“တင့်ထွန်း (ချောက်)” ရေးသားသည့် “အကြီးတော်ချုပ်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“တင့်ထွန်း (ချောက်)” ရေးသားသည့် “အကြီးတော်ချုပ်” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ တတိယဆုရစာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိ လိုက်ခြင်းဖြစ်သည်။

“အကြီးတော်ချုပ်” စာအုပ်သည် ဦးကာဗျာန် (ဥက္ကာပျံ)၊ ဝန်ကြီးပဒေသရာဇာ၊ တွင်းသင်းမင်းကြီး ဦးထွန်းညို၊ စိန္တကျော်သူ ဦးဩ၊ နေမျိုးမင်းလှကျော်သူ ဦးယာ၊ လက်ဝဲသုန္ဒရ၊ မင်းရဲရာဇာဘွဲ့ခံ ဦးဖျော်၊ ပခန်းမင်းကြီး ဦးရန်ဝေးနှင့် အကြီးတော်ချုပ် ဦးသံမှို ဟူ၍ အခန်း ၉ ခန်း၊ ခေါင်းစဉ် ၉ ပုဒ် ပါဝင်သည်။

အခန်းတစ်ခန်းစီတွင် စာဆိုတစ်ဖြစ်လဲ အကြီးတော်တို့၏ ထင်ရှားသော စာပေလက်ရာများ၊ သမိုင်းတွင်သော အဆိုအမိန့်များ၊ ဘဝဇာတ်ကြောင်း၊ ရေးသားပြုစုခဲ့သောစာပေ၊ ထိုခေတ်က ထင်ရှားခဲ့သောစာပေကဏ္ဍများ၊ ခေတ်ပြိုင်စာဆိုများ၊ ခေတ်ကာလအခြေအနေနှင့် လူမှုအဆင့်အတန်း၊ စာပေချစ်မြတ်နိုးသူ အုပ်ချုပ်သူမင်းနှင့် တော်ဝင်မိသားစုများ၊ အကြီးတော်တို့၏ ဂုဏ်ယူ လေးစားမြတ်နိုးဖွယ်စိတ်ဓာတ်၊ ဆရာကောင်းပီပီ ကိုယ်ကျိုးစွန့်တတ်သော စိတ်ဓာတ်၊ တပည့်များ ကြုံတွေ့ရသော လောကဓံလှိုင်းနှင့်အတူ အကြီးတော်တို့ပါ လိုက်ပါရပုံများ စသည်တို့ကို အကိုးအကားနှင့်အညီ သိုက်သိုက်ဝန်းဝန်း ရေးသားထားသည်။

ခေတ်အဆက်ဆက် မြန်မာစာပေအခန်းကဏ္ဍနှင့် သမိုင်းကို လေ့လာနိုင်သည့်အတွက် မြန်မာစာပေချစ်မြတ်နိုးသူများ၊ မြန်မာ့သမိုင်းကို စိတ်ဝင်စားသူများနှင့် ဗဟုသုတလေ့လာရှာမှီးလိုသူ အားလုံးအတွက် ဖတ်ရှုသိမ်းဆည်းထိုက်‌သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပေသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

အကြံပြုစာ/တိုင်ကြားစာ