ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၁၇)၌ သူတစ်ပါးကို ကူညီပေးပါက မိမိတွင် ဒုက္ခနှင့် ကြုံတွေ့သည့်အခါ အကူအညီပြန်ရနိုင်ပုံကို ရေးဖွဲ့ထားသည့် “အတုံ့အလှည့်” မျက်နှာဖုံးဇာတ်လမ်း၊ ကလေးတို့အနေဖြင့် မိမိဘဝကို ကောင်းစွာနားလည် သိရှိကာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ပြုမူနေထိုင်တတ်စေရန် သရုပ်ဖော်တင်ဆက်ထားသည့် “ဒါ့ကြောင့်ကိုး” နှစ်မျက်နှာကာတွန်း၊ မည်သည့်အလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ စည်းစနစ်တကျနှင့် အချိန်မှန်မှန် ဆောင်ရွက်သင့်ကြောင်းကို သရုပ်ဖော်ရေးဖွဲ့ ထားသည့် “နည်းမှန်လမ်းမှန်” နှစ်မျက်နှာကာတွန်း၊ ကလေးများအနေဖြင့် ကျောင်းပိတ်ရက်တွင် ရပ်ရွာအကျိုးကို ဆောင်ရွက်သင့်ကြောင်း ရေးဖွဲ့ထားသည့် “ဆုရတီအောင် - ပွင့်လင်းရာသီ” နှစ်မျက်နှာကာတွန်း၊ မိခင်ရင်ခွင်သည် သားသမီးများ နားခိုရန် အကောင်းဆုံးရင်ခွင်ဖြစ်ကြောင်းကို တင်ဆက်ထားသည့် “အနွေးဆုံးရင်ခွင်” တစ်မျက်နှာကာတွန်း၊ နားလည်မှုလွဲမှားနေသော သူငယ်ချင်းနှစ်ယောက်အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဖောင်းဖောင်းရဲ့ နှစ်ချောင်းရမှာ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် မြန်မာ့တူရိယာတစ်မျိုးဖြစ်သည့် စည်တိုအကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “စည်တို” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ရိုးသားစွာကြိုးစားလုပ်ကိုင်ပါက သူတစ်ပါး၏ ကူညီစောင်မမှု ကို ရရှိနိုင်ကြောင်းနှင့် ကောက်ကျစ်စဉ်းလဲပါက ဒုက္ခတွေ့နိုင်ပုံကို ရေးဖွဲ့ထားသည့် “ရိုးသားခြင်းလက်ဆောင်” ပုံပြင်နှင့် ကလေးများအနေဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန် ပညာပေးတင်ဆက်ထားသည့် “အချိန်” ဝတ္ထုတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများပေးပို့သော ကာတွန်းလက်ရာများကို ထည့်သွင်းဖော်ပြထား သည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍအပါအဝင် ရာသီဥတုကို ပြုင်ပေးသည့် အရိပ်ရနှစ်ရှည်ပင်များနှင့် ရာသီအလိုက် သီးပင်စားပင်များကို စိုက်ပျိုးသင့်ကြောင်း ရေးဖွဲ့စပ်ဆိုထားသည့် “တစ်သက်ပျော်ရွှင်” ကဗျာတို့ကို ထည့်သွင်းဖော်ပြ ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် Adjective အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ ဆက်လက်လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။