ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်သည် မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်စာအုပ်များကို နှစ်စဉ်ပြုစုထုတ်ဝေလျက်ရှိရာ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၅) ပြုစုထုတ်ဝေနိုင်ရေးအတွက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့အစည်း အဝေးကို ၁၉-၂-၂၀၂၅(ဗုဒ္ဓဟူး) နေ့ မွန်းလွဲ (၂ : ၀၀) နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
အဆိုပါအစည်းအဝေးတွင် အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာမောင်သင်း (မောင်သင်း-သပြေ) က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အတွင်းရေးမှူး စာတည်းမှူးချုပ် ဦးတိုးကျော်က မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၅) နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပါသည်။
ယင်းနောက် တက်ရောက်လာကြသည့် မြန်မာ့ရည်ညွှန်းကျမ်းအဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများက မြန်မာ့ရည်ညွှန်းကျမ်းနှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြမည့် အကြောင်းအရာများတွင် မိမိတို့တွေ့ရှိ ခဲ့ကြသည့် ပြင်ဆင်စရာများကို အကြံပြုဆွေးနွေးပေးခဲ့ကြသည်။ ထို့နောက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဆရာကြီး ဒေါက်တာမောင်သင်း (မောင်သင်း-သပြေ) က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို မွန်းလွဲ (၃ : ၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။