ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မေလ ၂၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၂) ၌ အပျံသင်စ ငှက်ငယ်လေးကို အကူအညီပေးခဲ့သော ပါပီလေးအကြောင်း ရေးဖွဲ့ထားသည့် “ပါပီလေး” မျက်နှာဖုံးကာတွန်း၊ သူငယ်ချင်း၏ စေတနာအမှန်ကို နားလည်သိရှိသွားသော ဖိုးလုံးအကြောင်းကို တင်ဆက်ထားသည့် “ရွှေဖဲ” နှစ်မျက်နှာကာတွန်း၊ မုန့်ဖိုးမရလိုက်သော ကီးကီးအကြောင်းကို ရေးဖွဲ့ထားသည့် “ကီးကီးနှင့် ဂျိုးဂျိုး” နှစ်မျက်နှာကာတွန်း၊ တောရွာမှ ရန်ကုန်မြို့သို့ ဘုရားဖူးလာသော ဦးတာတီးအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “မှားပါတယ်” နှစ်မျက်နှာကာတွန်း၊ ဦးလေး၏ဘောင်းဘီကို မီးပူတိုက်ပေးလိုက်သော အာတူးအကြောင်းကို ရေးဖွဲ့ထားသည့် “အာတူးရဲ့ စားရခါနီးမှ” တစ်မျက်နှာကာတွန်းနှင့် လမ်းထိပ်ရှိဆေးဆိုင်တွင် ဆေးဝယ်ခိုင်းသော ဦးအောအကြောင်း တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် “ဥမင်လိုဏ်ခေါင်း” အကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် မြိုင်သည် သူ၏ အဘိုးကို ပြောခဲ့သော အလုပ်သုံးခုကို အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ စာစီစာကုံးကဏ္ဍအနေဖြင့် စာပေဗိမာန် စိန်ရတုအထိမ်းအမှတ်အဖြစ် ပြုလုပ်သော ရွှေသွေးတို့လက်ရာ စာစီစာကုံးပြိုင်ပွဲတွင် ဆန်ခါတင်အဆင့် ရွေးချယ်ခံရသည့် စာစီစာကုံးကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ကျောင်းကို အသစ်ရောက်လာသော မိန်းကလေးတစ်ယောက်၏ ပုံပန်းသဏ္ဌာန်နှင့် အသွင်အပြင် လက္ခဏာအကြောင်းကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောထားသည့် အပြန်အလှန်ပြောဆိုပုံ သင်ခန်းစာသစ်အချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။