၁၈ - ၆- ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၅) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၂၅)၌ ခြေထောက် တစ်ဖက် မသန်သော်လည်း မိမိဝါသနာပါသည်ကို အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့သော မောင်လူအေးအကြောင်းကို တင်ဆက်ထားသည့် “မသန်ပေမဲ့ စွမ်းနိုင်” မျက်နှာဖုံးဇာတ်လမ်း၊ ဧရာဝတီမြစ်ကြီး၏ ကျေးဇူးကြီးမားပုံကို တင်ဆက်ထားသည့် “ဆုရတီအောင်- ချစ်သောမြစ်ဧရာ” နှစ်မျက်နှာကာတွန်း၊ ဉာဏ်ရည်ထက်မြက်ကာ လိမ္မာပါးနပ်သော ယုန်လေး၏ အသက်ဘေးမှလွတ်မြောက်အောင် ကြံစည်ပုံအကြောင်းကို တင်ဆက်ထားသည့် “အကြံကောင်းတစ်ချက်” နှစ်မျက်နှာကာတွန်း၊ သူ၏ဦးလေးထံမှ မုန့်ဖိုးရရှိရေးအတွက် ဉာဏ်များကာ ပြောဆိုတတ်သော ရန်ပိုင်စိုးအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် "ရန်ပိုင်စိုး" နှစ်မျက်နှာကာတွန်း၊ စကားကို လိမ္မာပါးနပ်စွာ ပြောဆိုတတ်သော ကိုလာအကြောင်းကို ဟာသဖြစ်ဖွယ်တင်ဆက်ထားသည့် “မလိမ်ပါဘူးကွာ” တစ်မျက်နှာကာတွန်းနှင့် သတိမေ့တတ်သော်လည်း မိမိဝယ်ယူရမည့်ပစ္စည်းအမည်များကို စာရင်းစာရွက်လုပ်၍ ယူလာသော ဘုန်းဆင့်သူအကြောင်းကို အတုယူဖွယ်ရေးဖွဲ့ထားသည့် “ဘုန်းဆင့်သူ- ဈေးဝယ်နည်း” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ယခုတစ်ပတ်တွင် အထူးကဏ္ဍအနေဖြင့် စာပေဗိမာန် စိန်ရတုအထိမ်းအမှတ်အဖြစ် ပြုလုပ်သော ရွှေသွေးတို့လက်ရာ စာစီစာကုံးပြိုင်ပွဲတွင် ဆန်ခါတင်အဆင့် ရွေးချယ်ခံရသည့် “မွေးမေမေ” စာစီစာကုံးကို တင်ဆက်ထားပါသည်။ ပညာရှိပီသစွာ စကားကို အကြောင်းအကျိုး အဆက်အစပ်များနှင့် ပြောဆိုတတ် သော ပညာရှိ ဦးပညာနှင့် မိမိသာ ပညာအရှိဆုံးဟု ထင်နေသော ဦးယဿတို့အကြောင်းကို ရေးဖွဲ့ထားသည့် “ပညာရှိ၏ ဖြတ်ထိုးဉာဏ်” ပုံပြင်နှင့် မိမိ၏ ဘဝပေးအခြေအနေအရ မိမိလုပ်ကိုင်ဆောင်ရွက်ရသည့် အလုပ်ကို တန်ဖိုးထား လုပ်ဆောင်ကာ မိဘများကို မိမိတတ်နိုင်သည့်အရာများဖြင့် ကူညီလုပ်ကိုင်ဆောင်ရွက်ပေးသင့်ကြောင်း ရေးဖွဲ့ထားသည့် “ကျွန်တော်မရှက်တော့ပါ” ဝတ္ထုတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ ကျောင်းသွားရာတွင် အဖော်ပမာအမြဲတမ်းပါရှိနေတတ်သော လွယ်အိတ်လေးအကြောင်းကို ရေးဖွဲ့စပ်ဆိုထားသည့် “ကျောင်းသွားဖော်” ကဗျာကိုလည်း တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍအနေဖြင့် Adjective (နာမဝိသေသန) များ၏ အသုံးအနှုန်းနှင့် ဝါကျများတွင် Adjective များ ထည့်သွင်းအသုံးပြုပုံအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ