၃၀- ၄- ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၁၈) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၁၈)၌ လောကတွင် မည်သည့်ကိစ္စမဆို ယုတ္တိရှိတိုင်း အမှန်မဖြစ်တတ်ဘဲ ယုတ္တိမရှိသော်လည်း အမှန်ဖြစ်တတ်သည့် အကြောင်း ရေးဖွဲ့ထားသည့် “ယုတ္တိ၊ ယုတ္တာ” မျက်နှာဖုံးကာတွန်း၊ ဘာမှမလုပ်ခြင်းကြောင့် အပြစ်ပေးခံရသည်ဆိုသော ဖြိုးရဲအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ ဖြိုးရဲ -အပြုံးလက်ဆောင်” နှစ်မျက်နှာကာတွန်း၊ အဘွားအိုကို ကူညီလိုက်ရခြင်းကြောင်း ဝမ်းသာပီတိ ဖြစ်နေသော  ရိုးရိုးလေးအကြောင်းကို ရေးဖွဲ့ထားသည့် “ရိုးရိုးလေး၏ စာနာတတ်သူ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးပစ္စည်းကို အသိမပေးဘဲ မယူဘူး ဆိုသည့်အကြောင်း ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ ပန်းကန်ကပ်ကော်ကို လက်တွေ့စမ်းကြည့်နေသော ရဲရင့်ဖြိုးအကြောင်းကို ရေးဖွဲ့ထားသည့် “အမွှေလေး ရဲရင့်ဖြိုး” တစ်မျက်နှာကာတွန်းနှင့် လေယာဉ်ပျံစီးပြီး စွန်ဖမ်းချင်သည်ဆိုသော ဖိုးပေအကြောင်းကို ဟာသ ဖြစ်ဖွယ် တင်ဆက်ထားသည့် “အတွေး”  မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် ပြင်းထန်လေဆင်နှာမောင်းမုန်တိုင်းအကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် မိမိစိတ်ဝင်စားသည့် ဆောင်ရွက်ချက်များတွင် ရည်မှန်းချက်ထားကြိုးစားခြင်းကြောင့် အောင်မြင်မှုများကို အမှန်တကယ်ဆွတ်ခူး ရရှိနိုင်ပုံ အကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍတွင် ကလေးတို့အနေဖြင့် ဆရာမိဘများ၏ ဆုံးမစကားများကို နာယူမှတ်သားပြီး အကျိုးထိရောက်စွာ အသုံးပြုတတ်ရမည်ဖြစ်ကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ရေကုသိုလ်ပြုခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးဆယ်ပါး အကြောင်းကို ရေးဖွဲ့ထားသည့် “ရေကုသိုလ်” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တစ်စုံတစ်ယောက်၏ ဝတ်စားဆင်ယဉ်မှုကိုကြည့်၍ ချီးမွမ်းပြောဆို ထားပုံအကြောင်းကို  အသုံးအနှုန်းမတူဘဲ အဓိပ္ပယ်တူ ပြောထားသည့် သင်ခန်းစာသစ်အချို့ကို ကလေးတို့ မှတ်သားလေ့လာနိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ