တော်သည် ထိုထိုအိမ်များမှ မြတ်ဗုဒ္ဓ၏ပရိတ် တရားတော်များကို    ကြားနာမိသည့်အခိုက်ဝယ် စိတ်သည် လုံခြုံလာသည်။ ကြည်နူးလာသည်။
ရှေးအခါက ဤကမ္ဘာသည် မှောင်အတိဖြစ်ခဲ့ သဖြင့်  ကမ္ဘာဦးလူတို့သည်   အလွန်ကြောက်ရွံ့ တုန်လှုပ်ကြလေသည်။ ထို့နောက်မှာတော့ နေမင်း ကြီးပေါ်ထွက်လာ၍ ကြောက်ရွံ့ခြင်းများ အနည်း ငယ် ကင်းပသွားခဲ့ကြသည်။ ထိုအခါ ကမ္ဘာဦးလူတို့ သည် ငါတို့၏ ရဲရင့်ခြင်းကိုဖြစ်စေသောကြောင့် “သူရိယ”ဟု အမည်မှည့်ကြလေကုန်၏။


ထိုသူရိယနေမင်းသည် တစ်နေ့တာထွန်းလင်း ပြီး ကွယ်ပျောက်သွားပြန်သောအခါ မှောင်အတိတစ်ဖန်ပြန်ဖြစ်သွားလေသည်။ ကမ္ဘာဦးလူတို့သည်   အလင်းရောင်ကိုတစ်ဖန် တောင့်တကြပြန်သည်။ ထိုအခါ လဝန်းကြီးကပေါ်ထွက်လာ၍ ကမ္ဘာဦးလူတို့ သည် ငါတို့၏ “အလိုဆန္ဒ”ကို သိဘိသကဲ့သို့ဖြစ်ပေါ် လာသောကြောင့် လဝန်းကြီးအား “စန္ဒ”ဟု အမည် မှည့်ကြလေသည်။
ဤသို့ဖြင့် ကမ္ဘာဦးလူတို့သည် ကိုးကွယ်ရာ အဖြစ် အချို့က နေမင်း၊ လမင်း၊ ရေ၊ မြေ၊ တော၊ တောင်၊ သစ်ပင်တို့ကိုကြောက်ရွံ့ခြင်းမှ လွတ်ကင်း စေရန်၊ ဘေးဘယာအပေါင်းမှ  ဝေးကွာစေရန်၊ ဆင်းရဲခြင်းမှကင်းဝေးစေရန် ကိုးကွယ်ဆည်းကပ် ခဲ့ကြလေသည်။  ထို့နောက်   ဘာသာတရားများ ပေါ်ပေါက်လာသည်။ ပစ္စက္ခကာလတွင် ကမ္ဘာ့ လူသားတို့သည် မိမိတို့ယုံကြည်သက်ဝင်ရာအလိုက် ဘာသာတရားများ  ကိုးကွယ်ဆည်းကပ်လာကြ သည်။ 


မိမိတို့ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ် ဆည်းကပ်ရာကား ဘုရား၊ တရား၊  သံဃာ ရတနာ မြတ်သုံးပါးဖြစ်လေသည်။  ဗုဒ္ဓဘာသာဝင်  မြန်မာ လူမျိုးတိုင်း ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဟူသော သရဏဂုံသုံးပါးကို ငယ်စဉ်ကလေးဘဝကတည်းက ခံယူဆောက်တည် ခဲ့ကြပါသည်။
သို့ရာတွင် ပုထုဇဉ်လူသားများပီပီ  များသော အားဖြင့် မီးနှင့်ဝေးသည့်ချိတ်ပမာ ပမာဒမေ့လျော့ နေခဲ့ကြသည်။ ဃရာဝါသော ဗဟုကိစ္စောဆိုသည့် နှယ် ကိစ္စမြားမြောင် လူတို့ဘောင်ဝယ်  သားရေး သမီးရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယခု နိုင်ငံရေးတို့ဖြင့် နိစ္စဓူဝ တဝဲဝဲလည်ခဲ့ကြရပါ သည်။
ကိုဗစ်-၁၉ တတိယလှိုင်း ရိုက်ခတ်ချိန်ဝယ်၌မူ လူတွေက မျက်စိရှေ့အောက်မှာပင် တဖြုတ်ဖြုတ် သေဆုံးပျောက်ကွယ်ကုန်ကြသည်။ ကိုယ်ကိုယ် တိုင်လည်း အစိုးမရတော့။ ရောဂန္တရကပ်ဘေးကြီး ဝယ် လူတိုင်း နေ့လား၊  ညလား မသေချာတော့။ ထိုသောအခါ ယခင်က သံဝေဂမပါ တရားမရှာခဲ့ကြ သောအများစုတို့သည် သံဝေဂတွေရလာကြသည်။ သံဝေဂပါပါဖြင့် တရားရှာလာကြလေသည်။ 


အိမ်တိုင်းနီးပါး ကြေးစည်သံတွေ ဝေစီလာ သည်။ သရဏဂုံသုံးပါးတို့ လွှမ်းခြုံလာသည်။ ပရိတ် အရံအတားတို့ဖြင့် စည်းခြားလာကြသည်။ သူတော် ကောင်းဓာတ် တရားမြတ်တို့ လွှမ်းခြုံလာကြပေ သည်။


စီစဉ်ဆောင်ရွက်ပေးခဲ့


သက်ဆိုင်ရာတာဝန်ရှိသူများကလည်း သံဃာ တော်အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ ရပ်ကွက် အလိုက်၊ လမ်းအလိုက်  မော်တော်ယာဉ်များဖြင့် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊ မေတ္တာ ပို့သခြင်းအစီအမံများကို  စီစဉ်ဆောင်ရွက်ပေးခဲ့ ကြပါသည်။


ကျွန်တော်ထင်ပါသည်။ ပစ္စက္ခကာလ ကိုဗစ်-၁၉ တတိယလှိုင်းကို    ကြံ့ကြံ့ခံ   ထိန်းချုပ်ရင်း လျော့ပါးကျဆင်းလာစေရန် အခြေအနေကောင်းများဖြစ်ပေါ်လာရခြင်းသည် နိုင်ငံတော်၏ ဦးဆောင် မှုသာမက ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးတို့ ကြောင့်လည်း ပါဝင်သည်ဟု ဤသို့ယုံကြည်မိပါ သည်။
အနုပဋိလောမရုပ်ဝါဒကို သက်ဝင်ယုံကြည်သူ တို့ကမူ သံဃာတော်အရှင်သူမြတ်များက ခုနစ်ရက် သားသမီးအပေါင်း အန္တရာယ်ကင်း ဘေးကင်းစေရန် ရတနသုတ်အပါအဝင်      ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်မှုကို ပြက်ရယ်ပြုကြသည်။ မေတ္တာ၏စွမ်းအား၊ သစ္စာ၏စွမ်းအား၊ သီလ၊ သမာဓိ၊ ပညာတို့၏ စွမ်းပကားသတ္တိကို  သူတို့အနေဖြင့် လက်လှမ်းမမီနိုင်ကြချေ။ မြင်နိုင်စွမ်းလည်း မရှိခဲ့ ကြချေ။


ဘုရားရှင်၏   တပည့်သားသာဝကများသည် သတ္တဝါများ၏ အကျိုးစီးပွားအတွက် မိမိတို့အင်အား ရှိသလောက် မအိပ်မနေ ချီးမြှောက်တော်မူခဲ့ကြပါ သည်။ အရိယာသာဝကကြီးတို့  အင်အားသည် လူသာမန်တို့  နားမလည်နိုင်အောင်   စွမ်းပကား ကြီးမားလှပေသည်။    ငြိမ်သက်စွာနေခြင်းဖြင့် ထိုင်ရာမထ နေ့ညမအား   
ထိုစွမ်းအားတို့ကို အသုံးပြုခဲ့ကြပါသည်။

 


ဂင်္ဂါမြစ်ကမ်း၌နေသော  ဗကဗြဟ္မာလောင်း ရသေ့ကြီးသည်ပင် မိမိသင်္ခမ်းကျောင်းနှင့် မလှမ်း မကမ်း ဂေါစရဂါမ်ရွာငယ်သို့ ဓားပြများဝင်ရောက် ကာ ရတနာ ရွှေ၊ ငွေနှင့် ကျွဲ၊ နွားများပါ   ယူဆောင် တိုက်ခိုက်သွားကြစဉ်  တန်ခိုးဖြင့်  စစ်တပ်အသွင် ဖန်ဆင်း၍  ရှေ့မှဆီးကြိုလျက်  ကိုယ်ယောင်ပြရာ   ဓားပြများ ပစ္စည်းချ၍ထွက်ပြေးကြရသည်။ သို့ရာတွင်  ဂင်္ဂါမြစ်ကမ်းရွာသားတို့သည် “ရသေ့ကြီး၏ကျေးဇူး ကို မမြင်၊ ဘုရင့်တပ်မတော်ကြီး၏ ကယ်တင်မှု”ဟု သာ ထင်ခဲ့ကြသည်။


သို့ရာတွင်    ထေရဝါဒဗုဒ္ဓဘာသာဝင်မြန်မာ ပြည်သူအများစုသည်     ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးတို့ကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည် ကြကုန်၏။ သို့အတွက်  ကိုဗစ်-၁၉ တတိယလှိုင်း ကာလဝယ် ပြည်မြန်မာသည် မင်္ဂလာရှိသော တရား ဓမ္မအသံများဖြင့် ဝေစည်ခဲ့လေသည်။ အလှူဒါနပြု ကြသူများ   အထူးများပြားလာသည်။ အချင်းချင်း ရိုင်းပင်းကူညီမှု၊       ညှာတာစာနာမှုတို့နှင့်အတူ ဗြဟ္မစိုရ်တရားတို့  ထွန်းပလာသည်။    လူငယ် မောင်မယ်များသည်လည်း ပရဟိတလုပ်ငန်းများ တွင် ရှေ့တန်းက ပါဝင်ကူညီလာကြသည်။


ဤသည်တို့က ကိုဗစ်-၁၉ တတိယလှိုင်းကာလ အရှုံးထဲကအမြတ်ဟုသာ ဆိုရပါမည်။ ကိုဗစ်-၁၉ တတိယလှိုင်းအလွန်တွင် သံဝေဂတရားများနှင့် အတူ ကောင်းမြတ်သော မြန်မာတို့၏ ယဉ်ကျေးမှု အစဉ်အလာကောင်းများကို ဆက်လက် လက်ဆင့် ကမ်းသယ်ပိုးရင်း  တို့သာသနာ   တို့ပြည်ရွာကို သာယာစေမှု လုံ့လပြုအံ့။              ။