ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၄၄)၌ ပစ္စည်းတစ်မျိုးမျိုးကို ဝယ်ယူရာ၌ အရောင်အဆင်းထက် ပစ္စည်း၏ အရည်အသွေးကို ပိုမိုဦးစားပေးကာ ဝယ်ယူသင့်ကြောင်း သရုပ်ဖော်ထားသည့် “ကျေးဇူးပါ မေမေ” မျက်နှာဖုံးကာတွန်း၊ အလုပ်တစ်ခုကို လုပ်ဆောင်ရာ၌ အချိန်မီပြီးစီးအောင် ဆောင်ရွက်တတ်စေရန် သရုပ်ဖော်ထားသည့် “အိမ့်နှစ်” နှစ်မျက်နှာကာတွန်း၊ စက္ကူအိမ်လေးကို ကိုက်ဖြတ်ဖျက်ဆီးမည့် ကြွက်လေးကို မောင်းထုတ်ခြင်း မပြုဘဲ မိမိ၏ ပညာဖြင့် ထွက်သွားစေသည့် အဘိုးအိုအကြောင်းကို သရုပ်ဖော်ထားသည့် “စကားထာ” နှစ်မျက်နှာကာတွန်း၊ စိတ်ကောင်းစေတနာရှိသူနှင့် စိတ်ထား ယုတ်ညံ့သူတို့အကြား အကျိုးပေးကွာခြားပုံကို နှိုင်းယှဉ် သရုပ်ဖော်ထားသည့် “အလိုလောဘ” နှစ်မျက်နှာ ကာတွန်း၊ သူ၏ မေမေက ပန်းသီးသုံးလုံး ဝယ်ခိုင်းသည်ကို ကောင်းမကောင်း တစ်လုံးလုံး ကုန်သည်အထိ စမ်းစားပစ်သည့် ထူးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “ထူးထူးပါဝင်သော ချိုသားပဲ” တစ်မျက်နှာ ကာတွန်းနှင့် ပြဇာတ်ကရာတွင် စာထဲ၌ အတိုကောက်ရေးသားထားသည့် အတိုင်းပြောဆိုခဲ့သော ဖိုးပါချင် အကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “အတိုကောက်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ခန္ဓာကိုယ်၏ အဓိက ကျောရိုးတိုင်ကြီး၏ ခါးရိုးဆစ်များ နာကျင်ထိခိုက်မှု မဖြစ်စေရန် လိုက်နာကျင့်သုံးနိုင်စေမည့် အကြောင်းအရာများကို ရေးသားထားသည့် “လှုပ်ရှားတိုင်းတွင် သတိယှဉ်” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ နေ့စဉ် ခရေပန်းကောက်ကာ ရောင်းရသည့် ပိုက်ဆံများကို စုဆောင်းထားခြင်းဖြင့် စက်ဘီးတစ်စီးဝယ်နိုင်သည်အထိ စုမိခဲ့သော မေနှင်းပွင့်တို့ မောင်နှမနှစ်ယောက်အကြောင်းကို ရေးသားထားသည့် “ပန်းစုဘူးလေး” ဝတ္ထုနှင့် သာခါသမင်ဗိုလ်ကြီး၏ ခေါင်းဆောင်ကောင်းပီသမှုကြောင့် သမင်များအားလုံး အသက်ဘေးမှ ကင်းလွတ်ခဲ့ရပုံအကြောင်းကို ရေးဖွဲ့ထားသည့် “မိတ်ဆွေကောင်းဟူသည်” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ပေးထားသော ရုပ်ပုံလေးကို ကလေးတို့ စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ရေးပါ ခြယ်ပါ ပျော်စရာ” ကဏ္ဍ၊ ကလေးတို့ ပေးပို့သော ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် စာကြိုးစားကြသော မောင်နှမနှစ်ယောက်အကြောင်းကို သီကုံးဖွဲ့ဆိုထားသည့် “လူရည်ချွန် မောင်နှမ” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အဆောက်အအုံတွင် ပိုးမွှားများ သေစေရန် မှိုင်းတိုက်မည့် အကြောင်းကြားစာနှင့် ပတ်သက်၍ တိုက်ခန်းတွင် နေထိုင်သူနှင့် တာဝန်ယူ လုပ်ဆောင်ပေးမည့်သူတို့အကြား အပြန်အလှန် ပြောဆိုဆွေးနွေးမှုများကို ရေးသားထားသည်ကို လေ့လာနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။