ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၂၁)၌ ဘက်လိုက်မှုမရှိဘဲ မှန်မှန်ကန်ကန်ဆုံးဖြတ်တတ်သည့် ဘုရားလောင်းရာပြတ်အမတ်နှင့် တံစိုးလက်ဆောင်ယူကာ ဘက်လိုက်ဆုံးဖြတ်တတ်သည့် ရာပြတ်အမတ်တို့အကြောင်းကို တင်ဆက်ထားသည့် “မိုက်မဲသောရာပြတ်” မျက်နှာဖုံးဇာတ်လမ်း၊ သူဌေးကြီးတစ်ဦးသည် မိမိတွင်ရှိသော ဥစ္စာပစ္စည်းများကို နှမြောတွန့်တို၍ မလှူရက်၊ မသုံးစွဲရက်သော်လည်း သူခိုး ခိုးယူ၍ ကုန်ဆုံးသွားရပုံကို သရုပ်ဖော်တင်ဆက်ထားသည့် “ကပ်စေးနှဲသူ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို အနိုင်ကျင့်ပါက မိမိတွင်လည်း ဒုက္ခရောက်နိုင်ပုံကို သရုပ်ဖော်ရေးဖွဲ့ထားသည့် “မင်းမင်း” နှစ်မျက်နှာကာတွန်း၊ ပိုင်ရှင်မသိရှိဘဲ သူတစ်ပါးပစ္စည်းများကို မယူသင့်ကြောင်း ပညာပေးရေးဖွဲ့ထားသည့် “ဦးစောနှင့် နိုးတူး” နှစ်မျက်နှာကာတွန်း၊ ဖြတ်ထိုးဉာဏ်ကောင်းသော ဖိုးသားအကြောင်းကို ဟာသဖြစ်ဖွယ်တင်ဆက်ထားသည့် “ဖိုးသား” တစ်မျက်နှာကာတွန်း၊ စကားကို ကတ်သီးကတ်သတ်ပြောဆိုတတ်သော ဖိုးလပြည့်အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် တိရစ္ဆာန်ထဲတွင် ဉာဏ်ရည်ထက်မြက်သော ချင်ပန်ဇီမျောက်ဝံအကြောင်းကို ဗဟုသုတ ရဖွယ် ရေးဖွဲ့ထားသည့် “ချင်ပန်ဇီမျောက်ဝံ” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ အစားအစာကိုသာ မက်မော၍ မိမိကြုံတွေ့ရမည့်ဒုက္ခကို မစူးစမ်းမဆင်ခြင်မိသော မျောက်လေးအကြောင်းကို ရေးဖွဲ့ထားသည့် “အမြီးတိုသွားတဲ့ မျောက်စပ်စု” ပုံပြင်နှင့် ညီအစ်ကိုမောင်နှမပင် ဖြစ်သော်လည်း အရာရာကို မျှမျှတတ ဆောင်ရွက်မှသာ လေးစားမှုရမည်ဖြစ်ကြောင်းကို ပညာပေးတင်ဆက်ထားသည့် “မေတ္တာ အသွားအပြန်” ဝတ္ထု တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍအပါအဝင် ပန်းပွင့်လေးများ ပွင့်လန်းနေပုံကို ရေးဖွဲ့စပ်ဆိုထားသည့် “ပန်းစကား” ကဗျာတို့ကို ထည့်သွင်းဖော်ပြထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် သက်ရှိသက်မဲ့များကို တစ်ခုနှင့် တစ်ခု နှိုင်းယှဉ်ရာတွင် အသုံးပြုသည့် Adjective (နာမဝိသေသန)များအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။